ရှေးဟောင်းသိုင်းသူတော်စင် ထျန်းကျန့် (အပိုင်း ၂)
Vol. 25 Ch. 361
~မျှော်လင့်တကြီး စောင့်စားနေကြသော မျက်လုံးပေါင်းများစွာကို တုံ့ပြန်သည့်အနေဖြင့် နင်ချီက အသာအယာ ပြုံးလိုက်သည်။
“အစစ်အမှန်သိုင်း အမွေအနှစ်တွေ... လက်ထဲ ရောက်ပါပြီ”
ထိုစကားကို ကြားလိုက်ရသည့်အခိုက်အတန့်၌၊
လူအုပ်ကြီးဆီမှ ဟစ်ကြွေးလိုက်သည့် အောင်နိုင်သူ၏ အသံလှိုင်းသည် မိုးကိုပင် ထိုးဖောက်သွားမတတ် ပဲ့တင်ထပ်သွားလေ၏။
တာအိုဆရာလုံရှန်းသည်လည်း သူ၏ မုတ်ဆိတ်မွေးရှည်ကြီးကို ပွတ်သပ်ရင်း အားရပါးရ ရယ်မောနေတော့၏။
ဒါက သူ့ဘဝတစ်ခုလုံး စွဲလမ်းခဲ့ရသည့် ဆန္ဒ၊ ယခုတော့ သူ့တပည့်ကျော်က ဖြည့်ဆည်းပေးခဲ့ပြီ မဟုတ်ပါလား။
နင်ချီ လက်ကို ဝှေ့ယမ်းလိုက်သည်။
သိုင်းကျမ်းစာလိပ်များက ရေစီးကြောင်းလိုပဲ ဒလဟော ဆင်းကျလာတော့၏။ တောက်ပအလင်း သိုင်းခန်းမဆောင်ကြီး၏ ကွက်လပ်မှာ မျက်စိတစ်မှိတ်အတွင်း ပြည့်သွားလေ၏။
“ဒါက တစ်စိတ်တစ်ပိုင်းပဲ ရှိသေးတယ်... စာကြည့်တိုက်ကို ချဲ့ဖို့ လိုလိမ့်မယ်... အဆင့်အလိုက် ခွဲထားရင် ပိုကောင်းပါမယ်”
နင်ချီက အကြံပြုလိုက်သည်။
၎င်းတို့က အစစ်အမှန်သိုင်းဂိုဏ်း၏ အုတ်မြစ်တွေပင် ဖြစ်ပါ၏။
ထိုသိုင်းကျမ်းစာများသာ ရှိလျှင် အစစ်အမှန်သိုင်းဂိုဏ်းသားတွေ၏ လမ်းခရီးက အများကြီး ပိုကျယ်ပြန့်သွားမည် ဖြစ်သလို၊ သူတို့ ရောက်ရှိနိုင်မည့် အမြင့်ဆုံး အမိုးခုံးကလည်း ပိုမြင့်သွားပေလိမ့်မည်။
လော့ဝမ်ထျန်း တစ်ယောက် ခေါင်းကို ကြက်ကလေး စပါးကောက်သလို တဆတ်ဆတ် ညိတ်နေတော့သည်။
နင်ချီက ဆက်ပြောလိုက်၏။
“ဒါက ကောင်းကင်ဘုံလူသား ကိုးယောက်နဲ့ သိုင်းသူတော်စင်ကို ယှဉ်ပြိုင်တဲ့ ကိုးနဲ့သုံး တစ်သားတည်းကျခြင်း လျှို့ဝှက်နည်းစနစ်ပဲဗျ... အစ်ကိုကြီးတို့အားလုံး သေချာ လေ့လာထားသင့်ပါတယ်”
နင်ချီ၏ အသိပေးမှုကို ကြားလိုက်ရသောအခါ၊ အားလုံး၏ ရင်ထဲတွင် လှုပ်ရှားသွားကြပြီး လွမ်းဆွတ်တမ်းတမှု မျက်ဝန်းများဖြင့် ငေးကြည့်နေမိကြသည်။
တစ်ချိန်တုန်းက ဒီကောလာဟလ သတင်းစကားလေးကသာ ညီအစ်ကိုတွေ၏ ရည်မှန်းချက် ဖြစ်ခဲ့ဖူးသည်။ ယခုတော့ သူတို့ မျက်စိရှေ့မှောက်မှာ တကယ် ရောက်လာခဲ့တော့၏။
အစစ်အမှန်သိုင်း ကိုးကွက်ကနေ ဓာတ်ကြီးသုံးပါး လျှို့ဝှက်မှတ်တမ်းအထိ၊ ဒါက တစ်ဆက်တစ်စပ်တည်း ရှိနေသော အမွေအနှစ်တွေပင် ဖြစ်သည်။ နောက်ဆုံးမှာတော့ ကောင်းကင်ဘုံလူသား အထွတ်အထိပ် ကိုးယောက်၏ စွမ်းအားကို တစ်စုတစ်စည်းတည်း ပေါင်းစပ်ပြီး အဆမတန် အားကောင်းသွားစေမည့် ‘ကိုးနှင့်သုံး တစ်သားတည်းကျခြင်း နည်းစနစ်’ ပါပင်။ ထိုလျှို့ဝှက်နည်းစနစ်က တောင်းဆိုချက် မြင့်မားလွန်းပြီး ရေရှည် ညီညွတ်မျှတမှုနှင့် အပြန်အလှန် နားလည်မှု ရှိဖို့ လိုအပ်ပေသည်။
နင်ချီ တွက်ချက်ကြည့်သလောက်တော့ ဒါက သိုင်းသူတော်စင် တစ်ယောက်ကို ယှဉ်နိုင်သည်ဆိုတာ လေကြီးမိုးကြီး ပြောခြင်း မဟုတ်ဘဲ တကယ် ဖြစ်နိုင်ခြေ ရှိပေ၏။
နောင်ကျလျှင်တော့ သူ ထပ်ပြီး မွမ်းမံပြင်ဆင်လိုက်လျှင် စွမ်းအား ပိုမြင့်လာနိုင်သလို၊ လိုအပ်ချက်တွေကိုလည်း လျှော့ချပေးနိုင်လောက်သည်။
နင်ချီ နောက်ထပ် ကျမ်းလိပ် တချို့ကို ထပ်ထုတ်လိုက်၏။
“ဒါက သိုင်းသူတော်စင် နည်းစနစ်ပဲ... ဆရာနဲ့ အစ်ကို ရှစ် ကြိုပြီး လေ့လာထားနှင့်ပေါ့ဗျာ”
လူအုပ်ကြီးမှာ နောက်တစ်ကြိမ် မှင်သက်သွားကြပြန်၏။
သိုင်းသူတော်စင် နည်းစနစ်တဲ့လား။
နင်ချီက ဒါကိုပါ ရလာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
နင်ချီကတော့ ပေါ့ပေါ့ပါးပါးပင် ရယ်မောလိုက်သည်။
အသက်အဆိပ်ကို လျော့ပါးစေမည့် ရှေးဟောင်း သူတော်စင်တွေ၏ လျှို့ဝှက်နည်းစနစ်ကိုတော့ သူ လောလောဆယ် မထုတ်ပေးသေးဘဲ သိမ်းထားလိုက်သည်။
သူတို့နှစ်ယောက် ကောင်းကင်ဘုံလူသား အထွတ်အထိပ် ရောက်သည့် အချိန်ကျမှ ပေးလည်း နောက်မကျပါဘူးလေ။ အခုချိန်မှာ သူတို့ လေ့လာ၍လည်း ရဦးမှာ မဟုတ်သေးသလို၊ ထိုအချိန်ရောက်လျှင် သူကိုယ်တိုင်လည်း အသက်အဆိပ်ကို စစ်ထုတ်မည့် နည်းလမ်းကို ရှာတွေ့လောက်လေ၏။
နင်ချီက ကျမ်းလိပ် အမြောက်အမြားကို စီမံခန့်ခွဲဖို့ လော့ဝမ်ထျန်း လက်ထဲ ထည့်ပေးလိုက်ပါသည်။
ဘာမှ လုပ်စရာ မကျန်တော့သည့်အခါမှ နင်ချီ တစ်ယောက် သက်ပြင်းချနိုင်တော့၏။
သည်တစ်ခေါက် ရလိုက်သော အစစ်အမှန်သိုင်း အမွေအနှစ်တွေထဲမှာ သူ့အတွက် အကျိုးရှိမည့် ကျမ်းလိပ်တွေ၊ စာပေတွေ အများကြီး ပါဝင်နေသည့်အတွက်.. နောက်ကျမှ အေးအေးဆေးဆေး ဖတ်ရှုရဦးမည်။
နင်ချီက ညီအစ်ကိုတွေနှင့် စမ်းသပ်မှုအတွင်းက မြင်ကွင်းတွေအကြောင်း ပြောဆိုလိုက်ရာ အာမေဋိတ်သံ လှိုင်းလုံးတွေ ဆက်တိုက် ထွက်ပေါ်လာတော့၏။ ထို့နောက် သူ ခွင့်တောင်းပြီး ထွက်လာခဲ့လိုက်သည်။
တာအိုရှာဖွေခြင်း ကျောင်းတော်ထဲသို့ လမ်းလျှောက် ဝင်လာလိုက်သည်။
ရင်းနှီးနေကျ ခံစားချက်တစ်ခုက ရင်ထဲမှာ လှိုက်ခနဲ ဖြစ်ပေါ်လာ၏။
'အပြင်မှာ ဘယ်လောက်ပဲ လျှောက်သွားပြီး ပတ်ပြေးနေပါစေ... ကိုယ့်ရဲ့ ကိုယ်ပိုင် နေရာလေးလောက်တော့ ဘယ်နေရာမှ သက်တောင့်သက်သာ မရှိဘူးပဲ...'
စိမ်းလန်းစိုပြေနေသည့် ဉာဏ်အလင်း လက်ဖက်ပင်ကို နင်ချီ တစ်ချက် လှမ်းကြည့်လိုက်ပြီး အသာအယည ပြုံးလိုက်သည်။
လော့ဖူ
ထို့နောက်၊ လော့ဖူ ဓားသခင်နှင့် တခြားနှစ်ယောက်ဆီက ရထားသော ကောင်းကင်ဘုံလူသား သွေးဆေးလုံး သုံးလုံးကို ထည့်ပေးလိုက်သည်။ အမှိုက်ကို ပြန်လည် အသုံးချပြီး လက်ဖက်ပင် ကြီးထွားနှုန်း မြန်အောင် လုပ်ပေးလိုက်သော သဘောပါပင်။
နင်ချီက လက်ဖက်ပင်အောက်မှာ တင်ပျဉ်ခွေ ထိုင်လိုက်ပြီး အာရုံစူးစိုက်ကာ စွမ်းအားတွေကို စုစည်းလိုက်ရင်း သူ့ အခြေအနေကို ပြန်လည် ညှိယူလိုက်သည်။
အမွှေးတိုင် တစ်တိုင်စာလောက် ကုန်ဆုံးသွားပြီးနောက် နင်ချီ မျက်လုံးတွေကို ဖြည်းညှင်းစွာ ဖွင့်လိုက်လေ၏။
အခု သူ့မှာ လုပ်စရာ အရေးကြီးကိစ္စ တစ်ခု ရှိနေ၏။
မဟာနေမင်း သံလိုက်အိမ်မြှောင်။
သူ့မျက်လုံးထဲမှာ မျှော်လင့်ချက် အရိပ်အယောင်လေးတွေ ဖြတ်ပြေးသွားသည်။
နေနီသိုင်းသူတော်စင်ထံမှ ဤမဟာနေမင်းသံလိုက်အိမ်မြှောင်ကို လုယူခဲ့ခြင်းတွင် အဓိက အကြောင်းရင်း နှစ်ချက် ရှိလေ၏။ ပထမအချက်မှာ ဒေါသထွက်ပေါက် ပေးလိုက်လိုခြင်းဖြစ်ပြီး၊ ဒုတိယအချက်မှာ ယွီဘုရင်ပုလဲနှင့် ဆင်တူယိုးမှားရှိသော်လည်း မတူကွဲပြားသည့် ရှေးဟောင်းသိုင်းသူတော်စင်တို့၏ လျှို့ဝှက်ရတနာများကို စပ်စုလိုသည့်စိတ်ကြောင့်ပင် ဖြစ်၏။
တာအိုဆရာပိုင်ရှန်း၏ အစစ်အမှန်နက်နဲသော တံဆိပ်တော်၊ ဗုဒ္ဓပေါင်ရှု၏ ရောင်စုံဖန်သားရတနာသစ်ပင်၊ ထို့ပြင် နေနီသိုင်းသူတော်စင်၏ မဟာနေမင်းသံလိုက်အိမ်မြှောင်... ။
ဤအရာများ အားလုံးသည် ကိုယ်ပိုင် ထူးခြားချက်များဖြင့် ပြည့်စုံကြပြီး၊ ဝိညာဉ်နိုးထခြင်း မဖြစ်ပေါ်သေးသည့် ဤခေတ်ကာလတွင်ပင် ၎င်းတို့ကို သိုင်းသူတော်စင်အဆင့် စွမ်းအားများ ထုတ်သုံးနိုင်ရန် ဝိညာဉ်စွမ်းအင်ကို ထောက်ပံ့ပေးနိုင်စွမ်း ရှိကြလေ၏။
'ဒီတစ်ခေါက် ရလာတဲ့ သိုင်းသူတော်စင် အမွေအနှစ်တွေအရဆိုရင်... လက်ရှိ ရှေးဟောင်း သူတော်စင်တွေ ပြသနေတဲ့ တိုက်ခိုက်ရေး စွမ်းရည်က အလွန်ဆုံးမှ ပထမအဆင့် သိုင်းသူတော်စင် အဆင့်မှာပဲ ရှိသေးတယ်... ဒါပေမဲ့ အနည်းဆုံး သုံးယောက်လောက်ကတော့ အဲဒီအဆင့်ကို ကျော်လွန်နေလောက်တယ်... ကောင်းကင်သတ် သိုင်းသူတော်စင်၊ မဟာယန် သိုင်းသူတော်စင် နဲ့ လိပ်အိုကြီး...'
နင်ချီ မျက်လုံးများ အနည်းငယ် တောက်ပလာသည်။
သူက သိုင်းသူတော်စင် နယ်ပယ်အကြောင်း လုံးဝ ကန်းနေသည့် သူ မဟုတ်တော့ပါချေ။
သိုင်းသူတော်စင်မှာ နယ်ပယ် ငါးဆင့် ရှိပြီး နယ်ပယ်တစ်ခုချင်းစီ၏ ကွာခြားချက်က အတော်လေး ကြီးမားလေ၏။
'သိုင်းသူတော်စင်တွေက ဓာတ်ကြီးငါးပါး ချီစွမ်းအင်ကို သန့်စင်ပြီး ဓာတ်ကြီးငါးပါး အထွတ်အထိပ် ရောက်အောင် တဖြည်းဖြည်းချင်း သွားရတာ... ဒါပေမဲ့ ဓာတ်ကြီးငါးပါး ချီစွမ်းအင်ကို ကျင့်ကြံတဲ့ အစီအစဉ်က ပုံသေ မဟုတ်ဘူး... တချို့ကျတော့ ရေဓာတ်နဲ့ ပိုကိုက်ညီရင် ပထမအဆင့်မှာ သူတို့ရဲ့ မှော်စွမ်းအားကို ကျောက်ကပ်ထဲမှာ သိုလှောင်ကြတယ်'
'နေနီ သိုင်းသူတော်စင်... နာမည်ကိုက နေနီ လို့ ပေးထားမှတော့ သူ့ရဲ့ အထွတ်အထိပ်ကို မသိရသေးပေမဲ့ ပထမအဆင့်မှာ မီးဓာတ် ချီစွမ်းအင်ကို ကျင့်ကြံထားတာ ဖြစ်လောက်တယ်'
'အခု ပြန်စဉ်းစားကြည့်မှ... ဒီလျှို့ဝှက်ရတနာတွေက ဓာတ်သဘောသဘာဝ အားသန်မှုတွေ ရှိနေလောက်တယ်... ငါ့အာရုံခံစားမှုသာ မမှားဘူးဆိုရင် ယွီဘုရင် ပုလဲ က ရေဓာတ် အားသန်ပြီး၊ မဟာနေမင်း သံလိုက်အိမ်မြှောင် က မီးဓာတ် အားသန်တာ ဖြစ်ရမယ်... ငါသာ မဟာနေမင်း သံလိုက်အိမ်မြှောင်ကို ထိန်းချုပ်နိုင်ရင် ဝိညာဉ် နိုးထခြင်း ဖြစ်လာတဲ့အခါ လုံလောက်တဲ့ အခြေခံအုတ်မြစ်နဲ့အတူ နယ်ပယ်နှစ်ခုကို တစ်ပြိုင်တည်း ချိုးဖြတ်နိုင်လောက်တယ်'
နင်ချီ့ ခေါင်းထဲမှာ အတွေးပေါင်းများစွာ ဝဲပျံနေတော့၏။
သူက ဝိညာဉ် နိုးထခြင်း အတွက် ကြိုတင် အကွက်ချနေပြီ ဖြစ်သည်။
ဟို ရှေးဟောင်း သူတော်စင်တွေနှင့် ယှဉ်လျှင် သူ၏ အခြေခံက နည်းနည်း ပါးနေနိုင်တာမို့ သဘာဝကျကျပင် သူက ပိုပြီး ကြိုးစားအားထုတ်ရပေလိမ့်မည်။ ဒီကာလအတွင်းမှာ ဓားမ မိစ္ဆာ နှင့်အတူ အသက်အဆိပ်ကို စစ်ထုတ်မည့် နည်းလမ်းကို သုတေသန လုပ်နေတာတင် မကဘဲ၊ သိုင်းသူတော်စင် အဆင့်သို့ ဘယ်လို ဒုံးပျံစီးပြီး တက်လှမ်းမလဲ ဆိုတာကိုပါ စဉ်းစားနေခဲ့သည်လေ။
ယခုတော့ အစစ်အမှန်သိုင်း ခန်းမဆောင်က သိုင်းသူတော်စင် အမွေအနှစ်ကို ရလိုက်တော့ လမ်းကြောင်းက ရှင်းသွားလေပြီ။
သို့သော်ငြားလည်း အရာအားလုံးသည် မဟာနေမင်းသံလိုက်အိမ်မြှောင်
အပေါ် ထားရှိသော သူ၏ ယူဆချက် မှန်ကန်ခြင်း ရှိ၊ မရှိ အပေါ်၌သာ မူတည်နေတော့လေ၏။
နင်ချီ ယွီဘုရင် ပုလဲ ကို အာရုံခံလိုက်သည်။
ဖိနှိပ်ထားသော စွမ်းအားကို လျှော့ချလိုက်သည်နှင့်အတွင်းထဲက မဟာနေမင်း သံလိုက်အိမ်မြှောင်ဟာ ဇက်ကုန်လွှတ်လိုက်သည့် မြင်းရိုင်း တစ်ကောင်လို ရုတ်တရက် ထိုးထွက်လာပြီး ထွက်ပြေးဖို့ ကြိုးစားတော့၏။ သို့သော် နင်ချီက ကြိုပြင်ဆင်ထားပြီးသား ဖြစ်သည်။
ကြီးမားလှသော ကောင်းကင်နှင့် မြေကြီး စွမ်းအားတွေ စုစည်းသွားပြီး မမြင်နိုင်သည့် သံကြိုးတွေအဖြစ် ပြောင်းလဲကာ အစစ်အမှန်သိုင်း တံဆိပ်တော် အငယ်စား၏ ဖိနှိပ်မှု စွမ်းအားနှင့် ပေါင်းစပ်ပြီး ချုပ်နှောင်လိုက်လေ၏။
မဟာနေမင်း သံလိုက်အိမ်မြှောင်မှာ တုန်ခါနေပြီး လှုပ်ရှားနိုင်သော နယ်ပယ်က တဖြည်းဖြည်း ကျဉ်းမြောင်းလာသည်။
နင်ချီ အနည်းငယ် ပြုံးလိုက်ပြီး လက်ချောင်းထိပ်မှာ ဝိညာဉ်စွမ်းအင်များကို ရစ်ပတ်စေလျက် မဟာနေမင်း သံလိုက်အိမ်မြှောင်ကို ညင်သာစွာ လှမ်းဆွဲလိုက်သည်။
ယွီဘုရင် ပုလဲ အတွင်းထဲက အနည်းငယ် ချိုင့်ဝင်သွားသော နေရာလွတ်ကို သူ လှမ်းကြည့်လိုက်ပြီး ပြန်သုံးသပ်နေမိသည်။
'ဟိုတုန်းက သဲမည်း ပင်လယ် မှာ ဒီသံလိုက်အိမ်မြှောင်ကို ယွီဘုရင် ပုလဲ ထဲ အတင်းထိုးထည့်ပြီး ဖိနှိပ်တုန်းက တော်တော်လေး လက်ဝင်ခဲ့တာ... တကယ်ကိုပဲ... ဒီပစ္စည်းက သာမန် အရာဝတ္ထုတွေနဲ့ လုံးဝ မတူဘူး... ငါသာ ကြိုမပြင်ထားရင် ထွက်ပြေးသွားလောက်တယ်'
'ကဲ... မင်းမှာ ဘယ်လို အံ့သြစရာ အရည်အသွေးတွေ ရှိလဲဆိုတာ ကြည့်ရအောင်'
နင်ချီ့ စိတ်ဝင်စားမှုက အထွတ်အထိပ် ရောက်လာသည်။
သူက ဝိညာဉ်စွမ်းအင်ကို သုံးပြီး မဟာနေမင်း သံလိုက်အိမ်မြှောင်ကို ဖိနှိပ်လိုက်ရင်း သတိကြီးကြီးထားကာ စတင် စမ်းသပ်လိုက်တော့၏။