ပိုင်ရှင်မဲ့နယ်မြေနှင့် လျှို့ဝှက်သော အရိပ်မည်း
Vol. 26 Ch. 377
~လန်ရီရီသည် အနည်းငယ် ကြောင်အမ်းသွားခဲ့ရ၏။
"ဒါကိုတော့... ကျွန်မလည်း မသိဘူး။ လျှို့ဝှက်လွန်းတယ်။ မျိုးနွယ်စုထဲက အကြီးအကဲတွေတောင် သိချင်မှ သိကြမှာ"
နင်ချီသည် မျက်မှောင်ကို ကြုတ်လိုက်ပြီး မေးမြန်းလိုက်သည်။
"ဒါဆို ဒီလျှို့ဝှက်နည်းလမ်းက ကူနတ်ဘုရားဆီမှာ အမြဲရှိနေခဲ့တာလား"
လန်ရီရီ၏ မျက်ဝန်းများသည် အရောင်တောက်သွားပြီး လျင်မြန်စွာ ပြန်လည်ဖြေကြားလေ၏။
"မဖြစ်နိုင်လောက်ဘူး... ကျွန်မ မတိုင်ခင်က တောင်ပိုင်းနယ်စပ်မှာ သူတော်စင်မလေး ဆိုတာ မရှိခဲ့ဖူးဘူး... ဆိုလိုတာက ကူနတ်ဘုရားဆီမှာ ဒီလျှို့ဝှက်နည်းလမ်း မရှိခဲ့ဖူးလို့ပဲ ဖြစ်ရမယ်"
ချင်ယွင်သည်လည်း ထိုမူမမှန်မှုကို သတိထားမိလိုက်သည်။
"ဒါဆိုရင် ကူနတ်ဘုရားက ဒီလျှို့ဝှက်နည်းလမ်းကို လွန်ခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်အတွင်းမှ ရရှိခဲ့တာပေါ့"
နင်ချီသည် ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်လေ၏။
သူ ဤမေးခွန်းကို မေးမြန်းရခြင်းမှာ ထည့်သွင်းစဉ်းစားစရာ အချက်တစ်ခု ရှိနေသောကြောင့် ဖြစ်၏။
အကယ်၍ ကူနတ်ဘုရား၌ ဤလျှို့ဝှက်နည်းလမ်းသာ စောစီးစွာ ရှိနေခဲ့ပါက၊ သူသည် ယခုမှ စတင်မည် မဟုတ်ဘဲ၊ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက သူ့သွေးသားသမီး တစ်ယောက်ကို ကျင့်ကြံခြင်း ကိရိယာအဖြစ် မွေးမြူခဲ့ပြီး ဖြစ်ပေလိမ့်မည်။
('ဒါဆိုရင်... တစ်စုံတစ်ယောက်က ကူနတ်ဘုရားဆီကို ဒီနည်းလမ်း ရောက်လာအောင် တမင်တကာ ပို့ပေးလိုက်တာများလား... တကယ်လို့ ဟုတ်ခဲ့ရင် သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ...')
နင်ချီ ထိုသို့ တွေးမိခြင်းမှာ အံ့သြစရာ မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ထိုလျှို့ဝှက်နည်းလမ်းသည် 'သွေးဧကရာဇ် ကူ' (Blood Emperor Gu)၊ 'ရွှေသတ္တုစား ကူ' (Gold-devouring Gu) တို့နှင့် လိုက်ဖက်ညီလွန်းနေသောကြောင့် ဖြစ်၏။ ဤကဲ့သို့ ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်နေသည့် ခေတ်ကာလကြီးတွင်၊ ကူနတ်ဘုရားကဲ့သို့ လူတစ်ယောက်သည် 'အစစ်အမှန် သိုင်းသူတော်စင်' ဖြစ်လာစေနိုင်မည့် နည်းလမ်းကို မတော်တဆ ကောက်ရလိုက်သည်ဟု ပြောလျှင် နင်ချီ လုံးဝ ယုံကြည်မည် မဟုတ်ချေ။
တိုက်ဆိုင်လွန်းနေလေ၏။
တမင်တကာ စီစဉ်ထားသကဲ့သို့ တိုက်ဆိုင်လွန်းနေ၏။
ထိုအချက်ကို တွေးမိလိုက်သောအခါ...
သူ၏ စိတ်နှလုံးထဲ၌ သတိတရားများ ဝင်ရောက်လာခဲ့လေ၏။
('တကယ်လို့များ ငါထင်တာ ဟုတ်နေခဲ့ရင်... ငါက တစ်စုံတစ်ယောက်ရဲ့ အစီအစဉ်ကို မရည်ရွယ်ဘဲ ဖျက်ဆီးမိလိုက်တာများလား...')
နင်ချီသည် ကိုယ့်ကိုယ်ကိုယ် ပြန်လည် နှစ်သိမ့်လိုက်သည်။
('ငါ အတွေးလွန်နေတာပဲ ဖြစ်ပါစေလေ...')
ထိုကဲ့သို့ အစီအစဉ်များကို ရေးဆွဲနိုင်သူများမှာ 'ကောင်းကင်သတ် သိုင်းသူတော်စင်' နှင့် 'မဟာယန် သိုင်းသူတော်စင်' တို့ကဲ့သို့ ထိပ်တန်းအဆင့် ရှေးဟောင်းဘီလူးကြီးများသာ ဖြစ်နိုင်ပေ၏။ 'တာအိုဆရာ ပိုင်ရှန်'နှင့် အခြားသူများပင်လျှင် ထိုအရည်အချင်းမျိုး မရှိကြသေးပေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည်လည်း ကျင့်ကြံမှုအဆင့် ပြန်လည်ရရှိရန်အတွက် 'ဝိညာဉ်နိုးထခြင်း' ကိုသာ စောင့်ဆိုင်းနေကြရသောကြောင့် ဖြစ်၏။
လန်ရီရီနှင့် ချင်ယွင်တို့သည် နင်ချီကို ကြည့်ရှုရင်း သူတို့၏ စိတ်နှလုံးထဲ၌ စိမ့်ခနဲ တုန်လှုပ်သွားကြရ၏။
နင်ချီသည် သက်ပြင်းတစ်ချက်ကို ဖွဖွလေး မှုတ်ထုတ်လိုက်လေ၏။
"ထားလိုက်ပါတော့... အရမ်း တွေးနေလို့လည်း အပိုပါပဲ... စောစော ပြန်ကြတာ ပိုကောင်းပါတယ်ဗျာ"
စကားဆုံးသည်နှင့်...
သူသည် လက်ကို ဝှေ့ယမ်းလိုက်ရာ ဟင်းလင်းပြင်၏ နေရာအနှံ့အပြား၌ ဝှက်ထားသော မှော်ကျောက်စိမ်းပြား ( များသည် အလင်းရောင်များ ထုတ်လွှတ်ရင်း သူ့ထံသို့ ပြန်လည် ပျံသန်းရောက်ရှိလာကြသည်။
ဤတစ်ကြိမ်တွင် နင်ချီသည် ကူနတ်ဘုရားအား ထွက်ပြေးရန် အခွင့်အရေး မပေးခဲ့သော်လည်း၊ 'မြူဖြူဝင်္ကပါ' ရှိနေခြင်းက အတိုင်းအတာ တစ်ခုအထိ ဟန့်တားမှု ပေးစွမ်းနိုင်ခဲ့လေ၏။
ထိုအချိန်၌ မြူဖြူ စွမ်းအားများ ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်၏။
နင်ချီသည် သိုင်းတာအို စိတ်ဆန္ဒ နယ်ပယ် မျိုးစုံကို အသက်သွင်းကာ၊ ကောင်းကင်နှင့် မြေကြီးစွမ်းအားများကို ထိန်းချုပ်ပြီး အပျက်အစီးဖြစ်နေသော တောင်ပိုင်းနယ်စပ် ဘိုးဘေးနယ်မြေကို နောက်ထပ်အကြိမ်ပေါင်းများစွာ ကြိတ်ချေ ဖျက်ဆီးလိုက်လေ၏။
ရည်ရွယ်ချက်မှာ ရိုးရှင်းလှပေ၏။
ယခင် ဖြစ်ပွားခဲ့သော တိုက်ပွဲ၏ ခြေရာလက်ရာများကို တတ်နိုင်သမျှ ဖျောက်ဖျက်ပစ်ရန်သာ ဖြစ်၏။
ကိစ္စအားလုံး ပြီးဆုံးသွားသောအခါမှသာ နင်ချီတစ်ယောက် သက်ပြင်းချနိုင်တော့သည်။ ထို့နောက် သူတို့သုံးဦးသည် ကောင်းကင်ယံသို့ ပျံသန်းကာ ထွက်ခွာသွားကြ
လေတော့၏။
မူလက စည်ကားခဲ့သော တောင်ပိုင်းနယ်စပ် ဘိုးဘေးနယ်မြေကြီးသည် လုံးဝ တိတ်ဆိတ်ငြိမ်သက် ကျန်ရစ်ခဲ့လေ၏။
...
အချိန်မည်မျှ ကြာမြင့်သွားသည်ကို မည်သူမျှ မသိရှိကြပေ။
တိတ်ဆိတ်ခြောက်ကပ်နေသော တောင်ပိုင်းနယ်စပ် အပျက်အစီးများကြား၌၊ အနက်ရောင် ဝတ်ရုံကို လွှမ်းခြုံထားသော လူတစ်ယောက်သည် ဖြည်းညင်းစွာ လျှောက်လှမ်းလာခဲ့သည်။
သူသည် ရှေ့မှ တိတ်ဆိတ်ငြိမ်သက်နေသော မြင်ကွင်းကို ကြည့်ရှုလိုက်သော်လည်း သူ၏ မျက်နှာပေါ်၌ မည်သည့် ခံစားချက်မျှ ပေါ်လွင်ခြင်း မရှိချေ။
"တကယ်ပဲ သေသွားပြီလား" ဟု အနက်ရောင်ဝတ်ရုံနှင့်လူက တီးတိုးရေရွတ်လိုက်သည်။
သူသည် လက်ကို ဝှေ့ယမ်းလိုက်ရာ ဝိညာဉ်စွမ်းအင်များ လှုပ်ရှားလာပြီး၊ မူလက တည်ငြိမ်နေသော ဟင်းလင်းပြင်သည် ရုတ်တရက် ဆူပွက်လာကာ၊ စွမ်းအားလမ်းကြောင်းများသည် ကွန်ရက်သဖွယ် ယှက်နွှယ်
ဖြစ်တည်လာလေ၏။
သူသည် ဂရုတစိုက် လေ့လာကြည့်ရှုလိုက်သည်။
('ရေနဲ့ မီး ဝိညာဉ်စွမ်းအား နှစ်ခုလုံး ရှိနေတယ်... သိုင်းသူတော်စင် အဆင့် လျှို့ဝှက်ရတနာကနေ ထုတ်သုံးထားတာ ဖြစ်ရမယ်... ဒါ့အပြင် သိုင်းတာအို ဆန္ဒတွေလည်း အများကြီးပဲ... ဓားသိုင်း၊ ဓားမသိုင်း၊ လေတာအို၊ မိုးကြိုးတာအို... လူအများကြီး လာသွားကြပုံ ရတယ်')
('သူတို့ တစ်ခုခုကို ရှာတွေ့သွားကြတာလား... ဒါမှမဟုတ် သောက်သုံးမကျတဲ့ ကောင်ကပဲ ကံဆိုးသွားတာလား')
အနက်ရောင်ဝတ်ရုံနှင့် လူသည် စိတ်ထဲ၌ တွေးတော ခန့်မှန်းလိုက်သည်။
နောက်ဆုံးတွင်...
သူသည် ဟင်းလင်းပြင်ရှိ စွမ်းအားလမ်းကြောင်းများကို ဖျက်ဆီးရန် လက်ကို ဝှေ့ယမ်းလိုက်ပြီး တိတ်ဆိတ်စွာ သက်ပြင်းချလိုက်လေ၏။
"ဟူး... နံရံကို ရွှံ့နဲ့သုတ်လို့ မရဘူးဆိုသလိုပါပဲ... အသုံးကို မကျတဲ့ကောင်... ဒါပေမဲ့ ဒီကိစ္စကို လက်သည်တရားခံက ဘယ်သူလဲ ဆိုတာတော့ စစ်ဆေးရဦးမယ်... တကယ်လို့ ငါ့ကို တမင်သက်သက် ဆန့်ကျင်တာဆိုရင်တော့..."
သူသည် စိတ်ထဲမှ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး၊ သူ၏ အကြည့်များသည် တဖြည်းဖြည်း ရေခဲရိုက်သကဲ့သို့ အေးစက်သွားလေ၏။
ခေတ္တမျှ ကြာသောအခါ...
အနက်ရောင်ဝတ်ရုံနှင့်လူသည်လည်း လေထုထဲ၌ ပျောက်ကွယ်သွားပြီး၊ တောင်ပိုင်းနယ်စပ် ဘိုးဘေးနယ်မြေသည် နောက်တစ်ကြိမ် ပြန်လည် တိတ်ဆိတ်
သွားလေတော့သည်။
...
အစစ်အမှန်သိုင်းတောင်..။
နင်ချီနှင့် အခြားသူများ ပြန်လည်ရောက်ရှိလာခြင်းသည် ဂိုဏ်းအတွင်း၌ လှိုင်းဂယက် တစ်ခု ဖြစ်ပေါ်စေခဲ့လေ၏။
သူ ထွက်ခွာသွားစဉ်က နင်ချီ ထွက်သွားကြောင်း လော့ဝမ်ထျန်း မသိလိုက်မည် စိုးရိမ်သဖြင့် ယွမ်ထျန်းချန်အား အကြောင်းကြားခိုင်းခဲ့ခြင်း ဖြစ်၏။
"မိန်းကလေးလန်... မတွေ့တာတောင် ကြာပြီပဲ"
လော့ဝမ်ထျန်းသည် လန်ရီရီ ပြန်လည်ပါလာသည်ကို မြင်လိုက်ရသောအခါ ကိစ္စရပ်များ ပြီးပြည့်စုံစွာ ဖြေရှင်းပြီးဖြစ်ကြောင်း သိရှိလိုက်သည်။ သူသည် ပြုံးရွှင်စွာ နှုတ်ဆက်လိုက်ပြီး၊ အထူးသဖြင့် ချင်ယွင်သည် သူ၏ မူလ ရုပ်ရည်ချောမောသော ပုံစံအတိုင်း ရှိနေသည်ကို မြင်သောအခါ သူ၏ အပြုံးများ ပိုမိုတောက်ပလာလေ၏။
ယဲ့ချင်းဟယ်သည် ချင်ယွင်၏ ဘေးပတ်လည်ကို ချဲ့ကားသော ပုံစံဖြင့် အကြိမ်ကြိမ် လှည့်ပတ်ကြည့်ရှုလိုက်ပြီး အံ့သြစွာ ရေရွတ်လိုက်သည်။
"အိုး..ဘယ်က လူချောလေးပါလိမ့်... ကြည့်စမ်း... ဒါ ရှစ်လေး မဟုတ်လား... ငါတို့က ဆွဲဆောင်မှု မရှိလို့ တခြားသူတွေက အားစိုက်ထုတ်ပြီး ဖမ်းစားမှပဲ အဖတ်လုပ်ခံရတော့တယ် ထင်ပါရဲ့"
သူမသည် မျက်လုံးတစ်ဖက် မှိတ်ပြလိုက်သည်။
လူတိုင်း ရယ်မောလိုက်ကြလေ၏။
ချင်ယွင်သည် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကို ကုတ်လိုက်မိသည်။
အတည်ပြောရလျှင် မူလက သူသည် မိမိကိုယ်ကို အမြဲ သတိရှိစေရန်အတွက် အသက်စွမ်းအား ကုန်ခမ်းနေသော အဘိုးအိုပုံစံဖြင့်သာ ဆက်လက် နေထိုင်လိုခဲ့ခြင်း ဖြစ်၏။
သို့သော် ဤတစ်ကြိမ်တွင် လန်ရီရီနှင့် တွေ့ဆုံရမည်ဟု တွေးမိသောအခါ၊ သူသည် အလိုအလျောက်ပင် ထိုအိုမင်းရင့်ရော်နေသော ပုံစံကို သူမအား မပြသလိုတော့ချေ။
လန်ရီရီသည် အနည်းငယ် ရှက်သွေးဖြာနေရှာသည်။
နင်ချီသည် ပြုံးလိုက်ပြီး ကြားဝင် ဖြေရှင်းပေးလိုက်လေ၏။
"စီနီယာအစ်မသုံးရယ်... အစ်ကိုရှစ်ကို စမနေပါနဲ့ဗျာ... သတင်းကောင်းလေး ပါးပါရစေ... ဒီနေ့ကစပြီး မိန်းကလေးလန်က ကျွန်တော်တို့ အစစ်အမှန်သိုင်းဂိုဏ်းကို တရားဝင် ဝင်ရောက်ပါလိမ့်မယ်"
ဤကိစ္စကို လန်ရီရီသည် လမ်းခရီးကတည်းက ဆုံးဖြတ်ပြီးသား ဖြစ်၏။
ထိုအခ့မှာတော့၊ လူအုပ်ကြီးဆီမှ ဟေးခနဲ ဝမ်းသာအားရ ကြွေးကြော်သံများ ထွက်ပေါ်လာလေ၏။
"ကြိုဆိုပါတယ်... နွေးထွေးစွာ ကြိုဆိုပါတယ်"
လူအုပ်ကြားထဲ၌...
လင်းရူဟွာသည် ကလေးငယ် တစ်ဦးကို ပွေ့ချီထားပြီး ကျန်းပိုင်ရှန်းနှင့်အတူ အပြုံးချင်း ဖလှယ်လိုက်ကြသည်။ မကြာသေးမီက လင်ရူဟွာသည် ကျန်းမင် ဟု အမည်ရသော သားလေးတစ်ဦးကို အောင်မြင်စွာ မွေးဖွားခဲ့ခြင်း ဖြစ်၏။
လန်ရီရီနှင့် ချင်ယွင်တို့၏ ပုံစံကို မြင်တွေ့လိုက်ရသောအခါ၊ သူတို့သည် လွန်ခဲ့သော အချိန်များဆီက သူတို့၏ ပုံရိပ်များကို မေ့မရနိုင်အောင် ပြန်လည်အောက်မေ့ သွားကြလေ၏။
လန်ရီရီသည် စစ်မှန်သော အပြုံးများနှင့် ပြည့်နှက်နေသည့် မျက်နှာများကို ကြည့်ရှုရင်း အနည်းငယ် ကြောင်ငေးနေမိသော်လည်း၊ သူမ၏ ရင်ထဲ၌ နွေးထွေးသော စီးကြောင်း တစ်ခု ဖြတ်သန်းသွားသည်ကို ခံစားလိုက်ရသည်။
ယခုမှစ၍ သူမ၌ တောင်ပိုင်းနယ်စပ်နှင့် မည်သည့် ပတ်သက်ဆက်နွယ်မှုမျှ မရှိတော့ချေ။ မူလက သူမသည် ဟာတာတာ ဖြစ်နေသည်ဟု ခံစားခဲ့ရသော်လည်း၊ ယခုအခါတွင်မူ 'ငါ့မှာ ပြန်စရာနေရာ ရှိသွားပြီ' ဟူသော စိတ်ခံစားချက် ကို တဖြည်းဖြည်း ရရှိလာခဲ့ခဲ့ပြီ ဖြစ်ပါသည်။
ယခင်က ချင်ယွင်ကို ကုသပေးရန် အစစ်အမှန်သိုင်းတောင်သို့ လာရောက်စဉ်ကတည်းက၊ ချင်ယွင်၏ ဂိုဏ်းတူ မောင်နှမများက သူ့အပေါ် မည်မျှ ဂရုစိုက်ကြသည်ကို သူမ သတိထားမိခဲ့ပြီး ဖြစ်၏။ ယခုအခါတွင်မူ ထိုနွေးထွေးမှုကို ပိုမို ပီပြင်စွာ ခံစားသိရှိလိုက်ရပြီ ဖြစ်၏။
လန်ရီရီ၏ နှုတ်ခမ်းထောင့်စွန်းများသည် အပြုံးရေးရေးလေး တစ်ခုအဖြစ် ကွေးညွှတ်သွားလေတော့သည်။