မိုးသစ်လေသစ်နှင့် ရွှေရောင်အိပ်မက်များ
Vol. 26 Ch. 379
~မြို့စောင့် မြောက်ပိုင်းဘုရင် ထွက်ခွာသွားသည်ကို ကြည့်ရှုရင်း၊ နင်ချီနှင့် လော့ဝမ်ထျန်းတို့သည် အချင်းချင်း ကြည့်ကာ ပြုံးလိုက်ကြလေ၏။
ဝန်ခံရမည် ဆိုလျှင်...
မြို့စောင့် မြောက်ပိုင်းဘုရင်သည် အလွန်ပင် ရက်ရောလှပေ၏။
နင်ချီ၏ ပိုင်ဆိုင်ခွင့်နယ်မြေကို ချဲ့ထွင်ပေးရုံမျှမက၊ အခြားသော ရှေးဟောင်းသူတော်စင်များ တစ်ခါမှ မရရှိခဲ့ဖူးသည့် အခွင့်အရေးများစွာကိုလည်း ပံ့ပိုးပေးခဲ့သေး၏။
နင်ချီ၏ စွမ်းအားကြီးမားမှုသည် အကြောင်းရင်းတစ်ရပ် ဖြစ်သော်လည်း၊ အရေးအကြီးဆုံး အကြောင်းရင်းမှာမူ လီလင် ဤနေရာ၌ ရှိနေခြင်းကြောင့် ဖြစ်ပေ၏။ အစစ်အမှန်သိုင်းဂိုဏ်း ဖွံ့ဖြိုးတိုးတက်လေ၊ သူ၏ သားဖြစ်သူ ပိုမို ဂရုစိုက်ခံရလေ ဖြစ်ပေလိမ့်မည်။
သို့သော် သူ မသိရှိသည်မှာ... ထိုအခွင့်ထူးများ မရှိလျှင်ပင် အစစ်အမှန်သိုင်းဂိုဏ်းသားများသည် လီလင်အပေါ် ဆိုးရွားစွာ ဆက်ဆံကြမည် မဟုတ်ပေ။
"အလုပ်ရှုပ်ရမယ့်အချိန် ပြန်ရောက်လာပြီပေါ့..." ဟု လော့ဝမ်ထျန်းက မျှော်လင့်ချက်များဖြင့် လက်ကို ပွတ်သပ်ရင်း ပြောလိုက်သည်။
နယ်မြေနှစ်ခုနီးပါး တိုးလာသည်နှင့်အမျှ သူ၏ ပခုံးပေါ်ရှိ တာဝန်များသည်လည်း ပိုမို လေးလံလာခဲ့ပြီ ဖြစ်၏။ အကယ်၍ ဤအင်အားစုများကို မိမိအတွက် အသုံးချနိုင်အောင် မစွမ်းဆောင်နိုင်ပါက၊ နာမည်သာ ကောင်းပြီး အနှစ်မရှိ ဖြစ်နေပေလိမ့်မည်။ သိုင်းဂိုဏ်းတစ်ခုကို စီမံခန့်ခွဲရသည်မှာ အသေးစိတ် အချက်အလက်များစွာကို ဂရုစိုက်ရသည် မဟုတ်ပါလော။
နင်ချီသည် ခေါင်းညိတ်လိုက်ပြီး ပြန်ပြောပြလိုက်၏။
"မှန်ပါတယ်... ဒါပေမဲ့ အရေးအကြီးဆုံးက မကြာခင်ရောက်လာမယ့် ဝိညာဉ်နိုးထခြင်းကို အာရုံစိုက်ဖို့ပါပဲ... အစ်ကိုကြီး၊ နယ်မြေထဲမှာ ဘာအပြောင်းအလဲတွေ ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရပါမယ်"
'တာအိုဆရာ ပိုင်ရှန်'ထံမှ ဝိညာဉ်နိုးထခြင်း၏ အနှစ်သာရကို သိရှိပြီးနောက်တွင်၊ လောက အသွင် ပြောင်းလဲသွားသည့်အခါ ဤနယ်မြေနှစ်ခု၏ အကျယ်အဝန်းသည် ဆယ်ဆ ၊သို့မဟုတ်၊ ထို့ထက်မက ကြီးထွားလာနိုင်ကြောင်း နင်ချီ သဘောပေါက်ထားလေ၏။
ထို့အပြင် အရေးအကြီးဆုံးမှာ... ရှားပါးရတနာများ ပေါ်ထွက်လာနိုင်ခြင်းပင် ဖြစ်၏။
ဤသည်မှာ လူရိုင်းဧကရာဇ်နှင့် ရှေးဟောင်းသူတော်စင်များစွာတို့က နယ်မြေ အသီးသီးကို အပြိုင်အဆိုင် ဦးစီး သိမ်းပိုက်ချင်နေကြသည့် အခြေခံ အကြောင်းရင်း ဖြစ်ပေ၏။
နယ်မြေသည် မင်္ဂလာ ရှိလေ၊ ရတနာ ပေါ်ထွက်နိုင်ခြေ ပိုများလေ ဖြစ်၏။
လူရိုင်းဧကရာဇ် သိမ်းပိုက်ထားသော မြက်ခင်းပြင်ကြီးသည် ကျယ်ပြောသည်ဟု ထင်ရသော်လည်း၊ လက်တွေ့တွင်မူ မဟာယန် ၏ ခရိုင်တစ်ခုကိုပင် ယှဉ်နိုင်ချင်မှ ယှဉ်နိုင်ပေလိမ့်မည်။
...
အချိန်ကာလသည် ဆက်လက် ကုန်ဆုံးသွားခဲ့လေ၏။
လောက၏ လေထု အခြေအနေသည် သိသိသာသာ ပြောင်းလဲလာခဲ့၏။
ရှေးဟောင်းသူတော်စင်များ တစ်ပါးပြီးတစ်ပါး ပြန်လည် ရောက်ရှိလာကြသည်နှင့်အမျှ၊ လူအများသည် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ရိပ်မိလာကြပြီ ဖြစ်၏။ လူများစွာသည် အမှန်တရားကို ဖော်ထုတ်ရန်အတွက် ရှေးဟောင်းသူတော်စင်များနှင့် ရင်းနှီးခွင့်ရအောင် အစွမ်းကုန် ကြိုးစားနေကြလေ၏။ ရည်ရွယ်ချက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ... ပြန့်ကျဲနေသော သတင်းအချက်အလက် အချို့သည် တဖြည်းဖြည်း ပျံ့နှံ့လာခဲ့သည်။
ကောင်းကင်နှင့် မြေကြီးအကြား၌ ကြီးမားသော အသွင် ပြောင်းလဲမှုကြီး တစ်ခု ဖြစ်ပေါ်လာတော့မည် ဟူ၏။
ထိုအချိန်ကျရောက်လျှင် တောင်တန်းများနှင့် မြစ်ချောင်းများသည် ကျယ်ပြန့်လာပြီး၊ ရှေးဟောင်းတောင်ထွတ်များနှင့် နတ်ဘုရားမြစ်များအဖြစ် ပြောင်းလဲသွားကြလိမ့်မည်။ ထို့အပြင် ကောင်းကင်နှင့် မြေကြီးကြားရှိ စွမ်းအင်များသည် ပိုမို ကြွယ်ဝလာမည် ဖြစ်သဖြင့်၊ သိုင်းပညာရှင်များအတွက် ကျင့်ကြံရ လွယ်ကူလာပြီး၊ ရှေးခေတ်သိုင်းပညာ ထွန်းကားခဲ့သည့် ရွှေခေတ်ကာလသို့ ပြန်လည် ရောက်ရှိနိုင်မည့် မျှော်လင့်ချက်များ ပွင့်လန်းလာပေလိမ့်မည်။
ဤသတင်း ထွက်ပေါ်လာသောအခါ...၊
လူတိုင်းသည် ဆူညံပွက်လောရိုက်သွားကြလေ၏။
မှတ်တမ်းများအရ ရှေးခေတ်ကာလတိုင်းတွင် သိုင်းသူတော်စင်များစွာ ပေါ်ထွက်ခဲ့သော်လည်း၊ အကြောင်းအမျိုးမျိုးကြောင့် ကျဆင်းလာခဲ့ပြီးနောက် သိုင်းသူတော်စင် ဖြစ်လာရန် အခက်အခဲများ များစွာ တိုးလာခဲ့ရသည်။ နောက်ပိုင်းတွင် ခေတ်တစ်ခေတ်၌ အများဆုံး တစ်ပါး သို့မဟုတ် နှစ်ပါးသာ ပေါ်ထွက်နိုင်တော့သည်။
သို့သော် ယခုအခါတွင် လောက အသွင်ပြောင်းလဲကာ ကျင့်ကြံခြင်း လွယ်ကူလာသည်နှင့်အမျှ၊ ခေတ်သစ်တစ်ခု စတင်တော့မည် ဖြစ်ပေ၏။
အထူးသဖြင့် ကောင်းကင်ဘုံလူသားအဆင့် သိုင်းပညာရှင်များသည် ပိုမို၍ မျှော်လင့်ချက် ထားရှိလာကြသည်။
ယခုခေတ် ကောင်းကင်ဘုံလူသားအဆင့် သိုင်းပညာရှင် အများစုသည် သိုင်းသူတော်စင်အဆင့်သို့ တက်လှမ်းရန် မျှော်လင့်ချက် မရှိသဖြင့်၊ အဆင့်တစ်ခုတည်းကိုသာ စွဲမြဲစွာ ကျင့်ကြံနေကြခြင်း ဖြစ်၏။ သူတို့သည် တိုတောင်းသော အချိန်အတွင်း ပိုမိုပြင်းထန်သော တိုက်ခိုက်ရေးစွမ်းရည် ရရှိရန်သာ ကြိုးပမ်းကြ၏။ သို့သော် ယခုအခါ လူများစွာသည် မျှော်လင့်ချက်မီးများ ပြန်လည် တောက်လောင်လာကြပြီး၊ ကြီးမားသော ပေးဆပ်မှုများ ပြုလုပ်၍ပင် ပြန်လည် ကျင့်ကြံရန် ပြင်ဆင်နေကြခဲ့ပြီ ဖြစ်ပါသည်။
သေချာသည်မှာ...
အချို့သော သူများသည် သတိထားနေဆဲ ဖြစ်လေ၏။
သို့သော် အချိန်တစ်ခု ရောက်သောအခါ၊ ပိုမို တိကျခိုင်မာသော သတင်းအချက်အလက်များ ထွက်ပေါ်လာပြီး၊ အပိုင်းအစ ဖြစ်နေသော သိုင်းသူတော်စင် အမွေအနှစ်အချို့ပါ ပေါ်ထွက်လာခဲ့လေ၏။
ဤအရာသည် သိုင်းလောကကို ပိုမို လှုပ်ခတ်သွားစေခဲ့၏။
သိုင်းသူတော်စင် အမွေအနှစ် အပိုင်းအစတစ်ခု ပေါ်ထွက်လာတိုင်း၊ သွေးစွန်းသော မုန်တိုင်းတစ်ခု ဖြစ်ပေါ်လေ့ရှိပြီး၊ နောက်ကွယ်မှ မမြင်ရသော လက်မည်းကြီးတစ်ခုက အရာရာကို ကြိုးကိုင်နေသကဲ့သို့ ဖြစ်နေပေ၏။
လောကသည် ဖရိုဖရဲ ဖြစ်နေခဲ့ပြီ ဖြစ်ပါသည်။
နင်ချီကမူ အစစ်အမှန်သိုင်းတောင်ပေါ်၌ အေးချမ်းစွာ ထိုင်နေပြီး၊ ကောင်းကင်မှ တိမ်တိုက်များကို ငေးမော ကြည့်ရှုနေလေ၏။
ယခု သူ၏ စိတ်နေသဘောထားသည် အလွန် တည်ငြိမ်နေလေ၏။ အရာအားလုံး အဆင်သင့် ဖြစ်နေပြီ ဖြစ်ရာ၊ အရှေ့လေလာမည့် အချိန်ကိုသာ စောင့်ဆိုင်းနေရုံပင်။ ဝိညာဉ်နိုးထမည့် နေ့ရက် ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက်၊ သူသည် မိုးထိအောင် ပျံတက်သွားနိုင်ပေလိမ့်မည်။
တောင်ပိုင်းနယ်စပ်မှ ပြန်ရောက်ပြီး မကြာမီမှာပင်...
တာအိုဆရာ လုံရှန်း သည် 'ကောင်းကင်ဘုံလူသား ပြီးပြည့်စုံခြင်း အဆင့်' သို့ အောင်မြင်စွာ အဆင့်ချိုးဖြတ်နိုင်ခဲ့လေ၏။
ချင်ယွင်သည်လည်း တံခါးပိတ် ကျင့်ကြံခြင်းကို စတင်ခဲ့ပြီး၊ 'ကောင်းကင်ဘုံ တက်လှမ်း ဆေးလုံး' ကို အပြည့်အဝ သန့်စင်နေပြီ ဖြစ်၏။ နင်ချီ၏ ခန့်မှန်းချက်အရ နောက်ထပ် တစ်လအတွင်း သူသည်လည်း ကောင်းကင်ဘုံလူသား ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိနိုင်မည် ဖြစ်ပြီး၊ ဝိညာဉ်နိုးထခြင်း မတိုင်မီ ရောက်ရှိရန် ရာခိုင်နှုန်း များပြားနေပေ၏။
ဤသို့ တွက်ချက်ကြည့်လိုက်လျှင်...
နင်ချီကို ဖယ်ထားလိုက်ပါက၊ အစစ်အမှန်သိုင်းဂိုဏ်းတွင် တာအိုဆရာ လုံရှန်း၊ ချင်ယွင်နှင့် ဓားမ မိစ္ဆာ အပါအဝင် ကောင်းကင်ဘုံ လူသား ပြီးပြည့်စုံခြင်း အဆင့်ရှိသူ သုံးဦး ရှိနေပြီ ဖြစ်၏။
ထိုအချိန်ရောက်လျှင်...
ဝိညာဉ်နိုးထခြင်းက သယ်ဆောင်လာမည့် နှစ်ထောင်ချီမှ တစ်ကြိမ်သာ ကြုံရသော ကောင်းကင်ဘုံ အခွင့်အရေးကို အသုံးပြု၍၊ သူတို့သည် သိုင်းသူတော်စင် အဆင့်သို့ တစ်ရှိန်ထိုး တက်လှမ်းနိုင်ကြပေလိမ့်မည်။
အကယ်၍ ဤအခွင့်အရေး လွတ်သွားပါက၊ သူတို့သည် နေ့စဉ် ကြိုးစားအားထုတ်မှုအပေါ် မူတည်၍ ဖြည်းဖြည်းချင်း ကျင့်ကြံရမည် ဖြစ်ရာ၊ အချိန်များစွာ ပိုမို ကြာမြင့်သွားပေလိမ့်မည်။
နင်ချီသည် သူ၏ အခြား ဂိုဏ်းတူ မောင်နှမများ ဤအခွင့်အရေးကို အသုံးချ၍ မပျံသန်းနိုင်သည့်အတွက် အနည်းငယ် စိတ်မကောင်း ဖြစ်မိသည်။ ကံဆိုးစွာပင် သူတို့အထဲ၌ ကျင့်ကြံမှု အမြန်ဆုံးဖြစ်သော ကျန်းပိုင်ရှန်း (ပင်လျှင် 'မူလအမြုတေ အဆင့်' သို့ ရောက်ရှိရန် အလှမ်းဝေးနေသေး၏။
နင်ချီ ဖန်တီးပေးခဲ့သော လျှို့ဝှက်နည်းလမ်း အမျိုးမျိုးကြောင့် သူတို့၏ ကျင့်ကြံမှုနှုန်းသည် အလွန် မြန်ဆန်နေပြီ ဖြစ်သော်လည်း၊ သူတို့၏ အခြေခံအုတ်မြစ်များမှာ နက်ရှိုင်းခြင်း မရှိသေးပေ။
သို့သော်...
ဝိညာဉ်နိုးထပြီးနောက်တွင် သူတို့၏ ကျင့်ကြံမှုနှုန်းသည် ဆက်လက် တိုးတက်လာလိမ့်မည်ဟု နင်ချီ ခန့်မှန်းထားသည်။
ကျင့်ကြံမှု အဆင့်မြှင့်တင်ခြင်းအပြင်...
ဖော်ထုတ်ရမည့် လျှို့ဝှက်နည်းလမ်း အမျိုးမျိုးလည်း ရှိနေသေး၏။
'တာအိုတစ်သောင်း နိဗ္ဗာန် နည်းစနစ်' ကို နင်ချီက ဆက်တိုက် မွမ်းမံခဲ့ပြီး၊ နောက်ဆုံးတွင် ဓားမ မိစ္ဆာနှင့် အခြားသူများ၏ ကျင့်စဉ်လမ်းကြောင်းနှင့် ကိုက်ညီမည့် လျှို့ဝှက်နည်းစနစ်တစ်ခုကို ခန့်မှန်း တွက်ချက်နိုင်ခဲ့လေ၏။
၎င်းသည် တာအိုတစ်သောင်း နိဗ္ဗာန် နည်းစနစ်ကဲ့သို့ 'အသက်အဆိပ်' ကို အမြစ်ပြတ် မဖယ်ရှားနိုင်သော်လည်း၊ ရှေးဟောင်းလိပ်အိုကြီး ပေးအပ်ခဲ့သော နည်းစနစ်ထက် အသက်အဆိပ်ကို အားလျော့စေရာတွင် ပိုမို ထိရောက်မှု ရှိပေ၏။
ထို့အပြင်...
မျောက်ဖြူ နှင့် ကျွမ်းချန် တို့အတွက် သွေးမျိုးဆက်နိုးထခြင်း လျှို့ဝှက်နည်းစနစ်များလည်း ရှိနေသေးသည်။
စမ်းသပ်မှု များစွာ ပြုလုပ်ပြီးနောက်၊ နင်ချီသည် လမ်းအားလုံးသည် တစ်နေရာတည်းသို့သာ ဦးတည်နေကြောင်း ရှာဖွေတွေ့ရှိခဲ့သည် - ဝိညာဉ်နိုးထချိန်၌ သူတို့၏ သွေးမျိုးဆက်နှင့် 'ဓားအရိုး' ကို ဘေးကင်းစွာ နှိုးဆွနိုင်ရန် အဓိကသော့ချက်မှာ အသက်အဆိပ်၏ သက်ရောက်မှုကို အနည်းဆုံး ဖြစ်အောင် လျှော့ချခြင်းပင် ဖြစ်၏။
ထိုအချက်ကို မူတည်၍...၊
နင်ချီသည် တာအိုတစ်သောင်း နိဗ္ဗာန် နည်းစနစ်မှတဆင့် ပြန်လည် တွက်ချက်မှုများ ပြုလုပ်ခဲ့သည်။
သို့သော် မျောက်ဖြူနှင့် ကျွမ်းချန် နှစ်ဦးစလုံးသည် 'ပန်းသုံးပွင့် ပြီးပြည့်စုံခြင်း အဆင့်' နှင့် အလှမ်းဝေးနေသေးသဖြင့် ပန်းသုံးပွင့်ကို မစုစည်းနိုင်ကြပေ။ ထို့ကြောင့် သူသည် အခြားနည်းလမ်းများကို ရှာဖွေခဲ့ပြီး၊ သူတို့၏ ထူးခြားသော ဝိသေသလက္ခဏာများအပေါ် အခြေခံ၍ သင့်လျော်သော နည်းစနစ်များကို ဖော်ထုတ်ပေးခဲ့သည်။
ကျွမ်းချန်အတွက် သူ၏ ''မူလ ဓားအရိုး' ကို အခြေခံထားပြီး၊ မျောက်ဖြူအတွက်မူ သူ၏ 'ဝိညာဉ်သားရဲ သွေးမျိုးဆက်' ကို အခြေခံထားခြင်း ဖြစ်၏။
ဤနည်းအားဖြင့် သူတို့ နိုးထလာချိန်တွင် အသက်အဆိပ်၏ သက်ရောက်မှုကို လျော့နည်းစေနိုင်မည် ဖြစ်ပြီး၊ နင်ချီ ကိုယ်တိုင်လည်း ဘေးမှ စောင့်ကြည့်ပေးနေမည် ဖြစ်၏။ မအောင်မြင်လျှင်ပင် ကြီးမားသော ပြဿနာ ပေါ်ပေါက်လာမည် မဟုတ်ချေ။
သို့သော် နင်ချီသည် သူတို့အား အသက်အဆိပ် ရှိနေကြောင်းကို ထုတ်ဖော်မပြောပြခဲ့ပေ။ ဤလျှို့ဝှက်နည်းစနစ်များသည် ဝိညာဉ်နိုးထချိန်၌ အလွန် အသုံးဝင်လိမ့်မည်ဟုသာ ပြောဆို၍ သူတို့အား နားလည်သဘောပေါက်ရန် ပေးအပ်ခဲ့လေ၏။
('မင်းတို့တွေ... အဆင်သင့် ပြင်ထားကြပါ... ပွဲကြီးပွဲကောင်း လာတော့မယ်')
နင်ချီသည် တောင်ထိပ်ဖျား၌ တကိုယ်တည်း ရပ်ရင်း တိုးညင်းစွာ ရေရွတ်လိုက်လေ၏။