ဆယ်ဆသော ကောင်းကင်နှင့် မြေကြီး
Vol. 25 Ch. 364
~မဟာယန်ကမ္ဘာကြီးသည် အလွန်အမင်း စည်ကားသက်ဝင်နေပြီ ဖြစ်လေ၏။
ရှေးဟောင်း သူတော်စင်အများအပြား နိုးထလာခြင်းနှင့်အတူ တန်ခိုးအာဏာ ဖွဲ့စည်းပုံများမှာ ဖဲချပ်ဝေသကဲ့သို့ အသစ်ပြန်လည် ဖြစ်ပေါ်လာတော့၏။
တစ်ချိန်က အရင်းအမြစ်မြောက်မြားစွာကို ပိုင်ဆိုင်ထားခဲ့သော ထိပ်တန်းဂိုဏ်းကြီးများသည် သူတို့၏ မြင့်မားသော နေရာများမှ ပြုတ်ကျကုန်ကြပြီး၊ ရှေးဟောင်း သူတော်စင် မရှိသော မည်သည့် အင်အားစုမဆို အရေးပါအရာရောက်ခြင်း မရှိတော့ချေ။
စိတ်ဝင်တစား စောင့်ကြည့်နေသူများ၏ အဆိုအရမူ...
ရှေးဟောင်း သူတော်စင် အပါး (၂၀) ခန့် နိုးထလာခဲ့ပြီး ဖြစ်သည်။
အသံတိတ် နေနေကြသူများနှင့် မပေါ်လာသေးသူများကိုပါ ထည့်တွက်မည်ဆိုလျှင် အရေအတွက်က ဤထက်မက များပြားနိုင်ပြီး၊ နောက်ထပ် ရှေးဟောင်း သူတော်စင်များလည်း ဆက်လက် နိုးထလာနေကြဆဲ ဖြစ်ပေ၏။
သိုင်းပညာရှင်များမှာ အံ့သြမှင်သက်ကာ အာမေဋိတ် ရေရွတ်နေကြရတော့၏။ ခမ်းနားကြီးကျယ်သော ခေတ်တစ်ခေတ် ရောက်ရှိလာခဲ့ပြီ မဟုတ်ပါလော။
သို့သော်ငြားလည်း၊
ဤသိုင်းသူတော်စင်များသည် အရေအတွက် များပြားသည်ဟု ထင်ရသော်လည်း နှစ်ပေါင်းသောင်းချီသော ကာလအပိုင်းအခြားဖြင့် ဖြန့်ကြက်ကြည့်လိုက်ပါက လုံးဝ များပြားခြင်း မရှိလှချေ။ အများစုမှာ သမိုင်းမြစ် ရေစီးကြောင်းထဲတွင် နစ်မြုပ်ပျောက်ကွယ်ခဲ့ကြပြီး ဖြစ်ရာ ယခုကဲ့သို့ များပြားသည်ဟု ထင်ရခြင်းမှာ ပစ္စုပ္ပန်ကာလ၌ တစ်ပြိုင်နက်တည်း ပေါ်ထွက်လာကြသောကြောင့်သာ ဖြစ်ပေသည်။
အစစ်အမှန်သိုင်းဂိုဏ်းသည်လည်း ရှေးဟောင်း သူတော်စင်များ၏ လှုပ်ရှားမှုများကို မျက်ခြည်မပြတ် စောင့်ကြည့်နေလေ၏။
ရှေးဟောင်း သူတော်စင်အချို့ ပေးပို့လာသော ဖိတ်ကြားစာများနှင့် ပတ်သက်၍ လော့ဝမ်ထျန်းသည် တာအိုဆရာလုံရှန်းအား တစ်ဖက်လူ မငြိုငြင်စေရန် ယဉ်ကျေးစွာ စာပြန်၍ ငြင်းပယ်ခိုင်းလိုက်၏။
ထိုနေ့၌ပင်၊
တာအိုဆရာ ပိုင်ရှန် တိတ်တဆိတ် ရောက်ရှိလာလေ၏။
တာအိုရှာဖွေခြင်း ကျောင်းတော်အတွင်းဝယ်၊
နင်ချီ မျက်လုံးများကို ဖွင့်လိုက်၏။ အဝေးတစ်နေရာ၌ သူခိုးကြောင်သူခိုးဝါး လုပ်နေသော တာအိုဆရာအိုကြီးကို ကြည့်ကာ စိတ်အနည်းငယ် ရှုပ်ထွေးသွားရ၏။
“စစ်မှန်သူ ဧကရာဇ်ကြီး... ရောက်နေမှတော့ ဘာလို့ အထဲမဝင်တာလဲ”
လက်ဖက်ရွက် ခိုးခူးနေသော အဘိုးအို၏ လက်သည် ခေတ္တမျှ ရပ်တန့်သွားလေ၏။ ထို့နောက် သူက တဟီးဟီး ရယ်မောလိုက်ပြီး မသိချင်ယောင်ဆောင်ကာ လက်ဖက်ရွက်အညွန့်များကို ဆွဲဆွတ်၍ ဝတ်ရုံကြားထဲ ထိုးထည့်လိုက်တော့၏။
“ဟီးဟီး... မင်းဆီကနေ ပုန်းလို့မရမှန်း ငါသိသားပဲကွ”
အဘိုးအိုက ခုန်ပျံလိုက်ပြီး နင်ချီ၏ ဘေးနားရှိ ကုလားထိုင်ပေါ်သို့ ဆင်းသက်လိုက်ကာ မျက်လုံးများကို မှေးစင်းလျက် သက်တောင့်သက်သာ လှဲလျောင်းလိုက်လေ၏။
နင်ချီ လက်ကို ဝှေ့ယမ်းလိုက်ရာ မျောက်ဖြူသည် လေးစားစွာဖြင့် အခန်းထဲသို့ ဝင်ရောက်လာပြီး မကြာမီတွင် ဉာဏ်အလင်း လက်ဖက်ရည်တစ်အိုးကို ယူဆောင်လာခဲ့သည်။ နင်ချီ စကားမပြောနိုင်ခင်မှာပင် တာအိုဆရာ ပိုင်ရှန်က လက်ဖက်ရည်အိုးကို လှမ်းဆွဲယူလိုက်တော့၏။
“ရှယ်ပဲဟေ့... လက်ဖက်ရည်ကောင်းပဲ... မျောက်ဖြူက ဧည့်သည် အကြိုက်သိသားပဲ... တကယ် မိုက်တယ်”
မျောက်ဖြူခမျာ မျက်လုံးများကိုသာ လှန်ကြည့်နေမိရှာ၏။
နင်ချီ ရယ်မောလိုက်ပြီး ပြောလိုက်သည်။
“ကျွန်တော့်ရဲ့ ဉာဏ်အလင်း လက်ဖက်ရည်ကို မြည်းကြည့်ပါဦး... ကြိုက်ရင် နည်းနည်း ယူသွားပေါ့”
တာအိုဆရာ ပိုင်ရှန်သည် တစ်ငုံတည်း မော့သောက်လိုက်ပြီး လက်မထောင်ပြလိုက်လေ၏။
“ခမ်းနားတယ်ကွာ”
အမူအရာက ပိုလွန်းနေသော်ငြား သူ့မျက်လုံးများထဲ၌ အံ့သြရိပ်များ ဖြတ်ပြေးသွားလေ၏။ ဤ ဉာဏ်အလင်း လက်ဖက်ရည်သည် သူ ယခင်က သောက်ဖူးသည်ထက် အဆများစွာ သာလွန်ကောင်းမွန်နေသဖြင့် လက်ဖက်ပင်ကို လှည့်ကြည့်ကာ ပို၍ပင် အံ့သြသွားရပြန်၏။
နင်ချီ ခေါင်းခါလျက် ရယ်မောလိုက်မိသည်။ တာအိုဆရာ ပိုင်ရှန် သူ့အပေါ် ကူညီခဲ့သည်များနှင့် စာလျှင် ဤလက်ဖက်ရည် အနည်းငယ်လောက်ကို သူ ရက်ရောနိုင်ပါသေးသည်။
“ခင်ဗျား ကိစ္စရှိတယ်ဆို... ဘယ်လိုလုပ် ဒီကို လျှောက်သွားဖို့ အချိန်ရနေတာလဲ”
တာအိုဆရာ ပိုင်ရှန်က ကျေနပ်အားရစွာ ခေါင်းခါလိုက်၏။
“ငါ့ကိစ္စတွေ ပြီးပြီလေ... ပြဿနာ အသေးအမွှားလေးတွေ ရှိပေမယ့် ချောချောမွေ့မွေ့ပါပဲ... မင်း သဲမည်းပင်လယ်မှာ နာမည်ကြီးနေတယ် ကြားလို့ လာကြည့်တာ”
“ဟို နေနီကောင်က ထိပ်တန်းမဟုတ်ပေမယ့် ပျော့ညံ့တဲ့ကောင်တော့ မဟုတ်ဘူး... အဲဒါကို မင်းက အဲဒီလောက်တောင် အထိနာအောင် လုပ်ပစ်လိုက်တယ်ပေါ့... ပြီးတော့ မဟာနေမင်း သံလိုက်အိမ်မြှောင်ကိုပါ လုယူခဲ့တယ်ဆို... ဟဲဟဲ... မင်း အစစ်အမှန် နက်ရှိုင်းတောင် မှာတုန်းက အကုန်ထုတ်မသုံးခဲ့ဘူးပဲ”
အဘိုးအိုက မျက်စိတစ်ဖက်ကို မှိတ်ပြလိုက်လေ၏။
နင်ချီ လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်၏။
လိပ်အိုကြီးက သူ၏ မူလပုံစံကို ထုတ်ပြလိုက်သော နောက်ဆုံးအချိန်ကျမှ သူတို့ ပြောနေသော 'လိပ်အိုကြီး' ဆိုတာ တင်စားပြောတာ မဟုတ်ဘဲ အစစ်အမှန်သိုင်း မျိုးဆက်၏ မူလဇာစ်မြစ် ဖြစ်နေမှန်း နင်ချီ သဘောပေါက်သွားခဲ့ရ၏။ သူတို့၏ စကားဝှက်တွေကို နင်ချီ ဘာမှ ပြန်မပြောနိုင်ခဲ့ချေ။
“နည်းနည်းလေး တိုးတက်လာရုံပါ”
နင်ချီ ပေါ့ပါးစွာပင် ပြန်ဖြေလိုက်လေ၏။
တာအိုဆရာ ပိုင်ရှန် ခေတ္တမျှ ဆွံ့အသွားရ၏။
“ဟေ့ကောင်လေး... မင်း တော်တော် လေကြီးနေပါလား... နောက်မှ ငါ့အကူအညီ လိုပါတယ်လို့ လာမပြောနဲ့နော်... ငါက မင်းကို လာကူညီတာ... မဟာနေမင်း သံလိုက်အိမ်မြှောင်ကို အလွယ်လေး ယူလို့ရမယ် မထင်နဲ့... မတော်တဆဆို မင်းသွားတွေ ကျွတ်ကုန်ဦးမယ်”
သူက စိတ်ဆိုးမာန်ဆိုးဖြင့် ပြန်ပြောလိုက်သည်။
ထိုစဉ် ရုတ်တရက် တာအိုဆရာ ပိုင်ရှန် ကြောင်အသွားရလေ၏။
သူ မသိလိုက်ခင်မှာပင် သွေးရောင်လွှမ်းသော သံလိုက်အိမ်မြှောင် တစ်ခုသည် နင်ချီ၏ လက်ဖဝါးပေါ်တွင် ပေါ်လာပြီး ပေါ့ပေါ့ပါးပါး ကစားနေသည်ကို တွေ့လိုက်ရသောကြောင့်တည်း။ နင်ချီက သူ့ကို မျက်စောင်းထိုး ကြည့်လိုက်၏။
“ခင်ဗျား..ပြောတာ ဒါကိုလား”
တာအိုဆရာ ပိုင်ရှန် မျက်လုံးများကို ပွတ်သပ်လိုက်ပြီး ထခုန်လိုက်မိလေ၏။
“မင်း... မင်း... မဟာနေမင်း သံလိုက်အိမ်မြှောင်ထဲက တံဆိပ်ကို ဖျက်လိုက်ပြီလား”
နင်ချီ ပြန်မဖြေဘဲ လက်ညှိုး တစ်ချောင်းကိုသာ ထိုးပြလိုက်သည်။ မီးခြင်္သေ့ငယ်လေး တစ်ကောင် ရုတ်တရက် ခုန်ထွက်လာပြီး တာအိုဆရာ ပိုင်ရှန်၏ ရှေ့တွင် ကခုန်ပြလိုက်ရာ အဘိုးအိုခမျာ အချိန်အတော်ကြာ မှင်သက်သွားပြီးမှ သတိပြန်ဝင်လာတော့၏။
“လန်းတယ်ကွာ”
ရိုးရှင်းသော စကားလုံး တစ်လုံးက သူ့လက်ရှိ ခံစားချက်ကို ဖော်ပြနေလေ၏။
နင်ချီက သူများအကူအညီနှင့် လုပ်သည် ဖြစ်ဖြစ်၊ ကိုယ်တိုင် လုပ်သည် ဖြစ်ဖြစ်၊ ဒါက အလွန်အမင်း ခက်ခဲသော ကိစ္စရပ်ပင်။ သူများအကူအညီနှင့် ဆိုလျှင်၊ သူ၏ အဆက်အသွယ် အင်အားတောင့်တင်းမှုကို ပြသရာရောက်ပြီး၊ ကိုယ်တိုင် ပြုလုပ်တာ ဆိုလျှင်တော့ ပို၍ပင် အံ့သြစရာ ကောင်းနေပြီ ဖြစ်လေ၏။
သို့သော် ချက်ချင်းပင် တာအိုဆရာ ပိုင်ရှန်၏ မျက်နှာပေါ်တွင် ကောက်ကျစ်သော အပြုံး တစ်ခု ပေါ်လာတော့၏။
“ဟို နေနီကောင်ကြီးကတော့ ..မင်းလို သတ္တဝါဆန်းနဲ့ တိုးပြီး အကြီးအကျယ် ရှုံးနိမ့်သွားတာဆိုတော့.. အိမ်မှာ ဒေါသထွက်ပြီး ရူးနေလောက်ပြီ”
“ဒါပေမဲ့ ဒီကိစ္စကြောင့် မင်းတို့ နှစ်ယောက်က မိုးမလင်း၊ မြေမလင်း ရန်သူတွေ ဖြစ်သွားပြီ... ဒါက လမ်းပိတ်စေတဲ့ အမုန်းတရားပဲ”
ထိုသို့ ပြောလိုက်ချိန်တွင် သူ့အပြုံးများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး လေးနက်စွာ သတိပေးလာလေ၏။
နင်ချီက အေးဆေးစွာပင် ပြောလိုက်သည်။
“ကိစ္စမရှိပါဘူး... အခွင့်အရေး ရတာနဲ့ သူ့ကို ကျွန်တော် သတ်ပစ်လိုက်မှာ”
ဆရာသခင်ကို စော်ကားသော အငြိုးအတေးသည် လွယ်လွယ်နှင့် ကျော်သွား၍ မရနိုင်ချေ။ ယခုက အတိုးအရင်း ကောက်ခံလိုက်ခြင်းမျှသာ။
ပိုင်ရှန်း၏ ရင်ထဲတွင် တင်းကျပ်သွားရ၏။
သူ ဝင်မတားတော့ဘဲ တစ်ခွန်းသာ ပြောလိုက်လေ၏။
“မင်း လူတစ်ယောက်ကိုတော့ သတိထားရမယ်... သိုင်းသူတော်စင် ဇီယွဲ့”
“သိုင်းသူတော်စင် ဇီယွဲ့ ဟုတ်လား”
“ဟုတ်တယ်... အဲဒီလူရဲ့ စွမ်းအားက ငါနဲ့ ရင်ဘောင်တန်းနိုင်တယ်... သူက နေနီ သိုင်းသူတော်စင်ရဲ့ ဝမ်းကွဲညီမပဲ... သူတို့ ဆက်ဆံရေးက အရမ်း ရင်းနှီးတယ်... နေနီ သိုင်းသူတော်စင်.. မင်းလက်ချက်နဲ့ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားတာကို သိရင် ဇီယွဲ့က သေချာပေါက် မင်းကို ပြဿနာလာရှာလိမ့်မယ်... ကြိုပြင်ထားပေတော့ ကလေး..”
နင်ချီ ခေါင်းကို အနည်းငယ် ညိတ်လိုက်သည်။
ဤအချက်က တကယ်ပင် အရေးကြီးသော သတင်းအချက်အလက် ဖြစ်ချေ၏။
သို့သော် သူ ကြောက်ရွံ့ခြင်း မရှိပါ။
“လောလောဆယ်တော့ အရမ်း စိတ်ပူစရာ မလိုသေးဘူး... လွန်ခဲ့တဲ့ ရက်ပိုင်းက ဘာဖြစ်ခဲ့လဲ မင်း သိမှာပါ... ကောင်းကင်သတ် သိုင်းသူတော်စင် ဒေါသထွက်သွားလို့ ရှေးဟောင်း သူတော်စင်တွေတောင် ငြိမ်ကုပ်နေကြရတာ... သိုင်းသူတော်စင် ဇီယွဲ့ ပြန်ရောက်လာရင်တောင် ချက်ချင်းကြီးတော့ လာမှာ မဟုတ်ဘူး”
“ဟားဟားဟား”
ပြောရင်းဆိုရင်း တာအိုဆရာ ပိုင်ရှန် ရယ်မောလိုက်လေ၏။
နင်ချီလည်း လိုက်ရယ်လိုက်မိ၏။
ရှေးဟောင်း သူတော်စင်များ ပြန်ရောက်လာကြသည့်အခါ သဘာဝကျကျပင် ငြိမ်သက်မနေကြချေ။ တချို့ဆိုလျှင် အငြိုးဟောင်းများပင် ရှိကြသေးသည်။
ရှေးဟောင်း သူတော်စင် လေးယောက် ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြရာ ကောင်းကင်သတ် သိုင်းသူတော်စင် ရောက်လာပြီး နောက်ဆုံးတွင် စံပြအနေဖြင့် ထိုလေးယောက်ကို ဖိနှိပ်ချုပ်ချယ်လိုက်ကာ ထွက်မသွားရန် အမိန့်ပေးလိုက်လေ၏။
ထိုအဖြစ်အပျက်ပြီးမှသာ ရှေးဟောင်း သူတော်စင်များ ငြိမ်သက်သွားကြခြင်း ဖြစ်သည်။
“ဒါပေမဲ့ ကောင်းကင်သတ် သိုင်းသူတော်စင်က နေရာတိုင်းကို အချိန်ပြည့် စောင့်ကြည့်နေနိုင်တာ မဟုတ်ဘူး... ဝိညာဉ် နိုးထခြင်း နေ့ရက် ရောက်လာတဲ့အခါ သူလည်း တံခါးပိတ် ကျင့်ကြံရမှာဆိုတော့ အဲဒီအချိန်ကျရင် ပဋိပက္ခတွေ ပေါ်ပေါက်လာနိုင်တယ်”