ရှေးဟောင်းသိုင်းသူတော်စင် မလုပ်နိုင်ခဲ့တာကို ငါ နင်ချီ လုပ်နိုင်ခဲ့ပြီ (အပိုင်း ၁)
Vol. 25 Ch. 366
~ခဏအကြာတွင်၊
ကြောက်မက်ဖွယ် ကောင်းလှသော ပြိုင်ဘက်ကင်း ဖိနှိပ်မှုကြီးတစ်ခုက လေဟာနယ် တစ်ခုလုံးကို လွှမ်းခြုံသွားသည့်အခါ နေနီဂိုဏ်းသားအားလုံး ကြောက်လန့်တကြား မြေပြင်ပေါ်၌ ဝပ်စင်းနေကြရ၏။ အရိုးခိုက်မတတ် အေးစက်သော အငွေ့အသက်သည် သူတို့၏ ဝိညာဉ်များကိုပင် ခဲသွားစေမတတ် ရှိလှ၏။
အဆုံးမဲ့ ဒေါသများကို ဖိနှိပ်ထားသော အေးစက်စက် အသံ တစ်သံ ထွက်ပေါ်လာလေ၏။
“ထျန်းကျန့်... ခွေးကောင်...နင် သေလမ်းရှာနေတာပဲ”
လူတိုင်း၏ စိတ်အာရုံများ ဗလာဟင်းလင်း ဖြစ်သွားရ၏။
နေနီ သိုင်းသူတော်စင်သည် ဒေါသပေါက်ကွဲတော့မည့် သိုင်းသူတော်စင် ဇီယွဲ့ကို အလျင်အမြန် ဆွဲထိန်းလိုက်ပြီး တိုးတိုးလေး ပြောလိုက်လေ၏။
“ညီမလေး ဇီယွဲ့... စိတ်မြန်လက်မြန် မလုပ်ပါနဲ့”
သိုင်းသူတော်စင် ဇီယွဲ့၏ မျက်ဝန်းများတွင် ဝမ်းနည်းမှုများ ပြည့်နှက်နေ၏။
“အစ်ကိုကြီး... ဒီကိစ္စကို ဒီအတိုင်း လွှတ်ထားလို့ လုံးဝ မဖြစ်ဘူး... အဲဒီ ခွေးကောင် ထျန်းကျန့်က အစ်ကိုကြီးရဲ့ လက်မောင်းကို ဖြတ်တောက်ရုံတင်မကဘဲ မဟာနေမင်း သံလိုက်အိမ်မြှောင်ကိုပါ ခိုးယူသွားသေးတယ်... ဒါက ကျွန်မတို့ လမ်းခရီးကို ပိတ်ဆို့နေတဲ့ အမုန်းတရားပဲ... သူ့နောက်ခံက ဘယ်လောက်ပဲ ထူးဆန်းနေပါစေ... ကျွန်မ သူ့ကို တိုက်ခိုက်ရမယ်”
နေနီ သိုင်းသူတော်စင်၏ မျက်လုံးများထဲတွင်လည်း အမုန်းတရား အရိပ်အယောင်များ ပေါ်လာ၏။ သူ အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး ပြောလိုက်လေ၏။
“ဒီအမုန်းတရားကို မေ့ပစ်လို့ မရပါဘူး... ဒါပေမဲ့ အခုချိန်မှာ ကောင်းကင်သတ် သိုင်းသူတော်စင်က သိုင်းသူတော်စင် လေးယောက်ကို အခုလေးတင် နှိမ်နင်းထားပြီးပြီ... ပြည်တွင်းစစ် လုံးဝ မဖြစ်ရဘူးလို့ ပြတ်ပြတ်သားသား ပြောထားတယ်... ဒီလို အရေးကြီးတဲ့ အချိန်မှာ အစ်ကိုကြီးတို့ သူ့ကို သွားမစသင့်ဘူး... မဟုတ်ရင် ထျန်းကျန့် ဆိုတဲ့ကောင်ကို သတ်လို့မရတဲ့အပြင် ကောင်းကင်သတ် သိုင်းသူတော်စင်ကိုပါ စော်ကားမိသလို ဖြစ်သွားလိမ့်မယ်”
သိုင်းသူတော်စင် ဇီယွဲ့၏ မျက်နှာထားက မကျေမနပ် ဖြစ်နေရ၏။
“ကောင်းကင်သတ် သိုင်းသူတော်စင်က ဘာလို့ ဒီလောက်တောင် မျက်နှာလိုက်ရတာလဲ... အမှားလုပ်တာက ဟို ခွေးကောင် ထျန်းကျန့် ဆိုတာ သိသာနေတာပဲ... ပြည်တွင်းစစ် မဖြစ်ချင်ရုံနဲ့ ဒီလို လုပ်နေရင် အပေါ်ယံပဲ ညီညွတ်ပြီး အတွင်းစိတ်တွေက ကွဲပြားနေမှာပဲ”
နေနီ သိုင်းသူတော်စင်က ပြောလိုက်၏။
“အခု ပိုပြောနေလည်း အလကားပဲ... ငါတို့ အခွင့်အရေးကို တိတ်တဆိတ် စောင့်နေဖို့ပဲ လိုတယ်... ကောင်းကင်သတ် သိုင်းသူတော်စင် လက်လှမ်းမမီတဲ့ အခွင့်အရေး တစ်ခုပေါ့... လျင်မြန်တဲ့ လက်စားချေမှုနဲ့ ထျန်းကျန့် ဆိုတဲ့ကောင်ကို သတ်ပစ်လိုက်မယ်... အဲဒီအချိန်ကျရင် ကောင်းကင်သတ် သိုင်းသူတော်စင် ဒေါသထွက်ရင်တောင် ဘာမှ မတတ်နိုင်တော့ဘူး... နောက်ဆုံးတော့ အားလုံး ပြီးသွားမှာပါ”
သိုင်းသူတော်စင် ဇီယွဲ့၏ မျက်လုံးများ တောက်ပလာသည်။
“အစ်ကိုကြီး ဆိုလိုတာက...”
“ဟုတ်တယ်... ဝိညာဉ် နိုးထခြင်း နေ့ရက်ကျရင်ပေါ့...”
နေနီ သိုင်းသူတော်စင်၏ မျက်လုံးများထဲတွင် သွေးဆာသော အရောင်အဝါများ ပေါ်လာ၏။
“သိုင်းသူတော်စင်တွေရဲ့ သွေးမိုးရွာသွန်းမှုက ငါတို့ မောင်နှမတွေကို ပိုမြင့်တဲ့ နေရာရောက်အောင် ပို့ပေးလိမ့်မယ်”
ထို့နောက်၊ နေနီ သိုင်းသူတော်စင်က အားနာသလို ပြောလိုက်သည်။
“ဒါပေမဲ့ ဒီရက်ပိုင်းမှာ..ညီမလေး ဇီယွဲ့ အနေနဲ့ ဟိုကောင် ထျန်းကျန့်..
သတိမထားမိအောင် ခေါင်းငုံ့ခံနေရလိမ့်မယ်... ငါတို့ နှစ်ယောက် ပေါင်းပြီး တိုက်ခိုက်လိုက်ရင် သူ ဘာမှ မတတ်နိုင်ဘဲ ဖြစ်သွားမှာ... အဲဒီကျရင် မင်းလည်း အဆင့်တက်သွားနိုင်သလို အနာဂတ် အခွင့်အရေးတွေကလည်း ငါတို့ မောင်နှမတွေ လက်လှမ်းမမီနိုင်တဲ့ အရာ မဟုတ်တော့ဘူး”
သိုင်းသူတော်စင် ဇီယွဲ့ ခေါင်းညိတ်လိုက်လေ၏။
“အစ်ကိုကြီးအတွက် လက်စားချေပေးနိုင်မယ်ဆိုရင်... ယာယီ ပုန်းအောင်းနေရတာ ဘာအရေးပါလဲ”
မောင်နှမနှစ်ယောက် အဓိပ္ပာယ်ပါပါ ပြုံးလိုက်ကြလေ၏။
ထို့နောက်။
နေနီဂိုဏ်း တစ်ခုလုံးကို အမိန့်ထုတ်ပြန်လိုက်သည်။ ဒီနေ့ ဖြစ်ပျက်ခဲ့သမျှကို အပြင်သို့ လုံးဝ ပေါက်ကြားခွင့် မရှိ။ ပေါက်ကြားပါက ခန္ဓာကိုယ် ပျက်သုဉ်းသည်အထိ အပြစ်ပေးမည် ဟူ၍ပင်။
သိုင်းသူတော်စင် ဇီယွဲ့ သည် နေနီဂိုဏ်းထဲသို့ ပြန်ရောက်လာပြီး ပုန်းအောင်းနေပြီ သည့်အချက်အား မည်သူမှ မသိလိုက်ကြချေ။
...
တာအိုရှာဖွေခြင်း ကျောင်းတော်..
လေပြေညင်းလေး ဖြတ်သန်း တိုက်ခတ်သွားရာ ဉာဏ်အလင်း လက်ဖက်ပင်မှ အရွက်ကလေးများ လှုပ်ခါသွားပြီး ခြံဝင်းငယ်လေးပေါ်သို့ စိမ်းလန်းသော အရိပ်များ ကျရောက်နေစေသည်။ ထူးခြားသော မွှေးပျံ့သည့် ရနံ့တစ်ခုက အာရုံများကို ယစ်မူးစေလျက် ရှိ၏။
နင်ချီသည် မျက်လုံးများကို မှိတ်ထားပြီး ဉာဏ်အလင်း ရှာဖွေနေ၏။
သူ့စိတ်ထဲတွင် မရေမတွက်နိုင်သော ဝိညာဉ်အလင်းတန်းများ ဝင်းလက်နေလေ၏။
ဤကာလအတွင်း ဓားမ မိစ္ဆာ နှင့်အတူ စမ်းသပ်ခဲ့သမျှ ရလဒ်များ အားလုံး ပွင့်လန်းလာနေပြီး ဝိညာဉ်အလင်းတန်းများ ရက်ယှက်ကာ နင်ချီက သန့်စင်ပေးလိုက်သည်။ ဤ အောင်မြင်မှု ခံစားချက်ကို ပြင်ပလူများ နားလည်နိုင်မည် မဟုတ်ချေ။
သူ မသိလိုက်ခင်မှာပင်၊
ဝိညာဉ်စွမ်းအင် အမျှင်တန်းလေး တစ်ခု သူ့လက်ချောင်းထိပ်တွင် ပေါ်လာခဲ့သည်။
သူ မျက်လုံးများကို ဖွင့်လိုက်ရာ ပြတ်သားသော ဆုံးဖြတ်ချက်များ ပြည့်နှက်နေ၏။ ပန်းပွင့်သုံးပွင့် သူ့ခေါင်းပေါ်တွင် စုဝေးလာပြီး ဝိညာဉ်စွမ်းအင် အမျှင်တန်းလေးသည် အပေါ်သို့ ထိုးတက်သွားလေ၏။
ဒါက နင်ချီ ကိုယ်တိုင် ဝိညာဉ်စွမ်းအင်ကို ပထမဆုံးအကြိမ် သန့်စင်ကြည့်ခြင်း ဖြစ်သည်။
ဝိညာဉ်စွမ်းအင်သည် သူ့ခေါင်းပေါ်တွင် ဝဲပျံနေသော်လည်း သူက ခန္ဓာကိုယ်ထဲသို့ စုပ်ယူရန် မလောသေးပါပေ။
“ဝီ…”
ပြိုင်ဘက်ကင်း ဓားစိတ်ဆန္ဒ တစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွားပြီး သူ့ဘေးနားတွင် ဝဲပျံနေကာ မမြင်နိုင်သော ဓားတစ်လက်ကို ဝေဝါးဝါး ဖော်ပြနေ၏။ ဤ ဓားစိတ်ဆန္ဒ ပေါ်လာသည်နှင့် တည်ငြိမ်နေသော ဝိညာဉ်စွမ်းအင်သည် လှုပ်ခတ်သွားပြီး (အားနည်းသော်လည်း) မမြင်နိုင်သော ဆွဲငင်အား တစ်ခု ဖြစ်ပေါ်လာလေ၏။
ထိုမျှ.. မကသေးချေ။
ဓားစိတ်ဆန္ဒ နောက်တွင် အားကောင်းသော ဓားမ စိတ်ဆန္ဒ တစ်ခု ထပ်မံ ထွက်ပေါ်လာပြီး ဓားစိတ်ဆန္ဒနှင့် ယှဉ်တွဲလိုက်သည်။
ဝိညာဉ်စွမ်းအင်အပေါ် သက်ရောက်နေသော ဆွဲငင်အား ပိုပြင်းထန်လာသည်။
နင်ချီ၏ မျက်လုံးများ ရွှေရောင် တောက်ပလာပြီး သူ့တစ်ကိုယ်လုံးရှိ အရှိန်အဝါများ ပေါက်ကွဲ
ထွက်လာတော့၏။
တစ်ခဏအတွင်းမှာပင်။
မိုးရွာပြီးစ.. မျှစ်များ ပေါက်လာသကဲ့သို့ သိုင်းပညာ ရည်ရွယ်ချက် နယ်ပယ်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာတော့၏။
ထိုးဖောက်နိုင်စွမ်း ပြင်းထန်သော လှံစိတ်ဆန္ဒ၊ မြေပြင် တစ်ခုလုံးကို လွှမ်းမိုးထားသော လက်သီးစိတ်ဆန္ဒ၊ အရာအားလုံးကို ဝါးမြိုပစ်မည့် မီးစိတ်ဆန္ဒ၊ လွှမ်းမိုးချုပ်ကိုင်မှု ပြင်းထန်ပြီး ပြိုင်ဘက် ကင်းသော မိုးကြိုစိတ်ဆန္ဒ...
မရေမတွက်နိုင်သော ပုံရိပ်များ နင်ချီ့ ပတ်ပတ်လည်တွင် ဝဲပျံနေကြသည်။ အလွန် ခမ်းနား ကြီးကျယ်လှသော်လည်း မည်သူမျှ မမြင်တွေ့နိုင်ကြချေ။
လမ်းစဉ်တစ်သောင်း စိတ်ဆန္ဒ နယ်ပယ်
ဆိုသည်မှာ လောကကြီးက စိတ်ကူးပင် မယဉ်နိုင်သော မြင်ကွင်း တစ်ခု ဖြစ်ပေသည်။
နင်ချီ၏ ခန္ဓာကိုယ် အနည်းငယ် တုန်ခါသွား၏။
ဒါက သူ့ဉာဏ်အလင်း၏ အကန့်အသတ် မဟုတ်သေးသော်လည်း၊ သူ၏ နတ်ဘုရား အာရုံ အကန့်အသတ်သို့ ရောက်လုနီးပါး ဖြစ်နေ၏။
“ဒါပေမဲ့... ဒီလောက်ဆို လုံလောက်ပြီ”
နင်ချီ၏ မျက်လုံးများက မယုံနိုင်လောက်အောင် ထက်ရှတောက်ပနေ၏။
ယခုအချိန်တွင် သူ ထိန်းချုပ်ထားသော ဝိညာဉ်စွမ်းအင် အမျှင်တန်းလေးသည် အကန့်အသတ်သို့ ရောက်ရှိနေပြီး နောက်တစ်စက္ကန့်တွင် ပျက်စီးသွားတော့မည့်အလား တရစပ် တုန်ခါနေ၏။
ကြောက်မက်ဖွယ် ကောင်းသော စွမ်းအင်တစ်ခု ထွက်ပေါ်လာတော့မည်ကို နင်ချီ အာရုံခံလိုက်မိပြီး အသက်အဆိပ် ရှိရာနေရာကို အတိအကျ ညွှန်ပြနေတော့၏။
‘ပေါင်းစပ်စမ်း’
သူ့စိတ်ထဲတွင် ဟိန်းဟောက်လိုက်၏။
နောက်တစ်ခဏမှာ၊
စိတ်ဆန္ဒ စီးကြောင်းများ ပေါင်းစပ်သွားပြီး ပန်းပွင့်သုံးပွင့် ထဲသို့ စီးဝင်သွားကြသည်။
ဝီ...
စိတ်ဆန္ဒ တစ်ခု ပေါင်းစပ်လိုက်တိုင်း ပန်းပွင့်သုံးပွင့် သည် တုန်ခါသွားပြီး အံ့သြဖွယ်ရာ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။
နောက်ဆုံး စိတ်ဆန္ဒ ပေါင်းစပ်သွားသည့်အခါ၊
ပန်းပွင့်သုံးပွင့် အပြည့်အဝ ပွင့်လန်းလာတော့၏။
နင်ချီသည် သူ့ဝိညာဉ်က အလွန် ထူးခြားသော နယ်ပယ်တစ်ခုသို့ ရောက်ရှိသွားသည်ဟု ခံစားလိုက်ရပြီး၊ အထက် ကောင်းကင်ဘုံ နှင့် ပတ်ဝန်းကျင်ရှိ နေရာလွတ်တိုင်းမှ စီးဆင်းလာသော အံ့ဖွယ် စွမ်းအား တစ်ခုကို ဝေဝါးဝါး အာရုံခံမိလိုက်သည်။
ပန်းပွင့်သုံးပွင့် အတွင်း၌ ပုံသဏ္ဍာန်မဲ့ မီးတောက်တစ်ခု တိတ်တဆိတ် စတင် လောင်ကျွမ်းလာလေ၏။
နင်ချီ ပြတ်သားစွာ လှုပ်ရှားလိုက်၏။
ကြာမြင့်စွာ စောင့်ဆိုင်းနေပြီး တုန်ခါနေသော ဝိညာဉ် စွမ်းအင်ကို ပစ်ထည့်လိုက်လေ၏။
“ဘုန်း…”
ပုံသဏ္ဍာန်မဲ့ မီးတောက်သည် ချက်ချင်း ထကြွလာပြီး ဝိညာဉ်စွမ်းအင်ကို ဝါးမြိုပစ်လိုက်သည်။ နင်ချီ၏ အာရုံခံစားမှုထဲတွင် အရိုးစွဲနေသော လောက်ကောင်များကဲ့သို့ တွယ်ကပ်နေသည့် အသက်အဆိပ် သည် မီးတောက်၏ လောင်ကျွမ်းမှုအောက်၌ လုံးဝ ပျောက်ကွယ်သွားပြီး၊ ဝိညာဉ်စွမ်းအင်သည် အလွန်အမင်း သွက်လက်သော အငွေ့အသက် တစ်ခု ထုတ်လွှတ်လာလေ၏။
နင်ချီ ဝမ်းသာအားရ ဖြစ်သွားသည်။ စိတ်အကြံ တစ်ချက်ဖြင့် သန့်စင်ပြီးသား ဝိညာဉ်စွမ်းအင်သည် ချက်ချင်း သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားပြီး၊ ထူးဆန်းသော လမ်းကြောင်းများအတိုင်း စီးဆင်းကာ သူ့၏ ကလီစာငါးခုထဲမှ တစ်ခုနှင့် ဝိညာဉ်စွမ်းအား အဖြစ် ပေါင်းစပ်သွားတော့၏။ ဓားမ မိစ္ဆာ ယခင်က ကြုံတွေ့ခဲ့ရသော ကြောက်မက်ဖွယ်ရာ ဖောက်ပြန်မှုမျိုး လုံးဝ မရှိတော့ချေ။
ဤသို့ဖြင့်၊ ကြီးကျယ်သော အောင်မြင်မှုကြီး ရရှိခဲ့ပြီ ဖြစ်လေ၏။
နင်ချီ၏ နှုတ်ခမ်းစွန်းတွင် အပြုံး တစ်ခု ကွေးညွှတ် ပေါ်ပေါက်လာပြီး ဖော်ပြမရနိုင်သော အောင်မြင်မှု ခံစားချက်များ ရင်ထဲ၌ ပြည့်လျှံလာတော့၏။
ရှေးဟောင်း သူတော်စင်များ မလုပ်နိုင်ခဲ့သည်ကို၊ သူ... နင်ချီက လုပ်နိုင်ခဲ့ပြီ ဖြစ်ပါသည်။
'လမ်းစဉ်တစ်သောင်း စိတ်ဆန္ဒ နယ်ပယ် ကို အသုံးပြုပြီး ပန်းပွင့်သုံးပွင့် ကို ပေါင်းစပ်ကာ နိဗ္ဗာန် မီးတောက်ကို ဖန်တီးတယ်... ပြီးတော့ ပိုမြင့်မားတဲ့ ဘုံက စွမ်းအားတွေနဲ့ ချိတ်ဆက်ပြီး အသက်အဆိပ် ကို အမြစ်ပြတ် ချေမှုန်းပစ်တယ်... နောက်နောင်ကျရင် ဒါကို... လမ်းစဉ် တစ်သောင်း နိဗ္ဗာန် နည်းစနစ် လို့ ခေါ်ရမယ်’