← Chapters

တစ်ဖက်သတ် သတ်ဖြတ်ခြင်း

Vol. 25 Ch. 369

တစ်ဖက်သတ် သတ်ဖြတ်ခြင်း

Vol. 25 Ch. 369

~အစစ်အမှန်သိုင်းတောင်..

တာအိုရှာဖွေခြင်း ကျောင်းတော်၊

နင်ချီသည် မျက်လုံးများကို မှိတ်ထားပြီး လျှို့ဝှက် နည်းစနစ်အကြောင်း ဈာန်ဝင်စားနေလေ၏။

သူ့စိတ်ထဲတွင် ဝိညာဉ် အလင်းတန်းများသည် ရေတံခွန်ပမာ ဒလဟော စီးဆင်းနေပြီး၊ ဉာဏ်အလင်းများ ဆက်တိုက် ပေါ်ထွက်နေ၏။

ယင်းက ပြင်ပလူများ စိတ်ကူးပင် မယဉ်နိုင်သော အံ့ဖွယ် မြင်ကွင်း တစ်ခုပင်။ လမ်းစဉ် တစ်သောင်း နိဗ္ဗာန် နည်းစနစ် ကို ဖန်တီးပြီးနောက် ယခုအခါ ၎င်းကို ရိုးရှင်းအောင် ပြုလုပ်ခြင်းသည် သံသယဖြစ်ဖွယ် မရှိအောင် လွယ်ကူသွားခဲ့ပြီ ဖြစ်၏။ နင်ချီသည် တာအိုဆရာလုံရှန်း၊ ချင်ယွင်နှင့် ဓားမ မိစ္ဆာ တို့အတွက် သူတို့၏ တစ်သီးပုဂ္ဂလ အခြေအနေများနှင့် ကိုက်ညီမည့် အသက်အဆိပ် လျှော့ချရေး လျှို့ဝှက်နည်းစနစ် တစ်ခုစီကို သီးသန့် ဖန်တီးပေးရန် ရည်ရွယ်ထားပါသည်။

ဤနည်းဖြင့်သာ အသက်အဆိပ် လျော့ပါးစေမည့် အကျိုးသက်ရောက်မှုကို အမြင့်ဆုံး ရရှိစေနိုင်မည် မဟုတ်ပါလော။

အစစ်အမှန်သိုင်းဂိုဏ်း တစ်ခုလုံးတွင် ဤသုံးယောက်သာလျှင် ဝိညာဉ် နိုးထခြင်း နေ့ရက်၌ သိုင်းသူတော်စင် အဆင့်သို့ တက်လှမ်းနိုင်မည့် မျှော်လင့်ချက် ရှိကြသည်။

ဓားမ မိစ္ဆာ သည် သူ့ကိုယ်ပိုင် စုဆောင်းမှုအပေါ် အားကိုးရမည် ဖြစ်ပြီး၊ တာအိုဆရာလုံရှန်းနှင့် ချင်ယွင်တို့တွင်မူ ကောင်းကင်ဘုံတက်လှမ်း ဆေးလုံး ရှိနေကြသည်။ ထိုအချိန်ရောက်လျှင် သူတို့သည် ကောင်းကင်ဘုံလူသား အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနိုင်ကြမည် ဖြစ်ပြီး ကံကောင်းခြင်းများ ရယူနိုင်မည့် အခွင့်အရေး ရရှိလာပေလိမ့်မည်။

အရာအားလုံး ချောမွေ့နေ၏။

သို့သော် ရုတ်တရက် နင်ချီ မျက်လုံးများကို ဖွင့်လိုက်ပြီး အာရုံစူးစိုက်လိုက်လေ၏။

သူ ချန်ထားခဲ့သော အရှိန်အဝါ အမျှင်တန်းလေး တစ်ခု၌ ပြောင်းလဲမှု ဖြစ်ပေါ်နေသည်ကို အာရုံခံလိုက်မိသောကြောင့်ပင်။

“မိန်ကလေး လန်လား...”

သူ့စိတ်ထဲတွင် အတွေးတစ်ချက် ဖြတ်ပြေးသွားပြီး ထရပ်လိုက်မိသည်။

ဟိုတုန်းက လန်ရီရီသည် အစစ်အမှန်သိုင်းတောင်သို့ လာရောက်ခဲ့ပြီး ကံကြမ္မာ မျှဝေခံစားခြင်း ကူ ဖြင့် သူမ၏ သက်တမ်းတစ်ဝက်ကို စွန့်လွှတ်ကာ ချင်ယွင်ကို ကယ်တင်ခဲ့သည်။ နင်ချီသည် သူမ၏ လုပ်ရပ်အပေါ် ကျေးဇူးတင်သောအားဖြင့် သူမထံတွင် အရှိန်အဝါ အမျှင်တန်းလေး တစ်ခု တမင်တကာ ချန်ထားခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ထို အရှိန်အဝါလေး ပေါက်ကွဲသွားပြီ ဖြစ်ရာ လန်ရီရီ အန္တရာယ် ကြုံနေရပြီ ဖြစ်ကြောင်း ဖော်ပြနေခြင်းပင်။

ချင်ယွင် ပြန်လည် နိုးထလာပြီးကတည်းက သူတို့ နှစ်ယောက်ကြားက ကိစ္စတွေကို နင်ချီ သိပ်အာရုံမစိုက်ခဲ့ဘဲ၊ သူတို့၏ ရှုပ်ထွေးသော ဆက်ဆံရေးကို ကိုယ်တိုင် ဖြေရှင်းဖို့ ချင်ယွင်ကိုသာ လွှတ်ထားပေးခဲ့သည်။

သို့သော်၊ ယခု လန်ရီရီ အန္တရာယ် ကြုံနေရပြီ ဆိုတော့ သူ ဒီအတိုင်း လက်ပိုက်ကြည့်နေ၍ မဖြစ်တော့ချေ။

သူ မျောက်ဖြူကို တစ်စုံတစ်ရာ မှာကြားရန် ပြင်လိုက်စဉ်မှာပင်၊ အဝေးမှ အဘိုးအို တစ်ဦး၏ ပုံရိပ်သည် အရှိန်ပြင်းစွာဖြင့် ပျံသန်း ရောက်ရှိလာလေတော့၏။

စိုးရိမ်ပူပန်မှုနှင့် အရေးတကြီး ဖြစ်နေမှုများသည် ချင်ယွင်၏ မျက်ဝန်းများထဲတွင် ပြည့်နှက်နေပြီး တာအိုရှာဖွေခြင်း ကျောင်းတော်ထဲသို့ ခြေချလိုက်သည်နှင့် အော်ဟစ်လိုက်လေ၏။

“ကိုးလေး... ကိုးလေး... ရီရီကို ကယ်ပါဦး”

သူသည် ရင်ဘတ်ကို ဖိထားပြီး ကံကြမ္မာ မျှဝေခံစားခြင်း ကူ တုန်ခါနေမှုကို ခံစားနေရ၏။ လန်ရီရီသည် အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရပြီ ဖြစ်ကြောင်း ရှင်းလင်းစွာ ပြသနေခြင်းပင်။

ပြန်လည် နိုးထလာကတည်းက၊

ချင်ယွင်သည် လန်ရီရီကို သွားရှာသင့် မရှာသင့် ဒွိဟ ဖြစ်နေခဲ့ရ၏။

သူမက သူမ ကယ်တင်ခဲ့မှန်း ချင်ယွင် သိသွားမှာကို မလိုလားကြောင်း သိသာထင်ရှားနေ၏။ အကယ်၍၊ သူ ရုတ်တရက်ကြီး သွားတွေ့လိုက်လျှင် သူတို့ကြားမှာ ပိုပြီး နေရခက်သွားစေရုံသာ ရှိလိမ့်မည်။

ထို့အပြင် လန်ရီရီ၏ အခြေအနေကိုလည်း သူ အကြမ်းဖျင်း နားလည်ထားသည်။ မူလက ချင်ယွင် စီစဉ်ထားသည်မှာ ကောင်းကင်ဘုံတက်လှမ်း ဆေးလုံးကို ကိုယ်တိုင် သန့်စင်ပြီး ကောင်းကင်ဘုံလူသား အထွတ်အထိပ် အဆင့် ရောက်မှ တောင်ပိုင်းနယ်စပ်ကို သွားပြီး လန်ရီရီကို ခေါ်ဆောင်လာရန် ဖြစ်သည်။

သို့သော် အန္တရာယ်က ဤမျှ လျင်မြန်စွာ ရောက်လာလိမ့်မည်ဟု ချင်ယွင် ထင်မထားခဲ့မိချေ။

ယခုအချိန်မှာ၊ သူ့စိတ်ထဲ၌ ထိတ်လန့်မှုများ ပြည့်နှက်နေ၏။

ယခင်တုန်းကတော့ ချင်ယွင်က လန်ရီရီအပေါ် ကျေးဇူးတင်စိတ်သာ ရှိတယ်လို့ ထင်ခဲ့သော်လည်း၊ အခုမှ ကျေးဇူးတင်စိတ်ထက် ပိုနေမှန်း သဘောပေါက်လိုက်ရ၏။ လန်ရီရီ တစ်ခုခု ဖြစ်သွားမည့် အတွေး ဝင်လာသည်နှင့် သူ့ရင်ဘတ်ထဲတွင် ဆို့နင့်ကြပ်တည်းသွားရ၏။

ထို့ကြောင့် သူ နင်ချီကို ချက်ချင်း လာရှာခြင်း ဖြစ်သည်။

ဒီလို အရေးကြီးသည့် အချိန်မှာ ချင်ယွင် များများစားစား မစဉ်းစားနိုင်တော့ပေ။

လက်ရှိအချိန်တွင် သူ့ပတ်ဝန်းကျင်၌ နင်ချီ တစ်ယောက်တည်းသာ ကူညီနိုင်မည့် စွမ်းရည် ရှိလေ၏။

နင်ချီက သူ့ကို နှစ်သိမ့်လိုက်၏။

“ကျွန်တော် နားလည်ပါပြီ... အတူတူ သွားကြတာပေါ့”

ချင်ယွင် ဘာမှ ပြန်မပြောနိုင်ခင်မှာပင် နင်ချီသည် စိတ်ချင်းဆက်သွယ်ပြီး မျောက်ဖြူကို စကားအနည်းငယ် မှာကြားလိုက်ကာ ချင်ယွင်နှင့်အတူ ကောင်းကင်ယံသို့ ပျံတက်သွားတော့၏။

ယွီဘုရင် ပုလဲ မှ ထုတ်ယူထားသော ဝိညာဉ်စွမ်းအား အမျှင်တန်းများသည် သူတို့ ပတ်လည်တွင် ဝန်းရံထားပြီး၊ နင်ချီ၏ အမြန်နှုန်းမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားကာ မျက်စိတစ်မှိတ် အတွင်းမှာပင် အစစ်အမှန်သိုင်းတောင် နယ်မြေအပြင်ဘက်သို့ ရောက်ရှိသွားလေတော့၏။

ချင်ယွင် အနည်းငယ် မှင်သက်သွားရ၏။

“ကိုးလေး... ရီရီ အန္တရာယ် ဖြစ်နေတာ မင်း ဘယ်လို လုပ်သိတာလဲ”

ထိုအခါ၊ နင်ချီက ပြန်ဖြေလိုက်သည်။

“အစ်ကိုရှစ်. နှစ်ရှည် အိပ်မောမကျခင်တုန်းက... ကျွန်တော် မိန်းကလေးလန်ကို ကတိတစ်ခု ပေးခဲ့ဖူးတယ်... ပြီးတော့ သူ့ဆီမှာ အရှိန်အဝါ အမျှင်တန်းလေး တစ်ခု ချန်ထားခဲ့တာပါ... အခု အဲဒီ အရှိန်အဝါလေး ပေါက်ကွဲသွားလို့ ကျွန်တော် သိလိုက်ရတာ... အစ်ကိုရှစ် အသေးစိတ် ပိုသိရင် ပြောပြပါဦး... ဒါမှ ကျွန်တော် ပိုနားလည်မှာ”

ချင်ယွင် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ပြောပြလေ၏။

“တောင်ပိုင်းနယ်စပ်က ကူနတ်ဘုရား ဖြစ်လောက်တယ်”

“ရီရီက အစ်ကို့ကို ရှင်းရှင်းလင်းလင်း မပြောပြခဲ့ဘူး... သဲလွန်စတချို့ကနေ အစ်ကို..တွေးကြည့်ရသလောက်

ဆိုရင်... ရီရီက တောင်ပိုင်းနယ်စပ် သူတော်စင်မလေး အနေနဲ့ ငယ်ငယ်ကတည်းက ယဇ်ကောင်အဖြစ် ရွေးချယ်ခံထားရတာ ဖြစ်နိုင်တယ်... တောင်ပိုင်းနယ်စပ် ကူနတ်ဘုရား က ရီရီ..ငယ်ငယ်ကတည်းက ရီရီ့ ခန္ဓာကိုယ်ထဲမှာ စွမ်းအားမျိုးစေ့ တစ်ခု ထည့်ပေးထားပုံပဲ... အချိန်တန်ရင် သီးသန့် လျှို့ဝှက်နည်းစနစ် တစ်ခုကနေတစ်ဆင့် ကူနတ်ဘုရား ဆီကို ယဇ်ပူဇော်ခံရမှာ”

“အတိအကျ ရည်ရွယ်ချက်ကိုတော့ အစ်ကို.. မသိဘူး... ဒါပေမယ့် သွေးဧကရာဇ် ကူ နဲ့ ပတ်သက်မယ်လို့ သံသယရှိပါတယ်”

တစ်ခုခု ကျန်ရစ်ခဲ့မည်ကို စိုးရိမ်သဖြင့် ချင်ယွင်က သိသမျှကို ခပ်မြန်မြန်ပင်.. ပြောပြလိုက်လေ၏။

နင်ချီ အံ့သြသွားရ၏။

လန်ရီရီနှင့် တောင်ပိုင်းနယ်စပ် ဆက်ဆံရေးက ရင်းနှီးသည်ဟု သူ ထင်ထားခဲ့သော်လည်း၊ ဤကဲ့သို့ လျှို့ဝှက်ချက်မျိုး ရှိနေလိမ့်မည်ဟု ထင်မထားခဲ့မိချေ။

‘တောင်ပိုင်းနယ်စပ် ကူနတ်ဘုရား တဲ့လား’

နင်ချီ.. တွေးတောလိုက်မိသည်။

အရင်တုန်းကတော့ တောင်ပိုင်းနယ်စပ်နှင့် မိစ္ဆာဂိုဏ်းက သူ့ကို ဖိအားပေးခဲ့ဖူးသည်။

မိစ္ဆာဂိုဏ်းကို သူ အမြစ်ပြတ် ချေမှုန်းပစ်လိုက်ပြီးသည့် နောက်ပိုင်းမှာတော့ တောင်ပိုင်းနယ်စပ်လည်း ငြိမ်သက်သွားခဲ့သည်။

နောက်ပိုင်း ရှေးဟောင်း သူတော်စင်တွေ နိုးထလာကြတော့ နင်ချီ လျှို့ဝှက်ချက်တွေ အများကြီး သိလာရပြီး ဝိညာဉ် နိုးထခြင်း အတွက်သာ အာရုံစိုက် ပြင်ဆင်နေခဲ့သည့် အတွက်ကြောင့် တောင်ပိုင်းနယ်စပ် ကိစ္စတွေကို စီမံဖို့ အင်အား မရှိခဲ့ပေ။

ယခု အချိန်ရောက်တော့ တောင်ပိုင်းနယ်စပ် ဆိုတာက သိပ်အရေးမပါတော့သည့် အရာ ဖြစ်သွားခဲ့တော့၏။

“ဒါဆိုရင် သွေးဧကရာဇ် ကူ ကို အောင်မြင်စွာ မွေးမြူနိုင်ခဲ့ပြီပေါ့... တောင်ပိုင်းနယ်စပ်က လူတွေမှာလည်း နည်းလမ်းတချို့ ရှိသားပဲ”

သို့သော် နင်ချီ သက်ပြင်း ဖွဖွသာ ချလိုက်မိသည်။

တာအိုဆရာ ပိုင်ရှန် ပြောပြချက်အရ မြင့်မြတ်သော ဆေးလုံး တို့၊ သွေးဧကရာဇ် ကူ တို့လို ပြင်ပ အရာဝတ္ထုတွေကို အသုံးပြုပြီး သိုင်းသူတော်စင် အဆင့် တက်လှမ်းတာက သိုင်းသူတော်စင် အတုအယောင် အဆင့်လောက်သာ ရောက်နိုင်တယ်ဆိုတာ သိပြီးနောက်ပိုင်း၊ သည်အရာတွေ၏ ဆွဲဆောင်မှုက အများကြီး လျော့ကျသွားခဲ့လေ၏။

ယနေ့ခေတ်ကြီးတွင် ထူးခြားသော လူပုဂ္ဂိုလ် အနည်းငယ်မှ လွဲ၍ အခြားသူများ သိုင်းသူတော်စင် အဆင့်သို့ ရောက်ရှိရန်မှာ မဖြစ်နိုင်သလောက်ပင်။

ရှေးဟောင်း သူတော်စင်တွေတောင် ဝိညာဉ် နိုးထခြင်း ကို စောင့်နေကြရသည်၊ တခြားလူတွေဆို ပြောနေစရာတောင် မလိုတော့ပေ။

တစ်ခုတည်းသော နောင်တရစရာကတော့ လန်ရီရီနှင့် တောင်ပိုင်းနယ်စပ် ပတ်သက်မှုကို စောစောကတည်းက သိခဲ့လျှင် သူမ၏ အရှိန်အဝါကို ခြေရာခံပြီး တိုက်ရိုက် ဖြေရှင်းပေးလိုက်မှာ ဖြစ်သည်။

ချင်ယွင်လည်း နောင်တကြီးစွာ ရနေမိ၏။

သူက မူလက နင်ချီကို ခဏခဏ ဒုက္ခ မပေးချင်ခဲ့သော်လည်း၊ အခြေအနေတွေက ဒီလောက်ထိ ဆိုးရွားသွားလိမ့်မည်ဟု ထင်မထားခဲ့မိချေ။

နင်ချီက သူ့ကို အပြစ်မတင်ဘဲ ပခုံးကိုသာ ပုတ်ပြီး နှစ်သိမ့်ပေးလိုက်၏။

“အစ်ကိုရှစ်ရာ၊ မပူပါနဲ့... ကျွန်တော်တို့မှာ အချိန် ရှိပါသေးတယ်”

ရုတ်ချည်းပင်၊ဝိညာဉ်စွမ်းအားများ သူတို့နှစ်ယောက်ကို လွှမ်းခြုံထားပြီး လျှပ်စီးတစ်စင်းပမာ လေဟာနယ်ကို ခွင်းလျက် ပျံသန်းသွားကြလေတော့၏။

...

တောင်တစ်သိန်း …။

တောင်တန်းများသည် အဆုံးမရှိ ရှည်လျားစွာ တည်ရှိနေပြီး၊ ရှေးဟောင်း သစ်ပင်ကြီးများဖြင့် ဖုံးလွှမ်းထားကာ နေရာတိုင်းတွင် အန္တရာယ်များ ပုန်းအောင်းနေလေ၏။

ချီအနှစ်သာရ အဆင့် သိုင်းပညာရှင် တစ်ယောက်တောင်မှ ဤနေရာမှ ဘေးကင်းကင်းနှင့် ပြန်ထွက်သွားနိုင်ပါ့မည်လားဟူ၍ သံသယဝင်ရလောက်အောင်ပင်တည်း။

All Chapters