← Chapters

ဆယ်ဆသော ကောင်းကင်နှင့် မြေကြီး (အပိုင်း ၂)

Vol. 25 Ch. 365

ဆယ်ဆသော ကောင်းကင်နှင့် မြေကြီး (အပိုင်း ၂)

Vol. 25 Ch. 365

~ထိုအခိုင်အတန့်မှာ‌တော့၊ နင်ချီ တွေးတောနေဟန် ပေါ်လာလေ၏။

တာအိုဆရာ ပိုင်ရှန်က ပြောလိုက်သည်။

“ငါ ကူညီပါ့မယ်”

နင်ချီ၏ ရင်ထဲတွင် ကျေးဇူးတင်ရှိသွားရပြီး ပြုံးလိုက်လေ၏။

“ကောင်းပြီလေ... အဲဒီအချိန်ရောက်ရင် ကျွန်တော့်မှာ ရှိတဲ့ အကောင်းဆုံး ဉာဏ်အလင်း လက်ဖက်ရည်နဲ့ ဧည့်ခံတာပေါ့”

နောက်နှစ်။

ဉာဏ်အလင်း လက်ဖက်ပင်သည် အဆင့်သစ် တစ်ခုသို့ မလွဲမသွေ တက်လှမ်းသွားပေလိမ့်မည်။

တာအိုဆရာ ပိုင်ရှန် ချက်ချင်း ပြုံးရွှင်သွားလေ၏။

“ကြည့်ကြသေးတာပေါ့... ကြည့်ကြသေးတာပေါ့”

ထို့နောက် သူက ထပ်ပြောလိုက်သေးသည်။

“မင်းရဲ့ ဉာဏ်အလင်း လက်ဖက်ပင်က တကယ် ထူးခြားတယ်... ဝိညာဉ် နိုးထခြင်း ဖြစ်လာရင် ငါ့ရဲ့ ကောင်းကင်ကြိုးကြာပင်က မင်းဟာကို ယှဉ်နိုင်ချင်မှ ယှဉ်နိုင်လိမ့်မယ်... သေချာ ဂရုစိုက်နော်... မင်း ကံထူးနိုင်တယ်”

နင်ချီ အံ့အားသင့်သွားရ၏။

“လမ်းညွှန်ပေးပါဦး”

ဝိညာဉ် နိုးထခြင်းနေ့ ဆိုသည်မှာ ဝိညာဉ်နှင့် ကောင်းကင်နှင့် မြေကြီး စွမ်းအားတို့ ပေါင်းစပ်သွားခြင်း ဖြစ်ပြီး၊ ဝိညာဉ်စွမ်းအင်၏ အနှစ်သာရများ ကမ္ဘာကြီးထဲ ပြန်လည် ဝင်ရောက်လာခြင်း ဖြစ်သည်ဟု သူ မူလက ထင်မှတ်ထားခဲ့သော်လည်း၊ ယခုတော့ ပိုပြီး ရှုပ်ထွေးမည့်ပုံ ပေါ်နေလေ၏။

တာအိုဆရာ ပိုင်ရှန် တဟားဟား ရယ်မောလိုက်သည်။

“ငါ ဒီနေ့ လာတာ အဲဒါပြောဖို့ပဲ”

“မင်း အစစ်အမှန်သိုင်း ခန်းမဆောင်ကို ရောက်ဖူးတယ်ဆိုတော့... အဲဒီမှာ ဘာရှိလဲဆိုတာ သိမှာပေါ့”

“အသက်အဆိပ်”

နင်ချီက ဖြေလိုက်လေ၏။

ယခင်က အသက်အဆိပ် ရှိနေမှန်း မသိခဲ့သောကြောင့် တာအိုဆရာ ပိုင်ရှန်သည် မကောင်းသော အကျိုးဆက်များကို ကြောက်ရွံ့၍ ဖွင့်မပြောရဲခဲ့သော်လည်း ယခုတော့ စိုးရိမ်စရာ မရှိတော့ပေ။

တာအိုဆရာ ပိုင်ရှန် သက်ပြင်းတစ်ချက် ဖွဖွချလိုက်သည်။

“ဟုတ်တယ်... အဲဒါ အသက်အဆိပ်ပဲ... ဒီ အသက်အဆိပ်ကို ဖြေရှင်းဖို့ ပါရမီရှင်တွေ၊ ဉာဏ်ကြီးရှင်တွေ မရေမတွက်နိုင်အောင် ကြိုးပမ်းခဲ့ကြပေမယ့် အချည်းနှီး ဖြစ်ခဲ့ရတယ်... နောက်ဆုံးတော့ အစီအစဉ်တစ်ခု ချမှတ်နိုင်ခဲ့တယ်... ဒါပေမဲ့ အသေးစိတ်ကိုတော့ ငါ အခု မပြောပြနိုင်သေးဘူး... ဒါပေမဲ့ ဝိညာဉ် နိုးထခြင်း နဲ့ ဆက်စပ်နေတယ် ဆိုတာတော့ ပြောပြလို့ရတယ်... ဝိညာဉ် ဆိုတာ ရုတ်တရက် ပျောက်ဆုံးသွားတာ မဟုတ်ဘူး... တမင်တကာ ဖုံးကွယ်ထားခဲ့တာ... တွက်ချက်ထားတဲ့ အချိန်ရောက်ရင် ပေါက်ကွဲထွက်လာအောင် စီစဉ်ထားတာပဲ”

“သူတော်စင်များ၏ ပဋိညာဉ် ကြောင့်လား”

အစစ်အမှန် နက်ရှိုင်းတောင် မှာတုန်းက ဗုဒ္ဓပေါင်ရှု ပြောခဲ့သည်များကို ပြန်သတိရသွားပြီး နင်ချီ မေးလိုက်လေ၏။

“ဟုတ်တယ်”

“ဒါဆို ဝိညာဉ် နိုးထခြင်း အကြောင်း ပြောပြပါဦး”

ထိုအခါမှာတော့၊ တာအိုဆရာ ပိုင်ရှန် သူ့အတွေးများကို စုစည်းလိုက်ပြီး ပြောပြလေတော့၏။

“ဒီကမ္ဘာကြီးက မူလတုန်းက အခုလို မဟုတ်ဘူး... ဟိုးအရင်တုန်းကဆိုရင် အခုထက် ဆယ်ဆလောက် ပိုကြီးမားခဲ့တာ”

ပထမဆုံး ဝါကျကပင် နင်ချီ၏ မျက်လုံးအိမ်ကို တုန်လှုပ်သွားစေခဲ့၏။

“ဝိညာဉ် ဖုံးကွယ်သွားတဲ့အခါ မြေကြောတွေ ညှိုးနွမ်းခြောက်သွေ့ကုန်ပြီး ကမ္ဘာကြီးက သိသိသာသာ ပြောင်းလဲသွားခဲ့တယ်... ဝိညာဉ်ရတနာတွေဆိုတာ ပျောက်ကွယ်လုနီးပါး ဖြစ်သွားခဲ့တာပေါ့”

“သဘာဝကျကျပဲ... ဝိညာဉ် နိုးထခြင်း ပြီးသွားရင် မြေကြောတွေ ပြန်လည် ကျယ်ပြန့်လာမယ်... ကမ္ဘာကြီးက ဆယ်ဆလောက် ကြီးထွားလာပြီး အတိတ်ကထက်တောင် ပိုသာလွန်သွားနိုင်တယ်... ဒါ့အပြင် ဝိညာဉ် ပေါက်ကွဲမှုကြောင့် စွမ်းအားပြည့်ဝတဲ့ အရာဝတ္ထုတချို့ ဗီဇပြောင်းလဲသွားပြီး ဝိညာဉ်ရတနာတွေအဖြစ် အသွင်ပြောင်းသွားနိုင်တယ်... ဥပမာ ငါ့ရဲ့ ကောင်းကင်ကြိုးကြာပင်လိုမျိုး... ဒါမှမဟုတ် မင်းရဲ့ ဉာဏ်အလင်း လက်ဖက်ပင်လိုမျိုးပေါ့... နှစ်ခုစလုံး ဖြစ်နိုင်ချေ အများကြီး ရှိတယ်”

“ဒါ့အပြင် ကမ္ဘာမြေကြီးကို ပြောင်းလဲစေမယ့် မြင်ကွင်းတွေ ပေါ်ပေါက်လာမယ်... ထူးဆန်းတဲ့ ဖြစ်ရပ်ဆန်းတွေလည်း ပါလာလိမ့်မယ်... အသေးစိတ်ကိုတော့ ငါလည်း အကုန် ကြိုမတွက်နိုင်ဘူး... သားရဲတွေ အစုလိုက်အပြုံလိုက် နိုးထတာမျိုးတောင် ဖြစ်လာနိုင်တယ်”

နင်ချီ၏ စိတ်ထဲတွင် လှုပ်ရှားသွားရ၏။ ဝိညာဉ် နိုးထခြင်း အကြောင်း ဤမျှ အသေးစိတ် ကြားရသည်မှာ ပထမဆုံးအကြိမ် ဖြစ်ချေ၏။

“ကောင်းကင်သားရဲတွေကို ပြောတာလား”

“အတိအကျပဲ... ငါတို့ ခေါ်နေတဲ့ ကောင်းကင်သားရဲ ဆိုတာ ဝိညာဉ်သားရဲလို့လည်း ခေါ်လို့ရတယ်... သူတို့က သဘာဝအလျောက် ဝိညာဉ်စွမ်းအင်ကို ထိန်းချုပ်နိုင်ကြတယ်... အစွမ်းထက်တဲ့ ကောင်တွေဆိုရင် သိုင်းသူတော်စင် တွေကိုတောင် ယှဉ်နိုင်တယ်... အားနည်းတဲ့ အကောင်တွေ ကျတော့လည်း ကောင်းကင်ဘုံ လူသား အဆင့်ထက် သာလွန်နေသေးတာပဲ... ဒါပေမဲ့ ကောင်းကင်ဘုံက မျက်နှာသာ ပေးထားတဲ့ မျိုးနွယ်စုတွေတောင် အသက်အဆိပ် ကြောင့် မျိုးတုန်းခဲ့ရရှာတယ်”

သူ့အသံထဲတွင် ဝမ်းနည်းမှု အရိပ်အယောင်များ ပါဝင်နေလေ၏။

နင်ချီ ဇာတ်ကြောင်းအားလုံးကို သဘောပေါက် နားလည်သွားတော့၏။

ငွေရောင် ဧရာမ မျောက်ဝံကြီး ဘာကြောင့် ထိုသို့ ဖြစ်နေရသလဲ ဆိုတာကိုလည်း သူ..နောက်ဆုံးတော့ သိသွားပြီ ဖြစ်လေ၏။

“ဝိညာဉ်သားရဲတွေက သဘာဝအလျောက် ဝိညာဉ်စွမ်းအင်ကို စုပ်ယူကြတာလေ... အသက်အဆိပ် ပေါ်လာတော့ သူတို့ အရင်ဆုံး ခံလိုက်ရတာပေါ့... ဒါပေမဲ့ သူတို့ထဲက သန်မာတဲ့ ခေါင်းဆောင်တွေက မျိုးဆက်မပျက်အောင် သွေးစည်းကို လျှော့ချပြီး ပုန်းအောင်းနေခဲ့ကြတယ်... ဝိညာဉ်စွမ်းအင်ကို သဘာဝအလျောက် မစုပ်ယူနိုင်အောင် လုပ်ပြီး အဆင့်တက်မယ့် လမ်းကြောင်းကို ဖြတ်တောက်လိုက်ကြတာ... ဒါမှသာ မျိုးဆက်တချို့ ကျန်ရစ်ခဲ့မှာကိုး”

ထိုသို့ ပြောရင်း တာအိုဆရာ ပိုင်ရှန်သည် မျောက်ဖြူကို လှမ်းကြည့်လိုက်လေ၏။

နင်ချီ့ ရင်ထဲတွင် ထိတ်ပျာသွားရ၏။

“ခင်ဗျား ဆိုလိုတာက...”

“ဟုတ်တယ်... မျောက်ဖြူမှာ စစ်မှန်တဲ့ ဝိညာဉ်သားရဲ သွေးစည်း ရှိနေတယ်... ဝိညာဉ် ဖုံးကွယ်နေတဲ့ ကာလမှာတော့ ဘာမှ မဖြစ်ပေမယ့် ဝိညာဉ် ပေါက်ကွဲထွက်

လာတဲ့ အချိန်ကျရင် သူ့ရဲ့ ဝိညာဉ်သားရဲ သွေးစည်းက အပြည့်အဝ နိုးထလာလိမ့်မယ်... အဲဒီကျရင် သေသေချာချာ မတုံ့ပြန်နိုင်ရင် အသက်အဆိပ် မိပြီး တန်းသေသွားနိုင်တယ်”

မျောက်ဖြူခမျာ ကြောင်တောင်တောင် ဖြစ်နေရှာသည်။

ဆရာတို့ ဘာတွေ ပြောနေကြမှန်း မကြားရသော်လည်း သူတို့၏ အကြည့်များကြောင့် စိတ်မသက်မသာ ဖြစ်နေရ၏။

နင်ချီ၏ လေးနက်သော မျက်နှာထားကို မြင်သောအခါ တာအိုဆရာ ပိုင်ရှန်က လက်ကာပြလိုက်သည်။

“ဒါပေမဲ့ အရမ်းကြီး စိတ်ပူစရာတော့ မလိုပါဘူး... အဲဒီအချိန်ကျရင် သိုင်းသူတော်စင် အဆင့်ကို မြန်မြန်တက်ပြီး ဝိညာဉ် နိုးထခြင်း ရဲ့ သက်ရောက်မှုကနေ သူ့ကို အကာအကွယ် ပေးလိုက်ရင် ရတာပဲ... ငါ ပြောပြတာက မင်း သတိမထားမိဘဲ နောင်တရမယ့် ကိစ္စမျိုး ဖြစ်သွားမှာစိုးလို့ပါ”

နင်ချီ သက်ပြင်း ဖွဖွချလိုက်ပြီး မေးလိုက်သည်။

“ဝိညာဉ်ကို ကာကွယ်လိုက်ရင် ထျန်းရှန်း က ဝိညာဉ်သားရဲ သွေးစည်းကို နိုးထနိုင်တော့မှာ မဟုတ်ဘူးလားဗျ”

“ဒါပေါ့... တစ်နည်းအားဖြင့် ပြောရရင် ဒါက အန္တရာယ်လည်း ဟုတ်သလို အခွင့်အရေးလည်း ဟုတ်တယ်... သူသာ ကိုယ့်ဘာသာ ကြံ့ကြံ့ခံနိုင်ရင် အကျိုးကျေးဇူးက အများကြီးပဲ... ကာကွယ်ပေးထားလိုက်ရင်တော့ အန္တရာယ်လည်း မရှိသလို အခွင့်အရေးလည်း မရှိတော့ဘူး... အကောင်းဆုံးကတော့ သူ ဘေးကင်းကင်းနဲ့ ဝိညာဉ်သားရဲ သွေးစည်း နိုးထနိုင်မယ့် နည်းလမ်းကို ရှာတွေ့ဖို့ပါပဲ”

နင်ချီ တဖြည်းဖြည်း စိတ်အေးသွားရ၏။

ဒါက သူ့အတွက်တော့ မဖြစ်နိုင်သော ကိစ္စ မဟုတ်တန်ရာ။

သူ ကျွမ်းချန်အားလည်း သတိရသွားသည်။

“လူသားတွေထဲက မူလ ဓားရိုး ပါတဲ့သူတွေကျတော့ရော”

သူ့စကားကို ကြားသောအခါ၊ တာအိုဆရာ ပိုင်ရှန်က ဘေးစောင်းကြည့်လိုက်လေ၏။

“သဘာဝကျကျပဲ မျောက်ဖြူလို ဖြစ်မှာပေါ့... တကယ်ပါပဲ... မင်းတို့ အစစ်အမှန်သိုင်းဂိုဏ်းက ထူးချွန်တဲ့ လူတွေ စုဝေးနေတာပဲ... ရတနာတွေ မွေးဖွားလာရင်တောင် အံ့သြစရာ မဟုတ်တော့ဘူး”

နင်ချီသည် တာအိုဆရာ ပိုင်ရှန်၏ စနောက်မှုကို လျစ်လျူရှုလိုက်ပြီး ယွမ်ထျန်းချန် နှင့် ကျွမ်းချန် တို့အတွက် ဝိညာဉ် နိုးထခြင်း ကာလတွင် အခွင့်အရေး ဖန်တီးပေးရန် စဉ်းစားလိုက်သည်။ ဝိညာဉ်ကို ကာကွယ်ပေးဖို့က လွယ်ကူသော်လည်း သူတို့အတွက် အခွင့်အရေး လက်လွတ်ဆုံးရှုံးသွားမည်ကို နင်ချီ မလိုလားပေ။

“ကျေးဇူးပါပဲဗျာ”

နင်ချီ တိုးတိုးလေး ပြောလိုက်မိ၏။

တာအိုဆရာ ပိုင်ရှန်က ရွှင်မြူးစွာ လက်ဝှေ့ယမ်းပြလိုက်သည်။

ဒီတစ်ခေါက် အစစ်အမှန်သိုင်းတောင်ကို လာရခြင်းမှာ နင်ချီနှင့် ဝိညာဉ် နိုးထခြင်း အကြောင်း ဆွေးနွေးပြီး ကြိုတင် ပြင်ဆင်စေလိုသောကြောင့် ဖြစ်သည်။

ယခု ရည်ရွယ်ချက် ပြည့်မြောက်သွားပြီ ဖြစ်၍ ပြန်ရန် ပြင်ဆင်လိုက်တော့၏။

“မောင်နင်ချီ..နောက်ပိုင်း သေချာ ပြင်ဆင်ထားတော့... ဝိညာဉ် နိုးထခြင်း နေ့ရက်က နီးကပ်နေပြီ... ဟို လူကြီးတွေလည်း တံခါးပိတ် ကျင့်ကြံကြတော့မှာဆိုတော့ လောကကြီးက ခဏလောက် တိတ်ဆိတ်သွားနိုင်တယ်... ဟေ့ကောင်... မင်း အချိန်ကို ကောင်းကောင်း အသုံးချနော်... လျှောက်မသွားနဲ့”

သတိပေးစကား ဆိုပြီးနောက် တာအိုဆရာ ပိုင်ရှန် ပေါ့ပါးစွာ ထွက်ခွာသွားလေ၏။

မထွက်ခွာမီတွင် နင်ချီ ပေးလိုက်သော လက်ဖက်ခြောက်ဘူး ရထားသည့်တိုင် လက်ဖက်ရွက် အနည်းငယ် ထပ်မံ ဆွတ်ခူးသွားရန် မမေ့ခဲ့ချေ။

ထိုမြင်ကွင်းကြောင့်၊ နင်ချီ ပြုံးလျက် ခေါင်းခါလိုက်မိသော်လည်း ရင်ထဲ၌မူ ကျေးဇူးတင်ရှိနေမိသည်။

'မြန်မြန်လုပ်မှ ရတော့မယ်... အသက်အဆိပ် ကို ဖယ်ရှားမယ့် နည်းလမ်းကို ဖန်တီးရမယ်'

သူ အနည်းငယ် အရေးတကြီး ဖြစ်လာရ၏။

ဝိညာဉ် နိုးထခြင်း အတွက် ခန့်မှန်းထားသော အချိန်အရဆိုလျှင် လအနည်းငယ် လိုသေးသော်လည်း စောစီးစွာ ပေါက်ကွဲထွက်လာမည် မထွက်လာမည်ကို မည်သူမျှ တပ်အပ် မပြောနိုင်ချေ။

တကယ်လို့သာ စောပြီး ဖြစ်လာခဲ့လျှင် နင်ချီ အနေနှင့် သိုင်းသူတော်စင် အဆင့်ကို တက်လှမ်းဖို့အတွက် ရှေးဟောင်း သူတော်စင်တွေရဲ့ အသက်အဆိပ် လျှော့ချသည့် နည်းလမ်းကို အားကိုးရတော့မည် ဖြစ်ရာ၊ ထိုအဖြစ်မျိုးကို သူ မလိုလားပေ။ အသက်အဆိပ် ဆိုသည်မှာ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော အရာဖြစ်ပြီး နင်ချီက သူ့ခန္ဓာကိုယ်ထဲတွင် ထိုအရာမျိုး မရှိစေချင်ပါ။

ကံကောင်းသည်မှာ၊

တွက်ချက်မှုများက စနစ်တကျ ရှိနေပြီး ယခင်ကထက်ပင် ပို၍ ချောမွေ့နေ၏။

အသက်အဆိပ် လျှော့ချသည့် နည်းလမ်း ကျေးဇူးကြောင့် ဓားမ မိစ္ဆာ သည် သက်ရောက်မှု နည်းပါးသွားပြီး စမ်းသပ်မှုများကို ပိုမို ခပ်စိပ်စိပ် ပြုလုပ်နိုင်လာ၏။

'အခုတော့ လမ်းကြောင်းက ရှင်းသွားပြီ... ပန်းပွင့်သုံးပွင့် ကို လမ်းစဉ်တစ်သောင်း စိတ်ဆန္ဒ နယ်ပယ် နဲ့ ပေါင်းစပ်လိုက်ရင် ပိုမြင့်မားတဲ့ စွမ်းအားကို အသုံးပြုပြီး အသက်အဆိပ် ကို မောင်းထုတ်နိုင်လောက်တယ်... ဒီကမ္ဘာပေါ်မှာ ငါတစ်ယောက်တည်းပဲ ဒီလို လုပ်နိုင်မှာ'

နင်ချီ သက်ပြင်း ဖွဖွချလိုက်၏။

ဒါက ကြွားဝါခြင်း မဟုတ်ပေ။

ဓား စိတ်ဆန္ဒ၊ ဓား စိတ်ဆန္ဒ၊ မီး စိတ်ဆန္ဒ၊ လေ စိတ်ဆန္ဒ၊ စသည့် သိုင်းပညာ စိတ်ဆန္ဒ များစွာကို အသွင်ပြောင်း နယ်ပယ် အထိ ရောက်အောင် ကျင့်ကြံရန် လိုအပ်ပြီး၊ သာမန်လူ တစ်ယောက်အတွက်မူ ဒါက မဖြစ်နိုင်သော ကိစ္စပင်။

ဓားမ မိစ္ဆာ လို ပါရမီရှင် တစ်ယောက်အတွက်တောင် ဓားမ စိတ်ဆန္ဒ တစ်ခုတည်းကို အသွင်ပြောင်းလဲခြင်း နယ်ပယ် ရောက်အောင် လုပ်ရသည်မှာ အတော်လေး ပင်ပန်းလှပြီ ဖြစ်လေ၏။ တခြား လမ်းစဉ်တွေနှင့် ပေါင်းစပ်ဖို့ဆိုတာ နေနေသာသာ။ တခြားလူတွေဆိုလျှင် သိုင်းပညာ ရည်ရွယ်ချက် နှစ်ခု သုံးခုလောက် အသွင်ပြောင်းလဲခြင်း နယ်ပယ် ရောက်သည်နှင့်ပင် ခေတ်တစ်ခေတ်ကို လွှမ်းမိုးနိုင်သော ပါရမီရှင် ဖြစ်နေလောက်လေ၏။

လမ်းစဉ်တစ်သောင်း စိတ်ဆန္ဒ နယ်ပယ် ကို နားလည်သဘောပေါက်ခြင်းက နင်ချီ တစ်ယောက်တည်းသာ လုပ်နိုင်သော အရာ ဖြစ်သည်။

နောက်တစ်ဆင့်ကတော့ ဘယ်လို ပေါင်းစပ်မလဲ ဆိုသည်ပါပဲ။

အချိန်ကာလ ကုန်ဆုံးသွား၏။

အောင်မြင်မှုက အလွန် နီးစပ်နေပြီ ဖြစ်လေ၏။

သို့သော် ယခုအချိန်တွင် ဤကဲ့သို့သော လျှို့ဝှက်နည်းစနစ်ကို နင်ချီ တစ်ယောက်တည်းသာ သင်ယူနိုင်မည် ဖြစ်ကြောင်း သေချာနေ၏။ နောင်အနာဂတ်တွင် သူ၏ ကျင့်ကြံခြင်း အဆင့် ပိုမြင့်လာပြီး အသက်အဆိပ် အကြောင်း ပိုမို နက်နက်ရှိုင်းရှိုင်း နားလည်လာမှသာ လူတိုင်း ကျင့်ကြံနိုင်မည့် ‘ဓမ္မ နည်းလမ်း’များကို ဖန်တီးနိုင်ပေလိမ့်မည်။

...

နင်ချီ ‘ဓမ္မ နည်းလမ်း’ကို ကြိုးစားပမ်းစား ဖန်တီးနေချိန်၌၊

နေနီဂိုဏ်း တွင်၊

ခရမ်းရောင် ဝတ်စုံ ဝတ်ဆင်ထားပြီး ရေခဲတောင်ပမာ အေးစက်လှသော ပုံရိပ်တစ်ခု ဝင်ရောက်လာလေ၏။

ပြိုင်ဘက်ကင်း လှပလွန်းသော်လည်း တစ်ပါးသူများ အနားမကပ်ရဲအောင် ဖြစ်နေစေသည်။ နေနီဂိုဏ်းသားများ စကားမပြောနိုင်ခင်မှာပင် လက်တစ်ဖက်ပြတ်နေသော ပုံရိပ် တစ်ခု အပြေးအလွှား ထွက်လာပြီး မျက်နှာတွင် ပျော်ရွှင်မှုများ အပြည့်ဖြင့် ကြိုဆိုလိုက်လေ၏။

“ညီမလေး ဇီယွဲ့... မင်း နိုးလာပြီပဲ”

နေနီ သိုင်းသူတော်စင်၏ စိတ်လှုပ်ရှားနေသော အမူအရာကို မြင်လိုက်ရသောအခါ သိုင်းသူတော်စင် ဇီယွဲ့၏ မျက်နှာထားက တည်ကြည်လေးနက်သွားတော့၏။

ရိပ်ခနဲ လှုပ်ရှားလိုက်ရုံဖြင့် သူမသည် နေနီ သိုင်းသူတော်စင်၏ ဘေးနားသို့ ရောက်ရှိသွားပြီး၊ ပြတ်တောက်နေသော လက်မောင်းရင်းကို ကြည့်ကာ လေးနက်သော အမူအရာဖြင့် မေးလိုက်လေ၏။

“ဘာဖြစ်တာလဲ”

သိုင်းသူတော်စင် ဇီယွဲ့သည် နေနီ သိုင်းသူတော်စင်၏ အရှိန်အဝါကို အာရုံခံမိပြီး ရောက်လာခဲ့ခြင်း ဖြစ်သော်လည်း သူမ၏ သွေးသောက်အစ်ကိုကြီး လက်တစ်ဖက် ပြတ်နေသည်ကို တွေ့လိုက်ရသဖြင့် မမျှော်လင့်ဘဲ အံ့အားသင့်သွားရခြင်း ဖြစ်သည်။

နေနီ သိုင်းသူတော်စင်က သက်ပြင်းရှည်ကြီး ချလိုက်လေ၏။

“အစ်ကိုကြီးက အသုံးမကျပါဘူးကွာ”

သူ့မျက်နှာထားမှာ အနည်းငယ် ညှိုးငယ်နေလေတော့၏။

All Chapters