ရှေးဟောင်းသိုင်းသူတော်စင် မလုပ်နိုင်ခဲ့တာကို ငါ နင်ချီ လုပ်နိုင်ခဲ့ပြီ (အပိုင်း ၂)
Vol. 25 Ch. 367
~“ဒီ လမ်းစဉ်တစ်သောင်း နိဗ္ဗာန် နည်းစနစ်နဲ့ဆိုရင်... ငါ စုပ်ယူလိုက်တဲ့ ဝိညာဉ်စွမ်းအင်တွေထဲက အသက်အဆိပ်ကို လုံးဝ ဖယ်ရှားပစ်နိုင်ပြီ... တခြားလူတွေလို အသက်အဆိပ်ရဲ့ ဒဏ်ကို ခံစားစရာ မလိုတော့ဘူး... နှမြောစရာကောင်းတာက ဒီနည်းလမ်းကို ငါတစ်ယောက်တည်းပဲ သိနေတာပါပဲ”
လမ်းစဉ်တစ်သောင်း ရည်ရွယ်ချက် နယ်ပယ် ဆိုသည်မှာ လူသားတို့၏ စွမ်းဆောင်ရည်ထက် ကျော်လွန်နေသော အရာဖြစ်သော်လည်း၊ နင်ချီ၏ ထူးကဲသော ဉာဏ်အလင်းကြောင့် နည်းလမ်းတစ်ခုတည်းဖြင့် အရာရာကို တွန်းလှန်ကျော်လွှားနိုင်ခဲ့ခြင်း ဖြစ်သည်။
“ဒါပေမဲ့ လောလောဆယ်တော့ ငါ သိုင်းသူတော်စင် အဆင့်ကို မတက်နိုင်သေးဘူး”
အကြောင်းပြချက်က ရိုးရှင်းပါသည်။
ဝိညာဉ် လုံလောက်စွာ သိပ်သည်းမှု မရှိသေးသောကြောင့်ပင်။
နင်ချီသည် သိုင်းသူတော်စင် လျှို့ဝှက်ရတနာများမှ ဝိညာဉ်ကို ထုတ်ယူပြီး ပေါင်းစပ်ကြည့်ရန် အကြိမ်ကြိမ် စမ်းသပ်ခဲ့ဖူးသည်။ စမ်းသပ်ရန်အတွက် ပမာဏ အနည်းငယ်ဆိုလျှင် အဆင်ပြေသော်လည်း၊ သိုင်းသူတော်စင် အဆင့်သို့ တက်လှမ်းရန်အတွက်မူ မဖြစ်နိုင်ပေ။
ထို့အပြင် သူ့တွင် ရည်မှန်းချက်ကြီးတစ်ခု ရှိနေသေးသည်။ ဝိညာဉ် နိုးထခြင်း ၏ အရှိန်အဟုန်ကို အသုံးပြု၍ နယ်ပယ်ပေါင်းများစွာကို တစ်ပြိုင်နက်တည်း ကျော်ဖြတ်ရန် ဖြစ်သည်။ စောစီးစွာ ဝိညာဉ်စွမ်းအား အနည်းငယ်ကို ပေါင်းစပ်ထားခြင်းသည် အထောက်အကူ မပြုနိုင်သည့်အပြင် နောင်ကျလျှင် အနှောင့်အယှက်ပင် ဖြစ်လာနိုင်ချေ ရှိသည်။
နင်ချီ.. တွက်ချက်နေမိ၏။
သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာမည့် ဝိညာဉ်စွမ်းအင် အမျှင်တန်းလေးကို ရုတ်ချည်းပင် မောင်းထုတ်
လိုက်လေ၏။
နင်ချီ၏ စောင့်ကြည့်မှုအောက်မှာပင် ကောင်းကင်နှင့် မြေကြီးကြားမှ အသက်အဆိပ်များသည် တလိပ်လိပ် တက်လာပြီး သန့်စင်ထားသော ဝိညာဉ်စွမ်းအင်ကို တစ်ဖန်ပြန်လည် ညစ်ညမ်းသွားစေတော့၏။
“တကယ်ပါပဲ... မူလဇာစ်မြစ်ကို မဖြေရှင်းနိုင်သရွေ့ ဝိညာဉ်စွမ်းအင်တွေက ဆက်ပြီး ညစ်ညမ်းနေဦးမှာပဲ... ငါ့ရဲ့ လက်ရှိ လမ်းစဉ်တစ်သောင်း နိဗ္ဗာန် နည်းစနစ်က ငါ့ကိုယ်ပိုင် သန့်စင်မှုအတွက်လောက်ပဲ အသုံးဝင်သေးတာ”
“ဒါပေမဲ့ လောစရာ မလိုပါဘူး... ထမင်းတစ်လုပ် စားပြီးတာနဲ့ ဗိုက်ဝတာမှ မဟုတ်တာ... နောက်ကျမှ လူတိုင်းသုံးလို့ရမယ့် အသက်အဆိပ် ဖယ်ရှားနည်းကို ဖန်တီးပြီး မူလဇာစ်မြစ်ကိုပါ တစ်ခါတည်း ရှင်းပစ်ရမယ်”
နင်ချီ၏ အသက်ရှူသံများ တဖြည်းဖြည်း တည်ငြိမ်လာပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ အဝေးသို့ ငေးကြည့်နေလိုက်၏။
“သိုင်းသူတော်စင် အဆင့်ကို ချိုးဖျက်ဝင်ရောက်ဖို့က ငါ့အတွက် လွယ်ကူတဲ့ ကိစ္စ ဖြစ်နေပြီ... သိုင်းသူတော်စင် အဆင့် ‘အသခ်ျေ ဖြစ်ရပ်ဆန်းကြယ် သိုင်းကျမ်း’ကို ဖန်တီးဖို့ကလည်း မခက်ခဲလှဘူး... အခု အရေးကြီးဆုံးက အခြေခံအုတ်မြစ်ကို စုဆောင်းဖို့ပဲ... ဝိညာဉ် နိုးထခြင်း ဖြစ်လာတဲ့အခါ နယ်ပယ်ပေါင်းများစွာကို တစ်ရှိန်ထိုး တက်လှမ်းနိုင်အောင် ကြိုးစားရမယ်”
“ယွီဘုရင် ပုလဲ နဲ့ မဟာနေမင်း သံလိုက်အိမ်မြှောင် ကို အပြည့်အဝ အသုံးချရမယ်... ဒီ သိုင်းသူတော်စင် လျှို့ဝှက်ရတနာ နှစ်ခုစလုံး ငါ့ရဲ့ အခြေခံအုတ်မြစ် ဖြစ်လာစေရမယ်... ပြီးတော့ အခြေခံအုတ်မြစ်ကို ပိုခိုင်မာအောင် လုပ်မယ့် တခြားနည်းလမ်းတွေ ရှိမရှိ ရှာကြည့်ရဦးမယ်”
“ထျန်းရှန်း နဲ့ တစ်ဆယ်လေးလည်း ရှိသေးတယ်... သူတို့က ဝိညာဉ် နိုးထခြင်း ကာလမှာ နိုးထလာနိုင်တာမို့ အကာအကွယ်အနေနဲ့ လျှို့ဝှက်နည်းစနစ် လိုအပ်လိမ့်မယ်”
နောက်ထပ် ဘာလုပ်ရမလဲ ဆိုတာ ရှင်းလင်းသွားသည့်အခါ နင်ချီ စိတ်သက်သာရာ ရသွားတော့၏။
လောလောဆယ်တော့...
သူ လုပ်စရာ တစ်ခု ကျန်နေသေးသည်။
ထိုအရာကတော့ ဒီအောင်မြင်မှု၏ အသီးအပွင့်ကို ဓားမ မိစ္ဆာနှင့် မျှဝေခံစားဖို့ပါပဲ။
ဓားမ မိစ္ဆာ သည် ကြီးမားသော အကူအညီများ ပေးခဲ့သည်။ အသက်အဆိပ်၏ တိုက်စားမှုကို အကြိမ်ကြိမ် ခံစားခဲ့ရပြီး ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုက ပြင်းထန်လှသည်။ သက်တမ်း လျော့နည်းသွားသည်ကို ထည့်မပြောလျှင်တောင် အဆိုးဆုံးကတော့ နောက်ဆုံး အောင်မြင်သွားသော လမ်းစဉ်တစ်သောင်း နိဗ္ဗာန် နည်းစနစ်ကို သူ သင်ယူခွင့် မရှိသေးခြင်းပင်။
ဓားမ မိစ္ဆာ ကိုယ်တိုင်က ဂရုမစိုက်သော်လည်း နင်ချီကတော့ စိတ်မသက်မသာ ဖြစ်နေမိ၏။
ထိုညဝယ်၊
နင်ချီနှင့် ဓားမ မိစ္ဆာ တို့သည် လရောင်အောက်တွင် အရက်ခွက် သုံးရာခန့် သောက်ခဲ့ကြလေ၏။
ဓားမ မိစ္ဆာ သည် နင်ချီ၏ အံ့သြဖွယ် ဉာဏ်ပညာကို ချီးကျူးခဲ့ပြီး၊ သူ၏ ပေးဆပ်မှုများ အချည်းနှီး မဖြစ်ခဲ့သည့်အတွက် ဝမ်းမြောက်နေလေတော့၏။
...
အချိန်ကာလသည် ဖြည်းညှင်းစွာ ကုန်ဆုံးသွား၏။
ကမ္ဘာပေါ်ရှိ ရှေးဟောင်း သူတော်စင်များသည် တဖြည်းဖြည်း ပြန်လည် ရောက်ရှိလာကြပြီး တစ်ယောက်လျှင် နယ်မြေဒေသ တစ်ခုစီ သိမ်းပိုက်ထားကြသည်။
ရှေးဟောင်း သူတော်စင် အရေအတွက် မများသော်လည်း သူတို့သည် မဟာယန် နယ်မြေအတွင်းရှိ သုံးပုံ နှစ်ပုံခန့်ကို တဖြည်းဖြည်း ခွဲဝေယူလိုက်ကြလေ၏။
ဤကိစ္စကြီးက မဟာယန် မင်းဆက်အတွက် ကြီးမားသော တုန်လှုပ်မှုကြီး ဖြစ်စေခဲ့၏။ သို့သော် မဟာယန် သိုင်းသူတော်စင်က နှုတ်ဆိတ်နေသဖြင့် အောက်ခြေလူတန်းစားများမှာ လက်ရှိ အပြောင်းအလဲနှင့် လိုက်လျောညီထွေ နေထိုင်ကြရုံမှ တစ်ပါး အခြား မရှိတော့ချေ။
မည်သို့ပင် ဖြစ်စေကာမူ၊
မဟာယန် သိုင်းသူတော်စင် ကိုယ်တိုင်လည်း သိုင်းသူတော်စင် အားလုံးကို လျစ်လျူရှုထား၍ မရနိုင်ပေ။
သူ့အတွက်မူ
နယ်မြေ အများစုကို ထိန်းသိမ်းထားနိုင်ခြင်းကပင် ကောင်းမွန်သော အခြေအနေ တစ်ခု ဖြစ်နေ၏။
သို့သော်ငြားလည်း သိုင်းဂိုဏ်းများနှင့် လမ်းစဉ်အများအပြားသည် ရှေးဟောင်း သူတော်စင်များဘက်သို့ ပါသွားကြလေ၏။ အသိဉာဏ်ရှိသူ မည်သူမဆို မိုးကြီးလေကြီး အဖြစ်အပျက်ကြီး တစ်ခု ဖြစ်လာတော့မည်ကို ရိပ်စားမိကြ၏။
မဟာယန် မင်းဆက်အောက်တွင် ဆက်နေလျှင် မည်သည့်အရာမျှ ရမည် မဟုတ်သော်လည်း၊ ရှေးဟောင်း သူတော်စင်များဘက်သို့ ကပ်လိုက်လျှင် သတင်းဦး သတင်းထူးများ ရနိုင်သလို အကျိုးအမြတ်များကိုလည်း ခွဲဝေရရှိနိုင်ပေလိမ့်မည်။
ကမ္ဘာကြီးသည် လှုပ်ခတ်နေပြီး ရေအောက်လှိုင်းစီးကြောင်းများလည်း ပြင်းထန်နေလေ၏။
နှစ်ဝက်ကျော် ကာလအတွင်းမှာပင် တစ်ချိန်က ခေတ်ရေစီးကြောင်းကို ဦးဆောင်ခဲ့သော မိစ္ဆာဂိုဏ်း ကဲ့သို့သော အင်အားစုများသည် ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားခဲ့ကြပြီး၊ လျင်မြန်သော အပြောင်းအလဲများကြောင့် လူအများ အံ့သြမှင်သက်ခဲ့ကြရ၏။
လူအများ သတိမမူမိသော ဒေသတစ်ခုတွင်မူ၊
တောင်တစ်သိန်း တောင်တန်း၏ အစွန်အဖျား..၊
ထူထပ်သော အဆိပ်မြူများ လွှမ်းခြုံထားသည့် နေရာဝယ်၊
ထူးခြားသော ခြေတံရှည် အိမ်များ တည်ရှိနေပြီး၊ နွားချိုများ၊ တိရစ္ဆာန် သားရေများဖြင့် အလှဆင်ထားသော စည်တိုမျှော်စင် ယဇ်ပလ္လင်များလည်း အိမ်များကြားတွင် ပြန့်ကျဲနေ၏။
ဤသည်မှာ ပြင်ပလူများ မသိရှိကြသော တောင်ပိုင်းနယ်စပ် မဟာမိတ်အဖွဲ့ ၏ စစ်မှန်သော ဗဟိုချက်ပင် ဖြစ်ချေ၏။ ထို ကြောက်မက်ဖွယ် ကောင်းလှသော အဆိပ်မြူများကို သေချာ မဖြေရှင်းနိုင်လျှင် ကောင်းကင်ဘုံလူသား အဆင့် ပညာရှင်များပင် သတိထားရမည့် နေရာ ဖြစ်သည်။
၎င်းက တောင်ပိုင်းနယ်စပ်က အားကိုးရသော ရှင်သန်ရပ်တည်ရေး အရင်းအနှီးဖြစ်ပြီး၊ တစ်ချိန်က အကြီးဆုံး မျိုးနွယ်စုကြီး သိမ်းပိုက်ထားခဲ့ရာမှ မဟာမိတ် ဖွဲ့ပြီးနောက် တောင်ပိုင်းနယ်စပ်၏ ဘိုးဘေး နယ်မြေအဖြစ် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုရက်ပိုင်းမှာ၊
တောင်ပိုင်းနယ်စပ် ဘိုးဘေးနယ်မြေ၏ လေထုမှာ အနည်းငယ် တင်းမာနေလေ၏။
အကြောင်းရင်းမှာ၊
တောင်ပိုင်းနယ်စပ် သူတော်စင်မ လန်ရီရီ သည် ကာလ တစ်ခုကြာ ပျောက်ဆုံးနေရာမှ ပြန်ရောက်လာသောအခါ ကြီးမားသော ပြဿနာတစ်ခု ရှိနေသည်ကို တွေ့ရှိလိုက်ရသောကြောင့် ဖြစ်၏။
သူမကို ကူနတ်ဘုရား ထံ ယဇ်ပူဇော်ရန် ပြင်ဆင်နေစဉ် လန်ရီရီ၏ သက်တမ်း တစ်ဝက် ပျောက်ဆုံးနေသည်ကို တွေ့ရှိလိုက်ရခြင်း ဖြစ်သည်။
ဘိုးဘေး ယဇ်ပလ္လင်မှာ၊
စွမ်းအားပြင်းသော အရှိန်အဝါများ စုဝေးနေကြပြီး၊ ယဇ်ပလ္လင် အလယ်ရှိ နဂါးလှောင်အိမ်တွင် ချည်နှောင်ထားသော ပုံရိပ်ကို အမုန်းတကြီး ကြည့်နေကြသည်။
ဟုန်မျိုးနွယ်စု၏ အကြီးအကဲ ဟုန်ယန် က ဒေါသတကြီး အော်ဟစ်လိုက်လေ၏။
“လန်ရီရီ... မိန်းမယုတ် မြန်မြန် ပြောစမ်း... နင့်သက်တမ်း နောက်တစ်ဝက် ဘယ်ရောက်သွားလဲ... ကူနတ်ဘုရားရဲ့ အရေးကြီး ကိစ္စကို နှောင့်နှေးအောင် လုပ်ရင် နင်က ငါတို့ တောင်ပိုင်းနယ်စပ်ရဲ့ ထာဝရ ရာဇဝတ်သား ဖြစ်သွားလိမ့်မယ်”
နဂါးလှောင်အိမ် ပေါ်ရှိ လန်ရီရီသည် မျက်လုံးများကို ဖွင့်လိုက်ပြီး သူ့ကို မထီမဲ့မြင် ကြည့်လိုက်၏။
“သတ္တိရှိရင် သတ်လိုက်လေ”
ဟုန်ယန် ဒေါသထွက်သွားရ၏။
ဒီရက်ပိုင်းအတွင်း မဟာမိတ်အဖွဲ့က နည်းလမ်းပေါင်းစုံ သုံးခဲ့သော်လည်း လန်ရီရီက နှုတ်ဆိတ်နေခဲ့ရာမှ ယနေ့ ယဇ်ပလ္လင်ပေါ် ရောက်မှ စကားစပြောလာခြင်း ဖြစ်သည်။
“ငါ နင့်ကို တကယ် မသတ်ရဲဘူးလို့ ထင်နေတာလား”
“ရှင်သာ သတ်ရဲရင်... ဒီလောက်လတွေ အကြာကြီး ကျွန်မကို အရှင်ထားပါ့မလား... ကျွန်မ ထင်တာ မမှားရင်... ကျွန်မကို သတ်လိုက်တာနဲ့ ရှင်တို့ရဲ့ မြင့်မြတ်လှတဲ့ ကူနတ်ဘုရား က သွေးဧကရာဇ် ကူ နဲ့ အပြည့်အဝ မပေါင်းစည်းနိုင်တော့ဘူး ..မဟုတ်လား”
လန်ရီရီက ဂရုမစိုက်သလို ပြောလိုက်ရာ လူတိုင်း၏ အသက်ရှူသံများ ပိုမို မြန်ဆန်လာကြတော့၏။