← Chapters

ကန်းသတ္တု ဝိညာဉ်ခန္ဓာ (အပိုင်း ၂)

Vol. 25 Ch. 374

ကန်းသတ္တု ဝိညာဉ်ခန္ဓာ (အပိုင်း ၂)

Vol. 25 Ch. 374

~ကူနတ်ဘုရား၏ မျက်နှာထား ပြောင်းလဲသွားလေ၏။

သူ့ရှေ့က လူ၏ ဝိညာဉ်စွမ်းအားကို ထိန်းချုပ်ပုံက သူ့ထက် အဆပေါင်းများစွာ သာလွန်နေ၏။ ထိုအပြောင်းအလဲများသည် အံ့သြဖွယ် ကောင်းလှသလို၊ နက်ရှိုင်းလွန်းပြီး သူ့ဉာဏ်နှင့် မမီနိုင်အောင်ပင် ဖြစ်နေ၏။

'ဒါပေမဲ့ ဘာဖြစ်လဲ... ငါက စစ်မှန်တဲ့ သိုင်းသူတော်စင် ဖြစ်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာ... ရှေးဟောင်း သိုင်းသူတော်စင်တွေတောင် အခု ငါ့ရှေ့မှာ နောက်ဆုတ်ပေးရမယ်’

“ဟိတ်ယား”

သူ ဟိန်းဟောက်လိုက်ရာ သူ့ခန္ဓာကိုယ် အတွင်းမှ စွမ်းအားများ အဆုံးမရှိ ပေါက်ကွဲထွက်လာတော့၏။

ရှင်းလင်းစွာပင်၊

ကူနတ်ဘုရားသည် သွေးဧကရာဇ် ကူ ၏ စွမ်းအားကို အပြည့်အဝ သန့်စင်ပြီးပြီ ဖြစ်ရာ အကန့်အသတ်မဲ့သော စွမ်းအားတစ်ခုကို ခံစားနေရခြင်း ဖြစ်သည်။

သို့သော် နင်ချီ၏ မျက်နှာထားကတော့ ပြောင်းလဲခြင်း မရှိချေ။

စမ်းသပ်မှု အများအပြား လုပ်ပြီးနောက် ကူနတ်ဘုရား၏ အစစ်အမှန် အခြေအနေကို သူ တဖြည်းဖြည်း ရိပ်မိလာပြီ ဖြစ်သည်။ ကူနတ်ဘုရားသည် သိုင်းသူတော်စင် အတုအယောင် အများစုထက် ပိုသန်မာပြီး၊ သူ့စွမ်းအား၏ မူလဇာစ်မြစ်မှာ သူ့ခန္ဓာကိုယ်ထဲရှိ ရွှေရောင် အရိုးစုပင် ဖြစ်သည်။

ဤအချိန်ဝယ်၊

သူ့ခန္ဓာကိုယ်ထဲမှ ရွှေရောင် အလင်းတန်းများ မရပ်မနား ပေါက်ကွဲထွက်ပေါ်လာပြီး၊ ရွှေရောင် ဓားသွားများအဖြစ် စုစည်းသွားလေ၏။ သို့သော် သူ၏ စွမ်းအား အသုံးပြုပုံမှာ အလွန် တိမ်ပါးလှသည်ကို နင်ချီ မြင်နေရ၏။ သူ လက်ကို ဝှေ့ယမ်းလိုက်ပြီး ကောင်းကင်ပြည့် ကြယ်များပမာ ကောင်းကင်ဓားများကို ထပ်မံ ဖန်တီးလိုက်ပြန်သည်။

‘ဓားအားလုံး မူလသို့ ပြန်လည်ရောက်ရှိစေ’

တစ်ခဏအတွင်းမှာပင်၊

ကောင်းကင်ဓားများနှင့် ရွှေရောင်ဓားသွားများ ထိပ်တိုက် တွေ့ဆုံကုန်ကြတော့၏။

ဆူညံသံများ မရပ်မနား ထွက်ပေါ်လာသည်။

ထို့နောက် ဧရာမ ကောင်းကင်ဓားကြီး တစ်လက် ဖြစ်ပေါ်လာပြီး ပိုမို ကြီးမားသော စွမ်းအားဖြင့် ကူနတ်ဘုရားထံသို့ ပြင်းထန်စွာ ရိုက်ချလိုက်လေ၏။

သို့သော် ကူနတ်ဘုရားက လှောင်ပြောင်လိုက်သည်။

“ငါ ပြောသားပဲ... မင်း ငါ့ကို ဘာမှ လုပ်လို့မရပါဘူးလို့”

ကူနတ်ဘုရား၏ ပတ်ပတ်လည်မှ ရွှေရောင် အလင်းတန်းများ ပိုမို ထွက်ပေါ်လာပြီး ခန္ဓာကိုယ် မျက်နှာပြင်ပေါ်တွင် ရွှေရောင် ဝိညာဉ်ချပ်ဝတ် အဖြစ် ခိုင်မာသွားလေ၏။

ဧရာမ ကောင်းကင်ဓားကြီး၏ အစွန်းသည် ချပ်ဝတ်တန်ဆာ၏ ရွှေရောင်အလင်းတန်းများနှင့် ထိတွေ့ပြီး တားဆီးခံလိုက်ရကာ၊ ကူနတ်ဘုရားကို ကိုက် (၁၀၀) ခန့် အဝေးသို့ လွင့်စင်သွားစေသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင် အလင်းတန်းများ သိသိသာသာ မှိန်ဖျော့သွားသော်လည်း ကူနတ်ဘုရားကတော့ အတော်လေး သက်သောင့်သက်သာ ရှိနေပုံရ၏။

“ဘယ်လိုလဲ”

သူ ယုံကြည်မှု ပိုရှိလာပြီး ရယ်မောလိုက်သည်။

“မင်းရဲ့ ဓား ဘယ်လောက်ပဲ သန်မာပါစေ... အလကားပဲ”

သူ့ရဲ့ ခန္ဓာကိုယ် ကာကွယ်ရေး ရွှေရောင်အလင်းတန်း က ထိုဓားချီ၏ ထက်ရှမှုကို အတိုင်းအတာ တစ်ခုအထိ တားဆီးနိုင်လေ၏။

ချင်ယွင်နှင့် လန်ရီရီတို့၏ မျက်နှာထား ပြောင်းလဲသွားကြသည်။

ကူနတ်ဘုရား၏ စွမ်းအားက သူတို့ ထင်ထားတာထက် ကျော်လွန်နေပြီး၊ အရေးအကြီးဆုံး အချက်က နင်ချီ၏ ဓားကို သူ မကြောက်သလို ဖြစ်နေခြင်းပင်။

သို့သော် နင်ချီက တည်ငြိမ်နေဆဲ။

“ဟုတ်လို့လား”

ရယ်မောနေသော ကူနတ်ဘုရားသည် ရုတ်တရက် ရင်ထဲ၌ အေးစက်သွားသလို ခံစားလိုက်ရပြီး မျက်လုံးများ ပြူးကျယ်သွားတော့၏။

လေဟာနယ်ထဲမှ ရင်သပ်ရှုမောဖွယ် လှပသော ဓားချီ တစ်ခု ပျံသန်းထွက်ပေါ်လာပြီး၊ ပါးလွှာသော လေဟာနယ် အက်ကွဲကြောင်း တစ်ခုအဖြစ် ရှည်ထွက်လာကာ ကူနတ်ဘုရားဆီသို့ ကြောက်မက်ဖွယ် ကောင်းအောင် ဖြတ်တောက် ဝင်ရောက်လာသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။ ရုတ်တရက် ဆန်သော်လည်း အလွန်အမင်း အားကောင်းလှပေသည်။

ဒါက နင်ချီ အသစ်တဖန် မွေးမြူထားသည့် မူလနတ်ဘုရား ဓားချီပင်။

ဤဓားချီက ယခင်က နေနီ သိုင်းသူတော်စင်၏ လက်ကို ဖြတ်တောက်ခဲ့ဖူးပြီး၊ သူ၏ ကြောက်မက်ဖွယ် စွမ်းအားအား သက်သေပြခဲ့ပြီးသား ဖြစ်လေသည်။

တစ်ဖက်၌၊ ကူနတ်ဘုရား ထိတ်လန့်သွားရ၏။

သူ၏ ခန္ဓာကိုယ် ကာကွယ်ရေး ရွှေရောင် အလင်းတန်းအား အပြည့်အဝ အသက်သွင်းလိုက်ပြီး၊ ဤကြောက်စရာ ကောင်းသော ဓားချီကို အသည်းအသန် ရှောင်တိမ်းလိုက်သည်။ အကယ်၍၊ ထိပ်တိုက် ရင်ဆိုင်လိုက်လျှင် ကြီးမားသည် ပေးဆပ်မှု ရှိလာနိုင်သည်ဟု ခံစားနေရ

သောကြောင့်ပင်။

သို့တိုင်၊… ခက်ခဲလွန်းလှသည်။

မူလနတ်ဘုရား ဓားချီ၏ အမြန်နှုန်းမှာ ကြောက်ခမန်းလိလိ မြန်ဆန်လွန်းပြီး မျက်စိတစ်မှိတ်အတွင်း သူ့ထံ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါသည်။

ကူနတ်ဘုရား တိုက်ရိုက် ရင်ဆိုင်ရုံမှ တစ်ပါး အခြား မရှိတော့ချေ။

သူ ကောင်းကင်ကို မော့ပြီး ဟိန်းဟောက်လိုက်ရာ ရွှေရောင်အလင်းတန်းများ သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားပြီး၊ သူ့ခန္ဓာကိုယ်ထဲမှ ထူးဆန်းသော တုန်ခါသံ တစ်ခု ထွက်ပေါ်လာသည်။

လန်ရီရီ မျက်လုံးများ ပြူးကျယ်သွား၏။

“ဒါက...”

နင်ချီ လက်ဖြင့် ဓားသိုင်းကွက် ဖော်လိုက်ရာ ဓားချီသည် ရေကူးနေသော နဂါး တစ်ကောင်ပမာ ဖြတ်တောက်သွားတော့၏။

တစ်ခဏအတွင်း၊

ရွှေရောင်အလင်းတန်းများ ကွဲကြေသွားပြီး၊ ဓားချီသည် အားကောင်းမောင်းသန် ရှေ့ဆက်တိုးဝင်သွားကာ ကူနတ်ဘုရား၏ ခန္ဓာကိုယ်ကို အပိုင်းပိုင်းအစစ ဖြစ်အောင် ဆုတ်ဖြဲပစ်လိုက်လေ၏။

ကူနတ်ဘုရားက အလွန် ပြတ်သားစွာဖြင့် ရွှေရောင် အလင်းတန်း အားလုံးကို အသုံးပြုပြီး သူ့ခေါင်းကို ကာကွယ်လိုက်သည်။ ထို့နောက် တချွင်ချွင် မြည်သံများ ဆက်တိုက် ထွက်ပေါ်လာပြီး ရံဖန်ရံခါ အရိုးကျိုးသံများလည်း ကြားနေရ၏။

အသံများ အားလုံး တိတ်ဆိတ်သွားသောအခါ၊

ချင်ယွင် ရင်ထဲမှ အေးစက်သော လေကို ရှူသွင်းလိုက်မိသည်။

ယခုအချိန်တွင် ကူနတ်ဘုရား၏ ပုံစံမှာ လုံးဝ ပြောင်းလဲသွားပြီ ဖြစ်လေ၏။

မူလနတ်ဘုရား ဓားချီက သူ့ခန္ဓာကိုယ်မှ အသားများကို အားလုံး အရည်ဖျော်ပစ်လိုက်ပြီး ခေါင်းတစ်လုံးသာ ကျန်ရစ်တော့၏။

သို့သော် သူ့ခန္ဓာကိုယ်တွင် ဘာမှ မရှိသော အခွံ အလွတ်ကြီး ဖြစ်မနေချေ။

ရွှေရောင် အရိုးစု တစ်ခု တောက်ပစွာ လင်းလက်နေပြီး၊ အတွင်းကလီစာများကို ရွှေရောင်အလင်းတန်း အလွှာလိုက် အလွှာလိုက်ဖြင့် တင်းကျပ်စွာ ထုပ်ပိုးထားသည်။ အရိုးများပေါ်တွင် ဓားရာများ ပြည့်နှက်နေပြီး တချို့ဆိုလျှင် ပြတ်တောက်လုနီးပါး ဖြစ်နေလေ၏။

လူခေါင်းတပ်ထားသော အရိုးစုကြီး တစ်ခု လမ်းလျှောက်နေသကဲ့သို့ ကြောက်မက်ဖွယ် ကောင်းလှပြီး အလွန် အန္တရာယ်များမည့်ပုံ ပေါက်နေ၏။

ကူနတ်ဘုရား စူးစူးဝါးဝါး အော်ဟစ် ရယ်မောလိုက်သည်။

“ဟီးဟီးဟီး…ငါ ပြောသားပဲ... မင်း ငါ့ကို ဘာမှ လုပ်လို့မရပါဘူးလို့... ဒါ မင်းရဲ့ အသန်မာဆုံး နည်းလမ်းလား... အခုတော့ မင်းသေမလား ငါသေမလားပဲ”

နင်ချီ ဝင်မရှုပ်ခဲ့လျှင် သူ ဤမျှလောက် ကြီးမားသည့် ပေးဆပ်မှုမျိုး ဖြစ်လာမှာ မဟုတ်၍.. သူ အလွန်အမင်း နာကြည်းနေမိသည်။

နင်ချီ စူးစိုက်ကြည့်လိုက်သည်။

‘အဲဒီ ရွှေရောင် အရိုးစုပေါ်မှာ ယွီဘုရင် ပုလဲ နဲ့ မဟာနေမင်း သံလိုက်အိမ်မြှောင် တို့လို သိပ်သည်းလှတဲ့ ဝိညာဉ်စွမ်းအားတွေ ရှိနေပါလား။’

“ရွှေစား ကူ.. ရှင်က ရွှေစား ကူ နဲ့ ပေါင်းစပ်လိုက်တာလား... သွေးဧကရာဇ် ကူ ကို မွေးမြူတာက တိုက်ရိုက် စားသုံးဖို့ မဟုတ်ဘဲ ရွှေစား ကူကို ကိုယ်နဲ့ ပေါင်းစပ်ဖို့အတွက်ပါလား”

လန်ရီရီ၏ ထိတ်လန့်တကြား အော်ဟစ်သံ ထွက်ပေါ်လာခြင်းပါ ။

နင်ချီ အသေးစိတ် မသိဘဲ မှားယွင်းသွားမည်ကို စိုးရိမ်သဖြင့် သူမ သွက်လက်စွာ ပြောပြလိုက်လေ၏။

“ရွှေစား ကူ ဆိုတာ ကျွန်မတို့ တောင်ပိုင်းနယ်စပ်ရဲ့ ဒဏ္ဍာရီလာ နတ်ဘုရား ကူ တစ်မျိုးပဲ... သူက သတ္တုတွေကို စားသုံးပြီး အနှစ်သာရကို သန့်စင်ကာ အိမ်ရှင်ဆီ ပြန်ပေးတယ်... ..အဲဒီအခါ အိမ်ရှင်ရဲ့ အရိုးစုက သတ္တုအဖြစ် ပြောင်းလဲသွားတယ်... ဒီ နတ်ဘုရား ကူ က အလားအလာ အရမ်း မြင့်မားတယ်... မွေးပြီးမှ ပြုစုပျိုးထောင်မှုအပေါ်ပဲ မူတည်တယ်... အရည်အသွေးမြင့်တဲ့ သတ္တုတွေကို များများစားလေ ပိုသန်မာလေပဲ... ဒီ ရွှေရောင် အရိုးစုက ရွှေစား ကူ နဲ့ ပေါင်းစပ်ပြီး ရလာတဲ့ စွမ်းအားပဲ”

‘အခု သူက ရွှေစား ကူ ဖြစ်နေသလို၊ ရွှေစား ကူ ကလည်း သူ ဖြစ်နေပြီ... ဒီလူကြီးက…’

နင်ချီ ရုတ်တရက် သဘောပေါက်သွားသည်။

ပဟေဠိ ဖြေရှင်းပြီးလေပြီ။

ကူနတ်ဘုရား က သွေးဧကရာဇ် ကူ ကို မွေးမြူတာက သိုင်းသူတော်စင် အဆင့်ကို တိုက်ရိုက် တက်လှမ်းဖို့ မည်သည့်အခါကမှ မဟုတ်ခဲ့ပေ။ ဒီနည်းလမ်းနှင့် တက်လှမ်းတာက အားနည်းချက်တွေ၊ ကန့်သတ်ချက်တွေ ရှိကြောင်း ကူနတ်ဘုရား သိနေ၍ ဖြစ်လောက်မည်။

ထို့ကြောင့် ကူနတ်ဘုရားက တခြားနည်းလမ်းကို သုံးခဲ့၏။ သွေးဧကရာဇ် ကူ၏ စွမ်းအားကို လမ်းပြအဖြစ် သုံးပြီး ရွှေစား ကူနှင့် ပေါင်းစပ်ကာ ဝိညာဉ်စွမ်းအား ကြွယ်ဝသော ယခုလို ခန္ဓာကိုယ်မျိုး ဖန်တီးခဲ့သည်ကိုး။

ကူနတ်ဘုရားက ဝိညာဉ်စွမ်းအား အများကြီးကို မည်သို့ ထိန်းချုပ်နိုင်သလဲ ဆိုတာ နင်ချီ အရင်က တွေးခဲ့ဖူးသော်ငြား၊ ယခုတော့ အဖြေရသွားချေ၏။

သို့သော်၊

နင်ချီ့မှာ မေးခွန်း တစ်ခု ကျန်နေသေးသည်။

‘ဒီ ဓမ္မ နည်းလမ်းကို ကူနတ်ဘုရား ဘယ်က ရတာလဲ ဆိုတာပါပဲ။’

သူ့ဘာသာသူ တီထွင်ထားတာ ဆိုရင်တော့ နင်ချီ လုံးဝ မယုံပေ။

ထိုအခိုက်အတန့်မှာပင်၊

ကူနတ်ဘုရား၏ ရယ်သံကြီး ရပ်တန့်သွားပြီး လန်ရီရီကို လှောင်ပြောင်သလို ကြည့်လိုက်လေ၏။

“တကယ့်ကို ငါ့သမီးလိမ္မာလေးပါပဲ... ချီးကျူးစရာကောင်းတဲ့ အသိဉာဏ်ပဲ... ဘယ်လိုလဲ... အဖေ ပုံသွင်းထားတဲ့ ကန်းသတ္တု ဝိညာဉ်ခန္ဓာက ဘယ်လိုနေလဲ”

ကူနတ်ဘုရားက ဖြည်းညှင်းစွာ လှည့်လိုက်ပြီး သူ့ရဲ့ ရွှေရောင် အရိုးစုကို မရှက်မကြောက် ပြသလိုက်သည်။

သူ့ကိုယ်သူ အလွန် ကျေနပ်နေပုံ ပေါ်လေ၏။

“မင်းရဲ့ အသက်အနှစ်သာရ ကို ယဇ်ပူဇော်ပြီး ငါတို့ သွေးတွေကို ပေါင်းစပ်လိုက်တာနဲ့ ဒီ ကန်းသတ္တု ဝိညာဉ်ခန္ဓာ က ပြီးပြည့်စုံသွားတော့မှာ... အဲဒီကျရင် ငါ ကမ္ဘာကြီးရဲ့ ထိပ်ဆုံးမှာ ရပ်တည်နိုင်ပြီ”

ပြောရင်းနှင့်၊ ကူနတ်ဘုရားက လက်နှစ်ဖက်ကို ဖြန့်လိုက်ရာ ရွှေရောင် လက်မောင်းရိုးများ တောက်ပစွာ လင်းလက်လာသည်။

လန်ရီရီ မျက်နှာ မည်းမှောင်သွား၏။

ခုနက အားကောင်းလှသည့် ဓားချီ က ကူနတ်ဘုရားကို ထိခိုက်အောင် မလုပ်နိုင်ခဲခြင်းက အံ့သြစရာ မဟုတ်တော့ပေ။

‘အရင်းအမြစ်က ဒီမှာကိုး။’

နင်ချီ ပြုံးလိုက်လေ၏။

‘ဒီ ကန်းသတ္တု ဝိညာဉ်ခန္ဓာ က တကယ် ထူးခြားတာပဲ... ငါ့ရဲ့ အခြေခံ အုတ်မြစ်ကို ပိုပြီး နက်ရှိုင်းစေနိုင်တယ်’

ဒီလို ဝိညာဉ်ခန္ဓာမျိုးက ရွှေဓာတ် သိုင်းသူတော်စင် လျှို့ဝှက် ရတနာ တစ်ခုနှင့် ယှဉ်၍ ရနေ၏။

နင်ချီ စိတ်ဝင်စားသွားသည်။

သူ့မျက်လုံးများထဲတွင် ပြင်းပြသော အရောင်များ တောက်ပလာ၏။

နင်ချီ၏ အကြည့်ကို ခံစားမိသောအခါ ကူနတ်ဘုရား အလွန် နေရခက်သွားသည်။

နင်ချီက သူ့ကို သားကောင်အဖြစ် သတ်မှတ်လိုက်ပြီ ဆိုတာ ကောင်းကောင်း သိနေသဖြင့် အေးစက်စွာ လှောင်ပြောင်လိုက်လေ၏။

“ဟဲဟဲ၊ မင်းရဲ့ ဓားက ငါ့ရဲ့ ဝိညာဉ်ခန္ဓာကို ဖြတ်တောက်နိုင်မလား ဆိုတာ စမ်းကြည့်ချင်ရင် ကြိုက်သလို လုပ်လေ... ဒါပေမဲ့ သွားတွေ ကျွတ်မကုန်အောင် သတိထားဦး”

မူလက ကန်းသတ္တု ဝိညာဉ်ခန္ဓာ မပြည့်စုံသေးသဖြင့် အသားအရေက အနှောင်အဖွဲ့ တစ်ခုလို ဖြစ်နေခဲ့သည်။ ယခု ဝိညာဉ်ခန္ဓာ အပြည့်အဝ လွတ်မြောက်သွားပြီ ဖြစ်ရာ ဝိညာဉ်စွမ်းအားများကို ပိုမို လွတ်လပ်စွာ၊ အတားအဆီးမရှိ ထုတ်ဖော်နိုင်ပြီ ဖြစ်သည်။

ယခုလို လုပ်လိုက်ခြင်းဖြင့် ဒဏ်ရာ

ရထားသော အကျိုး

သက်ရောက်မှုတွေကို မတော်တဆ တန်ပြန်နိုင်ခဲ့လေ၏။

“ဝှစ်..ဝှစ်”

ရွှေရောင် အလင်းတန်းများ နေရာအနှံ့ ပေါက်ကွဲ ထွက်ပေါ်လာပြီး ဝိညာဉ်စွမ်းအားများ ဒီရေအလား တက်လာသည်။

နင်ချီ ဝန်ခံရပေမည်။

ဒါက သူ မြင်ဖူးသမျှ ဝိညာဉ်စွမ်းအားတွေထဲမှာ အားအကောင်းဆုံးတည်း။

ကောင်းကင်သတ် သိုင်းသူတော်စင် လို လူမျိုးပင် ဤမျှလောက်.. မပြင်းထန်ခဲ့ပေ။

‘ဒါပေမဲ့ ငါ မကြောက်ဘူး’

နင်ချီ တိုးတိုးလေး ရယ်မောလိုက်သည်။

“ဟားဟား၊ ဘယ်သူက ကျုပ်မှာ ဓားတစ်လက်တည်း ရှိတယ်လို့ ပြောလို့လဲ”

နင်ချီ အသာအယာ ရယ်မောလိုက်ပြန်၏။

ကန်းသတ္တု ဝိညာဉ်ခန္ဓာ သည် ထင်သလောက် ချီးကျူးစရာ ကောင်းပြီး၊ သူ၏ အခြေခံအုတ်မြစ်ကို ပိုမို ခိုင်မာစေဖို့ လုံလောက်ပေသည်။

နင်ချီ တကယ်ကို စိတ်လှုပ်ရှားနေပြီ ဖြစ်သည်။

သို့သော် နင်ချီသည် အစကတည်းက ထင်ယောင်ထင်မှား ချိုးဖျက် ရွှေရောင်မျက်လုံး ကို အသုံးပြုပြီး ရွှေရောင် အရိုးစု၏ အစစ်အမှန် ပုံစံနှင့် အားနည်းချက်များကို မြင်တွေ့ထားပြီး ဖြစ်လေ၏။

“ခင်ဗျားရဲ့ မပြီးပြတ်သေးတဲ့ ကန်းသတ္တု ဝိညာဉ်ခန္ဓာ က မာကျောပေမယ့်... ဖောက်ဝင်လို့ မရတာတော့ မဟုတ်ဘူး”

စောစောက နဂါးဖြူကြီး အလင်းရောင် မိုးဖွဲလေးတွေ မှုတ်ထုတ်စဥ်က စမ်းသပ်ကြည့်လိုက်တာ ဖြစ်ပြီး၊ အားနည်းချက်တွေကို ပိုမို ရှာဖွေတွေ့ရှိခဲ့လေ၏။

ယခုအခါ၊ နင်ချီ လက်ကို မြှောက်လိုက်၏။

တစ်ခဏအတွင်း အလင်းတန်း နှစ်ခု အပေါ်သို့ ထိုးတက်သွားသည်။ တစ်ခုက ပုလဲရောင် တောက်ပနေပြီး၊ နောက်တစ်ခုက မီးကဲ့သို့ နီရဲတောက်လောင်နေ၏။

အလင်းတန်းများ ကျဆင်းလာသောအခါ တောက်ပသော အဖြူရောင် အရာဝတ္ထုမှာ လည်ပတ်နေသော ချောမွေ့သည့် ရတနာပုလဲလုံး ဖြစ်ပြီး၊ မီးကဲ့သို့ နီရဲနေသော အရာမှာ တောက်လောင်နေသော မဟာနေမင်း သံလိုက်အိမ်မြှောင် ဖြစ်နေသည်ကို တွေ့လိုက်ရလေ၏။

ကူနတ်ဘုရား ဝင်ရောက်မစွက်ဖက်နိုင်ခင်မှာပင် နဂါးဖြူကြီးသည် တိုက်ခိုက်လိုက်၏။ ယွီဘုရင် ပုလဲ မှ ဝိညာဉ်စွမ်းအားများ လှိုင်းထန်လာကာ နဂါးဖြူကြီး၏ စွမ်းအားကို မြှင့်တင်ပေးလိုက်သဖြင့် ၎င်း၏ တစ်ကိုယ်လုံးသည် ဖျော့တော့သော အပြာရောင်အဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားတော့၏။

တစ်ဖက်တွင်လည်း မဟာနေမင်း သံလိုက်အိမ်မြှောင်သည် အလင်းရောင်များ ပေါက်ကွဲထွက်ပေါ်လာသည်။

ထို့နောက်၊ ရေနှင့် မီး၊ နှစ်ခု ပေါင်းစပ်သွားပြီး စွမ်းအားများ မိုးထိအောင် မြင့်တက်သွားတော့၏။

All Chapters