ဝိညာဉ်အကြွင်းအကျန်များကို သန့်စင်ခြင်း
Vol. 25 Ch. 375
~လေဟာနယ်ထဲမှာ၊
အံ့မခန်း ခမ်းနားထည်ဝါသော အစစ်အမှန်နဂါး နှစ်ကောင် ပေါ်ထွက်လာသည်။ သူတို့၏ ကြောက်မက်ဖွယ် ကောင်းလှသော အရှိန်အဝါကြောင့် ချင်ယွင်နှင့် လန်ရီရီတို့၏ စိတ်နှင့် ဝိညာဉ်များ ယိမ်းယိုင်လှုပ်ခတ်သွားကြရ၏။
အထူးသဖြင့် ‘ရေနှင့် မီး’ ဟူသော လုံးဝ ဆန့်ကျင်ဘက် ဓာတ်သဘာဝ နှစ်ခု ယှဉ်တွဲနေခြင်းက ပြင်းထန်သော အမြင်အာရုံ သက်ရောက်မှုကို ပေးစွမ်းနေလေ၏။
ရေနဂါးနှင့် မီးနဂါး နှစ်ကောင်စလုံး အလွန် သန်မာကြောင်း သူတို့ အလိုလို ခံစားလိုက်မိကြသည်။
သို့သော် ကူနတ်ဘုရား က အံ့အားသင့်စွာ အော်ဟစ်လိုက်လေ၏။
“ဘယ်လိုလုပ်.. ဖြစ်နိုင်မှာလဲ”
သူ့ခေါင်းပေါ်တွင် ကျန်ရှိနေသော တစ်လုံးတည်းသော မျက်လုံးကြီး ပြူးကျယ်သွားပြီး၊ ကြောက်စရာ ကောင်းသလို ရယ်စရာလည်း ကောင်းနေပြန်သည်။
သူ သိသလောက်ဆိုရင် ဒီအဆင့်မှာ ရှိနေတဲ့ ရှေးဟောင်း သိုင်းသူတော်စင်တွေ အနေနဲ့ အလွန်ဆုံး လျှို့ဝှက်ရတနာ တစ်ခုကိုပဲ အသက်သွင်းနိုင်သေးတာ။ ဒါပေမဲ့ သူ့ရှေ့က လူက နှစ်ခုကို တစ်ပြိုင်တည်း အသက်သွင်းထားရုံတင်မကဘဲ၊ လုံးဝ မတူညီတဲ့ ဝိညာဉ်စွမ်းအား သဘောသဘာဝ နှစ်ခုကိုပါ ထုတ်ဖော်ပြသနေ၏။
“သူက တကယ်တမ်း ဘယ်သူလဲ”
ကူနတ်ဘုရား အနည်းငယ် ထိတ်လန့်သွားရ၏။ သံလိုက်အိမ်မြှောင် ဆိုတာ နေနီ သိုင်းသူတော်စင်ဆီကနေ နင်ချီ လုယူခဲ့တဲ့ အရာဆိုတာ သူ သဘာဝကျကျပဲ သိလိုက်သည်။ ဒီကိစ္စက တစ်ကမ္ဘာလုံးကို ပျံ့နှံ့နေပြီးသား ဖြစ်ရာ၊ ရက်စက်ကြမ်းကြုတ်လှသော ရှေးဟောင်းသိုင်းသူတော်စင် ထျန်းကျန့် ဆိုသူကို လူတိုင်း ကြောက်လန့်နေကြရ၏။
သို့သော် နင်ချီက သူ့ကို စဉ်းစားချိန် ပေးမည့်ပုံ မပေါ်ချေ။
စောစောက စမ်းသပ်တိုက်ခိုက်ခဲ့ခြင်း အားလုံးသည် ဒီအချိန်အတွက် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
ယခု ကူနတ်ဘုရား၏ အစစ်အမှန် အခြေအနေကို အတည်ပြုပြီးပြီ ဖြစ်ရာ သဘာဝကျကျပင် သူ ယဉ်ကျေးနေတော့မည် မဟုတ်ပေ။
မဟာနေမင်း သံလိုက်အိမ်မြှောင်ကို ရရှိပြီးနောက် သူ့၏ ဝိညာဉ်စွမ်းအား ထိန်းချုပ်နိုင်စွမ်းသည် အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်ရာ၊ ကူနတ်ဘုရား အပေါ်တွင် လက်စွမ်းပြရန် အခွင့်ကောင်း ဖြစ်နေလေ၏။ သူ လက်ဖြင့် သိုင်းကွက်ဖော်လိုက်ရာ ရေနဂါးနှင့် မီးနဂါး နှစ်ကောင်စလုံး ချက်ချင်း ရှေ့သို့ တိုးဝင်သွားကြတော့၏။
မြင်သာထင်သာ ရှိလှသည်။
ဝိညာဉ်စွမ်းအားဖြင့် ဖန်တီးထားသော နဂါးစစ် နှစ်ကောင်ကြားတွင် ဆက်နွှယ်မှု တစ်စုံတစ်ရာ ရှိနေပြီး၊ တစ်ကောင်နှင့် တစ်ကောင် အပြန်အလှန် အားဖြည့်ပေးနေသဖြင့် သာမန် နဂါးတစ်ကောင် ထပ်တိုးလာသည်ထက် ပိုမို အားကောင်းနေလေ၏။
ရေနှင့် မီး သဘောသဘာဝသည် မူလကတည်းက ဆန့်ကျင်ဘက် ဖြစ်သော်လည်း၊ နင်ချီသည် လမ်းစဉ်ပေါင်းများစွာကို နားလည်သဘောပေါက်ထားသူ ဖြစ်ရာ ရည်ရွယ်ချက် နယ်ပယ် (Intent Realms) အသီးသီးအပေါ် ထူးခြားသော ထိုးထွင်းသိမြင်မှုများ ရှိထားပြီး ဖြစ်သည်။ သူသည် ရေစိတ်ဆန္ဒ နယ်ပယ် နှင့် မီးစိတ်ဆန္ဒ နယ်ပယ် နှစ်ခုစလုံးတွင် အထွတ်အထိပ်သို့ ရောက်ရှိထားသူ ဖြစ်ရာ၊ ယခုအခါ ၎င်းတို့ကို လွယ်ကူစွာ ပေါင်းစပ်လိုက်ပြီး ယင်နှင့် ယန် ပေါင်းစပ်မှုမှတစ်ဆင့် ရေနှင့် မီး အတူ ယှဉ်တွဲနေထိုင်ခြင်းကို အတင်းအဓမ္မ ဖန်တီးကာ အပြန်အလှန် အားဖြည့်ပေးလိုက်ခြင်း ဖြစ်သည်။
အစစ်အမှန်နဂါးများ ဟိန်းဟောက်လိုက်ကြ၏။
ပူပြင်းသော အပူချိန် ပါဝင်သည့် နဂါးမီးတောက်များသည် အလွန်အမင်း လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်း ရှိလှသဖြင့် ရွှေရောင်အလင်းတန်းများကို တစ်ဆင့်ပြီးတစ်ဆင့် နောက်ဆုတ်သွားစေသည်။
မီးဖြင့် သန့်စင်ထားသော အစစ်အမှန် ရွှေ
။
ဤ မပြည့်စုံသေးသော ကန်းသတ္တု ဝိညာဉ်ခန္ဓာ သည် အမှန်တကယ်ပင် ယုံကြည်နိုင်လောက်သော ခံစစ်စွမ်းအား ရှိပြီး၊ အထူးသဖြင့် ဓားသိုင်း ထက်ရှမှုကို တားဆီးရာတွင် ထိရောက်မှု ရှိသော်လည်း၊ ၎င်း၏ အားနည်းချက်မှာ ပိုမို သိသာထင်ရှားနေလေ၏။ ၎င်းမှာ မီးဓာတ်ကို ပိုမို ကြောက်ရွံ့ခြင်းပင် ဖြစ်သည်။
ထိုကဲ့သို့သော ဝိညာဉ်နဂါးမီးတောက်များ အောက်တွင် ရွှေရောင်လက်သီးနှင့် ရွှေရောင်လက်ဝါးများ အားလုံး လောင်ကျွမ်းပျက်စီးကုန်တော့၏။
ကူနတ်ဘုရား ဒေါသတကြီး အော်ဟစ်လိုက်ပြီး ဝိညာဉ်စွမ်းအားများကို အစွမ်းကုန် ထုတ်လွှတ်လိုက်သည်။
သို့သော်လည်း သူ၏ ကျရှုံးမှုကို တားဆီးနိုင်ခြင်း မရှိဘဲ လုံးဝ ဖိနှိပ်ခံလိုက်ရလေ၏။
သူ့ရင်ထဲတွင် ဒေါသနှင့် ကြောက်ရွံ့မှုများ ပြည့်နှက်နေပြီး နောက်ဆုံးတွင် အံကိုကြိတ်ကာ တိုက်ခိုက်မှုကို ရပ်တန့်လိုက်ပြီး ခံစစ်သက်သက်သို့ ပြောင်းလဲလိုက်ရတော့၏။ သူသည် နင်ချီကို မယှဉ်နိုင်ကြောင်း လုံးဝ လက်ခံလိုက်ရသော်လည်း လက်မြှောက်အရှုံးပေးမည်ဟု ဆိုလိုခြင်း မဟုတ်ချေ။ ကူနတ်ဘုရား၏ မျက်လုံးများ လှုပ်ရှားသွားပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို လွှမ်းခြုံထားသော အဖြူရောင် မြူခိုးများကို သတိထားမိလိုက်သည်။
အစပိုင်းတွင် သူသည် ဤ အဖြူရောင် မြူခိုးများ၏ စွမ်းအားကို သိပ်ဂရုမစိုက်ခဲ့သော်လည်း၊ ယခုအခါ ၎င်းတို့သည် သူ့ထွက်ပြေးလမ်းကို ပိတ်ဆို့နိုင်ချေ ရှိကြောင်း သိလိုက်ရ၏။
ဟုတ်ပါသည်။
သူ့တွင် ဆုတ်ခွာရန် အကြံအစည် ရှိနေပြီ ဖြစ်သည်။
“ရှေးဟောင်းသိုင်းသူတော်စင် ထျန်းကျန့်... ငါတို့ သေအတူရှင်မကွဲ တိုက်ခိုက်မှ ကျေနပ်မှာလား”
ကူနတ်ဘုရား အော်ဟစ်လိုက်သည်။ သူ့တစ်ကိုယ်လုံးရှိ အရိုးများ ပွက်ပွက်ဆူလာသလို ခံစားနေရပြီး အခြေအနေ မဟန်တော့မှန်း သိလိုက်ရ၏။
“ဒီနေ့ ငါ အရှုံးပေးတယ်... မင်း သူတို့ကို ခေါ်ပြီး ထွက်သွားလို့ ရပြီ”
နင်ချီ တိုးတိုးလေး ရယ်မောလိုက်၏။
“သေအတူရှင်မကွဲ တိုက်ခိုက်မယ် ဟုတ်လား...စိတ်မကောင်းစရာပဲ... ခင်ဗျား သေပြီး ကျွန်တော် ရှင်မယ့် ပွဲပါ”
သူ့အကြည့်များက အေးစက်နေ၏။
ခံစားချက်အရရော၊ ကျိုးကြောင်းဆီလျော်မှုအရပါ... ဒီအချိန်မှာ ကူနတ်ဘုရား ကို လွှတ်ပေးလိုက်ဖို့ သူ စိတ်ကူးမရှိပါ။
လက်ချောင်းဖြင့် သိုင်းကွက်ဖော်လိုက်ရာ နဂါးစစ် နှစ်ကောင် ထပ်မံ ပြောင်းလဲသွားပြီး၊ ဝိညာဉ်စွမ်းအားများ လှိုင်းထန်လာကာ ခန္ဓာကိုယ်များ ကြီးမားလာပြီး ထွက်ပြေးရန် ကြံရွယ်နေသော ကူနတ်ဘုရားကို တိုက်ရိုက် ဖမ်းချုပ်လိုက်လေ၏။
သူ၏ သေးနုပ်သော ဉာဏ်ဆင်မှုလေးများက နင်ချီ၏ မျက်လုံးများကို မည်သို့မည်ပုံ.. လှည့်စားနိုင်ပါ့မလဲ။
“ဝူး…”
အစစ်အမှန်နဂါးများ၏ ရှည်လျားသော အော်မြည်သံနှင့်အတူ သူတို့၏ ခန္ဓာကိုယ်များ ယှက်နွယ်သွားပြီး နဂါးနှစ်ကောင် ပိတ်လှောင်ခြင်း ပုံစံ ကို ဖော်ဆောင်လိုက်ရာ အဝေးမှ ကြည့်လျှင် တစ်သားတည်း ဖြစ်နေသကဲ့သို့ ထင်ရ၏။ ခေါင်းနှစ်လုံး အမြီးနှစ်ချောင်း ပါသော အစစ်အမှန်နဂါး တစ်ကောင် လိမ်ယှက်လည်ပတ်နေသလို ဖြစ်နေကာ ယင်နှင့် ယန် ၏ လျှို့ဝှက်ဆန်းကြယ်မှုများ အတွင်း၌ ကိန်းအောင်းနေလေ၏။
“ရှူး”
နောက်တစ်ခဏမှာ၊
အစစ်အမှန်နဂါး နှစ်ကောင် ပြိုင်တူ အသက်ရှူထုတ်လိုက်ကြသည်။
တစ်ခုက အလွန်အမင်း အေးစက်သော ရေ ဖြစ်ပြီး...
နောက်တစ်ခုက အလွန်အမင်း ပူပြင်းသော မီး ဖြစ်သည်။
ချင်ယွင်နှင့် လန်ရီရီတို့၏ အံ့သြတကြီး အကြည့်အောက်တွင် ကူနတ်ဘုရား ပိတ်မိသွားပြီး၊ ဆန့်ကျင်ဘက် စွမ်းအားများက သူ့ကို အလွန်အမင်း နာကျင်စေသဖြင့် သူ၏ သနားစဖွယ် အော်ဟစ်သံကြီး ဘိုးဘေးနယ်မြေ တစ်ခုလုံး ပဲ့တင်ထပ်သွားတော့၏။
‘ရေနှင့် မီးဖြင့် ရွှေအရိုးကို သန့်စင်ခြင်း'။
ဤမြင်ကွင်းက အတော်လေး တုန်လှုပ်စရာ ကောင်းလှသည်။
ကူနတ်ဘုရား၏ နာကျင်စွာ အော်ဟစ်သံများကို ကြားလိုက်ရသောအခါ လန်ရီရီ၏ မျက်ဝန်းထဲတွင် ကျေနပ်မှု အရိပ်အယောင်လေးများ ဖြတ်ပြေးသွားသည်။
ယခုလေးတင် သူမ လုံးဝ နားလည်သဘောပေါက်သွားခဲ့ပြီ ဖြစ်ပါသည်။
အတိတ်မှာ သူမဘဝကို ဘယ်လိုပဲ ကြိုးကိုင် ခြယ်လှယ်ခံခဲ့ရပါစေ၊ အဲဒါတွေက အတိတ်မှာပဲ ကျန်ရစ်ခဲ့ပြီ ဖြစ်ပါသည်။ အနှောင်အဖွဲ့များမှ ရုန်းထွက်နိုင်သရွေ့ သူမ၏ အနာဂတ် ဘဝက သူမ လက်ထဲမှာပင် ရှိနေမည် ဖြစ်ပါသည်။
အတိတ်က အတုအယောင် အတွေ့အကြုံတွေကို သူမ ပြန်တွေးပြီး နက်နက်ရှိုင်းရှိုင်း ခံစားမနေချင်တော့။
‘ဒါတွေက အဓိပ္ပာယ် မရှိတော့ဘူးလေ။ အခု အရေးကြီးဆုံးက အနာဂတ်ကို ဆုပ်ကိုင်ဖို့ပါပဲ။’
လန်ရီရီ..ချင်ယွင်ကို မျက်လုံးထောင့်စွန်းမှ ကြည့်လိုက်ပြီး၊ သူမလက်ကို ဆုပ်ကိုင်ထားသော အနွေးဓာတ်လေးကို ခံစားရင်း ချိုသာစွာ ပြုံးလိုက်လေ၏။
သူတို့နှစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြပြီး တစ်ယောက်စိတ်ကို တစ်ယောက် နားလည်လိုက်ကြသည်။
“အား”
“ငါ မှားပါတယ်... ရှေးဟောင်းသိုင်းသူတော်စင် ထျန်းကျန့်... ငါ မှားပါတယ်ကွာ”
ကူနတ်ဘုရား၏ သနားစဖွယ် အသနားခံသံများ ဆက်တိုက် ထွက်ပေါ်နေ၏။ အစပိုင်းတွင် သူက ခေါင်းမာစွာ ကျိန်ဆဲခဲ့သေးသော်လည်း တဖြည်းဖြည်းနှင့် မခံနိုင်တော့ချေ။ ဤ နာကျင်မှုက ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
ရေနှင့် မီး ဝိညာဉ်စွမ်းအားများ ကန်းသတ္တု ဝိညာဉ်ခန္ဓာ ပေါ်တွင် ရမ်းကားစွာ ယှက်နွယ်နေ၏။
ဒီခံစားမှုက အရှင်လတ်လတ် ခွဲစိတ်ခံရတာထက် အဆတစ်ရာ ပိုကြောက်စရာ ကောင်းသည်။
သူ့ဝိညာဉ်တစ်ခုလုံး ပြိုကွဲတော့မလို ခံစားနေရ၏။
ခန္ဓာကိုယ် ကာကွယ်ရေး ရွှေရောင်အလင်းတန်း များ ဆက်တိုက် ပျောက်ကွယ်သွားပြီး၊ သူ့ခေါင်းပေါ်ရှိ အသားများလည်း ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့၏။
ဤသည်ကား နင်ချီက ရက်စက်ကြမ်းကြုတ်ချင်စိတ်ဖြင့် လုပ်ဆောင်နေခြင်း မဟုတ်ချေ။ ပိုမို အသုံးဝင်မည့် ဝိညာဉ်အကြွင်းအကျန်များကို ရယူလိုသောကြောင့်သာ ဖြစ်၏။
အကယ်၍ အကြမ်းပတမ်း သန့်စင်လိုက်မည်ဆိုပါက ကူနတ်ဘုရားကို အလွယ်တကူ သတ်ပစ်နိုင်သော်လည်း၊ ရရှိလာမည့် အကြွင်းအကျန်များသည် ဝိညာဉ်သဘောသဘာဝ အများအပြား ဆုံးရှုံးသွားရမည်ဖြစ်၍ နင်ချီသည် ထိုသို့ ဖြစ်ပျက်စေလိုခြင်း မရှိပေ။
သူက ဤဝိညာဉ်အကြွင်းအကျန်များကို မိမိ၏ ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ထားနှင့်ပြီးသား ဖြစ်သည်။
ဖားတစ်ကောင်ကို ရေနွေးဖြင့် ဖြည်းဖြည်းချင်း ပြုတ်သကဲ့သို့၊ အတွင်း၌ ရှိသော အမှတ်အသားများကို ဖြည်းညှင်းစွာ တိုက်စားပစ်ခြင်းကသာ ပြီးပြည့်စုံသည့် ဝိညာဉ် အကြွင်းအကျန်များကို ရရှိနိုင်မည့် တစ်ခုတည်းသော နည်းလမ်းပင် ဖြစ်လေသည်။
ကူနတ်ဘုရား အော်ဟစ်နေဆဲ ဖြစ်သော်လည်း သူ့အသံက တဖြည်းဖြည်း အားနည်းလာသည်။
နင်ချီကတော့ အေးဆေးစွာ ကြည့်နေ၏။ အရင်က မောက်မာခဲ့သည့် ကူနတ်ဘုရား ယခုလို တောင်းပန် အသနားခံနေသည်ကို မြင်တော့ ခေါင်းခါလိုက်မိသည်။
အကယ်၍သာ တစ်ဖက်လူက နောက်ဆုံးချိန်အထိ ခေါင်းမာသွားမည် ဆိုလျှင် သူ နည်းနည်းလေးတော့ လေးစားမိဦးမည်၊ ယခုတော့ သူ့ကို အထင်အမြင်သေးသွားစေရုံသာ ရှိတော့၏။