မင်းတို့က သွေးရင်းတွေပဲ (အပိုင်း ၁)
Vol. 25 Ch. 371
~လန်ရီရီက ချင်ယွင်ကို ကံကြမ္မာ မျှဝေခံစားခြင်း ကူ အကြောင်း အမှန်အတိုင်း မပြောပြချင်ရသော အကြောင်းရင်းကတော့ သူမကိုယ်တိုင်လည်း သူမ၏ ခံစားချက်ကို သေချာ မဝေခွဲနိုင်သေး၍ပါပဲ။
ယခု နင်ချီက ဟိုတုန်းက ချင်ယွင်မှာ အသိစိတ် နည်းနည်း ကျန်နေသေးသည်ဟု ပြောလိုက်တော့ သူမ ရုတ်တရက် ဘာလုပ်ရမှန်းမသိ ဖြစ်သွားမိသည်။
‘ဒါဆိုရင် သူမ နင်ချီကို မှာခဲ့တဲ့ စကားတွေကို ချင်ယွင် အကုန် သိသွားပြီပေါ့။’
လန်ရီရီ.. မျက်နှာလေး ..တစ်ခုလုံး နီရဲတောက်သွားတော့၏။
ချင်ယွင် မှင်သက်သွားသည်။
ထို့နောက်၊ သူ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ခါးကို ကိုင်းညွှတ်ကာ အရိုအသေ ပေးလိုက်လေ၏။
“ရီရီ... မင်းရဲ့ ကျေးဇူးကို ငါ တစ်သက်လုံး မှတ်ထားပါ့မယ်... တကယ်လို့ မင်း တစ်ခုခု လိုအပ်လာရင် ငါ ဘယ်တော့မှ မငြင်းပါဘူး”
လန်ရီရီက ခေါင်းကို အနည်းငယ် လှည့်လိုက်ပြီး ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။
“ဘယ်သူက ရှင့်ရဲ့ ကျေးဇူး ဆပ်တာကို လိုချင်လို့လဲရှင်... ရှင်လည်း ကျွန်မကို ကယ်ဖူးတာပါပဲ... ကျေသွားပြီလို့ သဘောထားလိုက်ပါ”
ချင်ယွင် ချက်ချင်းပင်၊ ခါးသက်သက် ပြုံးလိုက်ပြီး လက်ကို ဝှေ့ယမ်းကာ ငြင်းလိုက်သည်။
“ဒီနေ့ ကိစ္စက ကိုးလေးကြောင့်ပါ... ငါ ဘာမှ မလုပ်ပေးနိုင်ခဲ့ပါဘူး”
သူတို့ နှစ်ယောက် ရိုမန့်တစ် ဆန်နေသော အငွေ့အသက်လေးထဲမှ ပြန်လည် ရုန်းထွက်လိုက်ကြသည်။
လန်ရီရီက နင်ချီ့ဘက် လှည့်ကြည့်လိုက်ပြီး သူမ မျက်လုံးများထဲတွင် အံ့သြခြင်းနှင့် ကျေးဇူးတင်ခြင်းများ ပြည့်နှက်နေလေ၏။
“ကျေးဇူးပါပဲ”
နင်ချီသည် ဤမျှလောက်အထိ အစွမ်းထက်လိမ့်မည်ဟု သူမ လုံးဝ ထင်မထားခဲ့မိပေ။
တောင်ပိုင်းနယ်စပ်၏ အဓိက အင်အားစုကြီး တစ်ခုလုံးသည် ဘာမှ ခုခံနိုင်စွမ်း မရှိဘဲ ချေမှုန်းခံလိုက်ရသကဲ့သို့ ဖြစ်ခဲ့ရ၏။
ကောင်းကင်ဘုံ လူသား အဆင့် ပညာရှင်များ အားလုံးပင် နင်ချီ၏ ရှေ့မှောက်တွင် ကလေး
သူငယ်လေးများပမာ အားနည်းသွားခဲ့ကြသည်။ ထိုပုဂ္ဂိုလ်တို့၏ ထူးဆန်းနက်နဲသော ကူပိုးမွှားများမှာလည်း တစ်ခုမှ အသုံးဝင်ခြင်း မရှိခဲ့ချေ။
နင်ချီ လက်ကာပြလိုက်ပြီး ပြုံးလိုက်လေ၏။
“အသေးအမွှားပါ... ဟိုတုန်းက ခင်ဗျားကို အကြွေးတစ်ခု တင်နေတယ်လို့ ပြောခဲ့ဖူးတယ်လေ... သဘာဝကျကျပဲ ပြန်ပေးဆပ်ရမှာပေါ့ဗျာ”
သူ့စကားကြောင့်၊လန်ရီရီ ဖျော့တော့စွာ ပြုံးလိုက်သည်။
“ဒါဆို ကျွန်မ အမြတ်ကြီး ထွက်သွားပြီပေါ့”
သေမင်းလက်တွင်းကနေ လွတ်မြောက်လာပြီးနောက် လန်ရီရီ စိတ်လက်ပေါ့ပါးသွားသော်လည်း မကြာခင်မှာပင်၊ ကမ္ဘာကြီးက ချာချာလည်နေသလို ခံစားလိုက်ရ၏။ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်မှုများက သူမ ရင်ထဲသို့ အလုံးအရင်း ဝင်ရောက်လာပြီး ခန္ဓာကိုယ် ပျော့ခွေကာ မြေပြင်ပေါ် လဲကျသွားသည်။ ချင်ယွင်က ချက်ချင်း လှမ်းထိန်းပေးလိုက်ရ၏။
ထိုအခါမှာ၊ နင်ချီက လက်ညှိုးတစ်ချောင်း ညွှန်ပြလိုက်ရာ အသက်စွမ်းအင် လှိုင်းတစ်ခု ထွက်ပေါ်လာပြီး လန်ရီရီ၏ အသက်ရှူနှုန်း ချက်ချင်း တည်ငြိမ်သွားလေ၏။
“မိန်းကလေး လန်... နောက်ထပ် ဘာအစီအစဉ် ရှိလဲ... သွားစရာ နေရာမရှိရင် ကျွန်တော်တို့နဲ့အတူ အစစ်အမှန်သိုင်းတောင်ကို လိုက်ခဲ့မလား”
လန်ရီရီ အနည်းငယ် ကြောင်အသွားရ၏။
သူမသည် ငယ်စဉ်ကလေးဘဝကတည်းက တောင်ပိုင်းနယ်စပ်တွင် ကြီးပြင်းလာခဲ့ရသော်လည်း၊ ယခုအချိန်တွင်မူ ထိုနေရာ၌ လန်ရီရီ အတွက် ခြေချစရာ နေရာဟူ၍ မရှိတော့ချေ။
ကျယ်ပြန့်လှသော ဤကမ္ဘာကြီးထဲတွင် သူမသည် မည်သည့်နေရာကို မိမိ၏ အိမ်ဟု ခေါ်ဝေါ်နိုင်ပါတော့မည်နည်း။
ထိုခံစားချက်ကြောင့်ပင် ဝမ်းနည်းမှု တစ်ခုက လန်ရီရီ၏ ရင်ထဲ၌ အလိုလို ဖြစ်ပေါ်လာခဲ့လေ၏။
ချင်ယွင်က နှစ်သိမ့်ပေးလိုက်၏။
“ရီရီ... ငါတို့ အစစ်အမှန်သိုင်းဂိုဏ်းကို ဝင်လိုက်ပါလား... ဒါဆို မင်းမှာ အားကိုးစရာ ရှိသွားပြီလေ”
သူ့မျက်လုံးများထဲတွင် မျှော်လင့်ချက်များ ပါဝင်နေလေ၏။
လန်ရီရီ ခေါင်းငုံ့ထားပြီး ဘာမှ မပြောသော်လည်း သူမ၏ အင်္ကျီစကို လိမ်ချိုးနေသည့် လက်ချောင်းလေးများက တိတ်တဆိတ် သဘောတူနေကြောင်း ဖော်ပြနေလေ၏။
နင်ချီ ရယ်မောလိုက်သည်။
“ဟားဟား၊ကောင်းပါပြီ... ကိစ္စတွေ ရှင်းပြီးရင် အတူတူ ပြန်ကြတာပေါ့ခင်ဗျာ”
ထိုအခါ၊ ချင်ယွင်က ထုတ်မေးလိုက်သည်။
“ကိုးလေး... မင်း ကူနတ်ဘုရား ကို ရှင်းပစ်မလို့လား”
ဒီကို လာသည့် လမ်းမှာ နင်ချီက တောင်ပိုင်းနယ်စပ်နှင့် ပတ်သက်သည့် အငြိုးအတေး တချို့ကို ပြောပြခဲ့ဖူးသည်။ နှင်းဆီးပန်း အိမ်တော် သွေးစွန်းခဲ့သော ကိစ္စက ချင် ပြည်နယ် ဌာနခွဲမှ လူတွေ လက်ချက် ဆိုပေမယ့် အရင်းစစ်လိုက်လျှင် သွေးဧကရာဇ် ကူ ကြောင့်ပါပဲ။ မူလက နင်ချီ အနေနှင့်၊ ဒါကို ရှင်းဖို့ အချိန်မရခဲ့သော်လည်း၊ ယခုတော့ ဒီရောက်နေပြီ ဆိုတော့ ကမ္ဘာကြီးကို ဒုက္ခပေးနေသော အရာ တစ်ခုကို ဆက်ပြီး ရှိနေခွင့် မပေးနိုင်တော့ပေ။
နင်ချီက အမြစ်ပြတ် ရှင်းပစ်ဖို့ ရည်ရွယ်ထားသည်။
ထို့အပြင် သွေးဧကရာဇ် ကူ က သူ့အတွက် အထောက်အကူ ဖြစ်နိုင်ချေ ရှိတာမို့ ကိုယ်ကျင့်တရားအရရော၊ အကျိုးအကြောင်းအရပါ သူ ဒီခရီးကို သွားသင့်ပေသည်။
ထိုစကားကို ကြားလိုက်ရသောအခါ၊
လန်ရီရီ၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားပြီး အမုန်းတရားများ ပြည့်နှက်လာ၏။
‘ဒီ ကူနတ်ဘုရား သာ မရှိရင် သူမ ကြီးပြင်းလာခဲ့သော မျိုးနွယ်စုကြီး ဘယ်လိုလုပ် ရက်ရက်စက်စက် အသတ်ခံရမှာလဲ။’
“ကျွန်မ လမ်းပြပေးနိုင်တယ်... ဒါပေမဲ့ သတိထားနော်... ကူနတ်ဘုရား က သွေးဧကရာဇ် ကူ ကို စပြီး သန့်စင်နေပြီ... ကျွန်မရဲ့ အခန်းကဏ္ဍကတော့ သန့်စင်ခြင်း လုပ်ငန်းစဉ် ပြီးပြည့်စုံသွားအောင် အသက်အနှစ်သာရ အားလုံးကို ယဇ်ပူဇော်ရမှာပဲ... အဲဒီကျရင် သူက အပြစ်အနာအဆာကင်းတဲ့ သိုင်းသူတော်စင် အဆင့်ကို ရောက်သွားနိုင်တယ်”
“ဒါပေမဲ့ ကျွန်မမှာ သက်တမ်း တစ်ဝက်ပဲ ကျန်တော့လို့ ကျွန်မရဲ့ အသက် အနှစ်သာရ မပြည့်စုံတာကြောင့် အခုထိ အသက်ဆက်ရှင်ခွင့် ရနေတာ”
နင်ချီ အရေးကြီးသော အချက်အလက် တစ်ခုကို ဖမ်းမိလိုက်သည်။
“အပြစ်အနာအဆာကင်းတဲ့ သိုင်းသူတော်စင် အဆင့် လား”
လန်ရီရီ ခေါင်းကို ပြတ်ပြတ်သားသား ညိတ်လိုက်ပြီး ပြောလေ၏။
“ဟုတ်တယ်... ကျွန်မလည်း အခုမှ သိလိုက်ရတာ... သွေးဧကရာဇ် ကူ ကို ရိုးရိုး သန့်စင်ရုံပဲ ဆိုရင်တော့ မိစ္ဆာဂိုဏ်းက မြင့်မြတ်သော ဆေးလုံးလိုပဲ သိုင်းသူတော်စင် အတုအယောင် ပဲ ဖြစ်မှာ... ဒါပေမဲ့ ကူနတ်ဘုရား က ကျွန်မရဲ့ အသက်အနှစ်သာရကိုပါ သန့်စင်လိုက်ရင် သူက စစ်မှန်တဲ့ သိုင်းသူတော်စင်.. ဖြစ်လာနိုင်တယ်”
လမ်ရီရီတစ်ယောက်၊ သူမကိုယ်သူမ.. မသိလိုက်ခင်မှာပင် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိလိုက်သည်။
သူမ၏ ကံကြမ္မာကို သိလိုက်ရကတည်းက မွန်းကျပ်မှုတွေ၊ ဖိအားတွေနဲ့ ပြည့်နှက်နေခဲ့ပြီး ဘယ်သူ့ကိုမှ ဖွင့်မပြောပြခဲ့ရပေ။ အခုတော့ နင်ချီနှင့် ချင်ယွင် ရှေ့မှာ ဖွင့်ဟလိုက်ရပြီ။
နင်ချီ၏ မျက်နှာထားက တဖြည်းဖြည်း လေးနက်လာသည်။
ဒါက သူ့မျှော်လင့်ထားတာထက် ကျော်လွန်နေ၏။
လက်ရှိ ကမ္ဘာကြီး၏ အခြေအနေနှင့် စစ်မှန်သော သိုင်းသူတော်စင် ဖြစ်လာဖို့ ဆိုတာလား။
အလွန်အမင်း ခက်ခဲလွန်းလှသည်။
သူ သိသလောက်ဆိုလျှင်၊
လောလောဆယ်မှာ မဟာယန် သိုင်းသူတော်စင်၊ ကောင်းကင်သတ် သိုင်းသူတော်စင် နှင့် လိပ်အိုကြီးတို့သာ စစ်မှန်သည့် သိုင်းသူတော်စင် ဖြစ်ကြသည်။ သို့တိုင်၊ ပထမ နှစ်ယောက်က သွေးမျိုးဆက် အမွေအနှစ် နည်းလမ်းကို သုံးခဲ့ရပြီး ကြီးမားသော ပေးဆပ်မှုတွေ ရှိခဲ့ရ၏။ လိပ်အိုကြီး နည်းလမ်းကိုတော့ မသိရသော်ငြား.. လွယ်ကူမှာတော့ မဟုတ်ပေ။
ယခု လန်ရီရီက ကူနတ်ဘုရား က စစ်မှန်သော သိုင်းသူတော်စင် ဖြစ်ဖို့ ကြိုးစားနေတယ်လို့ ပြောနေသည်လား။
အတွေးများ ခုတ်မောင်းနေရင်း၊နင်ချီ မျက်ခုံးတန်းများ ကျုံ့ကာ မေးလိုက်သည်။
“မိန်းကလေး လန်... ခင်ဗျားကို နှိမ့်ချလိုစိတ် မရှိပါဘူး... ဒါပေမဲ့ စစ်မှန်တဲ့ သိုင်းသူတော်စင် ဖြစ်ဖို့ဆိုတာ လွယ်တဲ့ ကိစ္စ မဟုတ်ဘူး... လက်ရှိ ကမ္ဘာကြီးရဲ့ အခြေအနေနဲ့ဆို မဖြစ်နိုင်သလောက်ပဲ... ခင်ဗျားက ကောင်းကင်ဘုံ လူသား အဆင့် သိုင်းပညာရှင် ဆိုပေမယ့် ခင်ဗျားရဲ့ အသက် အနှစ်သာရ တစ်ခုတည်းနဲ့ ကူနတ်ဘုရားကို အဲ့ဒီလောက် ကြီးမားတဲ့ အပြောင်းအလဲ ဖြစ်စေနိုင်ပါ့မလား”
ထိုအခါ၊ လန်ရီရီ ခေါင်းခါလိုက်ပြီး ပြောလေ၏။
“ကျွန်မက ရိုးရိုး ကောင်းကင်ဘုံလူသား အဆင့် သိုင်းပညာရှင် မဟုတ်ဘူး... ကျွန်မ တောင်ပိုင်းနယ်စပ် သူတော်စင်မလေး..စဖြစ်တုန်းက ကူနတ်ဘုရား က ကျွန်မ ခန္ဓာကိုယ်ထဲမှာ စွမ်းအား တစ်ခု ထည့်ပေးလိုက်တယ်... နောက်ပိုင်းမှာ ကျွန်မကို လျှို့ဝှက်နည်းစနစ် တစ်ခု နေ့ရောညပါ ကျင့်ကြံခိုင်းတယ်... အဲဒါ ဘာလဲဆိုတာ အခုထိ ကျွန်မ မသိသေးဘူး... ဒါပေမဲ့ အဲဒါက အဓိကသော့ချက် ဖြစ်မယ်လို့ သံသယရှိတာပဲ... ပြီးတော့ အဲဒါက ကျွန်မရဲ့ အသက်အနှစ်သာရ နဲ့ ပေါင်းစပ်သွားလောက်ပြီ”
နင်ချီ အာရုံစူးစိုက်လိုက်သည်။
“ခင်ဗျားရဲ့ သွေးနည်းနည်းလောက် ကြည့်ခွင့်ပြုပါဗျာ”
လန်ရီရီ ချက်ချင်း သဘောတူလိုက်၏။
“ခွင့်လွှတ်ပါ”
နင်ချီ. လက်ညှိုးတစ်ချောင်း ထိုးလိုက်ရာ လန်ရီရီ၏ လက်ကောက်ဝတ်မှ သွေးစက်အနည်းငယ် စုဝေးလာသည်။
နင်ချီ၏ မျက်လုံးများ ရွှေရောင် တောက်ပလာပြီး ထူးဆန်းသော စွမ်းအားကြောင့် ချင်ယွင်နှင့် လန်ရီရီတို့၏ နှလုံးသားများ တုန်ခါသွားရ၏။ နင်ချီက သူတို့ကို ကြည့်မနေသော်လည်း သူတို့၏ အတွင်းစိတ်ထိ ထွင်းဖောက်မြင်နေရသကဲ့သို့ ခံစားလိုက်ရ၏။
နင်ချီ သေသေချာချာ စစ်ဆေးနေ၏။
ခဏအကြာမှာ၊
သူ မျက်မှောင်ကြုတ်ပြီး စဉ်းစားလိုက်သည်။
ဘာမှ ထူးခြားပုံ မရချေ။
ထို့နောက် လန်ရီရီ ကျင့်ကြံခဲ့သော လျှို့ဝှက်နည်းစနစ် အကြောင်း ပြန်ပြောပြခိုင်းလိုက်သည်။
ထိုအခါမှ၊ အသေအချာ တွက်ချက်ကြည့်လိုက်သောအခါ အသက်အနှစ်သာရ ကျင့်ကြံခြင်းဟု ထင်ရသော နည်းစနစ်သည် အနှစ်သာရအားဖြင့် သွေးမျိုးဆက် အမွေအနှစ် လျှို့ဝှက်ချက်နှင့် သက်ဆိုင်နေကြောင်း တွေ့ရှိလိုက်ရတော့၏။