← Chapters

ကမ္ဘာသစ်၏ တံခါးဝ

Vol. 26 Ch. 380

ကမ္ဘာသစ်၏ တံခါးဝ

Vol. 26 Ch. 380

~'တာအိုရှာဖွေခြင်း ကျောင်းတော်' အတွင်းရှိ 'ဉာဏ်အလင်း သစ်ပင်' အောက်၌၊ နင်ချီသည် သက်တောင့်သက်သာ လှဲလျောင်းနေလေ၏။

ယခင်က ရေနဂါးနှင့် မီးနဂါးတို့ ကူနတ်ဘုရား၏ ရွှေရောင်အရိုးစုကို သန့်စင်ခဲ့စဉ်က၊ ဟင်းလင်းပြင်ထဲ၌ ပြန့်ကျဲသွားသော ကူနတ်ဘုရား၏ သွေးသားအနှစ်သာရများကို နင်ချီသည် အလဟဿ မဖြစ်စေဘဲ စုဆောင်းထားခဲ့၏။

အဘယ်ကြောင့်ဆိုသော် ကူနတ်ဘုရား၏ ခန္ဓာကိုယ်သည် အတိုင်းအတာ တစ်ခုအထိ 'သိုင်းသူတော်စင် ခန္ဓာ' ဟု သတ်မှတ်နိုင်သောကြောင့် ဖြစ်၏။ နင်ချီသည် ထိုအနှစ်သာရများကို ပြန်လည်ယူဆောင်လာပြီး၊ 'သွေးဆေးလုံး' အဖြစ် သန့်စင်ကာ ဉာဏ်အလင်း လက်ဖက်ပင်ကို မြေဩဇာကျွေးခဲ့လေ၏။

ထို့ကြောင့် ယခုအခါ ဉာဏ်အလင်း လက်ဖက်ပင်သည် ပိုမို စိမ်းလန်းစိုပြေလာပြီး၊ ကျောင်းတော်၏ ထက်ဝက်ခန့်ကိုပင် အုပ်မိုးထားနိုင်ပြီ ဖြစ်၏။

နင်ချီသည် စာတစ်စောင်ကို ဖြည်းညင်းစွာ ဖြန့်ခင်းလိုက်လေ၏။

၎င်းကို 'တာအိုဆရာ ပိုင်ရှန်' စေလွှတ်လိုက်သော လူတစ်ဦးမှ လာရောက်ပေးပို့ခဲ့ခြင်း ဖြစ်၏။

စာထဲပါ အကြောင်းအရာမှာ အလွန် ရိုးရှင်းလှပေ၏။

"နောက်ထပ် နှစ်လအကြာ... ဝိညာဉ်နိုးထခြင်း စတင်မည်... အခွင့်အရေးကို လက်လွတ်မခံပါနှင့်"

ဟူ၍တည်း။

နင်ချီသည် ထထိုင်လိုက်ပြီး၊ သူ၏ မျက်ဝန်းများထဲတွင် မျှော်လင့်ချက် ရောင်ခြည်များ တောက်ပလာခဲ့လေ၏။

အမှန်တကယ်တော့...

မကြာသေးမီ ကာလများအတွင်း၌၊ ကောင်းကင်နှင့် မြေကြီးအကြားတွင် ထူးခြားသော ပြောင်းလဲမှု အချို့ ဖြစ်ပေါ်နေသည်ကို သူ မကြာခဏ ခံစားမိနေခဲ့သည်။ တစ်ခါတစ်ရံ ညဘက်၌ ကောင်းကင်မှ ဖြစ်စဉ်များကို အကဲခတ် ကြည့်ရှုသည့်အခါ၊ အလွန် ကြီးမားသော အပြောင်းအလဲတစ်ခု နီးကပ်လာနေပြီ ဖြစ်ကြောင်း သူ၏ ဗီဇစိတ်က သတိပေးနေခဲ့သော်လည်း၊ အတိအကျ တွက်ချက်၍ မရနိုင်ခဲ့ချေ။

ယခုမူ...၊

'တာအိုဆရာ ပိုင်ရှန်'နှင့် အခြားသော ရှေးဟောင်းသူတော်စင်များသည် တိကျသော နေ့ရက်ကို တွက်ချက်မိသွားကြပြီ ဖြစ်၏။

စာထဲတွင်...

နင်ချီအား အကြံပေးထားခြင်းအပြင်၊ 'တာအိုဆရာ ပိုင်ရှန်'သည် မိမိကိုယ်တိုင်လည်း မကြာမီ တံခါးပိတ် ကျင့်ကြံခြင်း ဝင်ရောက်တော့မည် ဖြစ်ကြောင်း၊ မိမိ၏ အခြေအနေကို အထွတ်အထိပ်သို့ ရောက်အောင် ပြင်ဆင်ပြီး၊ ဝိညာဉ်နိုးထခြင်း ဖြစ်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အစစ်အမှန်သိုင်းတောင်သို့ ချက်ချင်း လာရောက်မည် ဖြစ်ကြောင်း ထည့်သွင်းရေးသားထားသည်။

သူက နင်ချီအား အရေးကြီးကိစ္စ မရှိပါက အပြင်မထွက်ဘဲ၊ မိမိ၏ အနှစ်သာရ၊ ချီစွမ်းအင်နှင့် ဝိညာဉ်တို့ကို အစွမ်းကုန် ပြုစု

ပျိုးထောင်ထားရန်လည်း.. အကြံပြုထားလေ၏။

စာကို ဖတ်ပြီးနောက်၊ နင်ချီသည် လေပူ တစ်ချက် မှုတ်ထုတ်လိုက်မိ၏။

"နောက်ဆုံးတော့ ရောက်လာတော့မယ်..."

သူ၏ မျက်လုံးများထဲတွင် နတ်ဘုရား အလင်းရောင်များ ဝင်းလက်သွားသည်။ ကာလကြာရှည် စောင့်ဆိုင်းခဲ့ရသော ဝိညာဉ်နိုးထခြင်းသည် နောက်ဆုံး၌ တိကျသော နေ့ရက် တစ်ခု ရှိလာခဲ့ပြီ ဖြစ်၏။

"နှစ်လ... အစ်ကိုရှစ် (ချင်ယွင်) ကောင်းကင်ဘုံလူသား ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်ဖို့ လုံလောက်တယ်... ဂိုဏ်းထဲက တခြားလူတွေအတွက်လည်း ပြင်ဆင်စရာရှိတာ ပြင်ဆင်ဖို့ အချိန်ရသေးတယ်"

နင်ချီသည် ကိုယ်ကို အညောင်း ဆန့်လိုက်ရင်း၊ 'တာအိုဆရာ ပိုင်ရှန်'၏ စေတနာကို တိတ်တဆိတ် အမှတ်ရလိုက်မိသည်။

သူတို့ နှစ်ဦး မကြာခဏ စကားနိုင်လုခဲ့ကြသော်လည်း၊ 'တာအိုဆရာ ပိုင်ရှန်'၏ ကူညီမှုများသည် ကြီးမားကြောင်း နင်ချီ ကောင်းစွာ သိရှိထားပေ၏။

...

အချိန်ကာလသည် မရပ်မနား စီးဆင်းနေ၏။

အခြားသူများ သတိမထားမိလိုက်သည့် အချိန်၌၊ အစစ်အမှန်သိုင်းဂိုဏ်း၏ အခြေခံအုတ်မြစ်သည် အံ့မခန်းသော နှုန်းထားဖြင့် ကြီးထွားလာနေပြီး၊ ဂိုဏ်းသားများ၏ စွမ်းအားသည် နေ့စဉ်နှင့်အမျှ ပြောင်းလဲ

တိုးတက်နေကာ၊ လူများကို အံ့အားသင့်သွားစေရန် လုံလောက်နေပြီ ဖြစ်၏။

'တာအိုဆရာ ပိုင်ရှန်' ပြောကြားခဲ့သော ဝိညာဉ်နိုးထမည့် နေ့ရက် နီးကပ်လာသည်နှင့်အမျှ...

အစစ်အမှန်သိုင်းဂိုဏ်းသည် တောင်တံခါးများကို လုံးဝ ပိတ်လိုက်ပြီး၊ 'အစစ်အမှန်သိုင်း ဓားကျောက်တိုင်' နှင့် ‘တာအို တစ်သောင်း မျှော်စင်’ တို့ကိုလည်း ယာယီ ပိတ်သိမ်းလိုက်ကာ၊ ပြင်ပလူများကို ဝင်ခွင့်မပေးတော့ချေ။

ဤလုပ်ရပ်များသည် အချို့သော လူများ၏ အာရုံကို ဖမ်းစားလိုက်ပြီး၊ သူတို့၏ စိတ်နှလုံးထဲ၌ စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်စေခဲ့လေ၏။

လက်ရှိအချိန်တွင် သိုင်းလောက၌ ကောင်းကင်နှင့် မြေကြီး အပြောင်းအလဲကြီး ဖြစ်ပေါ်တော့မည့် ကောလာဟလများသည် ပိုမို ပြင်းထန်လာခဲ့ပြီ ဖြစ်၏။

သိုင်းပညာရှင်များသာမက သာမန်ပြည်သူများပင်လျှင် ကြောက်ရွံ့တုန်လှုပ်နေကြ၏။ အဘယ်ကြောင့်ဆိုသော် ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်ပြီးနောက်၌၊ ကမ္ဘာမြေ၏ သွေးကြောများသည် ဆူပွက်လာမည် ဖြစ်ပြီး၊ ကောင်းကင်နှင့် မြေကြီးသည် ယခင်ကထက် ဆယ်ဆမက ကြီးထွားလာမည်ဟု ဆိုကြသောကြောင့် ဖြစ်၏။ ဤအရာသည် သာမန်လူသားများအတွက် သတင်းကောင်း မဟုတ်ဘဲ၊ ကပ်ဘေးတစ်ခု ဖြစ်လာနိုင်ပေ၏။

ကံကောင်းထောက်မစွာ...

မဟာယန် အင်ပါယာ သည် လက်ပိုက်ကြည့်မနေခဲ့ချေ။

တပ်မတော်များသည် မြို့ကြီးများသို့ ဝင်ရောက်နေရာယူကာ၊ စွမ်းအားကြီး ပုဂ္ဂိုလ်များကို အစောင့်အကြပ်အဖြစ် ချထားလိုက်လေ၏။

ပြည်နယ်မြို့တော်အား ဗဟိုပြု၍၊ မြို့တော်နှင့် ခရိုင်မြို့များက ဝန်းရံကူညီကာ၊ မဟာယန် နိုင်ငံသားအားလုံးကို မြို့ကြီးများအတွင်းသို့ ပြောင်းရွှေ့ရန် ကြိုးပမ်းနေကြသည်။ မပြောင်းရွှေ့နိုင်သူများ၊ သို့မဟုတ် မပြောင်းရွှေ့လိုသူများကိုမူ ကံတရားအတိုင်းသာ ပစ်ထားရတော့သည်။

ဤကဲ့သို့သော ကြီးမားပြင်းထန်သည့် လုပ်ရပ်များသည် ကောင်းကင်နှင့် မြေကြီး အပြောင်းအလဲ ဖြစ်ပေါ်မည့် ကောလာဟလများကို အတည်ပြုလိုက်သကဲ့သို့ ဖြစ်သွားစေသည်။

အချို့သော အင်အားစုများသည် ဤကာလအတွင်း အခွင့်ကောင်းယူ၍ အရင်းအမြစ်များကို လုယူရန် ကြိုးစားကာ ဖရိုဖရဲ ဖြစ်အောင် လုပ်ဆောင်ခဲ့ကြသော်လည်း၊ မဟာယန်၏ အထွတ်အထိပ် ပညာရှင်များက မိုးကြိုးပစ်ချသကဲ့သို့ ပြင်းထန်သော လုပ်ရပ်များဖြင့် နှိမ်နင်းခဲ့လေ၏။ သို့သော် လူသားတို့၏ လောဘစိတ်သည် တည်မြဲနေဆဲ ဖြစ်ရာ၊ အချို့က ဤသည်မှာ နှစ်ထောင်ချီမှ တစ်ကြိမ်သာ ရရှိနိုင်သော အခွင့်အရေးဟု ယုံကြည်ကြပြီး၊ တစ်သုတ် နှိမ်နင်းလိုက်လျှင် နောက်တစ်သုတ် ထွက်ပေါ်လာမြဲ ဖြစ်၏။

ဝိညာဉ်နိုးထမည့် အကြိုကာလတွင်...

လောကသည် ဖရိုဖရဲ ဖြစ်နေမှုများကြားမှ တည်ငြိမ်မှု တစ်ခုကို ပြသနေလေ၏။

နင်ချီသည် ဤအရာအားလုံးကို သိရှိထားပြီး၊ သက်ပြင်းဖွဖွသာ ချနိုင်တော့သည်။

ဝိညာဉ်နိုးထခြင်းသည် စွမ်းအားကြီးသူများအတွက် ကြီးမားသော အခွင့်အလမ်းတစ်ခု ဖြစ်သော်လည်း၊ သာမန်လူများအတွက်မူ မည်သို့ ရှိမည်နည်း။ ကမ္ဘာမြေကြီး ဆယ်ဆ ကြီးထွားလာခြင်းသည် သတင်းကောင်း မဟုတ်ပေ။ ဆိုလိုသည်မှာ သူတို့ ရင်းနှီးကျွမ်းဝင်ခဲ့သော နယ်မြေများသည် ပျောက်ကွယ်သွားမည် ဖြစ်ပြီး၊ ပတ်ဝန်းကျင် အသစ်နှင့် လိုက်လျောညီထွေ ဖြစ်အောင် နေထိုင်ကြရတော့မည် ဖြစ်၏။

"တကယ်လို့များ တစ်နေ့ကျရင်... ကောင်းကင်အောက်က လူတိုင်း သိုင်းတာအိုကို လျှောက်လှမ်းနိုင်ခဲ့ရင်... ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားတဲ့ မြင်ကွင်း ဖြစ်လိုက်မလဲ"

နင်ချီ တီးတိုး ရေရွတ်လိုက်မိသည်။

ဘီလီယံနှင့်ချီသော မဟာယန် နိုင်ငံသားများထဲတွင်၊ ပြိုင်ဘက်ကင်း သိုင်းပါရမီ ပါရှိသူများစွာ ရှိနေနိုင်သော်လည်း၊ သိုင်းတာအိုပေါ်သို့ လျှောက်လှမ်းရန် အခွင့်အရေး မရရှိကြပေ။ လူအများစုသည် အသက်ရှင်ရပ်တည်ရန် ရုန်းကန်နေကြရသည်။

ဥပမာ လော့နမ်ချူး ( တတိယမျိုးဆက်၏ ထိပ်တန်းတပည့်) ကဲ့သို့ပင်၊ အကယ်၍ သူသာ အစစ်အမှန်သိုင်းဂိုဏ်းသို့ ကံကောင်းထောက်မစွာ ရောက်ရှိမလာခဲ့ပါက၊ ယခုကဲ့သို့ ထိပ်တန်းတပည့် တစ်ဦး ဖြစ်လာမည့် အခွင့်အရေး မရရှိဘဲ လူအုပ်ကြားထဲတွင် ပျောက်ကွယ်သွားခဲ့ရမည် ဖြစ်၏။

သို့သော် ထိုအတွေးသည် ခဏတာမျှသာ ဖြစ်၏။

နင်ချီသည် လက်ရှိအချိန်၌ ထိုအရာကို စွမ်းဆောင်နိုင်ခြင်း မရှိသေးပေ။

ဖြစ်နိုင်လျှင် တစ်နေ့ကျသောအခါ၊ ကောင်းကင်အောက်ရှိ သက်ရှိအားလုံးကို အကျိုးပြုနိုင်ပြီး၊ ထိုအကျိုးကျေးဇူးကို ပြန်လည် ခံစားရမည်ဆိုပါက နှစ်ဦးနှစ်ဖက် အကျိုးရှိသော .. အခြေအနေ ဖြစ်လာပေလိမ့်မည်။

နင်ချီသည် ထိုအတွေးကို ရင်ထဲ၌ နက်ရှိုင်းစွာ မြှုပ်နှံထားလိုက်သည်။

ယခု သူ လုပ်နိုင်သည်မှာ... မိမိဘေးနားရှိ လူများကို စောင့်ရှောက်ရန်သာ ဖြစ်၏။

ဝိညာဉ် နိုးထမည့် နေ့ရက် နီးကပ်လာသည်နှင့်အမျှ...

အစစ်အမှန်သိုင်းတောင်သည်လည်း လုံခြုံရေးကို တင်းကျပ်လာခဲ့ပြီး၊ အခွင့်ကောင်းယူ၍ ဖရိုဖရဲ လုပ်မည့်သူများကို တားဆီးရန်အတွက် အစစ်အမှန်သိုင်းမြို့တော်သို့ ဝင်ထွက်သွားလာသော သိုင်းပညာရှင်များကိုပင် စစ်ဆေးနေလေ၏။

အစစ်အမှန်သိုင်းတောင်ပေါ်တွင်မူ...

နင်ချီသည် ဝိညာဉ်နိုးထချိန်၌ မိမိ မထိန်းချုပ်နိုင်သော မတော်တဆမှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်သဖြင့်၊ တာအိုဆရာ လုံရှန်းနှင့် စီနီယာအစ်ကိုများ အားလုံးကို 'တာအိုရှာဖွေခြင်း ကျောင်းတော်' ၏ ပတ်ဝန်းကျင်၌ စုဝေးစေခဲ့လေ၏။

ထိုသို့ဖြင့်...၊

နေ့ရက်များသည် တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးသွားခဲ့လေ၏။

နင်ချီ၏ စိတ်ထဲမှ ကြိုတင်သိရှိမှု သည် ပိုမို ပြင်းထန်လာခဲ့ပြီး၊ ကောင်းကင်နှင့် မြေကြီးအကြားမှ အချက်ပြမှု အချို့ကို တဖြည်းဖြည်း အာရုံခံမိလာခဲ့သည်။ တစ်ခါတစ်ရံ သူသည် အထက်ကောင်းကင်ဆီသို့ မော့ကြည့်မိပြီး၊ ဝိညာဉ်နိုးထခြင်း၏ အရင်းအမြစ်သည် ထိုနေရာ၌ ရှိနေသည်ဟု ခံစားနေရ၏။

ထိုနေ့တွင်...

လူတိုင်းသည် တာအိုရှာဖွေခြင်း ကျောင်းတော်၌ စုဝေးနေကြပြီး၊ အခြေအနေမှာ တင်းမာနေလေ၏။

"ကိုးလေး... ဒီနေ့ သေချာရဲ့လား"

အမြဲတမ်း တည်ငြိမ်နေတတ်သော တာအိုဆရာ လုံရှန်း ပင်လျှင် တံတွေးတစ်ချက် မျိုချလိုက်မိသည်အထိ စိတ်လှုပ်ရှားနေလေ၏။ ကျွမ်းချန်နှင့် လီလင်ကဲ့သို့သော လူငယ်များဆိုလျှင် ပြောစရာပင် မလိုတော့ချေ။ သူတို့သည် ကောင်းကင်နှင့် မြေကြီး၏ ဆန္ဒအချို့ သက်ရောက်နေမှုကြောင့် တုန်ရီနေကြပြီ ဖြစ်၏။

နင်ချီသည် ညင်သာစွာ ခေါင်းညိတ်လိုက်သည်။

"လာနေပြီ..."

သူ၏ မျက်ဝန်းများထဲတွင် မျှော်လင့်ချက်များနှင့် စိတ်အားထက်သန်မှုများ ပြည့်နှက်နေ၏။

စကားသံ ဆုံးသွားသည်နှင့်...

ဘုန်း...

ကောင်းကင်နှင့် မြေကြီးကိုပင် အသံတိတ်သွားစေနိုင်လောက်အောင် ကျယ်လောင်သော အသံကြီးတစ်သံသည် ကမ္ဘာတစ်ဝှမ်းလုံး၌ ပဲ့တင်ထပ်သွားလေ၏။ ထိုအခိုက်အတန့်၌ မည်သည့်နေရာတွင် ရောက်ရှိနေသည်ဖြစ်စေ၊ လူတိုင်းသည် ထိုအသံကြီးကို ကြားလိုက်ကြရ၏။

လူအားလုံးသည် ထိတ်လန့်တုန်လှုပ်သွားကြပြီး၊ အထက်ဟင်းလင်းပြင်ဆီသို့ မော့ကြည့်လိုက်ကြသည်။

ဤတုန်လှုပ်မှုသည် 'တာအို တေးသံ' ကဲ့သို့ပင်၊ ဝိညာဉ်ကို တိုက်ရိုက် လာရောက် ရိုက်ခတ်နေခြင်း ဖြစ်၏။

“ဂျုန်း...

ဂျုန်း…”

...

အသံကြီးများသည် တစ်ခုပြီး တစ်ခု ကောင်းကင်ကို တုန်ခါသွားစေပြီး၊ ထိုအခိုက်အတန့်၌ သက်ရှိအားလုံးသည် အလိုအလျောက်ပင် အထက်ဟင်းလင်းပြင်ကို မော့ကြည့်လိုက်မိကြလေ၏။

အချို့က ကြောက်ရွံ့၏။... အချို့က ရိုသေလေးစားသည်...။

အချို့က စိတ်အားထက်သန်သည်။

... အချို့က မျှော်လင့်သည်..။ အချို့က လောဘတက်သည်...။

'တာအိုအသံ ကိုးချက်' သည် ကောင်းကင်ဘုံမှ တံခါး တစ်ချပ်ကို ဖွင့်လိုက်သကဲ့သို့ ဖြစ်နေပေ၏။

ထိုအချိန်၌...၊

နေရာအနှံ့အပြားရှိ ရှေးဟောင်းသူတော်စင်များသည် စိတ်လှုပ်ရှားစွာဖြင့် မျက်လုံးများကို ဖျတ်ခနဲ ဖွင့်လိုက်ကြလေ၏။

"နိုးထလာပြီ... ငါတို့ရဲ့ အစီအစဉ် အောင်မြင်ပြီဟေ့"

နင်ချီသည် ထိုအသံ ကိုးချက်ကို နားထောင်ရင်း၊ သူ၏ စိတ်ထဲ၌ 'ဝိညာဉ်အလင်း' များ ဆက်တိုက် ထွက်ပေါ်လာခဲ့ပြီး၊ 'ဉာဏ်အလင်းရ နယ်ပယ်' အတွင်းသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်၏။ ဤ တာအိုအသံသည် အထွတ်အထိပ် နက်နဲမှုများကို သယ်ဆောင်ထားပြီး၊ အကယ်၍ အသုံးချနိုင်ပါက အလွန်ကြီးမားသော အကျိုးကျေးဇူးများကို ရရှိစေနိုင်ပေ၏။

ဤသည်မှာ 'မူလအသံ' ဖြစ်ပြီး၊ ကောင်းကင်နှင့် မြေကြီးအကြားရှိ မည်သည့် သိုင်းပညာထက်မဆို ပိုမို အသုံးဝင်လေ၏။

နောက်ဆုံး တာအိုအသံ ပျောက်ကွယ်သွားသည်နှင့်...

ဟင်းလင်းပြင်ရှိ ကောင်းကင်နှင့် မြေကြီး စွမ်းအားများသည် စတင် လှုပ်ခတ်လာခဲ့သည်။ ကောင်းကင်ဘုံလူသားအဆင့် သိုင်းပညာရှင်များသည် ယခင်က သူတို့ သက်တောင့်သက်သာ အသုံးပြုခဲ့သော စွမ်းအားများသည် ယခုအခါ၌ ဇက်ကြိုးလွတ်သွားသော မြင်းရိုင်း တစ်ကောင်ကဲ့သို့ ဖြစ်သွားပြီး၊ လုံးဝ ထိန်းချုပ်၍ မရတော့သည်ကို အံ့သြစွာ တွေ့ရှိလိုက်ကြရသည်။

နင်ချီသည် စောစီးစွာ ပြင်ဆင်ထားပြီး ဖြစ်သဖြင့်၊ လုံးဝ တုန်လှုပ်ခြင်း မရှိချေ။

"ဝိညာဉ်စွမ်းအင်.. နိုးထတော့မယ်..."

ထိုသို့ တီးတိုး ရေရွတ်လိုက်သည်နှင့်၊ လူတိုင်းလိုလိုသည် ဟင်းလင်းပြင်ထဲ၌ တောက်ပပြီး မျက်လုံးကျိန်းလောက်သော အလင်းရောင်များ ဝေဝါးလာသည်ကို မြင်တွေ့လိုက်ကြရလေ၏။

ထိုအရာသည် ကြွယ်ဝသော ဝိညာဉ်စွမ်းအင်များ၏ သရုပ်သကန်ပင် ဖြစ်၏။

နင်ချီသည် အလွန်အမင်း စိတ်လှုပ်ရှားနေမိသည်။

သူသည် သိုင်းသူတော်စင် လျှို့ဝှက်ရတနာမှ ဝိညာဉ်စွမ်းအင်ကို ထုတ်ယူဖူးသကဲ့သို့၊ စမ်းသပ်ရန်အတွက် ပမာဏအနည်းငယ်ကိုလည်း ပေါင်းစပ်ဖန်တီးဖူးသည်။ သို့သော် ယခုအခါ လောက၏ စစ်မှန်သော ဝိညာဉ်စွမ်းအင်များကို မြင်တွေ့လိုက်ရသောအခါ၊ ယခင်က သူ ရရှိခဲ့သော ပမာဏသည် မည်မျှ သေးငယ်ကြောင်း သဘောပေါက်လိုက်ရလေ၏။

ထိုအခိုက်အတန့်၌...

အကန့်အသတ်မဲ့သော ဝိညာဉ်စွမ်းအင်များသည် ဟင်းလင်းပြင်ထဲမှ ရေပန်းကဲ့သို့ ပန်းထွက်လာကြသည်။ အဆို့ရှင်တစ်ခု ပွင့်သွားသကဲ့သို့၊ ရေလွှမ်းမိုးမှုကြီးတစ်ခု လျှံကျလာသကဲ့သို့... အထက်ကောင်းကင်မှ၊ ဟင်းလင်းပြင်မှ၊ နေရာအနှံ့ရှိ မြေပြင်လက်မတိုင်းမှ ထွက်ပေါ်လာကြခြင်း ဖြစ်ချေ၏။

ကောင်းကင်နှင့် မြေကြီး စွမ်းအားများသည် ပိုမို ကြမ်းတမ်းလာခဲ့သည်။

ကြွယ်ဝသော ဝိညာဉ်စွမ်းအင်များသည် ထိုစွမ်းအားများနှင့် ပေါင်းစပ်သွားပြီး၊ အကန့်အသတ်မဲ့သော သက်စောင့်စွမ်းအားများ ပြည့်နှက်နေသည့်... သို့မဟုတ် ပြန်လည်ရှင်သန်လာသော စွမ်းအားတစ်ရပ်ကို ဖန်တီးလိုက်ကြလေ၏။

ရှေးဟောင်းသူတော်စင်များသည် ထိုရင်းနှီးသော စွမ်းအားကို အာရုံခံမိလိုက်ကြပြီး၊ စိတ်ခံစားမှုများ ပြည့်နှက်သွားကာ၊ အချို့ဆိုလျှင် ကောင်းကင်ကို မော့၍ အားပါးတရ ရယ်မောလိုက်ကြလေ၏။

ဝိညာဉ်စွမ်းအင်...။

အလွန် ကြွယ်ဝသော ဝိညာဉ်စွမ်းအင်များသည် ကောင်းကင်နှင့် မြေကြီးကြားရှိ ဟင်းလင်းပြင် လက်မတိုင်းကို နောက်တစ်ကြိမ် ပြန်လည် ဖြည့်ဆည်းပေးလိုက်ပြီ ဖြစ်၏။

ဤကဲ့သို့ လှိုင်းလုံးကြီးများ ပေါ်ထွက်လာမှုနှင့်အတူ...

ကောင်းကင်အောက်ရှိ လူတိုင်းသည် ဝိညာဉ်စွမ်းအင် ရှိနေကြောင်းကို အာရုံခံမိလိုက်ကြသည်။

သာမန်လူများပင်လျှင် ဤဆန်းကြယ်သော စွမ်းအားသည် လောကကို လွှမ်းခြုံထားပြီး၊ နိမိတ်လက္ခဏာများ စတင် ပြသနေပြီ ဖြစ်ကြောင်း သိရှိလိုက်ကြသည်။ မရေမတွက်နိုင်သော လူများသည် အကြောင်းရင်းကို မသိရဘဲ စိတ်လှုပ်ရှားမှုကြောင့် မျက်ရည်များ ကျဆင်းလာကြ၏။ ၎င်းသည် ဝိညာဉ်၏ ဗီဇစိတ် တစ်ခု ဖြစ်ကြောင်းသာ ခံစားနေရလေ၏။

ဝိညာဉ်နိုးထခြင်း... ဝိညာဉ်စွမ်းအင် ပြန်လည်ပေါ်ထွက်လာခြင်း...

လောကသည် ၎င်း၏ ကြီးကျယ်ခမ်းနားသော အသွင်ပြောင်းလဲမှုကို စတင်လိုက်ခဲ့ပြီ ဖြစ်ပါသည်။

All Chapters