← Chapters

အခန်း (၃၀၄-၃၀၆)

Vol. 21 Ch. 304-306

အခန်း (၃၀၄-၃၀၆)

Vol. 21 Ch. 304-306

အပိုင်း ( 304 )

ချောင်ပိတ်ရိုက်ခြင်း

အားလုံး၏ မနာလိုအားကျဖြစ်နေသော အကြည့်များသည် ရှုကျိုးထံသို့ ကျရောက်လာခဲ့သည်။

သူက အခုလက်ရှိအချိန်မှ အကျော်ကြားဆုံး ပါရမီရှင် ဖြစ်နေတာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ၊ ရှားလီယွဲ့ကတောင် သူ့ကို တက်တက်ကြွကြွ ဖိတ်ခေါ်လာခဲ့တယ်။

ရှုကျိုးမှာလည်း အနည်းငယ် အံ့ဩသွားခဲ့သည်၊ သို့သော် သူသည် များများစားစား တွေးတောမနေဘဲ၊ ရှားလီယွဲ့ကို ကြည့်ကာ ခေါင်းငြိမ့်ပြလိုက်သည်။

ရှားလီယွဲ့မှာလည်း သူမ၏ အကြည့်ကို ပြန်ရုတ်သွားခဲ့သည်။

သူမသည် ဤရက်များအတွင်း၌ ယန်တျန်ဒုံက ရှုကျိုး၏ စီနီယာအစ်မကို ရက်ရက်စက်စက် တိုက်ခိုက်ခဲ့ပြီး၊ သူမ၏အောက်ပိုင်း ခန္ဓာကိုယ်ကိုပင် ပစ်မှတ်ထားခဲ့သောကြောင့် ရှုကျိုးက ယန်တျန်ဒုံကို အပိုင်းပိုင်း အစစဖြစ်သွားအောင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ကြားသိခဲ့ရသည်။

၎င်းသည် ရှုကျိုးအပေါ်ထားရှိသည့် သူမ၏အမြင်ကို အနည်းငယ် ကောင်းမွန်သွားစေခဲ့သည်။

“ အဲ့ကောင် ယန်တျန်ဒုံက တော်ဝင်သိုင်းပညာ တက္ကသိုလ်မှာ ရှိနေခဲ့တဲ့ အချိန်တုန်းကတော့ လူကြီးလူကောင်းပုံစံနဲ့၊ သူက ဒီလောက်တောင် အဆိပ်ပြင်းနေမယ်လို့ ဘယ်သူက ထင်ထားမိမှာလဲ? လူအရေခြုံထားတဲ့ သားရဲကောင်၊ သေတာပဲကောင်းတယ် “

ရှားလီယွဲ့သည် စုပ်လုံးကို ထုတ်ကာ သူမ၏ပါးစပ်လေးထဲတွင် ထားလိုက်ပြီး၊ ထို့နောက်တွင် သူမ၏ပါးလေးများကို ဖောင်းကာ လူအုပ်ကြီးကို ကြည့်လိုက်သည်။

“ ကျွန်မနဲ့ အသင်းဖွဲ့ချင်တဲ့ လူတွေက ကိုယ်တိုင် စာရင်းသွင်းကြပါ “

ရှုကျိုးတစ်ဦးတည်းကသာလျှင် နာမည်တပ်ခေါ်၍ အရေးပေးခံရသည်ဆိုသည်မှာ သိသာလွန်းလှသည်။

သူမ၏စကားဆုံးသွားသည့်တစ်ပြိုင်နက် ရှုကျိုး၏ ဖုန်းထဲသို့ အသိပေးချက်များ အရူးအမူး ရောက်ရှိလာခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် အဖွဲ့ထဲတွင် ပါဝင်ရန်အတွက် လူနှစ်ဆယ်ကျော် စာရင်းသွင်းလာခဲ့သည်။

ရှုကျိုးသည် စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချနေတော့သည် “ ရှားလီယွဲ့ရဲ့ ပစ်မှတ်က စတုတ္ထအဆင့်က အစွမ်းထက်တဲ့လူတွေပဲ၊ သူမနောက်ကို လိုက်မယ်ဆိုရင် အစွမ်းအထက်ဆုံး ရန်သူတွေကိုပဲ ရင်ဆိုင်ရမှာ ….. “

၎င်းကို တွေးမိသွားသောအခါတွင် သူသည် တစ်စုံတစ်ခုကို ရုတ်တရက် နားလည်သွားခဲ့သည်။

အခုရှိနေတဲ့ လူတွေအကုန်လုံးက ပါရမီရှင်တွေချည်းပဲ၊ ဒါက …… သူတို့လိုချင်နေတဲ့ စိန်ခေါ်မှုမျိုး ဖြစ်နေနိုင်တယ်။

ရှားလီယွဲ့သည် လူကိုးဦးကို ရွေးချယ်ကာ အဖွဲ့ငယ်တစ်ခုကို ထပ်မံ၍ ဖန်တီးလိုက်သည်။

ထိုအချိန်တွင် တစ်ခြားသောလူများကလည်း အဖွဲ့များကို မြန်မြန်ဆန်ဆန် ဖွဲ့စည်းနေကြသည်။

အဖွဲ့ခုနစ်ခု၏ ခေါင်းဆောင်များထဲတွင် ရှားလီယွဲ့နှင့် ချင်ဖုန်းတို့ပါဝင်နေခဲ့ပြီး၊ ကျန်လူများကမူ တတိယအဆင့် အထွတ်အထိပ် ပညာရှင်များသာဖြစ်သည်။

စင်မြင့်ထက်ရှိ ရှန့်ဝမ်ချန်းမှ ထပ်မံ၍ စကားပြောလာခဲ့သည် “ ဝိုင်းရံတိုက်ခိုက်မှုတိုင်းမှာ အသေအပျောက်ဆိုတာ ရှိတယ်၊ ဒီတစ်ကြိမ်မှာလည်း ချွင်းချက်မရှိဘူး “

“ မင်းတို့တွေက ဒီမျိုးဆက်ရဲ့ အထူးချွန်ဆုံး လူငယ်ပါရမီရှင်တွေပဲ။ မင်းတို့က ဒါတွေကို ကြောက်နေမှာ မဟုတ်ဘူးလို့ ငါယုံကြတယ် “

“ ဒါပင်မဲ့ ဒီတစ်ကြိမ်မှာတော့ မင်းတို့အားလုံးကို ငါသတိထပ်ပေးရဦးမယ်၊ ဒါက တကယ့်တိုက်ပွဲတစ်ခုပဲ။ မင်းတို့တွေက မင်းတို့ထပ် အဆတစ်ရာလောက် ပိုပြီးတော့ ရက်စက်ကြမ်းကြုတ်တဲ့ ရန်သူတွေနဲ့ ရင်ဆိုင်ရမှာ၊ အဲ့ဒီအမှောင်သိုင်းပညာရှင်တွေအားလုံးက လူစိတ်မရှိတဲ့ကောင်တွေချည်းပဲ “

“ မတော်တဆမှုတွေက အချိန်မရွေးဖြစ်လာနိုင်တယ် “

အစည်းအဝေးခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

ရှုကျိုးအပါအဝင် ဤနေရာတွင် ရှိနေသည့် လူအားလုံးသည် အမူအရာများ လေးနက်သွားကြသည်။

“ ဒါပေါ့၊ ဒီစစ်ဆင်ရေးမှာ ရက်ရောများပြားတဲ့ ဆုကြေးတွေရှိတယ် “

“ ဒုတိယအဆင့် အထွတ်အထိပ်ကလူကို သတ်နိုင်ရင် အကျိုးပြုအမှတ် ၅၀၀ရမယ် “

“ အစောပိုင်း တတိယအဆင့်ကလူကို သတ်နိုင်ရင် အကျိုးပြုအမှတ် ၁၀၀၀ရမယ် “

“ အလယ်အလတ် တတိယအဆင့်ကလူကို သတ်နိုင်ရင် အကျိုးပြုအမှတ် ၂၀၀၀ရမယ် “

“ နှောင်းပိုင်း တတိယအဆင့် (ဒါမှမဟုတ်) တတိယအဆင့် အထွတ်အထိပ်ကလူကို သတ်နိုင်ရင် အကျိုးပြုအမှတ် ၃၀၀၀ ဒါမှမဟုတ် ၅၀၀၀ရမယ် “

အားလုံး၏ ရင်ခုန်သံများ မြန်ဆန်သွားတော့သည်။

အကျိုးပြုအမှတ် ၅၀၀၀ဆိုသည်မှာ တတိယအဆင့် အထွတ်အထိပ် ပညာရှင်တစ်ဦးအတွက်ပင် အလွန်များပြားသော အကျိုးအမြတ်ဖြစ်သည်။

ရှုကျိုးမှာလည်း တိတ်တဆိတ် ခေါင်းငြိမ့်မိနေတော့သည်၊ အဆိုပါ ဆုကြေးများသည် အမှန်ပင် ဆွဲဆောင်မှုအားကောင်းနေခဲ့ပြီး၊ သူ့ကိုပင် အနည်းငယ် စိတ်လှုပ်ရှားသွားစေခဲ့သည်။

သို့သော် အဆိုပါ ဆုကြေးများကို ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်တစ်ခုတည်းကသာလျှင် တာဝန်ယူခြင်း မဟုတ်ဘဲ တော်ဝင်သိုင်းပညာ တက္ကသိုလ်ကပါ ပါဝင်အားဖြည့်ပေးထားသည်ဆိုသည်မှာ သိသာနေခဲ့သည်။

“ ကောင်းပြီလေ၊ အချိန်ကျပြီ၊ ငါက လိုအပ်တာတွေ အကုန်လုံးကို ရှင်းရှင်းလင်းလင်း ရှင်းပြပေးပြီးသွားပြီ “

“ လီယွဲ့၊ အဖွဲ့ကို ဦးဆောင်ပြီးတော့ ထွက်ခွာတော့ “

ရှန့်ဝမ်ချန်းမှ ပြောလာခဲ့သည်။

“ ဟုတ်ကဲ့ “

ရှားလီယွဲ့မှ ခေါင်းငြိမ့်ပြလိုက်ပြီး၊ မတ်တပ်အရင်ထရပ်လာခဲ့ကာ စုပ်လုံးကို ဝါးစားလိုက်သည် “ အားလုံးပဲ၊ ငါ့နောက်ကို လိုက်ခဲ့ကြ “

ထိုကဲ့သို့ ပြောလာခဲ့ပြီးသည့်နောက်တွင် သူမသည် တံခါးပေါက်မှတစ်ဆင့် မြန်ဆန်စွာ ပြေးထွက်သွားတော့သည်။

ဆွစ်ရှ် ~~~

အားလုံးသည် လျင်မြန်စွာထရပ်ကာ ခုန်ထွက်သွားကြတော့သည်။

…

ဆယ်မိနစ်ကြာခဲ့ပြီးသည့်နောက်၌

ရှုကျိုးသည် လေယာဥ်ပေါ်တွင် ထိုင်နေလျက်ရှိပြီး၊ ကွမ်ဟန်တက္ကသိုလ်မှ ထွက်ခွာလာခဲ့သည်။

“ ကျောင်းကျိုးကို မြန်မြန်ဆန်ဆန် ပြန်ရောက်လိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး “

ရှုကျိုးသည် တစ်ကိုယ်တည်း အတွေးနက်သွားတော့သည် “ ဒီတစ်ခေါက်တော့ ငါက အိမ်ပြန်နိုင်မလားပဲ “

ယခုလက်ရှိ အချိန်မှာ နိုဝင်ဘာလဖြစ်သည်။

သို့သော် သိုင်းပညာ တက္ကသိုလ်မှ ကျောင်းသူကျောင်းသားများအတွက်မူ၊ တစ်ချို့သည် နှစ်သစ်တွင် အိမ်သို့ မပြန်နိုင်ကြဘဲ၊ ကျောင်းတွင် လေ့ကျင့်ခြင်း (သို့) မစ်ရှင်များအတွက် ခရီးထွက်ခြင်းတို့ ပြုလုပ်ရလေ့ရှိသည်။

ယခု၌ ရှုကျိုးနှင့် တစ်ခြားလူများမှာလည်း ထိုကဲ့သို့ ဖြစ်နေခြင်းပင် ဖြစ်သည်။

ရှုကျိုးသည် ဘေးတစ်ဖက်ကို ကြည့်ကာ စကားပြောလိုက်သည် “ စီနီယာအစ်မ၊ ကျွန်တော်တို့ဆီမှာ ဒီမစ်ရှင်အတွက် အစီအစဥ်တစ်ခုခုများ ရှိလား? “

စုပေါင်း နည်းဗျူဟာကို ရှန့်ဝမ်ချန်းမှ ရှင်းပြပေးခဲ့ပြီးပြီဖြစ်သည်။

သို့သော် အသေးစိတ် အချက်အလက်များကိုမူ အဖွဲ့ခေါင်းဆောင်ဖြစ်သူမှ ပြုလုပ်သတ်မှတ်ပေးရမည် ဖြစ်သည်။

“ ငါ့ကို စီနီယာအစ်မလို့ မခေါ်နဲ့၊ ခေါင်းဆောင်လို့ပဲခေါ် “

ရှားလီယွဲ့သည် အနည်းငယ် စိတ်ဆိုးသွားကာ အသာအယာ လေမှုတ်ထုတ်လာခဲ့သည်။

ရှုကျိုးသည် တော်ဝင်သိုင်းပညာ တက္ကသိုလ်၏ ဂုဏ်သိက္ခာကို ရိုက်ချိုးခဲ့သူဖြစ်သည်၊ သူမသည် ထိုကိစ္စနှင့် ပတ်သက်၍ အညှိုးအတေးထားထားစဲပင် ဖြစ်သည်။

သူမသည် သူမ၏နှင်းဖြူရောင်မေးစေ့လေးကို မော့ကာ စကားပြောလာခဲ့သည် “ လနတ်ဘုရားဂိုဏ်းရဲ့ ဂိုဏ်းခွဲတွေမှာ အစွမ်းထက်ပုဂ္ဂိုလ် များများစားစား မရှိဘူး၊ အလယ်အလတ် စတုတ္ထအဆင့် ပညာရှင်ကို ငါကိုင်တွယ်မယ် “

“ တတိယအဆင့် အထွတ်အထိပ် စောင့်ရှောက်သူတွေကလည်း စတုတ္ထအဆင့်ကို ရောက်ဖို့ အလားအလာရှိတယ်၊ အဲ့တာကြောင့် အဖွဲ့ခေါင်းဆောင်တွေက သူတို့ရဲ့လှည့်ကွက်ထဲကို မရောက်သွားဖို့ သတိကြီးကြီးထားရမယ် “

သူမဘေးနားရှိ တစ်ခြားသော အဖွဲ့ခေါင်းဆောင်များမှာလည်း ခေါင်းတငြိမ့်ငြိမ့်ဖြစ်သွားခဲ့သည်။

သူတို့သည် ရှားလီယွဲ့နှင့် နည်းဗျူဟာများကို အချောသတ် ဆွေးနွေးရန်အတွက် လေယာဥ်တစ်စီးတည်း စီးခဲ့ကြခြင်းဖြစ်သည်။

ရှုကျိုးမှာ သာမန်အဖွဲ့သားတစ်ဦးသာ ဖြစ်နေခဲ့သော်လည်း၊ ရှားလီယွဲ့၏ တောင်းဆိုမှုကြောင့် ဤနေရာတွင် ရှိနေနိုင်ခဲ့သည်။

ထိုအချိန်က လူတော်တော်များများသည် သူမနှင့်အတူ လိုက်ချင်နေခဲ့ကြသည်၊ သို့သော် သူမသည် ထိုလူများ၏ တောင်းဆိုမှုများကို ရက်ရက်စက်စက် ပယ်ချခဲ့သည်။

သူမသည် ရှုကျိုးတစ်ဦးတည်းကိုသာ သူမ၏ ဘေးနားတွင် ခေါ်ထားခဲ့သည်။

ထိုကိစ္စနှင့်ပတ်သက်၍ ရှုကျိုးထံတွင် မှန်းဆချက်တစ်ချို့ ရှိနေခဲ့သည်၊ ဌာနမှူး စီစဥ်ပေးလိုက်တာများလား?

ထိုအချိန်တွင် ရှားလီယွဲ့မှ ဆက်ပြောလာခဲ့သည် “ ငါတို့က လူနည်းနေပင်မဲ့၊ ဒီစစ်ဆင်ရေးအတွက် ဒီခေတ်ရဲ့ ဒုတိယအဆင့်နဲ့ တတိယနယ်ပယ်က အားအကောင်းဆုံးနဲ့ အထူးချွန်ဆုံး ပါရမီရှင်တွေကိုပဲ ခေါ်လာခဲ့တယ် “

“ နင်တို့အားလုံးက သေခြင်းရှင်ခြင်း အတွေ့အကြုံ မရှိသေးတဲ့ ပါရမီရှင်တွေချည်းပဲ။ အဆင့်မြင့် အရာရှိတွေက နင်တို့ရဲ့ သတ်ဖြတ်လိုစိတ်ကို သွေးပေးဖို့အတွက် ဒီစစ်ဆင်ရေးကို စီစဥ်ပေးခဲ့တာ “

“ လနတ်ဘုရားဂိုဏ်းရဲ့ အမှိုက်တွေက နင်တို့အတွက် ကြက်ကလေးငှက်ကလေးဆိုတာထပ် မပိုဘူး၊ အဲ့တာကြောင့် နင်တို့ရဲ့ စိတ်ကို လွှတ်ပေးပြီးတော့ စိတ်ရှိလက်ရှိ သတ်လိုက် “

သူမသည် မြေပုံကို ဖြန့်ကာ တည်နေရာတစ်ခုကို ထောက်ပြလိုက်သည် “ ဒီချိုင့်ဝှမ်းမှာ လနတ်ဘုရားဂိုဏ်းခွဲရဲ့ ခံတပ်ရှိတယ်။ ဒီချိုင့်ဝှမ်းရဲ့ မြောက်ဘက်မှာက တိုက်ပွဲရဲ့ ရှေ့တန်းစစ်မျက်နှာပြင်ရှိတယ်၊ ဆိုတော့ ငါတို့က ဒီလမ်းကြောင်းကနေ ဖောက်ထွက်ရမယ် …… “

ရှားလီယွဲ့သည် ဒေါသတကြီးရှိပုံရသော်လည်း၊ နည်းဗျူဟာများ ချမှတ်ရာတွင် အမှန်တကယ် ကျွမ်းကျင်ပိုင်နိုင်နေခဲ့သည်။

သူမသည် အဖွဲ့ခေါင်းဆောင်များအတွက် တာဝန်များ ခွဲဝေပေးရာတွင်သာ မဟုတ်ဘဲ၊ အဖွဲ့ဝင်တစ်ဦးချင်းစီတိုင်းအတွက်ကိုပါ တာဝန်များ အသေးစိတ်ချမှတ်ပေးခဲ့သည်။

သူမ၏ စကားပြောဆိုမှုပြီးဆုံးသွားတော့မည့် အချိန်တွင် ရှုကျိုးသည် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

“ ခေါင်း …. ခေါင်းဆောင်၊ ကျွန်တော့်ရဲ့ တာဝန်ကရော? “

……………………………………………………………………………………………………………………………………..

အပိုင်း ( 305 )

ချောင်ပိတ်ရိုက်ခြင်း ၂

ရှားလီယွဲ့သည် သူမှ လွဲ၍ တစ်ခြားလူမျာကို တာဝန်များပေးအပ်ခဲ့သည်။

“ နင်လား? “ ရှားလီယွဲ့သည် စုပ်လုံးကို ကိုက်ကာ ပေါ့ပေါ့ပါးပါး ပြောလာခဲ့သည် “ ငါ့နားမှာပဲနေ “

“ … “

ရှုကျိုး ဆွံ့အသွားတော့သည်၊ တစ်ခြားသော အဖွဲ့ခေါင်းဆောင်များမှာလည်း မနာလို အားကျဖြစ်သွားကြသည်။

ရှားလီယွဲ့၏ ဒီလိုသဘောထားမျိုးနဲ့ဆိုရင် သူမက သူ့ကို သဘောကျသွားတာများလား?

အဲ့လိုမှ မဟုတ်ဘူးဆိုရင် ဘာလို့ သူကပဲ ထူးထူးခြားခြား မျက်နှာသာပေးခံနေရတာလဲ?

ဒီကောင်တော့ ထီပေါက်ပြီပဲဟေ့ !!

ရှုကျိုးမှာလည်း ပြောစရာစကားလုံးများ ပျောက်ရှသွားခဲ့ရသည်။

သူ၏ အဓိက ရည်ရွယ်ချက်သည် လနတ်ဘုရားဂိုဏ်း၏ ရတနာပစ္စည်းကို ရှာဖွေရန်ပင် ဖြစ်သည်။

အကယ်၍ သူကသာ ရှားလီယွဲ့နှင့် တစ်ချိန်လုံး အတူနေရမည်ဆိုပါက၊ ၎င်းကို မည်သို့မျှ ရှာနိုင်တော့မည် မဟုတ်ပေ။

“ ဘာလဲ၊ နင်က မမရဲ့ဘေးမှာ မနေချင်ဘူးလား? “

ရှားလီယွဲ့သည် ခေါင်းလေးကို စောင်းကာ ပါးပြင်ကို လက်နှင့်ထောက်၍ နှစ်လိုဖွယ်ကောင်းစွာ ပြုံးပြလာခဲ့သည်။

“ အဲ့လို မဟုတ်ပါဘူး “ ရှုကျိုးသည် ခေါင်းတခါခါဖြင့် စကားလုံးများကို ဂရုတစိုက် ရွေးချယ်နေရတော့သည်။

ရှားလီယွဲ့သည် သူ၏ဆိုလိုရင်းကို နားလည်မှုလွဲသွားပုံရပြီး၊ အေးစက်စွာ နှာခေါင်းရှုံ့လာခဲ့သည်။

“ ငါက နင့်ရဲ့အမှတ်တွေ ခိုးသွားမှာကို ကြောက်နေတာလား? “

ရှားလီယွဲ့သည် မျက်စောင်းထိုးကာ လှောင်ပြောင်လာခဲ့သည် “ အဲ့လောက် အမှတ်နည်းနည်းလေးကို ငါဂရုစိုက်မနေဘူး၊ တကယ်လို့ နင်လိုချင်တယ်ဆိုရင်၊ နင်ပဲယူသွားလို့ရတယ် “

ဝိုးးးး !!!

တစ်ခြားခေါင်းဆောင်များ၏ မျက်နှာများပေါ်တွင် မနာလိုအားကျမှုများဖြင့် ပြည့်နှက်သွားတော့သည်၊ ခေါင်းဆောင်နဲ့ ဒီကလေးကြားမှာ ထူးခြားတဲ့ ဆက်ဆံရေး တကယ်ကြီး ရှိနေတာလား?

ရှားလီယွဲ့မှ ထပ်ဖြည့်ပြောလာခဲ့သည် “ ဒါပင်မဲ့ တကယ်လို့ နှောင်းပိုင်း တတိယအဆင့် ဒါမှမဟုတ် တတိယအဆင့် အထွတ်အထိပ်နဲ့ တွေ့ခဲ့မယ်ဆိုရင်၊ လောဘမကြီးနဲ့၊ နင်အသတ်ခံလိုက်ရနိုင်တယ် “

သူမသည် သူမ၏ ကာကွယ်ပေးမှုကို လိုအပ်နေသည့် သိုးပေါက်လေးတစ်ကောင်ကို ကြည့်နေသကဲ့သို့ သူ့ကို ငေးကြည့်လာခဲ့သည်။

ရှုကျိုး၏ အမူအရာသည် အေးဆေးတည်ငြိမ်သွားခဲ့သည် “ ခေါင်းဆောင်၊ နင်အထင်လွဲနေပြီ။ ဒီခရီးစဥ်အတွက် ငါ့ရဲ့ပစ်မှတ်က လနတ်ဘုရားဂိုဏ်းရဲ့ ရတနာပစ္စည်းကို ရှာဖို့ပဲ “

“ အို့? “

ရှားလီယွဲ့သည် ရုတ်တရက် အေးခဲတောင့်တင့်သွားကာ စုပ်လုံးအား ကိုက်စားနေခြင်းကိုပင် ရပ်တန့်လိုက်သည်။

သူမသည် ရှုကျိုးကို စူးစူးရဲရဲ စိုက်ကြည့်လာခဲ့သည် “ နင်က တော်တော်လေးကို သတ္တိရှိတာပဲ၊ အဲ့လိုဟာမျိုးကိုတောင် မှန်းရဲနေတယ်ပေါ့? “

ရှုကျိုးမှ လေးလေးနက်နက် ပြန်ပြောလိုက်သည် “ ဌာနမှူးရှန့်က ကျွန်တော့်ကို ညွှန်ကြားထားတယ်၊ အဲ့ပစ္စည်းက ကျွန်တော့်အတွက် တော်တော်လေးကို အရေးကြီးတယ် “

ဘေးဘက်ရှိ ချင်ဖုန်းမှာလည်း တစ်စုံတစ်ခုကို သတိပြုမိသွားပုံရကာ ကူညီ၍ ရှင်းပြလာခဲ့သည် “ ရှုကျိုးရဲ့ ကျင့်ကြံရေး နည်းစနစ်က ကျွန်တော်တို့နဲ့ နည်းနည်းကွဲပြားတယ်။ ဒုတိယအဆင့် အထွတ်အထိပ်ကို အဆင့်တက်နိုင်ဖို့အတွက် သူက အဲ့ပစ္စည်းကို လိုအပ်တယ် “

“ ငါနားလည်ပြီ “

ရှားလီယွဲ့ အံ့ဩသွားတော့သည်၊ သူမသည် ရှုကျိုး၏ ကျင့်ကြံရေးနည်းစနစ်အကြောင်းကို အတော်လေး သိချင်သွားတော့သည်၊ သို့သော် ၎င်းမှာ ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုဖြစ်ပြီး၊ သူမတို့၏ ဆက်ဆံရေးမှာလည်း ထိုအကြောင်းများ ပြောရလောက်သည်အထိ မနက်ရှိုင်းပေ။

သူမသည် စုပ်လုံးကို ကိုက်စားနေရင်းဖြင့် ပြောလာခဲ့သည် “ ကောင်းပြီလေ၊ ငါနင့်အတွက် ကြည့်ပေးထားမယ်၊ အဲ့တာက ဆယ်စုနှစ်တစ်ခုလောက်ကြာမှ တစ်ခါလောက် တွေ့ရတတ်တဲ့ဟာမျိုးပဲ။ ဒီတစ်ကြိမ်မှာ မတွေ့ရလောက်ဘူး “

“ ကျေးဇူးတင်ပါတယ် “ ရှုကျိုး စိတ်သက်သာရာရသွားတော့သည်။

လနတ်ဘုရားဂိုဏ်း၏ ရတနာပစ္စည်းသည် သူ့အတွက် အလွန်အရေးပါနေခဲ့သည်။

၎င်းသည် ဒုတိယအဆင့် အထွတ်အထိပ်သို့ အဆင့်တက်ရာတွင် ကူညီပေးနိုင်ရုံတင်မကဘဲ၊ နတ်စွမ်းရည်မျိုးစေ့ကို သိပ်သည်းစေရာတွင်လည်း ကူညီပေးနိုင်လေသည်။

အကယ်၍ သူကသာ ၎င်းကို ရှာမတွေ့ခဲ့ဘူးဆိုပါက ၎င်းကို လျစ်လျူရှုထားမည်ဖြစ်သည်။

အကယ်၍ ရှာတွေ့ခဲ့မယ်ဆိုပါက ၎င်းကို ရအောင်ယူမည်ဖြစ်သည်။

…

လင်းဂျန်မြို့အပြင်ဘက်၊ တောင်ပေါ်ဒေသ

ဖီးနစ်ချိုင့်ဝှမ်း

ဤချိုင့်ဝှမ်းသည် အမည်အတိုင်းပင် အတောင်ပံဖြန့်ထားသည့် ဖီးနစ်တစ်ကောင်နှင့် တူညီနေခဲ့ပြီး၊ အတောင်ပံများသည် မတ်စောက်သည့်တောင်ထိပ်နှစ်ခုပင်ဖြစ်သည်။

လနတ်ဘုရားဂိုဏ်းခွဲသည် ဤထောင်ထိပ်နှစ်ခုကြားတွင် တည်ရှိသည်။

၎င်း၏ ထူးခြားသော ပထဝီဝင်အနေအထားနှင့် လနတ်ဘုရားဂိုဏ်း၏ ဖုံးကွယ်ရေး ပစ္စည်းများကြောင့် ဂြိုဟ်တုများကပင် ၎င်း၏ တည်ရှိမှုကို အလွယ်တကူ ရှာဖွေထောက်လှမ်းနိုင်မည် မဟုတ်ပေ။

ဤနေရာမှ ဖြတ်သွားသည့် အဆင့်မြင့် ပညာရှင်တစ်ဦးကပင် ဂရုတစိုက် မစစ်ဆေးကြည့်ဘူးဆိုပါက ၎င်းကို သတိပြုမိလိမ့်မည် မဟုတ်ပေ။

…

မိုင်အနည်းငယ်အကွာရှိ တောင်ထိပ်တစ်ခုပေါ်၌

ရှုကျိုးသည် ရှားလီယွဲ့၏ ဘေးနားတွင် မတ်တပ်ရပ်နေကာ သူ၏အဖွဲ့ကမူ သူတို့၏နောက်ဘက်တွင် ရှိနေခဲ့သည်။

ချင်ဖုန်းနှင့် တစ်ခြားအဖွဲ့များကမူ အစောပိုင်း အချိန်များထဲက လမ်းခွဲသွားကြပြီဖြစ်သည်။

“ ဆိုတော့ အဲ့တာက လနတ်ဘုရားဂိုဏ်းရဲ့ အခြေစိုက်စခန်းလား? လင်းဂျန်မြို့နဲ့ တော်တော်လေး နီးနေတာပဲ “

ရှုကျိုးသည် ဖီးနစ်ချိုင့်ဝှမ်းကို ကြည့်ကာ တိတ်တဆိတ် သက်ပြင်းချနေတော့သည်။

“ နင့်ရဲ့အိမ်က လင်းဂျန်မြို့မှာလေ၊ ဟုတ်တယ်မလား? “

ရှားလီယွဲ့သည် သူ့ကို လှည့်ကြည့်လာခဲ့သည်။

ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်။

“ စိတ်မပူပါနဲ့၊ ဒီစစ်ဆင်ရေးက သိပ်မကြာခင်မှာပဲ ပြီးသွားမှာ၊ မြို့နေလူထုကို ထိခိုက်စေမှာ မဟုတ်ဘူး “ ရှားလီယွဲ့သည် သူတွေးပူနေသည့် အရာများကို သိနေပုံရကာ၊ ဂရုတစိုက် ပြောလာခဲ့သည်။

သူမသည် စကားပြောစက်ကို ထုတ်ယူကာ လေသံတိုးတိုးလေးဖြင့် ပြောလိုက်သည် “ အဖွဲ့အားလုံး၊ အခြေအနေကို သတင်းပို့ပါ “

“ အဖွဲ့နှစ်က သတ်မှတ်ထားတဲ့ နေရာကို ရောက်နေပါပြီ “

“ အဖွဲ့သုံးလည်း ရောက်နေပါပြီ “

“ အဖွဲ့လေးလည်း ရောက်ပါပြီ “

“ … ”

တစ်ခြားအဖွဲ့များက နေရာယူပြီးပြီဆိုသည်ကို ကြားလိုက်ရသောအခါတွင် ရှားလီယွဲ့သည် ချက်ချင်း အမိန့်ပေးလာခဲ့သည် “ အဖွဲ့နှစ်ရဲ့ ခေါင်းဆောင်၊ တောင်ဘက်မှာ အရှုပ်အထွေးဖြစ်အောင်လုပ်ဖို့အတွက် နင့်ရဲ့ အဖွဲ့ကို ဦးဆောင်ပြီးတော့ သူတို့အာရုံစိုက်လာအောင် လုပ်လိုက်။ ခဏလောက်ကြာရင် ငါက မြောက်ဘက်ကနေပြီးတော့ တိုက်ပွဲထဲကို ဝင်လာခဲ့မယ်။ ကျန်တဲ့လူတွေကတော့ မူလအစီအစဥ်အတိုင်းပဲ ဆက်လုပ်ကြ “

အဖွဲ့နှစ်ခေါင်းဆောင်သည် စိတ်ရှုပ်ထွေးသွားပုံရကာ ချက်ချင်း မေးမြန်းလာခဲ့သည် “ အရှေ့ဘက်ကို တိုက်ရမှာ မဟုတ်ဘူးလား? “

“ အခြေအနေပြောင်းသွားပြီ “

ရှားလီယွဲ့မှ အေးအေးလူလူ ပြောလိုက်သည် “ အဲ့ဒီကောင်တွေက ခံစစ်ကို တင်းတင်းကြပ်ကြပ်ထားတယ်၊ သူတို့တွေ စုစည်းမိပြီးတော့ တိုက်ပွဲနည်းစနစ်တစ်ခု ဖွဲ့စည်းနိုင်သွားရင် ပြဿနာများသွားလိမ့်မယ် …… ငါတို့က သူတို့ကို လူစုခွဲထားရမယ် “

“ နားလည်ပါပြီ “

အရာအားလုံးကို စီစဥ်ခဲ့ပြီးသည့်နောက်တွင် ရှားလီယွဲ့သည် ရှုကျိုးကို ကြည့်လာခဲ့သည် “ နောက်ကျရင် ငါ့အနားပဲကပ်နေ၊ ဝေးဝေးမသွားနဲ့၊ တကယ်လို့ နင်က အန္တရာယ်တစ်ခုခုနဲ့ ရင်ဆိုင်ရမယ်ဆိုရင်၊ မမက နင့်ကို ကူညီပေးလို့ရတာပေါ့ “

တစ်ခြားသော အဖွဲ့ဝင်များသည် စိတ်ရှုပ်ထွေးသွားကြသည်၊ သူတို့သည် ရှုကျိုးက ရှားလီယွဲ့အား သူ၏ကိုယ်ပိုင်သက်တော်စောင့်အဖြစ် ငှားရမ်းထားသည်ဟုပင် သံသယဝင်သွားကြသည်။

ငါတို့ကရော အဲ့လို အရေးပေးမှုမျိုးကို ဘာလို့ မရရတာလဲကွာ????

…

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် ဖီးနစ်ချိုင့်ဝှမ်း၏ တောင်ဘက်မှ ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။

အဖွဲ့နှစ်သည် သူတို့၏တာဝန်ကို စတင်၍ လုပ်ဆောင်နေခဲ့ပြီဖြစ်သည်။

ချက်ချင်းဆိုသလိုပင် ဖီးနစ်ချိုင့်ဝှမ်းအတွင်း၌ နှောင်းပိုင်း တတိယအဆင့် အမှောင်သိုင်းပညာရှင် နှစ်ဦးသည် ဒုတိယအဆင့် ပညာရှင်များ ပါဝင်သည့် အဖွဲ့တစ်ခုကို ဦးဆောင်ကာ အဖွဲ့နှစ်နှင့် တိုက်ခိုက်နေတော့သည်။

ရှုကျိုး၏ ဘေးဘက်တွင်မူ ရွှေရောင်အလင်းတန်းတစ်ခုသည် ရှားလီယွဲ့၏ မျက်ခုံးများမှတစ်ဆင့် ပေါ်ထွက်လာခဲ့ကာ အောက်ဘက်သို့ စစ်ဆေးကြည့်ရှုနေတော့သည်။

၎င်းမှာ သူမ၏ စွမ်းရည်ဖြစ်သည်၊ ပုန်းကွယ်နေသည့် လူက သတ္တမအဆင့်အထက်တွင် ရှိမနေဘူးဆိုပါက သူမသည် ထိုလူအားလုံးကို ရှာဖွေထောက်လှမ်းနိုင်ပေသည်။

သို့သော် လနတ်ဘုရားဂိုဏ်းမှ အဆိုပါ ကြောင်သူတော်ကြီးများကမူ သူတို့၏ အသက်များကို အလွန်တန်ဖိုးထားတတ်ကြပြီး၊ ဌာနချုပ်ထဲတွင်သာ ပုန်းအောင်းနေကြကာ အပြင်ဘက်သို့ ထွက်လာသည်မှာ အတော်လေး ရှားပါးလွန်းနေခဲ့သည်။

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် ရှားလီယွဲ့မှ ခေါင်းငြိမ့်ပြလာခဲ့သည် “ ကြည့်ရတာတော့ အတွင်းသတင်းတွေက မှန်နေတဲ့ပုံပဲ၊ အထဲမှာ အလယ်အလတ် စတုတ္ထအဆင့် ပညာရှင်တစ်ယောက်ပဲ ရှိတယ် “

“ အဖွဲ့အားလုံး၊ စစ်ဆင်ရေးကို စမယ် “

“ နားလည်ပါပြီ !! “

“ နားလည်ပါပြီ !! “

ရှားလီယွဲ့သည် သူမ၏ စုပ်လုံးကို ပါးစောင်ထဲသို့ ထည့်ကာ အရင်ဦးဆုံး ပြေးထွက်သွားတော့သည်။

ထိုအချိန်၌ တစ်ခြားသောနေရာများတွင် အသင့်စောင့်နေကြသည့် အဖွဲ့များကလည်း ပထမလှိုင်း တိုက်ခိုက်မှုများကို စတင်၍ ပြုလုပ်နေကြတော့သည်။

…

ဖီးနစ်ချိုင့်ဝှမ်း၏ အလယ်ဗဟို၌

စေတီတော်တစ်ဆူကဲ့သို့သော အဆောက်အဦးအတွင်း၌ ရှုံ့တွနေသော မျက်နှာအသွင်အပြင်ရှိသည့် အဘွားအိုတစ်ဦးသည် တရားထိုင်ရာ အခင်းတစ်ခုပေါ်တွင် ထိုင်နေလျက်ရှိသည်။

( တရားထိုင်တာတို့၊ ရှိခိုးကန့်တော့တာမျိုးတို့ လုပ်တဲ့နေရာမှာ ထားထားတဲ့ အခင်းတစ်မျိုးပါ )

“ အစီရင်ခံပါ “

တပည့်တစ်ဦးမှ အလောတကြီး တင်ပြလာခဲ့သည် “ အဖွဲ့ခေါင်းဆောင်ခင်ဗျ၊ ကျွန်တော်တို့ရဲ့ အခြေစိုက်စခန်းက ပြင်းပြင်းထန်ထန် အတိုက်ခံနေရပါတယ်။ ရန်သူက ဘက်ပေါင်းစုံကနေ တိုက်ခိုက်နေကြတာပါ “

……………………………………………………………………………………………………………………………

အပိုင်း ( 306 )

ချောင်ပိတ်ရိုက်ခြင်း ၃

“ သိပြီ “

အဘွားအို၏ အမူအရာသည် ၎င်းတို့ ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ထားသည့်အတိုင်း အေးဆေးတည်ငြိမ်နေစဲဖြစ်သည် “ သေတဲ့အထိ တိုက်နေကြဖို့ အမိန့်ပေးလိုက်၊ ခဏလောက် ထိန်းထားပြီးတော့၊ အဲ့လူတွေ အကုန်လုံးကို ချိုင့်ဝှမ်းထဲ ရောက်အောင် ခေါ်သွားလိုက် “

“ ဒါပင်မဲ့ အဖွဲ့ခေါင်းဆောင်၊ ကျွန်တော်တို့က ….. “ နောက်လိုက်တပည့်၏ မျက်နှာပေါ်တွင် အလျင်လိုနေသည့် အမူအရာတစ်ခု တည်ရှိနေခဲ့သည်။

အဘွားအိုမှ အေးအေးလူလူ ပြောလာခဲ့သည် “ သွားတော့ !! လနတ်ဘုရားမအတွက် စတေးခံရတာက ဂုဏ်သရေရှိတယ် “

“ ဟုတ်ကဲ့ ……… လနတ်ဘုရားမအတွက် “

နောက်လိုက်တပည့်၏ မျက်နှာပေါ်တွင် စိတ်အားထက်သန်မှုများ ဖြစ်ပေါ်လာခဲ့ပြီး၊ အပြင်ဘက်သို့ ပြေးထွက်သွားတော့သည်။

ထိုတပည့်ထွက်သွားသည်နှင့်တစ်ပြိုင်နက် အဘွားအိုသည် ခေါင်းကိုမော့ကာ လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး၊ သူမ၏မျက်နှာပေါ်တွင် လေးစားကိုင်းရှိုင်းနေသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။

“ အို နတ်ဘုရားမရှင်၊ ပူဇော်ပသမှုများကို လက်ခံပေးပါ၊ အဲ့တာတွေက လူသားမျိုးနွယ်စုရဲ့ အကောင်းဆုံး အရည်အသွေးတွေ၊ အနာဂတ် အမြင့်ပိုင်းအဆင့်များအတွက် မျိုးစေ့တွေပါ …….. “

သူမသည် ဆုတောင်းနေသကဲ့သို့ ရေရွတ်ပြောဆိုနေခဲ့ပြီး၊ သူမ၏ မျက်နှာပေါ်တွင် ရူးသွပ်မှုများ တဖြည်းဖြည်း ပေါ်လာခဲ့သည်။

ဗွီ !!

ထိုအချိန်၌ အလင်းတန်း မျက်နှာပြင်တစ်ခုသည် သူမ၏အရှေ့တွင် ပေါ်လာခဲ့သည်။

မှန်ကဲ့သို့သော အရာတစ်ခုအတွင်း၌ ဝဖိုင့်ဖိုင့် ပုံရိပ်တစ်ခု ရှိနေခဲ့သည်။

“ ချန်းထျယ်ကျူ၊ မင်းဘက်က ပြင်ဆင်မှုတွေက ဘယ်လိုလဲ? “ ဟုဝဖိုင့်ဖိုင့် ပုံရိပ်မှ မေးမြန်းလာခဲ့သည်။

“ မွှေးရနံ့ဆရာသခင်ရှင့် ……… ကျွန်မရဲ့လူတွေက ချုံခိုတိုက်ခိုက်ဖို့ အသင့်ဖြစ်နေကြပါပြီ၊ သူတို့က ချိုင့်ဝှမ်းထဲ ဝင်လာမဲ့အချိန်ကို စောင့်နေကြတာပါ “

အဘွားအိုမှ တရိုတသေဖြင့် ပြန်ပြောလိုက်သည် “ ဒါပင်မဲ့ အဲ့ဒီ စတုတ္ထအဆင့် ကောင်မလေးကတော့ ကျွန်မအတွက် အတော်လေးကို အခက်တွေ့စေပါတယ် “

“ ရှားလီယွဲ့လား? “

ဝဖိုင့်ဖိုင့်လူ၏ မျက်နှာပေါ်တွင် စိတ်ဝင်စားမှု အရိပ်အငွေ့များ ဖြစ်ပေါ်လာခဲ့သည် “ အဲ့ကောင်မလေူက တကယ်ကို အစွမ်းထက်တယ်၊ စတုတ္ထအဆင့် အထွတ်အထိပ်မှာပဲ ပဥ္စမအဆင့် ပညာရှင်ကို သတ်နေနိုင်ပြီ ……. အရမ်းကောင်းတယ်၊ သူမက ရောက်နေပြီဆိုတော့၊ ဒီနေရာမှာပဲ နေခိုင်းလိုက်တော့ “

“ မင်းက သူမကို ခဏလောက် ထိန်းထားပေးဖို့ပဲ လိုအပ်တယ်၊ ငါတို့ရဲ့ပစ်မှတ်က ဒုတိယအဆင့်နဲ့ တတိယအဆင့်က မျိုးစေ့တွေပဲ “

ဝဖိုင့်ဖိုင့်လူမှအေးအေးလူလူ ပြောလာခဲ့သည် “ နတ်ဘုရားပူဇော်ပွဲစတာနဲ့ ငါမင်းကို လာကူမယ် “

အဘွားအိုသည် စိတ်သက်သာရာရသွားပြီး၊ ရေရွတ်ပြောဆိုလာခဲ့သည် “ လနတ်ဘုရားမအတွက် !! “

“ လနတ်ဘုရားမအတွက် !! “

ထိုလူ၏ အကြည့်မှာလည်း စူးရှသွားတော့သည်။

…

ဖီးနစ်ချိုင့်ဝှမ်း၏ မြောက်ဘက်သည် ရှေ့တန်းစစ်မျက်နှာပြင်၏ တိုက်ပွဲနယ်မြေဖြစ်သည်။

ထိုအချိန်တွင် တိုက်ပွဲခေါ်သံများသည် ကောင်းကင်ဘုံကိုပင် လှုပ်ခါသွားစေခဲ့သည်။

“ ဝှစ် !! “

ရှားလီယွဲ့မှ သူမ၏လက်ကို မြှောက်လိုက်ရာ၊ ဓားအလင်းတန်းတစ်ခု ပေါ်လာခဲ့ပြီး၊ နှောင်းပိုင်း တတိယအဆင့် ပညာရှင်တစ်ဦး၏ ရင်ဘတ်ကို တိုက်ရိုက်ခုတ်ပိုင်းသွားကာ လွင့်ထွက်သွားစေတော့သည်။

ဆွစ်ရှ် !!

နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် ဓားအလင်းတန်းသည် ပညာရှင်တစ်ဦး၏ ဦးခေါင်းကို ထိုးဖောက်သွားခဲ့သည်။

“ ပူးပေါင်းဆောင်ရွက်မှုက မဆိုးပါဘူး “

ရှားလီယွဲ့သည် သူမ၏ ဓားကို ပြန်ရုတ်လိုက်ပြီး၊ လက်ခံနေသည့် အကြည့်မျိုးဖြင့် ရှုကျိုးကို ကြည့်လိုက်သည်။

ရှုကျိုးမှာလည်း သူ၏ဓားကို ပြန်ရုတ်လိုက်ကာ ကူရာကယ်ရာမဲ့စွာဖြင့် ပြောလာခဲ့သည် “ ကျွန်တော့်အတွက် လူတွေချန်ပေးထားဖို့ မလိုပါဘူးဗျာ “

“ နင်က သူတို့ကို မလိုချင်ဘူးလား? “ ရှားလီယွဲ့သည် ဇဝေဇဝါဖြစ်သွားတော့သည် “ အဲ့တာက အကျိုးပြုအမှတ် ထောင်ဂဏန်းလေ “

ရှုကျိုးမှ ပြန်ပြောလိုက်သည် “ ကျွန်တော်က ဒီကို အတွေ့အကြုံ ယူဖို့အတွက် ရောက်လာတာ၊ လိုအပ်တာပဲ ယူသွားမှာ။ ကျွန်တော်က တတိယအဆင့် ပညာရှင်ကို ကိုင်တွယ်နိုင်တယ် “

“ ခေါင်းမာနေတုန်းပဲပေါ့ “

“ ဝုန်းးး !! “

သူမသည် ရှုကျိုးကို ဖျတ်ခနဲကြည့်ကာ၊ သူမနောက်ရှိ အမှောင်သိုင်းပညာရှင်ကို သေစေနိုင်သည့် ဒဏ်ရာမျိုးရရှိသွားအောင် နောက်ပြန်တိုက်ခိုက်လိုက်ပြီး၊ ထို့နောက်တွင် စုပ်လုံးကို အေးအေးဆေးဆေး စုပ်စားနေတော့သည်။

“ ကောင်းပြီလေ၊ ဒါဆိုရင်လည်း နင့်ဟာနင် ပျော်နေလိုက်တော့၊ ငါက အဲ့ဒီ စတုတ္ထအဆင့်ပညာရှင်ဆီ သွားတော့မယ် “

ရှားလီယွဲ့သည် ပျင်းရိစွာ အကြောဆန့်နေတော့သည်။

သူမ၏ ကောင်းကင်ဘုံမျက်လုံးသည် ဤနေရာတစ်ဝိုက်တွင် မည်သည့်နှောင်းပိုင်း တတိယအဆင့်မှ မရှိဘူးဆိုသည်ကို အတည်ပြုခဲ့ပြီးပြီဖြစ်ပြီး၊ ရှုကျိုးသည် ယာယီအားဖြင့် လုံခြုံနေပြီဖြစ်သည်။

“ ရှုကျိုး၊ ငါထွက်သွားရင် နင်က အဖွဲ့တစ်ရဲ့ ယာယီခေါင်းဆောင်ဖြစ်လာလိမ့်မယ် “

ဝုန်းးးးး !!

သူမ၏ စကားပြီးဆုံးသွားသည့် အချိန်တွင် ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါတစ်ခုသည် ဖီးနစ်ချိုင့်ဝှမ်းအနက်ပိုင်းမှ ပေါက်ကွဲထွက်လာခဲ့ကာ၊ အိုမင်းသော ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။

အလယ်အလတ် စတုတ္ထအဆင့် အဖွဲ့ခေါင်းဆောင် ထွက်လာပြီ !!!

ရှားလီယွဲ့သည် ရှုကျိုးကို ပြန်လှည့်ကာ မျက်စိမှိတ်ပြ၍ ပြောလာခဲ့သည် “ ဂရုစိုက် “

ဝှစ် !!

သူမ၏ ပုံရိပ်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ ဖီးနစ်ချိုင့်ဝှမ်၏ နက်ရှိုင်းသော နေရာဆီသို့ တိုးဝင်သွားတော့သည်။

ဝရုန်းးးး !!

မကြာခင်မှာပင် တုန်လှုပ်ဖွယ်ကောင်းသည့် ထိတွေ့မှုများ ဖြစ်ပေါ်လာခဲ့ကာ ရှားလီယွဲ့သည် အလယ်အလတ် စတုတ္ထအဆင့်ပညာရှင်နဲ့ စတင်၍ တိုက်ခိုက်နေတော့သည်။

“ အလယ်အလတ် စတုတ္ထအဆင့်လား? “ ရှုကျိုးသည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည် “ အဲ့ဒီ အရှိန်အဝါက ရှားလီယွဲ့ရဲ့ အရှိန်အဝါနဲ့ ဘာလို့ တူနေရတာလဲ? သူတို့က တားမြစ်ဆေးသုံးလိုက်တာများလား? “

တားမြစ်နည်းစနစ် (သို့) တားမြစ်ဆေးများကို အသုံးပြုခြင်း လူတစ်ဦး၏ အလားအလာကို ဆွဲဆန့်ကာ ခွန်အားကို သိသိသာသာတိုးမြှင့်ပေးသည်၊ အများစုသည် ထိုကဲ့သို့သော လုပ်ရပ်များကို ရှောင်ရှားလေ့ရှိသည်။

သို့ရာတွင် အမှောင်သိုင်းပညာရှင်များအတွက်မူ ၎င်းတို့က သာမန်လုပ်ရိုးလုပ်စဥ်မျှသာ ဖြစ်နေခဲ့သည်။

“ လနတ်ဘုရားမအတွက် !! “

ချိုင့်ဝှမ်းအတွင်း၌

ကြွေးကျော်သံများ ပဲ့တင်ထပ်လာခဲ့ပြီး၊ ဒုတိယအဆင့် သိုင်းပညာရှင် တစ်ဒါဇင်ကျော်သည် နီရဲနေသော မျက်လုံးများဖြင့် ရှုကျိုးဆီသို့ ပြေးတက်လာခဲ့သည်။

“ သေ !! “

ရှုကျိုးမှ သူ၏ဓားရှည်ကို ဆွဲထုတ်လိုက်ရာ၊ အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့သည်။

လျင်မြန်သော လှုပ်ရှားမှုနှင့်အတူ သူသည် ဦးဆောင်လာသည့် ဒုတိယအဆင့် အထွတ်အထိပ် ပညာရှင်တစ်ဦးကို ခေါင်းဖြတ်လိုက်သည်။

ကျန်ရှိနေသော လူများသည် အကြောက်အရွံ့ကင်းမဲ့နေပြီး၊ ရှုကျိုးထံသို့ တိုက်ခိုက်မှုများ ဆက်လက်၍ ပစ်လွှတ်လာကြသည်။

ရှုကျိုး၏ ယခုလက်ရှိ ခွန်အားဖြင့် ဒုတိယအဆင့် ပညာရှင်များကို ကိုင်တွယ်ရခြင်းသည်၊ ဟင်းရွက်ကန်စွမ်းများကို လှီးဖြတ်နေရသကဲ့သို့ ဖြစ်နေခဲ့ကာ သူဓားလွှဲလိုက်သည့် အချိန်တိုင်းတွင် ခေါင်းများလေပေါ်သို့ ပျံတက်သွားခဲ့သည်။

ရံဖန်ရံခါတွင် တတိယအဆင့် ပညာရှင်နှင့်ပင် ရင်ဆိုင်ခဲ့ရသည်၊ သို့သော် ၎င်းသည် အစောပိုင်း တတိယအဆင့် ပညာရှင်တစ်ဦးသာ ဖြစ်နေခဲ့ပြီး၊ သူသည် ရှုကျိုး၏ ပြိုင်ဘက် မဟုတ်ပေ။

ရှားလီယွဲ့၏ စစ်ဆေးမှုအတိုင်းပင် ချိုင်းဝှမ့်၏ မြောက်ပိုင်းတွင် မည်သည့် နှောင်းပိုင်း တတိယအဆင့်ပညာရှင်မှ မရှိပေ။

ထိုကဲ့သို့သော အခြေအနေများအောက်တွင် ရှုကျိုးသည် တားမရဆီးမရဖြစ်နေခဲ့ပြီး၊ ချိုင့်ဝှမ်းထဲသို့ လျင်မြန်စွာ တိုးဝင်လာခဲ့သည်။

“ ဒီကောင်၊ သူ့ရဲ့ စွမ်းအားက တကယ်ကြီးကို ကြောက်ဖို့ကောင်းတာပဲ “

“ အမှန်ပဲ၊ အစောပိုင်း တတိယအဆင့်ပညာရှင်ကတောင် ဓားတစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရတယ် “

“ တကယ် ကြောက်ဖို့ကောင်းတယ် ….. “

အနောက်ဘက်ရှိ အဖွဲ့ဝင်များ၏ မျက်နှာများပေါ်တွင် စိတ်ရှုပ်ထွေးသွားသည့် အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

သူတို့သည် ရှားလီယွဲ့ ထွက်သွားသည့်နောက်တွင် ကြမ်းတမ်းသော တိုက်ပွဲတစ်ခုကို ဆင်နွှဲရလိမ့်မည်ဟု ထင်နေခဲ့ကြသည်။

သို့သော် သူတို့အရှေ့တွင် ဖြစ်ပေါ်လာသည့် မြင်ကွင်းကမူ သူတို့၏ စိတ်ကူးစိတ်သန်းများထပ် ကျော်လွန်နေခဲ့သည်။

ရှုကျိုး၏ ထိုးဖောက်မှုနှင့်အတူ အဖွဲ့တစ်သည် မကြာခင်မှာပင် ဖီးနစ်ချိုင့်ဝှမ်း၏ အနက်ပိုင်းသို့ ရောက်လာခဲ့သည်။

ထိုအချိန်၌ တစ်ခြားသောအဖွဲ့ငယ်များကမူ ချိုင့်ဝှမ်း အပြင်ဘက်တွင်သာ ရှိနေစဲပင်ဖြစ်သည်၊ သတင်းရခဲ့ပြီးသည့်နောက်တွင် ဖီးနစ်ချိုင့်ဝှမ်းကို အပြည့်အဝ ထိုးစစ်ဆင်ရန်အတွက် စတင်၍ ပြုလုပ်နေကြသည်။

ကောင်းကင်ထက်ရှိ ရှားလီယွဲ့နှင့် ချန်းထျယ်ကျူတို့၏ တိုက်ပွဲမှာလည်း အထွတ်အထိပ်အထိ တဖြည်းဖြည်း ရောက်ရှိလာခဲ့သည်။

တိုက်ပွဲ၏ အဆုံးသတ်မှာ နီးကပ်လာပြီးဖြစ်ပြီး၊ လနတ်ဘုရားဂိုဏ်းမှာလည်း ရှုံးနိမ့်သွားတော့မည် ဖြစ်သည်။

“ ဘုမ်း !!! “ “ ဘုမ်း !!! “ “ ဘုမ်း !!! “

ထိုအချိန်တွင် ဖီးနစ်ချိုင့်ဝှမ်း အပြင်ဘက်၌ ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါများသည် ကောင်းကင်ထက်သို့ ထောင်တက်လာခဲ့သည်။

ပုံရိပ်များသည် လေပေါ်သို့ ပျံတက်လာကြသည်၊ သူတို့၏ တည်ရှိမှုကို နေရာအနှံ့မှ မြင်တွေ့နေခဲ့ရသည်၊ သူတို့အားလုံးသည် နှောင်းပိုင်း တတိယအဆင့်ကို ကျော်လွန်နေသည့် အမှောင်သိုင်းပညာရှင်များ ဖြစ်သည်။

“ လနတ်ဘုရားမအတွက် !! “

ကောင်းကင်ထက်၌ ကြုံးဝါးသံတစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ အဆိုပါ ပုံရိပ်များသည် ဖီးနစ်ချိုင့်ဝှမ်းထဲရှိ လူအုပ်ထံသို့ အားကောင်းပြင်းထန်လွန်းလှသော သတ်ဖြတ်လိုစိတ်များဖြင့် ပြေးတက်လာကြသည်။

“ ဘာတွေ ဖြစ်နေတာလဲ? တတိယအဆင့် ပညာရှင် တစ်ဒါဇင်က ဘယ်လိုလုပ် ရုတ်တရက်ကြီး ပေါ်လာရတာလဲ? “

“ အကုန်လုံးက နှောင်းပိုင်း တတိယအဆင့်ကို ကျော်လွန်နေပြီးတော့ ခြောက်ယောက်က တတိယအဆင့် အထွတ်အထိပ်တွေ !!! “

ဖီးနစ်ချိုင့်ဝှမ်းအတွင်းရှိ အဖွဲ့ခေါင်းဆောင်တို့၏ အမူရာများ သိသိသာသာ ပြောင်းလဲသွားတော့သည်။

တတိယအဆင့် ပညာရှင်များ ပေါ်လာခြင်းသည် အလွန်ပင် ရုတ်တရက်ဆန်လွန်းနေခဲ့သည်၊ သူတို့သည် ပုန်းအောင်းနေပုံရကာ၊ ရှုကျိုးတို့ လူစုက ချိုင့်ဝှမ်းထဲသို့ ဝင်လာသည်ကို စောင့်ဆိုင်းနေခဲ့သည့်ပုံပင်။

ထို့နောက်တွင် ချိုင့်ဝှမ်းအပြင်ဘက်တွင် ပေါ်လာခဲ့ပြီး ချောင်ပိတ်ကာ ညှပ်တိုက်လာတော့လေသည်။

…

ကောင်းကင်ထက်၌

“ ဝုန်းးး !! “

ရှားလီယွဲ့သည် ဓားချက်တစ်ချက်ဖြင့် ချန်းထျယ်ကျူနှင့် လူခွဲလိုက်ပြီး၊ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည် “ တတိယအဆင့် ပညာရှင်တွေ အများကြီး ဘယ်လိုလုပ် ပေါ်လာရတာလဲ? “

သူတို့က ငါ့ရဲ့ ကောင်းကင်ဘုံမျက်လုံးကို ဘယ်လို ရှောင်ရှားခဲ့တာလဲ??

ထိုအချိန်တွင် သူမသည် များများစားစား မတွေးတောနိုင်တော့ပေ။

“ တကယ်လို့ ဟိုကောင်ကသာ တတိယအဆင့် အထွတ်အထိပ် ပညာရှင်နဲ့ တွေ့သွားမယ်ဆိုရင်၊ ပြဿနာတက်သွားလိမ့်မယ် …….. “

ဘိုးဘိုးက ရှုကျိုးကို ကာကွယ်ခိုင်းထားတယ်၊ သူတစ်ခုခု ဖြစ်သွားလို့မရဘူး !!

ရှားလီယွဲ့သည် စိုးရိမ်ပူပန်နေသော အမူအရာဖြင့် ရှုကျိုးရှိရာဘက်သို့ ငေးကြည့်နေတော့သည်။

“ ဝှစ် !! “

တစ်ဖက်ရှိ ချန်းထျယ်ကျူသည် ရှေ့သို့ ခုန်ဝင်ကာ၊ လှောင်ပြောင်လာခဲ့သည် “ ကောင်မလေး၊ ငါနဲ့ တိုက်နေတာကို အာရုံလွင့်ရဲနေတယ်ပေါ့? “

သူမသည် လှံရှည်ကို ဆုပ်ကိုင်၍၊ ရှားလီယွဲ့ဆီသို့ ပြေးတက်လာတော့သည်။

“ ခွမ်းးး !! “

ရှားလီယွဲ့သည် သူမ၏ဓားဖြင့် ရိုက်ချလိုက်ကာ နားကြပ်ကို ကိုင်၍ စကားပြောလိုက်သည် “ အဖွဲ့နှစ်နဲ့ အဖွဲ့သုံး၊ မြောက်ဘက်မှာ လူစု၊ အဖွဲ့လေးနဲ့ အဖွဲ့ငါးက ချိုင့်ဝှမ်းရဲ့ အလယ်ကို ထိုးဖောက်လာခဲ့ …. “

သူမသည် နည်းဗျူဟာ အမိန့်များကို လျင်မြန်စွာ ချမှတ်လိုက်ပြီး၊ ထို့နောက်တွင် သူမရှေ့ရှိ အဘွားကြီးကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

သူမသည် အောက်ဘက်ရှိ လူများကို ကူညီရန်အတွက် ဤအဘွားကြီးကို မြန်မြန်ဆန်ဆန် ကိုင်တွယ်ဖြေရှင်းရမည် ဖြစ်သည်။

All Chapters