← Chapters

တစ်ဖက်သတ် သတ်ဖြတ်ခြင်း (အပိုင်း ၂)

Vol. 25 Ch. 370

တစ်ဖက်သတ် သတ်ဖြတ်ခြင်း (အပိုင်း ၂)

Vol. 25 Ch. 370

~ဤအချိန်တွင်ပင်။

သစ်တောကြီး အတွင်း၌ အနက်ရောင်ဝတ်စုံကို ဆင်မြန်းထားသော ပုံရိပ် တစ်ခုသည် အလျင်အမြန် ပြေးလွှား သွားလာနေလေ၏။

လန်ရီရီတစ်ယောက်တည်း ထွက်ပြေးနေရပြီး အခြေအနေမှာ အတော်လေး ဆိုးရွားနေပုံ ပေါ်၏။

ဘိုးဘေးနယ်မြေမှ ထွက်ပြေးလာပြီးသည့် နောက်ပိုင်းတွင်...

ယုံကြည်ရသော နောက်လိုက်များမှာ တစ်ဦးပြီး တစ်ဦး ကျဆုံးပျောက်ကွယ်သွားခဲ့ကြရ၏။

သူမ ထွက်ပြေး

လွတ်မြောက်နိုင်ရန်အတွက် သူတို့၏ အသက်များကို စတေးခဲ့ကြ၏။ အကြီးအကဲ လန်ဟဲ ဆိုသူပင်လျှင် သူမ၏ မျက်စိရှေ့တွင်ပင် အသက်ပျောက်သွားခဲ့ရရှာလေ၏။

သေခါနီးအချိန်၌ လန်ဟဲ ပြောသွားခဲ့သော "တောင်းပန်ပါတယ်" ဟူသည့် စကားအား တွေးမိလိုက်တိုင်း သူမ၏ ရင်ထဲ၌ ခံစားချက်များ ရှုပ်ထွေးသွားရပြီး၊ ကျန်ရှိနေသေးသော အငြိုးအတေး အားလုံးသည် လုံးဝ ပျောက်ကွယ်သွားခဲ့ရလေတော့၏။

လန်ရီရီ သက်ပြင်းကို ဖွဖွလေး ချလိုက်မိသည်။

သူမ လွတ်မြောက်နိုင်ပါမည်လော ဆိုသည်ကို သူမကိုယ်တိုင်ပင် မသိရှိတော့ချေ။ မျှော်လင့်ချက်ဟူသည်ကား အလွန်တရာ သေးငယ်လွန်းလှပေ၏။

တောင်ပိုင်းနယ်စပ် မဟာမိတ်အဖွဲ့က အစွမ်းကုန် လိုက်လံဖမ်းဆီးနေပြီး၊ သူတို့၏ တိုက်ခိုက်မှုများသည်လည်း ပြင်းထန်လွန်းလှသည်။ ယခုအခါတွင်မူ သူမ တစ်ယောက်တည်းသာ ကျန်ရှိတော့၏။

လွန်ခဲ့သည့် ခဏလေးတင်ပင် အသက်အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရသေးသည်။

အရေးကြီးသော အချိန်တွင် စွမ်းအင်လှိုင်းတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့ခြင်း မရှိခဲ့ပါလျှင်၊ သူမသည် ဝိုင်းရံပိတ်ဆို့ထားမှုကို ဖောက်ထွက်နိုင်မည် မဟုတ်ပေ။

သူမ၏ စိတ်ထဲတွင် သဘာဝလွန် စွမ်းအားကြီးမားသော ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာလေ၏။

ထိုသူကား နင်ချီပင်တည်း။

"သူက ဒီလောက်တောင် သန်မာတာလား"

သူမ ကိုယ့်ကိုယ်ကိုယ် သရော်လိုက်မိသည်။

အရင်တုန်းက နင်ချီသည် သူမအား အကြွေးတစ်ခု တင်နေသည်ဟု ပြောဆိုခဲ့စဉ်တွင် သူမ အလေးအနက် မထားခဲ့မိပေ။ ယခုမှသာ သူမသည် သူ့အား လျှော့တွက်ခဲ့မိမှန်း နားလည်လိုက်ရ၏။

သူ၏ စွမ်းအင်က သူမနှင့် သူမ၏ နောက်လိုက်များအတွက် အချိန်ဆွဲပေးနိုင်ခဲ့၍သာ အသက်ရှူပေါက် ရခဲ့သော်လည်း၊ နောက်ဆုံးတွင်မူ လမ်းဆုံးသို့ ရောက်ရှိနေဆဲပင် ဖြစ်လေ၏။

လန်ရီရီ.. သူမ..ရင်ဘတ်ကို အသာဖိလိုက်သည်။

ကံကြမ္မာမျှဝေခံစားခြင်း ကူ သည် ညင်သာစွာ တုန်ခါနေလေ၏။

သူမ စိတ်ထဲမှ တိုးတိုးလေး ပြောလိုက်မိလေ၏။

“ချင်ယွင်... ရှင် ခံစားမိနေပြီ မဟုတ်လား... ကောင်းကောင်း ရှင်သန်ပါနော်”

သူမ ခန္ဓာကိုယ်က တဖြည်းဖြည်း အားနည်းလာနေ၏။ ကံကြမ္မာ မျှဝေခံစားခြင်း ကူ ရှိနေ၍ သူမတို့နှစ်ယောက်ကြားမှာ အပြန်အလှန် ခံစားမှု ရှိနေပြီး၊ သူမ သေဆုံးသွားလျှင် ချင်ယွင်ကို ပေးထားသော သက်တမ်းတစ်ဝက်ကလည်း ပျောက်ကွယ်သွားလိမ့်မည်။

သို့သော်၊ သူမ မပူပန်ပါ။ ချင်ယွင်က အသက်ရှည်ဆေး အား သောက်သုံးထားပြီး ဖြစ်လောက်ပြီမို့ ခဏလောက်တော့ အသက်ရှင်နိုင်ဦးမည် ဖြစ်ပါ၏။

သူမ ခေါင်းထဲတွင် အတွေးပေါင်းစုံ ပြည့်နှက်နေလေ၏။

လန်ရီရီ၏ မျက်နှာထားက တဖြည်းဖြည်း တင်းမာလာသည်။

ဒီအတိုင်းတော့ အရှုံးမပေးချင်။ မျှော်လင့်ချက် ရောင်ခြည်လေး သန်းနေသရွေ့ သူမ လက်လျှော့မှာ မဟုတ်ပါ။

သူမ ရုတ်တရက် ဦးတည်ချက် ပြောင်းလိုက်သည်။ တောင်တစ်သိန်း တောင်တန်း အပြင်ဘက်သို့ မသွားဘဲ အတွင်းပိုင်း နက်ရှိုင်းသော နေရာဆီကို အရှိန်မြှင့် ဝင်ရောက်သွားလိုက်သည်။

တောင်တစ်သိန်း တောင်တန်း၏ နက်ရှိုင်းသော နေရာ။

ဒါက ထူးဆန်းသော သားရဲများ၏ နိဗာန်ဘုံ ဖြစ်သည်။

တောင်ပိုင်းနယ်စပ် မဟာမိတ်အဖွဲ့က လူတွေတောင် အစွန်အဖျားလောက်မှာပဲ နေရဲကြသည်။ တောင်တစ်သိန်း တောင်တန်း၏ အတွင်းပိုင်းမှာ ကြောက်မက်ဖွယ်ကောင်းသည့် သားရဲတွေ ပေါများပြီး၊ ကောင်းကင်ဘုံလူသား အဆင့် သားရဲဘုရင် တွေဆိုလျှင် အပြင်လောကထက်တောင် ပိုများသေးသည်ဟု ဆိုကြသည်။ ပိုပြီး ကြောက်စရာကောင်းသော သားရဲဧကရာဇ်များပင် တစ်ကောင်မက ရှိသည်ဟူ၍ ကောလာဟလတွေ

ရှိချေသည်။

လန်ရီရီက အခွင့်အရေး တစ်စုံတစ်ရာ ရနိုင်မလားဆိုပြီး စွန့်စားဝင်ရောက်ကြည့်ချင်နေ၏။

အကြောင်းကတော့ နောက်က လိုက်လာသူတွေက တစ်ခုခုကို ရှာဖွေခိုင်းနေသလိုလို၊ သူမကို အပြင်ဘက် ရောက်အောင် တမင် မောင်းထုတ်နေသလို ခံစားနေရ၍ပါပင်။

လျှပ်စီးတစ်ချက် သူမ ခေါင်းထဲ ဖြတ်စီးသွားသလို ခံစားလိုက်ရပြီး မျက်နှာထားက တဖြည်းဖြည်း အရုပ်ဆိုးလာသည်။

အသေးစိတ် အချက်အလက်တွေ တစ်ခုပြီး တစ်ခု လန်ရီရီ ခေါင်းထဲ ပေါ်လာသည်။

“ဒီနေ့ ယဇ်ပလ္လင်ကို ဖောက်ဝင်တုန်းက... ဘာလို့ ဒီလောက် ချောမွေ့နေရတာလဲ”

“ထျန်းတို့က တကယ်ရော သေသွားကြပြီလား”

သေခါနီးမှာ သူမကို ထွက်ပြေးဖို့ အော်ဟစ်သွားကြသော နောက်လိုက်တွေ၏ အသံတွေကို ပြန်ကြားယောင်မိသည်။ သို့သော်၊ သူတို့က မသိမသာနှင့်၊ သူမကို လမ်းကြောင်း တစ်ခုတည်း ရောက်အောင် ပို့ဆောင်ပေးခဲ့ကြသည်ပင်

“သူတို့ ငါ့ကို ဘာသွားရှာခိုင်းတာလဲ... ငါ့ရဲ့ ပျောက်ဆုံးနေတဲ့ သက်တမ်း တစ်ဝက်ကိုလား”

လန်ရီရီ ကျောချမ်းသွားရ၏။

ယနေ့ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက ယုတ္တိမရှိ ဖြစ်လာနေ၏။

သူမက ဒီလောက် အကြာကြီး စနစ်တကျ စီစဉ်ခဲ့သည်ကို မျိုးနွယ်စု အကြီးအကဲတွေက တကယ်ပဲ ရိပ်မိမနေကြဘူးလား။

သူမ တစ်ယောက်တည်းနှင့် နှစ်ပေါင်းများစွာ တည်ဆောက်ထားသော တောင်ပိုင်းနယ်စပ် မဟာမိတ်အဖွဲ့၏ အုတ်မြစ်ကို မည်သို့.. ယှဉ်နိုင်မည်နည်း..။

ယခုလို တွေးလိုက်မိသောအခါ၊

လန်ရီရီ ခါးသီးစွာ ပြုံးလိုက်မိသည်။

ဒီနေ့ အဖြစ်အပျက်တွေက သူမ၏ နည်းဗျူဟာကို သူမဆီ ပြန်သုံးလိုက်တာပဲ ဖြစ်လောက်သည်။ သူမ ယုံကြည်ရတဲ့ နောက်လိုက်တချို့က သူမကို သစ္စာဖောက်ပြီး တမင် လှည့်စားခဲ့ကြတာ ဖြစ်နိုင်သည်။

သူမ အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။

သူမ၏ အစွမ်းကုန် ထုတ်သုံးပြီး တောင်တန်းကြီးရဲ့ နက်ရှိုင်းရာဆီသို့ အရှိန်ပြင်းစွာ ပြေးဝင်သွားလိုက်သည်။

ဒီအခြေအနေ ရောက်မှတော့ ဒါက သူမအတွက် တစ်ခုတည်းသော ရှင်သန်လမ်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

လမ်းတလျှောက်လုံး အတင်း တိုးဝင်သွားသည်။

ရံဖန်ရံခါ ထူးဆန်းသော သားရဲများ ပေါ်လာတတ်သော်လည်း သူမ အလွယ်တကူ ဖြေရှင်းနိုင်ခဲ့သည်။ ဒဏ်ရာအပြင်းအထန် ရထားသော်လည်း ကောင်းကင်ဘုံလူသား အဆင့် သိုင်းပညာရှင် ဖြစ်သည့်အပြင် ကူပိုးမွှား နည်းစနစ်များစွာ ပိုင်ဆိုင်ထားသဖြင့် သာမန် သားရဲလောက်က သူမကို မယှဉ်နိုင်ပေ။

သို့သော် နောက်ဆုံးမှာ၊

ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး၊ နောက်ပိုင်းတွင် ပိုးမွှားအော်သံများပင် ပျောက်ကွယ်သွားတော့၏။

လန်ရီရီ ရပ်တန့်လိုက်ပြီး ပတ်ဝန်းကျင်ကို အေးစက်စွာ ဝေ့ကြည့်လိုက်သည်။

“ထွက်ခဲ့ကြ... ရှင်တို့ အကြံအစည်ကို ကျွန်မ သိပြီးပြီ... လက်လျှော့လိုက်တော့”

တိတ်ဆိတ်မှုက လွှမ်းမိုးနေ၏။

ခဏအကြာမှာ၊

အရိပ် ကူ၏ အကူအညီဖြင့် ပုန်းကွယ်နေသော ပုံရိပ်များ အမှောင်ရိပ်ထဲမှ ထွက်ပေါ်လာကြသည်။

လန်ရီရီ လှမ်းကြည့်လိုက်ရာ တောင်ပိုင်းနယ်စပ် မဟာမိတ်အဖွဲ့မှ လူစွမ်းကောင်းများအပြင်၊ သူမ၏ 'သေဆုံးသွားသော' နောက်လိုက်တချို့ကိုပါ အံ့သြဖွယ် တွေ့လိုက်ရ၏။ သူတို့က ခေါင်းငုံ့ထားကြပြီး သူမ၏ မုန်းတီးရွံရှာသော အကြည့်ကို ရှောင်လွှဲနေကြသည်။

ဟုန်ယန်တွင် ယခင်က ဒေါသများ မရှိတော့ဘဲ တည်ငြိမ်စွာ ပြောလိုက်သည်။

“ဘာလို့ ဒီလောက် ပင်ပန်းခံနေမှာလဲ... နင့်ရဲ့ သက်တမ်း နောက်တစ်ဝက် ဘယ်မှာလဲ ဆိုတာ ပြောလိုက်ရင် နင် ကူနတ်ဘုရား နဲ့ အတူ ရှိနေရမှာပဲ... တောင်ပိုင်းနယ်စပ်က လူတွေအားလုံး နင့်ရဲ့ ကျေးဇူးကို အမှတ်ရနေကြမှာပါ”

လန်ရီရီ လှောင်ရယ်လိုက်သည်။

ဒီလို ဂုဏ်ပြုမှုကို သူမ မလိုချင်ပါ။

“ကောင်းပြီလေ... ကျွန်မ ပြောပြမယ်”

“ဘယ်မှာလဲ”

“မဟာယန် နန်းတော်ထဲမှာ... အဲဒီက အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ကျွန်မ လက်ဆောင် ပေးလိုက်ပြီ... ရှင်တို့ သွားယူရဲလား”

ဟုန်ယန် တိတ်ဆိတ်သွားပြီး ခဏကြာမှ သက်ပြင်းချလိုက်သည်။

“ဒီလို အဓိပ္ပာယ်မရှိတာတွေ ပြောနေတာက နင် ဘယ်လောက် ခေါင်းမာလဲ ဆိုတာ ပြနေတာပဲ”

“နင်က ပြောချင်စိတ် မရှိမှတော့... ဝိညာဉ် လမ်းညွှန် (Soul Guidance) လုပ်ရတော့မှာပေါ့... ယဇ်ပူဇော်တဲ့ အကျိုးသက်ရောက်မှု နည်းနည်း လျော့သွားနိုင်ပေမယ့် ကူနတ်ဘုရား က အမိန့်ပေးထားပြီးပြီ... ဒါက နောက်ဆုံး ကြိုးစားကြည့်တာပဲ”

လန်ရီရီ၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။

ဒါဆိုရင် သူမရဲ့ အကြီးမားဆုံး အားသာချက် ပျောက်သွားတော့မှာပေါ့။

သူမ ပတ်ဝန်းကျင်ကို သတိထားပြီး ကြည့်လိုက်သည်။ ကောင်းကင်နှင့် မြေကြီး စွမ်းအားများ သူမ ပတ်လည်တွင် စုဝေးလာပြီး၊ ကောင်းကင်ဘုံလူသား အဆင့် ပညာရှင်များက ဝိုင်းရံထားကြသည်။ ဟုန်ယန်၏ ခေါင်းပေါ်တွင် ထူးဆန်းသော မီးတောက်များကို ထိန်းချုပ်နိုင်စွမ်း ရှိသည့် မီးဖားပြုတ် ကူ တစ်ကောင် ပေါ်လာ၏။

ဟုန်ယန်က အေးစက်သော အသံဖြင့် ပြောလိုက်သည်။

“ငါ ပြောခဲ့တာတွေထဲမှာ မမှားတာ တစ်ခု ရှိတယ်... အဲဒါကတော့... ငါ နင့်ကို မုန်းနေတာ ကြာပြီ ဆိုတာပဲ”

သူ့စကားဆုံးသည်နှင့် ပြတ်သားစွာ လက်ဝှေ့ယမ်းလိုက်ရာ မီးဖားပြုတ်ကြီးက ပါးစပ်ဟပြီး တောက်လောင်နေသော မီးတောက်နီကြီးများကို မှုတ်ထုတ်လိုက်သည်။

လေဟာနယ် တစ်ခုလုံးကို ပြင်းထန်သော အရှိန်အဟုန်ဖြင့် လွှမ်းခြုံသွားပြီး အရာအားလုံးကို ဝါးမြိုပစ်ရန် ကြိုးစားတော့၏။

ဘေးပတ်ဝန်းကျင်မှ လူများလည်း ပြိုင်တူ တိုက်ခိုက်လိုက်ကြသည်။

လန်ရီရီ မျှော်လင့်ချက်မဲ့သလို ခံစားလိုက်ရ၏။

ဤအခြေအနေမှာတော့ အမှန်ပင် လမ်းဆုံးနေ၏။

“ဝေါင်း…”

သူမ သေမင်းကို ရင်ဆိုင်တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင်၊ ကောင်းကင်ယံမှ နဂါးဟိန်းသံ တစ်ခု ရှည်လျားစွာ ထွက်ပေါ်လာပြီး လူတိုင်းကို အလိုအလျောက် မော့ကြည့်မိစေသည်။

ထူထပ်သော သစ်ကိုင်းသစ်ရွက်များကြားမှ ခမ်းနားထည်ဝါသော အဖြူရောင် အစစ်အမှန် နဂါးကြီး တစ်ကောင် သူတို့ မြင်ကွင်းထဲ ပေါ်လာလေ၏။

သူတို့ကို ပိုပြီး ထိတ်လန့်သွားစေတာကတော့ နဂါးဖြူကြီး၏ ခေါင်းပေါ်မှာ ပုံရိပ်နှစ်ခု ဝေဝါးဝါး ပါလာသည်ကို တွေ့လိုက်ရ၍ပါပင်။

လန်ရီရီ မျက်လုံးများ ပြူးကျယ်သွား၏။

ကံကြမ္မာ မျှဝေခံစားခြင်း ကူ၏ တုံ့ပြန်မှုက မကြုံစဖူး ပြင်းထန်နေ၏။

သူမ အိပ်မက်မက်ခဲ့ရသော ပုံရိပ်က မမျှော်လင့်ဘဲ ကောင်းကင်ပေါ်ကနေ ဆင်းသက်လာခဲ့သည်။

သူမ မျက်လုံးများကို ပွတ်သပ်ကြည့်လိုက်သော်လည်း ထို ချောမောခန့်ညားပြီး သန်မာ ထွားကျိုင်းသော ပုံရိပ်က ပျောက်မသွားဘဲ ပိုနီးကပ်လာသဖြင့် လန်ရီရီ ပြုံးလိုက်မိလေ၏။

နင်ချီသည် လူငယ်ဘဝသို့ ပြန်လည် ရောက်ရှိသွားသော ချင်ယွင် အပြေးအလွှား ရှေ့တိုးသွားသည်ကို ကြည့်ပြီး ရယ်မောလျက် ခေါင်းခါလိုက်မိသည်။

အစစ်အမှန်သိုင်းတောင်မှာတုန်းက ဘယ်သူမှ သူ့ကို လူငယ်ပုံစံ ပြန်ပြောင်းအောင် မဖျောင်းဖျနိုင်သော်ငြား၊ လန်ရီရီနှင့် တွေ့ရမယ်ဆိုတာ သိသည်နှင့်၊ မည်သူမှ သတိပေးစရာ မလိုဘဲ ပြောင်းလဲလိုက်ပါရောလား။

သူတို့ နှစ်ယောက် အချိန်ကိုက် ရောက်လာခဲ့၏။

ဒီမြင်ကွင်းကို မြင်တွေ့ဖို့ အချိန်မီလေးပါပင်။

ချင်ယွင် စိုးရိမ်တကြီးဖြင့် ရှေ့သို့ ပြေးထွက်သွားသည်။

နင်ချီကတော့ တောင်ပိုင်းနယ်စပ်က လူစွမ်းကောင်းတွေကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး စိတ်ဝင်စားမှု ပျောက်ဆုံးသွား၏။

‘သာမန် အားနည်းတဲ့ လူတွေပါပဲလေ။’

နင်ချီ ဖြည်းညှင်းစွာ ဆင်းသက်လိုက်သည်။

ဟုန်ယန်သည် သူ့ရှေ့မှ လူငယ် တာအိုပညာရှင်ကို စူးစိုက်ကြည့်နေရင်း ကြောက်ရွံ့မှုများ တဖြည်းဖြည်း ဝင်ရောက်လာ၏။

တောင်ပိုင်းနယ်စပ်က အပြင်လောကနှင့် အဆက်အသွယ် ဖြတ်ထားသည် ဆိုသော်ငြား၊ လုံးဝကြီး မသိတာတော့ မဟုတ်ပေ။

“အရှင်ကများ...ရှေးဟောင်း

သိုင်းသူတော်စင် ထျန်းကျန့် ဖြစ်နေမလား ခင်ဗျာ”

ဟုန်ယန်.. သတိကြီးကြီးထားပြီး မေးမြန်းလိုက်သည်။

နင်ချီက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ဘာမှ ပြန်မပြောချေ။

ဟုန်ယန် ကြောက်လန့်တကြား တုန်ရီသွားပြီး အလျင်အမြန် ပြုံးပြကာ မျက်နှာချိုသွေးရန် ကြိုးစားလိုက်သော်လည်း နောက်တစ်ခဏတွင် ကျောချမ်းဖွယ်ရာ အေးစက်မှုကို ခံစားလိုက်ရပြီး နေရာမှာတင် အေးခဲသွားတော့၏။

“ဝူး”

လူငယ် တာအိုပညာရှင်က ပေါ့ပေါ့ပါးပါး လက်ညှိုးထိုးလိုက်ရာ နဂါးဖြူကြီးသည် လွှမ်းမိုးချုပ်ကိုင်မှု အပြည့်ဖြင့် အရှိန်ပြင်းစွာ ဆင်းသက်လာပြီး အမြီးကို ဝှေ့ယမ်းကာ ကြီးမားသော စွမ်းအားများကို ထုတ်လွှတ်လိုက်လေ၏။

“ဘုန်း”

ကောင်းကင်နှင့် မြေကြီး စွမ်းအား စီးကြောင်းများ ရက်စက်စွာ ဖျက်ဆီးခံလိုက်ရ၏။

ထူးဆန်းသော မီးတောက်များ မှုတ်ထုတ်နေသည့် မီးဖားပြုတ်ကြီးသည် မီးတောက်များ ပြန်ကန်ထွက်လာသဖြင့် နာကျင်စွာ အော်ဟစ်လိုက်သော်လည်း မကြာမီ တိတ်ဆိတ်သွားပြီး၊ နဂါးလက်သည်းအောက်တွင် ပိုင်ရှင် ဖြစ်သူနှင့်အတူ အသားပုံကြီး ဖြစ်သွားသည်အထိ ချေမှုန်းခံလိုက်ရတော့၏။

ဒါက တစ်ဖက်သတ် သတ်ဖြတ်ပွဲကြီးပင်..။

နဂါးဖြူကြီးက သားရဲဧကရာဇ် တစ်ကောင်လို ကောင်းကင်ဘုံလူသား အဆင့် ပညာရှင်တွေကို ဘာမှ လုပ်မရအောင် ဖိနှိပ်ထားလိုက်သည်။

နင်ချီ၏ မျက်နှာထားက တည်ငြိမ်အေးဆေးနေ၏။

သူတို့၏ အဓိပ္ပာယ်မရှိသော စကားတွေကို နားထောင်ဖို့ စိတ်မဝင်စားပါ။

ခဏအကြာတွင် သစ်တော တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားတော့၏။

နင်ချီသည် ကြင်နာသော အကြည့်များဖြင့် ကြည့်နေကြသော ချင်ယွင်နှင့် လန်ရီရီကို ကြည့်ပြီး ဟာသနှောကာ ပြောလိုက်လေ၏။

“မတွေ့တာ ကြာပြီနော်... မိန်းကလေး လန်... စကားမစပ်... ကံကြမ္မာ မျှဝေခံစားခြင်း ကူ ကိစ္စက ကျွန်တော်တို့ ပြောပြလိုက်တာ မဟုတ်ဘူးနော်... သူ့ဘာသာသူ အရင်တုန်းက အသိစိတ်လေး နည်းနည်း ကျန်နေလို့ သိသွားတာဗျ”

ထိုစကားကို ကြားလိုက်ရသောအခါ၊

လန်ရီရီ မျက်နှာ ရဲခနဲ ဖြစ်သွားပြီး ရှက်သွေးဖြာစွာ ခေါင်းငုံ့လိုက်လေတော့၏။

All Chapters