မုန်တိုင်းအလွန် လေပြေသွေးချိန်
Vol. 26 Ch. 376
~အချိန်တို့သည် မြစ်ရေစီးသကဲ့သို့ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ခဲ့ပြီ ဖြစ်ပါသည်။
မိုးကုပ်စက်ဝိုင်းထက်၌ လူးလာခေါက်တုံ့ ပျံသန်းနေကြသော ရေနဂါးနှင့် မီးနဂါးကြီးနှစ်ကောင်သည်လည်း အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း သေးငယ်သွားကြသည်။ နောက်ဆုံးတွင်မူ လုံးဝ ငြိမ်သက်သွားပြီး၊ နင်ချီ၏ လက်တစ်ဖက် လှုပ်ရှားလိုက်သည်နှင့် တပြိုင်နက် ဝိညာဉ်စွမ်းအင်များအဖြစ် ပြောင်းလဲကာ 'ယွီဘုရင်ပုလဲ' နှင့် 'မဟာနေမင်း သံလိုက်အိမ်မြှောင်' အတွင်းသို့ အသီးသီး တိုးဝင်ပျောက်ကွယ်သွားကြလေ၏။
ယခုအချိန်၌ ဟင်းလင်းပြင်ကြီးထဲတွင် ကူနတ်ဘုရား ၏ အရိပ်အယောင်မျှပင် မကျန်တော့ချေ။
လေထဲ၌ ရွှေရောင်မှိန်ဖျော့ဖျော့ တောက်ပနေသော အရိုးစု တစ်ခုသာ တည်ရှိနေတော့သည်။ အသားမရှိ၊ အသွေးမရှိ၊ ကလီစာမရှိသော်လည်း ကြောက်မက်ဖွယ် မကောင်းဘဲ လက်ရာမြောက်သည့် အနုပညာပစ္စည်း တစ်ခုပမာ လှပနေပေ၏။
နင်ချီ၏ မျက်ဝန်းများထဲတွင် ပျော်ရွှင်ရိပ်များ ယှက်သန်းသွားသည်။
('ဟား... ဒါက မမျှော်လင့်ထားတဲ့ ထီပေါက်ခြင်းပဲဟေ့')
သူ့စိတ်ထဲမှ ကျိတ်၍ ပျော်ရွှင်နေမိသည်။ မူလကမူ ဤခရီးစဉ်သည် နာမည်ကျော် သွေးဧကရာဇ်ကူ ကို လာရောက်လေ့လာရုံ သက်သက်ဟု ထင်မှတ်ခဲ့ခြင်း ဖြစ်၏။ ဤမျှ တန်ဖိုးကြီးမားသော ရွှေဓာတ်သဘာဝ ဝိညာဉ်အကြွင်းအကျန် ( ကန်းသတ္တု ဝိညာဉ်အကြွင်းအကျန်) ကို ရရှိလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။
ကူနတ်ဘုရားမှာမူ သနားစဖွယ် ကောင်းလှပေ၏။ တစ်သက်လုံး အကွက်ချစီစဉ်ခဲ့သမျှသည် နင်ချီအတွက် မင်္ဂလာလက်ဖွဲ့ ပြုလုပ်ပေးသကဲ့သို့ ဖြစ်သွားရှာချေပြီ။
('ကျေးဇူးပါပဲ ကူနတ်ဘုရားရေ... ခင်ဗျားရဲ့ စေတနာကို ကျွန်တော် ဘယ်တော့မှ မမေ့ပါဘူး')
နင်ချီသည် စိတ်ထဲမှ လှောင်ပြောင်လိုက်ရင်း၊ လက်ချောင်းလေး လှုပ်ရှားကာ ဓားချီစွမ်းအင်တစ်စကို ထိုအရိုးစုဆီသို့ ပစ်လွှတ်လိုက်သည်။
“ဂလောင်”
ကြည်လင်ပြတ်သားသော သံချင်းရိုက်ခတ်သံ ထွက်ပေါ်လာသည်။
‘မိုက်တယ်ဟေ့... ဒီအရိုးစုရဲ့ မာကျောမှုက ငါမြင်ဖူးသမျှ နတ်ဘုရားလက်နက်တွေထက်တောင် သာသေးတယ်... နောင်ကျရင် ဒါနဲ့ လျှို့ဝှက်ရတနာတစ်ခုလောက် လုပ်ရမယ်’
နင်ချီ ပြုံးလိုက်လေ၏။
သို့သော် သူ့ကို အမှန်တကယ် စိတ်လှုပ်ရှားစေသည်မှာ အရိုးစု၏ မာကျောမှု မဟုတ်ပေ။ ထိုအရာအတွင်း၌ ကိန်းအောင်းနေသော သိပ်သည်းလွန်းလှသည့် ရွှေဓာတ်သဘာဝ စွမ်းအင်များသာ ဖြစ်၏။
('ဒါဆိုရင်... ငါ့အတွက် နောက်ထပ် အခြေခံအုတ်မြစ်တစ်ခု ရပြီပေါ့')
ဤရက်ပိုင်းများတွင် နင်ချီသည် သိုင်းသူတော်စင် အဆင့်သို့ တက်လှမ်းရန် နည်းလမ်းများကို အသည်းအသန် ရှာဖွေတွေးတောနေခဲ့ခြင်း ဖြစ်၏။
သူ၏ ရည်မှန်းချက်မှာ သေးငယ်သိမ်ဖျင်းခြင်း မရှိပေ။ သိုင်းသူတော်စင်အဆင့်သို့ ရောက်ရှိရုံမျှမက၊ 'ဝိညာဉ်နိုးထခြင်း' ဟူသော အခွင့်အရေးကို အသုံးချ၍ အဆင့်များကို လှေကားထစ် ကျော်တက်သကဲ့သို့ တက်လှမ်းလိုခြင်း ဖြစ်၏။
'တာအိုဆရာ ပိုင်ရှန်'၏ ပြောပြချက်အရ၊ ဝိညာဉ်နိုးထသောနေ့၌ ဝိညာဉ်စွမ်းအင်များ ပြန်လည်မွေးဖွားလာမည်ဖြစ်ပြီး၊ ထိုအချိန်သည် အဆင့်တက်ရန် အကောင်းဆုံး အချိန်အခါ ဖြစ်ပေ၏။ ရှေးဟောင်းသူတော်စင်များပင်လျှင် ထိုအချိန်ကို စောင့်ဆိုင်း၍ ၎င်းတို့၏ အထွတ်အထိပ်စွမ်းအားများကို ပြန်လည်ရယူရန် ကြံစည်နေကြခြင်း ဖြစ်၏။
နင်ချီ၌မူ သူတို့ကဲ့သို့ အတိတ်ဘဝမှ အခြေခံများ မရှိချေ။ ထို့ကြောင့် အခြားနည်းလမ်းကို ရှာဖွေရတော့သည်။
('သိုင်းသူတော်စင်တွေက ဓာတ်ကြီးငါးပါး စွမ်းအားကို ကျင့်ကြံကြတယ်... ငါက အပြင်ပန်း အကူအညီနဲ့ ဓာတ်ကြီးငါးပါးကို ဖြည့်ဆည်းပြီး မိုးပေ ါ်ပျံတက်ရမှာပဲ')
ယခု သူ၏လက်ထဲ၌ ရေဓာတ်အတွက် 'ယွီဘုရင်ပုလဲ' ရှိနေပြီ ဖြစ်၏။
မီးဓာတ်အတွက် 'မဟာနေမင်း သံလိုက်အိမ်မြှောင်' ရှိနေပြီ ဖြစ်၏။
ယခုအခါ ရွှေဓာတ်အတွက် ‘'ကန်း သတ္တု ဝိညာဉ်အရိုးစု' ကို ထပ်မံရရှိလိုက်ပြီ ဖြစ်၏။
('ရေ၊ မီး၊ ရွှေ... သုံးမျိုးတောင် ပြည့်သွားပြီပဲ')
နင်ချီ၏ မျက်လုံးများသည် အရောင်တောက်လာသည်။ ဤသုံးမျိုးကိုသာ သေချာစွာ အသုံးချနိုင်ပါက ဝိညာဉ်နိုးထသည့်အချိန်တွင် သိုင်းသူတော်စင် တတိယအဆင့် သို့ တရှိန်ထိုး ရောက်ရှိသွားနိုင်ပေ၏။
ထိုအချိန်သို့ ရောက်ရှိပါက...
('ဟားဟား... ရှေးဟောင်းသူတော်စင်တွေ ပြန်လာရင်တောင် ငါ့ကို မုန့်ဝယ်ကျွေးရမယ့် ကိန်းပဲ... သူတို့ကို လက်တစ်ဖက်တည်းနဲ့တောင် ဖိနှိပ်ပစ်လိုက်မယ်')
တွေးတောရင်း နင်ချီ၏ စိတ်အစဉ်သည် တက်ကြွလာသည်။
('နှမြောစရာပဲ... နောက်ထပ် နှစ်မျိုးလောက် ထပ်ရရင် ကောင်းမှာ... ဒါဆို ငါ ချက်ချင်း ပဉ္စမအဆင့်တောင် ရောက်သွားနိုင်ကောင်းရဲ့')
ချက်ချင်းဆိုသလိုပင် နင်ချီသည် ခေါင်းကို ခါယမ်းလိုက်ပြီး မိမိကိုယ်ကို ပြန်လည် လှောင်လိုက်သည်။
('တော်ပါပြီကွာ... လောဘမကြီးပါနဲ့... သုံးမျိုး ရတာတောင် ကံကောင်းလွန်းနေပါပြီ... ကျန်တာတွေကတော့ ကံတရားအတိုင်းပေါ့')
သူ့စိတ်ကို ပြန်လည်လျှော့ချလိုက်ပြီး ကန်းသတ္တု ဝိညာဉ်အရိုးစုကို 'ယွီဘုရင်ပုလဲ' အတွင်းသို့ သိမ်းဆည်းလိုက်လေ၏။
ပတ်ဝန်းကျင်တစ်ခုလုံးသည် ပြန်လည် တိတ်ဆိတ်ငြိမ်သက်သွားသည်။
ထိုအချိန်၌ပင် ချင်ယွင် နှင့် လန်ရီရီ တို့သည် လျှောက်လှမ်းလာကြသည်။
သူတို့နှစ်ဦးစလုံး အမှုန့်ဖြစ်သွားသော တောင်ပိုင်းနယ်စပ် ဘိုးဘေး နယ်မြေအား ကြည့်ရှုရင်း ပါးစပ်အဟောင်းသား ဖြစ်နေကြ၏။
ချင်ယွင်သည် နင်ချီကို တစ်လှည့်၊ မြေကြီးကို တစ်လှည့် ကြည့်ရှုရင်း ခေါင်းခါမိလေ၏။
‘ကိုးလေးရေ... မင်းကတော့ တကယ်ကို လူမဟုတ်ပါဘူးကွာ... ငါ အရင်တုန်းက မင်းကို လိုက်မီဖို့ ကြိုးစားခဲ့တာတွေ တွေးမိရင် ရှက်လွန်းလို့ မြေလျှိုးချင်စိတ်တောင် ပေါက်တယ်’
လန်ရီရီသည်လည်း ကြောင်တောင်တောင်လေး ဖြစ်နေရှာသည်။
မနေ့တစ်နေ့ကမှ ယဇ်ပလ္လင်ပေါ်တွင် အသေခံရတော့မည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်၏။ ယခုမူ သူမကို ချုပ်နှောင်ထားသော ကူနတ်ဘုရားလည်း ပြာကျသွားခဲ့ပြီ။
('ငါ... ငါ လွတ်လပ်သွားပြီလား')
သူမသည် မယုံနိုင်သကဲ့သို့ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ မျက်လုံးများထဲတွင် မျှော်လင့်ချက် ရောင်ခြည်သစ်များ ဖြာထွက်လာ၏။ အသက်ရှူရသည်မှာပင် ပေါ့ပါးသွားသကဲ့သို့ ခံစားလိုက်ရသည်။
လန်ရီရီသည် နင်ချီ၏ ရှေ့မှောက်တွင် ရိုသေစွာ ဦးညွှတ်လိုက်သည်။
"ရှေးဟောင်းသူတော်စင် ထျန်းကျန်... ကျေးဇူးကြီးမားလှပါတယ်... ဒီကျေးဇူးကို ရီရီ..တစ်သက်လုံး မမေ့ပါဘူး"
နင်ချီသည် လက်ကာပြရင်း ပြုံးလိုက်သည်။
"မလိုပါဘူး မိန်းကလေးလန်ရယ်... ဒါက အပြန်အလှန် ကျေးဇူးဆပ်တာပါပဲ... ခင်ဗျားက ကျွန်တော့်ရဲ့ ဂိုဏ်းတူအစ်ကို ရှစ်ကို သက်တမ်းတစ်ဝက် ပေးပြီး ကယ်ခဲ့တယ်လေ... မဟုတ်ရင် သူ ဘယ်တော့မှ နိုးလာမှာ မဟုတ်ဘူး... အခု ကူနတ်ဘုရားကို သတ်ပေးလိုက်တာက အကြွေးကျေသွားတာပါပဲ"
စကားပြောရင်း နင်ချီသည် မျက်လုံးတစ်ဖက် မှိတ်ပြလိုက်သည်။
"ပြီးတော့... 'ရှေးဟောင်းသူတော်စင် ထျန်းကျန်' ဆိုတဲ့ အခေါ်အဝေါ်ကြီးက ရင်းနှီးမှု မရှိလိုက်တာဗျာ... မကြာခင်ကျရင် မိန်းကလေးလန်က ကျွန်တော့်ကို 'ကိုးလေး’ လို့ ခေါ်ရတော့မှာ မဟုတ်လားဗျ"
"အဟွတ်..."
ချင်ယွင် တစ်ယောက် ချောင်းဆိုးသလို ပြုမူရင်း မျက်နှာလွှဲလိုက်သည်။ လန်ရီရီ၏ မျက်နှာလေးမှာမူ ခရမ်းချဉ်သီးမှည့်ပမာ ရဲခနဲ ဖြစ်သွား၏။ ခုနက ချင်ယွင်နှင့် တွဲထားသော လက်ကိုပင် ဓာတ်လိုက်သကဲ့သို့ ဖြတ်ခနဲ လွှတ်လိုက်မိသည်။
"ဟားဟားဟား..."
နင်ချီသည် သဘောကျစွာ အားရပါးရ ရယ်မောလိုက်လေ၏။
စစ်ပွဲအပြီး တင်းမာနေသော လေထုသည် သူတို့၏ ရယ်သံများနှင့်အတူ ပျော်ရွှင်ဖွယ်ရာ အငွေ့အသက်များအဖြစ် ပြောင်းလဲသွားလေတော့သည်။
ရယ်မောပြီးနောက် နင်ချီသည် ပျက်စီးသွားသော နယ်မြေကို တစ်ချက် ဝေ့ဝဲကြည့်ရှုလိုက်သည်။
ကောင်းကင်နှင့် မြေကြီး စွမ်းအားကို အသုံးပြုပြီး အပျက်အစီးများကို ဖယ်ရှားကြည့်လိုက်သော်လည်း မည်သည့်အရာမျှ အကောင်းပကတိ မကျန်တော့ချေ။
('ထားလိုက်ပါတော့... ဒီလောက် ပြင်းထန်တဲ့ တိုက်ပွဲမှာ ဘာကျန်ဦးမှာလဲ... ကောင်းကင်ဘုံအဆင့် လက်နက်တွေတောင် အမှုန့်ဖြစ်သွားမှာပဲ')
နင်ချီသည် လန်ရီရီဘက်သို့ လှည့်၍ စပ်စုလိုက်သည်။
"ဒါနဲ့ မိန်းကလေးလန်... ခင်ဗျားတို့ တောင်ပိုင်းနယ်စပ်က ကူကောင် ပညာရပ်က ဘယ်ကနေ ဆင်းသက်လာတာလဲဗျ"
သာမန်သိုင်းပညာနှင့်မတူသော ဤပညာရပ်ကို နင်ချီ စိတ်ဝင်စားနေသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်၏။ သိုင်းပညာနှင့်လည်း တွဲဖက်ကျင့်ကြံ၍ ရသကဲ့သို့၊ အသုံးဝင်ပုံမှာလည်း စုံလင်လှပေ၏။
လန်ရီရီသည် ခေတ္တမျှ စဉ်းစားပြီး ပြန်ဖြေသည်။
"ဘယ်ကစလဲ ဆိုတာတော့ ဘယ်သူမှ သေချာမသိကြတော့ဘူး... လူကြီးတွေ ပြောစကားအရဆိုရင်တော့ ကျွန်မတို့ရဲ့ သွေးမျိုးဆက်က မဟာယန် လူမျိုးတွေနဲ့ မတူဘူးတဲ့... ဒါကြောင့် လျှို့ဝှက်နည်းလမ်းနဲ့ 'အသက်ဆက် ကူပိုး' ကို နှိုးဆွလို့ ရတာပေါ့"
"တောင်ပိုင်းသားတိုင်းမှာ အရွယ်ရောက်တဲ့အချိန် ယဇ်ပူဇော်ပြီး ရလာတဲ့ အသက်ဆက် ကူပိုး တစ်ကောင်စီ ရှိကြတယ်... ကျွန်မရဲ့ ကူပိုးက 'ကံကြမ္မာမျှဝေခြင်း ကူ' ဖြစ်ပြီး၊ ကူနတ်ဘုရားရဲ့ ကူပိုးကတော့ 'ရွှေစား ကူ' ပေါ့"
နင်ချီ မျက်မှောင်ကြုတ်လိုက်သည်။
"ဒါဆို... အဲဒီ ကူပိုးတွေက ဘယ်က ရောက်လာတာလဲဗျ... အရင်တုန်းက ဒီလောက်ထူးဆန်းတဲ့ သတ္တဝါတွေအကြောင်း တစ်ခါမှ မကြားဖူးပါလား"
"အာ၊ တကယ်တမ်းကျတော့... မနှိုးဆွခင်မှာ ကူပိုးဆိုတာ မရှိပါဘူး"
လန်ရီရီက ဆက်လက်ရှင်းပြသည်။
"အရွယ်ရောက်တဲ့ အခမ်းအနားမှာ ကိုယ်ကြိုက်တဲ့ သတ္တဝါ တစ်ခုခု... ဥပမာ ပုစဉ်း၊ မြွေ၊ ကင်းခြေများ၊ ဖားပြုတ် စတာတွေကို ရွေးပြီး ယဇ်ကောင်အဖြစ် သုံးရတာ... သွေးမျိုးဆက်နဲ့ ယဇ်ပူဇော်မှု စွမ်းအားပေါင်းစပ်ပြီးမှ သူတို့က ကူပိုးအဖြစ် ပြောင်းလဲသွားကြတာပါ"
"ဪ... သဘောပေါက်ပြီ"
နင်ချီ ခေါင်းညိတ်လိုက်လေ၏။
"ဆိုလိုတာက... အဓိက သော့ချက်က ခင်ဗျားတို့ရဲ့ သွေးမျိုးဆက်နဲ့ အဲဒီ အခမ်းအနား ပေါ့"
"ဟုတ်တယ်... မဟာယန်လူမျိုးတွေနဲ့ စမ်းသပ်ဖူးပေမယ့် မအောင်မြင်ဘူး... သွေးနှောရင်တောင် မရဘူး... ဒါကြောင့် တောင်ပိုင်းသားတွေက ပြင်ပလူတွေနဲ့ လက်ထပ်လေ့ မရှိကြဘူးလေ"
ထိုအခိုက်အတန့်မှာ၊ ချင်ယွင် မျက်နှာပျက်သွားသည်။
နင်ချီမှာမူ ပိုမို၍ စိတ်ဝင်စားသွားသည်။
('ဒါက... တစ်စုံတစ်ယောက်ဆီက စွမ်းအားကို တောင်းခံတဲ့ ဆုတောင်း ပွဲတစ်ခုနဲ့ တူနေပါလား')
နင်ချီ၏ စိတ်ထဲတွင် သံသယ ဝင်ရောက်လာသည်။
"ဒါပေမဲ့... နောက်ပိုင်းနှစ်တွေမှာ ကူပိုးတွေက တဖြည်းဖြည်း အားနည်းလာတယ်... သိုင်းပညာအဆင့် မြင့်လာတာနဲ့အမျှ ကူပိုးတွေရဲ့ အခန်းကဏ္ဍက သေးငယ်သွားတယ်... ကျွန်မအမြင်မှာတော့ သိုင်းပညာကသာ အစစ်အမှန် လမ်းကြောင်းပဲ"
ပြောနေရင်း၊ လန်ရီရီသည် သက်ပြင်းချလိုက်သည်။
"ရှင် စိတ်ဝင်စားရင် တောင်ပိုင်းနယ်စပ်ရဲ့ 'နှစ်ခြင်းခံ’ လျှို့ဝှက်နည်းလမ်းတွေကို ပေးပါ့မယ်... အခုတော့ ကျွန်မအတွက် အရေးမပါတော့ပါဘူး"
နင်ချီသည် ဝမ်းသာအားရ လက်ခံလိုက်သည်။ သူ့အထင်အရ တောင်ပိုင်းသားများ၏ သွေးမျိုးဆက်ဆိုသည်မှာ ဤအခမ်းအနားကို စတင်ရန် ကြားခံနယ် တစ်ခု သက်သက်သာ ဖြစ်လောက်ပေ၏။ အခြားနည်းလမ်းဖြင့် အစားထိုး၍ ရကောင်းရနိုင်ချေရှိသည်။
"နောက်ဆုံး မေးခွန်းတစ်ခု..."
နင်ချီ၏ အသံသည် လေးနက်သွားသည်။
"ကူနတ်ဘုရား သင်ပေးခဲ့တဲ့ လျှို့ဝှက်နည်းလမ်းတွေက ဘယ်က ရတာလဲ ခင်ဗျား သိလားဟင်"
သူ့စိတ်ထဲတွင် တစ်စုံတစ်ခု လိုအပ်နေသကဲ့သို့ ခံစားရသည်။ ကူနတ်ဘုရားကဲ့သို့သော လူတစ်ယောက်က သွေးမျိုးဆက်မှတဆင့် ‘'ကန်း သတ္တု ဝိညာဉ်ခန္ဓာ'ကို ပြီးပြည့်စုံအောင် ပြုလုပ်နိုင်သည့် နည်းလမ်းမျိုးကို သိရှိနေခြင်းမှာ မရိုးသားပေ။
ထို့အပြင် ရှေးဟောင်းသူတော်စင်များ အကြောင်းကိုလည်း သူက တော်တော်များများ သိရှိနေပုံ ရသည်။
('ဒီကိစ္စရဲ့ နောက်ကွယ်မှာ... ငါ မသိသေးတဲ့ လျှို့ဝှက်ချက်တွေ ရှိနေသေးတာလား...')
နင်ချီသည် ကောင်းကင်ကို မျှော်ငေးရင်း တွေးတောနေမိလေတော့သည်။