← Chapters

ကန်းသတ္တု ဝိညာဉ်ခန္ဓာ

Vol. 25 Ch. 373

ကန်းသတ္တု ဝိညာဉ်ခန္ဓာ

Vol. 25 Ch. 373

~ဒါက ကူနတ်ဘုရား ဆိုတာလား။

နင်ချီ မျက်ခုံးပင့်လိုက်မိ၏။

လန်ရီရီနှင့် တူညီလွန်းလှသော မျက်နှာသွင်ပြင်ကို ကြည့်လိုက်သည်နှင့် သူ၏ ယခင် ခန့်မှန်းချက် မှန်ကန်ကြောင်း သိလိုက်ရပြီး၊ ကူနတ်ဘုရား ပြောလိုက်သော စကားများကလည်း ထိုအချက်ကို ထပ်ဆင့် အတည်ပြုပေးနေလေ၏။

သို့သော် နင်ချီ အာရုံအစိုက်ဆုံး အရာမှာ ကူနတ်ဘုရား၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော မှိန်ဖျော့ဖျော့ ရွှေရောင် အလင်းတန်းများပင် ဖြစ်ချေ၏။

ဧရာမ ကောင်းကင်ဓားကြီးကို တားဆီးလိုက်နိုင်သည်မှာ ထို ရွှေရောင်အလင်းတန်းများပင် ဖြစ်သည်။

'ဒီရွှေရောင်အလင်းတန်းက ခန္ဓာကိုယ် အတွင်းပိုင်းကနေ ထွက်ပေါ်လာပုံ ရတယ်... ပုံမှန်မဟုတ်တဲ့ မာကျောမှုမျိုး ရှိနေပြီး... ဓားစိတ်ဆန္ဒရဲ့ ထက်ရှမှုကိုတောင် တားဆီးနိုင်တယ်ပေါ့'

နင်ချီသည် ထင်ယောင်ထင်မှား ချိုးဖျက် ရွှေရောင်မျက်လုံးအား အသုံးပြုလိုက်ရာ အမှန်တရား၏ အစိတ်အပိုင်း အချို့ကို မြင်တွေ့လိုက်ရလေ၏။

၎င်းက ကူနတ်ဘုရား၏ ယုံကြည်မှု ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

လန်ရီရီသည် ကူနတ်ဘုရား၏ စကားများကို ကြားလိုက်ရသောအခါ ခန္ဓာကိုယ်တစ်ခုလုံး ထိန်းချုပ်မရအောင် တုန်ယင်လာပြီး ဒေါသတကြီး အော်ဟစ်လိုက်တော့၏။

“ထွက်သွား... ရှင်က ကျွန်မ အဖေ မဟုတ်ဘူး... ဒီကနေ ထွက်သွားစမ်း”

သူမ လက်မခံနိုင် ဖြစ်နေရှာသည်။

ချင်ယွင်သည်လည်း ရင်ထဲတွင် နာကျင်ခံစားနေရပြီး သူမအစား ဝင်ခံစားပေးချင်စိတ်များ ပေါ်ပေါက်လာလေ၏။ သူက လန်ရီရီ၏ အားနည်းနေသော ခန္ဓာကိုယ်လေးကို တွဲကူထားရင်း ကူနတ်ဘုရားကို ဒေါသတကြီး ကြည့်လိုက်၏။

“ခင်ဗျားလို အမှိုက်ကောင်က အဖေလို့ အခေါ်ခံထိုက်လို့လား”

ကူနတ်ဘုရားက ဒေါသထွက်ခြင်း မရှိဘဲ ချင်ယွင်နှင့် လန်ရီရီကို အေးအေးလူလူ ကြည့်လိုက်လေ၏။ ထို့နောက် သူ ရယ်မောလိုက်၏။

“ဟား..ပျောက်နေတဲ့ သက်တမ်းတစ်ဝက်က ဘယ်ရောက်သွားလဲလို့ တွေးနေတာ... ကိုယ့်အတွက် သင့်တော်တဲ့ ချစ်သူ ရှာတွေ့ထားတာကိုး... ဒါပေမဲ့ မင်းရဲ့ ရွေးချယ်မှုက မင်းအမေလောက်တော့ မကောင်းဘူးကွာ... ထားပါတော့လေ... မင်းတို့ နှစ်ယောက်လုံး အတူတူ ရောက်လာကြတာပဲ... အဖေ.. လိုက်ရှာရတဲ့ အလုပ် သက်သာသွားတာပေါ့”

သူ ရယ်မောနေသော်လည်း သူ့မျက်လုံးများက အလွန်အမင်း အေးစက်နေပြီး ကိုယ့်သမီးအရင်းကို ကြည့်နေတာနှင့်ပင် မတူလှချေ။

လန်ရီရီ မျက်လုံးများ နီရဲလာသည်။

သူမ ရှေ့က လူက သူမကို ကိရိယာတစ်ခုလို ဆက်ဆံနေ၏။ မွေးဖွားလာချိန်က စ၍ ကြီးပြင်းလာသည့်အထိ သူမ၏ ဘဝ တစ်ခုလုံးကို ကြိုးကိုင်

ခြယ်လှယ်ထားခဲ့ပြီး၊ အများစုက အတုအယောင်တွေချည်းသာ ဖြစ်ခဲ့ရ၏။

လုပ်နိုင်မည် ဆိုလျှင် သူမရှေ့က လူ၏ ခေါင်းကို ကိုယ်တိုင် ဆွဲဖြုတ်ပစ်ချင်မိသည်။

ချင်ယွင်က သူမလက်ကို ဆုပ်ကိုင်ထားပြီး ကူနတ်ဘုရားကို အေးစက်စွာ စိုက်ကြည့်လိုက်လေ၏။

“မောက်မာလိုက်တဲ့ စကားတွေ... ကျုပ်ကို အချိန်နည်းနည်းလောက် ပေးကြည့်ပါလား... မျှော်လင့်ချက်မဲ့တယ် ဆိုတာ ဘာလဲ ခင်ဗျား သိစေရမယ်”

ကူနတ်ဘုရား လှောင်ပြောင် ရယ်မောလိုက်သည်။ ဒီပုရွက်ဆိတ် နှစ်ကောင်နဲ့ စကားပြောရတာ စိတ်ဝင်စားမှု ကုန်ဆုံးသွားပြီ ဖြစ်လေ၏။

ယနေ့ အဓိက သော့ချက်က သူတို့နှစ်ယောက် မဟုတ်ဘဲ တိတ်ဆိတ်နေသော လူငယ် တာအိုပညာရှင် ဖြစ်ကြောင်း သူ သိနေ၏။ ယခုလေးတင် သူ အိပ်ပျော်နေတုန်းက လာရောက် တိုက်ခိုက်သော ကြောက်မက်ဖွယ် ဓားစိတ်ဆန္ဒက သူ့ကို သတိထားမိစေခဲ့သည်။ သူ တားဆီးနိုင်ခဲ့သော်လည်း တစ်ဖက်လူ၏ ထူးခြားမှုကို ပြသရန် လုံလောက်နေပြီ မဟုတ်ပါလော။

“မောင်ရင်က ရှေးဟောင်းသိုင်းသူတော်စင် ထျန်းကျန့် ဖြစ်ရမယ်... ကျုပ်တို့ အပေးအယူ လုပ်ကြမလား”

ကူနတ်ဘုရား ပြုံးလျက် မေးလိုက်သည်။

နင်ချီ ဘာမှ ပြန်မပြောချေ။ သူ့၏ ရွှေရောင်မျက်လုံးဖြင့် စစ်ဆေးနေပြီး ရွှေရောင်အလင်းတန်း၏ အနှစ်သာရကို ထိုးဖောက်မြင်နိုင်ရန်နှင့် ရန်သူ၏ အားနည်းချက်ကို ရှာဖွေရန် ကြိုးစားနေလေ၏။

ရွှေရောင်အလင်းတန်း မျက်နှာပြင်ပေါ်ရှိ အရှိန်အဝါ စီးဆင်းမှုများကို ကြည့်ပြီး သူ ခန့်မှန်းမိလိုက်သည်။

ရွှေရောင် အရိုးစု ဖြစ်မည့်ပုံပင်။

နင်ချီ နှုတ်ဆိတ်နေသည်ကို မြင်သောအခါ ကူနတ်ဘုရား ဆက်ပြောလိုက်၏။

“ဒီလူနှစ်ယောက်ကို ငါ့လက်ထဲ အပ်လိုက်... ဒါဆိုရင် ငါ မင်းကို အကြွေးတစ်ခု တင်သွားပြီလို့ သတ်မှတ်မယ်... နောင်ကျရင် မင်း လိုအပ်တဲ့အချိန် ငါ အားလုံးကို ဘေးဖယ်ပြီး တစ်ကြိမ် ကူညီပေးမယ်... ဘယ်လိုလဲ”

သူ့ကိုယ်သူ ယုံကြည်မှု အပြည့် ရှိနေ၏။

သိုင်းသူတော်စင် အဆင့်ကို ရောက်သည်နှင့်၊သူက ရှိရှိသမျှ ဖြစ်တည်မှုတွေ၏ ထိပ်ဆုံးကို ရောက်ရှိသွားတော့မည်။ ဒီလို လူမျိုး၏ ကူညီမှုဆိုတာ တန်ဖိုး ဖြတ်မရနိုင်ပေ။

သူတို့လို အဆင့်အတန်း ရောက်နေသူတွေ၏ ဆန္ဒက ရှင်းလင်းလေသည်။ ပိုမြင့်မား၊ ပိုဝေးကွာသော လမ်းကြောင်းကို လိုက်စားရန်မှတစ်ပါး အခြား မရှိတော့ချေ။

သူ နင်ချီ၏ တုံ့ပြန်မှုကို မျှော်လင့်နေ၏။

သို့သော် နင်ချီ ပြုံးလိုက်လေ၏။

“စိတ်မဝင်စားဘူး”

ကူနတ်ဘုရား မျက်မှောင်ကြုတ်သွားသည်။

“မောင်ရင်၊ ငါ့ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး... စွမ်းအားကြီးတဲ့ ရန်သူတစ်ယောက် ဖန်တီးမယ့်အစား ရန်သူကနေ မိတ်ဆွေဖွဲ့လိုက်တာ မကောင်းဘူးလား... ပြီးတော့ မင်းဘက်က ဘာမှ ပေးဆပ်စရာလည်း မလိုဘူးလေ”

သူ့စကား မဆုံးသေးမီပင်၊

ကူနတ်ဘုရား၏ ခန္ဓာကိုယ်ပေါ်မှ ရွှေရောင်အလင်းတန်းများ ရုတ်တရက် ထကြွလာပြီး၊ ခန္ဓာကိုယ် မျက်နှာပြင်ပေါ်တွင် ရွှေရောင် ဝိညာဉ်ချပ်ဝတ် တစ်ခု ဖြစ်ပေါ်လာကာ သန်မာသော ခံစစ်စွမ်းအားကို ပြသလိုက်လေ၏။

သူ့အင်အားကို ထုတ်ဖော်ပြသနေခြင်း ဖြစ်သည်။

နင်ချီက အေးဆေးတည်ငြိမ်စွာပင် ပြောလိုက်၏။

“အဲဒါတွေထက်... ခင်ဗျား ခန္ဓာကိုယ်ထဲက အရိုးစုကို ကျွန်တော် ပိုစိတ်ဝင်စားတယ်”

ကူနတ်ဘုရား တုန်လှုပ်သွားသလို ဒေါသလည်း ထွက်သွားရ၏။ နင်ချီ၏ မောက်မာသော အပြုအမူကြောင့် ဒေါသထွက်ရသလို၊ မိမိ၏ အစစ်အမှန် အခြေအနေကို နင်ချီ မြင်သွားသည့်အတွက်လည်း အံ့သြသွားရ၏။ သို့သော် သူ စိတ်လှုပ်ရှားမှုများကို လျင်မြန်စွာ ငြိမ်သက်စေလိုက်၏။

“ကောင်းပြီလေ... ဒီလိုဆိုမှတော့... တိုက်ခိုက်ကြတာပေါ့”

ကူနတ်ဘုရား၏ အကြည့်များက အေးစက်သွားသည်။ တစ်ဖက်လူက ညှိနှိုင်းဖို့ ဆန္ဒမရှိမှတော့ တိုက်ခိုက်ရုံပင်။

ရှေးဟောင်း သိုင်းသူတော်စင် ဖြစ်နေလျှင်ကော ဘာဖြစ်လဲ။

သူက ဘာကိုမှ မကြောက်ပေ။

စကားဆုံးသည်နှင့်၊

ကူနတ်ဘုရား၏ ခန္ဓာကိုယ်ပေါ်မှ ရွှေရောင်အလင်းတန်းများ ရုတ်တရက် ဖြာထွက်လာပြီး၊ ဝိညာဉ်စွမ်းအား ရေစီးကြောင်းကြီးတစ်ခု သူ့အတွင်းပိုင်းမှ ပေါက်ကွဲထွက်ပေါ်လာကာ ထိုရွှေရောင်အလင်းများနှင့် ပေါင်းစပ်ပြီး ရွှေရောင် လက်သီးတံဆိပ်တော် တစ်ခုအဖြစ် ပြောင်းလဲသွားလေ၏။ ရှေးဟောင်း တောင်ကြီး တစ်လုံးပမာ လေးလံသော အရှိန်အဝါဖြင့် ဖိနှိပ်ဆင်းသက်လာပြီး လေဟာနယ် တစ်ခုလုံးကို ခဲသွားစေသည်။

သို့သော် နင်ချီက ပိုမြန်နေ၏။

နဂါးဖြူကြီးသည် ကောင်းကင်ယံသို့ မော့ကြည့်ပြီး ဟိန်းဟောက်လိုက်သည်။ မြူခိုးများ လွှမ်းခြုံထားသော နဂါးကြီးသည် အမြီးကို ဝှေ့ယမ်းကာ နဂါးလက်သည်းဖြင့် ကူနတ်ဘုရား ရှိရာသို့ လှမ်းကုတ်လိုက်ရာ နဂါးလက်သည်းအောက်ရှိ လေဟာနယ်များ လိမ်တွန့်ကုန်တော့၏။

နင်ချီက လက်ကို ရိုးရိုးရှင်းရှင်း ဝှေ့ယမ်းလိုက်ပြီး ချင်ယွင်နှင့် လန်ရီရီကို နောက်ဘက်ရှိ အဖြူရောင် မြူခိုးများထဲသို့ ပို့ဆောင်လိုက်လေ၏။

ဤကဲ့သို့ အဆင့်မြင့် တိုက်ပွဲမျိုးတွင် သူတို့ သိပ်နီးကပ်မနေတာ ပိုကောင်းပေသည်။ မဟုတ်လျှင် နင်ချီ အနေနှင့် သူတို့ကို ဂရုစိုက်နေရသဖြင့် အာရုံထွေပြားနိုင်သည် မဟုတ်ပါလော။

နဂါးလက်သည်းနှင့် ရွှေရောင်လက်သီးတို့ ပြင်းထန်စွာ ထိပ်တိုက် တွေ့ဆုံသွားကြသည်။

ကြောက်မက်ဖွယ် ပေါက်ကွဲသံကြီး ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားပြီး၊ ထိခိုက်မှု ဗဟိုချက်မှ တုန်ခါမှု အားလှိုင်းများ ဘေးပတ်ဝန်းကျင်သို့ ပြန့်နှံ့သွားရာ အပျက်အစီး ဖြစ်နေပြီးသား ဘိုးဘေးနယ်မြေသည် နောက်ထပ်တစ်ကြိမ် ဖျက်ဆီးခံလိုက်ရပြန်လေ၏။

ကူနတ်ဘုရား အော်ဟစ်လိုက်၏။

“ရှေးဟောင်း သိုင်းသူတော်စင် ဆိုတာလည်း.. ဘာမှ မဟုတ်ပါလား”

သူ ကောင်းကင်ကို မော့ပြီး ရယ်မောလိုက်သည်။ သူ့ပုံရိပ်က အပေါ်သို့ ပျံတက်သွားပြီး ရွှေရောင် အလင်းတန်းများနှင့် ဝိညာဉ်စွမ်းအားများ ရောနှောကာ သူ့ပတ်လည်တွင် လည်ပတ်နေပြီး ပေါက်ကွဲထွက်တော့မည့် အရှိန်အဟုန်များ ပြည့်နှက်နေ၏။

နင်ချီ မျက်ခုံးအနည်းငယ် ပင့်လိုက်မိသည်။

သူ နားလည်လိုက်ရ၏။

ကူနတ်ဘုရား ထိန်းချုပ်ထားသော ဝိညာဉ်စွမ်းအား ပမာဏက ကြီးမားသော်လည်း၊ အသုံးပြုပုံ အသုံးပြုနည်းက အလွန် ကြမ်းတမ်းလွန်းလှသည်။

“ဒီ သွေးဧကရာဇ် ကူ က အဲဒီလောက်တောင် အသုံးဝင်တာလား”

သွေးဧကရာဇ် ကူ မွေးမြူခဲ့သော မူလဇာစ်မြစ်ကို နင်ချီ ပြန်စဉ်းစားလိုက်သည်။ အစပိုင်းတွင် လူသားတို့၏ သွေးအနှစ်သာရနှင့် ရှားပါး ဆေးဖက်ဝင် အပင်များကို ပေါင်းစပ်ပြီး သွေးဘုရင် ကူ အဖြစ် ဖန်တီးသည်။ ထို့နောက် သွေးဘုရင် ကူ အများအပြားကို တိုက်ခိုက်စေပြီး နောက်ဆုံးတွင် သွေးဧကရာဇ် ကူ ဖြစ်လာခြင်းပင်။

ဤနည်းလမ်းနှင့် ဝိညာဉ်တွေ ဒီလောက် သိပ်သည်းလာအောင် လုပ်နိုင်သည်ပေါ့လေ။

နင်ချီ ကြိတ်၍ အံ့သြသွားရ၏။

‘ကြည့်ရတာ လူ့ခန္ဓာကိုယ်ထဲမှာ အလွန်ပါးလွှာတဲ့ ဝိညာဉ်ဓာတ် ပါဝင်နေပုံရတယ်... အမြစ်အရိုး စတင် ဖြစ်ပေါ်တဲ့အချိန်မှာ ကမ္ဘာကြီးနဲ့ ပဲ့တင်ထပ်မှုကြောင့် ဖြစ်နိုင်တယ်’

စဉ်းစားနေသော်လည်း သူ့လှုပ်ရှားမှုများက နှေးကွေးမသွားချေ။

နဂါးဖြူကြီးသည် စွမ်းအားများကို ထုတ်လွှတ်လိုက်ပြီး တောက်ပသော အဖြူရောင် အလင်းတန်းများကို မှုတ်ထုတ်လိုက်သည်။ သေချာ ကြည့်လိုက်လျှင် အရိုးကိုပင် စားပစ်နိုင်သော စွမ်းအားများ ပါဝင်သည့် မိုးဖွဲလေးများသဖွယ် ဖြစ်နေလေ၏။

ကူနတ်ဘုရား သည် နောက်ထပ် ဧရာမ ရွှေရောင်လက်ဝါးကြီး တစ်ခုကို ဖန်ဆင်းလိုက်သော်လည်း၊ မျက်စိတစ်မှိတ် အတွင်းမှာပင် တောက်ပသော အဖြူရောင် မိုးဖွဲလေးများ၏ ထိုးဖောက်မှုကို ခံလိုက်ရပြီး အပေါက်ဗရပွ ဖြစ်သွားရတော့၏။

All Chapters