← Chapters

အခန်း (၃၀၇-၃၀၉)

Vol. 21 Ch. 307-309

အခန်း (၃၀၇-၃၀၉)

Vol. 21 Ch. 307-309

အပိုင်း ( 307 )

လူသားဧကရာဇ် စည်းတံဆိပ်၏ ဘုန်းတန်ခိုး

ဖီးနစ်ချိုင့်ဝှမ်း အတွင်း၌ ဆယ်ယောက်ထပ်ပိုသည့် အမှောင်သိုင်းပညာရှင်များ ပေါ်လာခဲ့ပြီး၊ ထိုလူအားလုံးသည် နှောင်းပိုင်းတတိယအဆင့်(သို့) ထို့ထပ်အဆင့်မြင့်သည့် လူများသာဖြစ်နေခဲ့ပြီး၊ လူများထဲမှ လူခြောက်ဦးသည် တတိယအဆင့် အထွတ်အထိပ် ပညာရှင်များ ဖြစ်နေခဲ့သည်။

တစ်ချိန်တည်းမှာပင် ဒုတိယအဆင့် ပညာရှင်မြောက်များစွာ ပေါ်ပေါက်လာခဲ့ပြီး၊ ချိုင့်ဝှမ်းထဲရှိ ပါရမီရှင်များကို ဝိုင်းရံလာကြသည်။

အဖွဲ့ခုနစ်ဖွဲ့သည် အစပိုင်းတွင် အထိတ်တလန့်ဖြစ်သွားကြသော်လည်း၊ လျင်မြန်စွာ စိတ်တည်ငြိမ်သွားကြသည်။

ဤစစ်ဆင်ရေးတွင် ပါဝင်သည့် လူတိုင်းသည် လူသားမျိုးနွယ်စု၏ ထိပ်တန်းပါရမီရှင်များသာ ဖြစ်ကြသည်၊ သူတို့၏ ဘဝလမ်းခရီးတွင် သေခြင်းရှင်ခြင်း စမ်းသပ်မှုများကို မကြုံတွေ့ခဲ့ရဖူးသည့် လူဟူ၍ မရှိပေ။

ယခု၌ ဤကဲ့သို့သော အခြေအနေမျိုးနှင့် ရင်ဆိုင်ရသောအခါတွင် မည်သူကမှ မကြောက်ရွံ့သွားဘဲ၊ ပို၍ပင် စိတ်အားထက်သန်သွားကြသည်။

“ သတ် !!! “

ကြုံးဝါးသံများသည် ကောင်းကင်ဘုံကိုပင် လှုပ်ခါသွားစေခဲ့သည်။

မကြာသေးမှီက ညွှန်ကြားလာခဲ့သော ရှားလီယွဲ့၏ အမိန့်များ အောက်တွင် အဖွဲ့တစ်ဖွဲ့ချင်းစီတိုင်းသည် သူတို့၏ တိုက်ခိုက်ရေး စွမ်းအားများကို စုစည်းကာ တိုက်ခိုက်မှုလှိုင်းလုံးတစ်ခုကို ထပ်မံ၍ ဆင်နွှဲနေတော့သည်။

…

ရှုကျိုးဘက်တွင်မူ

“ ခေါင်းဆောင်ရှု၊ ကျွန်တော်တို့က ဘာလုပ်ကြမှာလဲ? “ ကျန်းခိုင်ဟု အမည်ရသည့် အဖွဲ့ဝင်တစ်ဦးမှ လေးလေးနက်နက် မေးလာခဲ့သည်။

အစောပိုင်း အချိန်များအတွင်းက ဗျူဟာများပြင်ဆင်ချမှတ်ရာတွင် ရှားလီယွဲ့သည် သူတို့အဖွဲ့၏ တာဝန်ကို မပြောခဲ့ပေ။

ရှုကျိုးသည် အေးအေးဆေးဆေး ထိုင်ချလိုက်ကာ လေးနက်စွာ ပြောလာခဲ့သည် “ ခေါင်းဆောင်ရဲံ အရင်အမိန့်တွေအတိုင်းပဲ ဆက်လုပ်မယ်၊ ဒီနေရာကို ထိန်းထားပြီးတော့ အခြေအနေအရ လှုပ်ရှားမယ်။ တကယ်လို့ တစ်ခြားအဖွဲ့တွေက ပြဿနာနဲ့ တစ်ခုခုနဲ့ ရင်ဆိုင်ရမယ်ဆိုရင် သူတို့က သွားကူကြမယ် “

ကျန်းခိုင်နှင့် တစ်ခြားလူများက ခေါင်းငြိမ့်ပြလာကြသည်၊ ၎င်းမှာ သူတို့၏တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်သည်။

သူတို့ထဲတွင် ရှုကျိုးအပြင် အမြင့်ဆုံး ကျင့်ကြံရေး အဆင့်ကို ပိုင်ဆိုင်ထားသည့်လူမှာ အလယ်အလတ် တတိယအဆင့်ဖြစ်သည့် ကျန်းခိုင်ပင် ဖြစ်သည်။

ယခုတွင် ရှားလီယွဲ့ မရှိသောကြောင့်၊ သူတို့ကသာ တတိယအဆင့် အထွတ်အထိပ် ပညာရှင်နဲ့ ရင်ဆိုင်ရမည်ဆိုပါက ပြဿနာတက်သွားမည် ဖြစ်သည်။

ဆန့်ကျင်ဘက်အနေဖြင့် တစ်ခြားသော အဖွဲ့များကမူ တတိယအဆင့် အထွတ်အထိပ် (သို့) နှောင်းပိုင်း တတိယအဆင့် တိုက်ခိုက်ရေးစွမ်းအားမျိုး ရှိနေခဲ့ကြသည်။

ရှားလီယွဲ့မရှိသည့် သူတို့၏ အဖွဲ့သည် အားအနည်းဆုံးအဖွဲ့ ဖြစ်လာခဲ့လေပြီ။

ရှုကျိုးသည် ကောင်းကင်ထက်ရှိ တတိယအဆင့် အမှောင်သိုင်းပညာရှင်များကို ကြည့်ကာ အနည်းငယ် သံသယဖြစ်သွားခဲ့သည်။

“ ဒီလူတွေဆီမှာ အကြံအစည်ကြီးတစ်ခု ရှိနေတယ်လို့ ငါခံစားနေရတယ် “

“ သတ် ……. “

ထိုအချိန်၌ ကြုံးဝါးသံများ ထပ်မံ၍ ပေါ်ထွက်လာခဲ့ပြီး၊ ဒါဇင်နှင့်ချီသော အမှောင်သိုင်းပညာရှင်များသည် ရှေ့သို့ ပြေးတက်လာကြသည်၊ သူတို့ထဲမှ လူတစ်ချို့သည် ဒုတိယအဆင့် အထွတ်အထိပ် ပညာရှင်များဖြစ်ပြီး၊ တတိယအဆင့် ပညာရှင်များပင် ရှိနေခဲ့သည်။

“ တိုက်ပွဲအတွက် အသင့်ပြင်ထားကြ “

ရှုကျိုးမှ လေသံတိုးတိုးလေးဖြင့် အော်ပြောလာခဲ့သည်။

ကျန်းခိုင်နှင့် တစ်ခြားလူများသည် တိုက်ပွဲအတွက် အလျင်အမြန် ပြင်ဆင်နေတော့သည်။

ဆွစ်ရှ် !!!

ဆွစ်ရှ် !!!

ထိုအချိန် အစွမ်းထက် အရှိန်အဝါနှစ်ခုသည် လျင်မြန်စွာ ချဥ်းကပ်လာခဲ့သည်။

“ လူစုခွဲကြ “ ရှုကျိုးမှ ရုတ်တရက် အော်ပြောလိုက်သည်။

အဖွဲ့သည် လျင်မြန်စွာ ပြန့်ကျဲသွားတော့သည်။

နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် ဓားအလင်းတန်းတစ်ခုသည် မြေပြင်ပေါ်သို့ ဆင်းသက်လာခဲ့ပြီး၊ ကျယ်လောင်သော အသံတစ်သံနှင့်အတူ ဆယ်မီတာ ကျယ်ဝန်းသည့် တွင်းပေါက်ကြီးတစ်ခုကို ဖြစ်ပေါ်သွားစေခဲ့သည်။

“ ဟားဟားဟား “

ကောင်းကင်ထက်မှ ခြောက်ခြားဖွယ်ကောင်းသည် ရယ်သံတစ်ခု ထွက်ပေါ်လာခဲ့သည် “ နှောင်းပိုင်းတတိယအဆင့်လေးတောင် မရှိဘူး။ တပ်ဖွဲ့မှူဟွမ်း၊ ဒီလူတွေကို ကျွန်တော့်လက်ထဲသာ အပ်လိုက်ပါ၊ တစ်ယောက်မှ မလွတ်စေရဘူး “

အလင်းတန်းနှစ်ခုသည် ကောင်းကင်ယံတွင် ပေါ်လာခဲ့ကာ အဖြူနှင့် အနက်ရောင် ပုံရိပ်များအဖြစ် ပြောင်းလဲသွားခဲ့သည်။

စကားပြောလာခဲ့သည့် လူသည် အနက်ဝတ်လူ ဝမ်ရှန်ဖြစ်သည်။

ထိုလူနှစ်ဦးသည် မည်သို့မျှ မထိန်ချန်ထားသောကြောင့် ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားများ နေရာအနှံ့ပျံလွင့်နေခဲ့သည်။

“ နှောင်းပိုင်း တတိယအဆင့် ပညာရှင်နှစ်ယောက်လား? “

ကျန်းခိုင်၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်၊ တစ်ခြားလူများ၏ အမူအရာများမှာလည်း ပြောင်းလဲသွားကြသည်။

အကယ်၍ နှောင်းပိုင်း တတိယအဆင့် ပညာရှင်နှစ်ဦးတည်းသာ ရှိနေမည်ဆိုပါက သူတို့သည် ထိုလူများကို ထိန်းထားနိုင်မည်ဖြစ်သည်။

သို့သော် ထိုလူများအပြင် တစ်ခြားသော ဒုတိယအဆင့် အထွတ်အထိပ်နှင့် အစောပိုင်း တတိယအဆင့် ပညာရှင်များလည်း ရှိနေသေးသည်၊ သူတို့၏ အဖွဲ့သည် ကျဥ်းထဲကြပ်ထဲ ရောက်ရှိနေပြီဖြစ်သည်။

“ ပြဿနာပဲ ….. “ ကျန်းခိုင်၏ အမူအရာသည် အနည်းငယ် မှုန်မှိုင်းသွားတော့သည်။

ကောင်းကင်ထက်၌

တပ်ဖွဲ့မှူးဟွမ်းမှ အေးစက်စွာ ပြောလာခဲ့သည် “ ဒီမှာ လာမရှုပ်နဲ့ “

“ ငချွတ်လေးတစ်စုပါပဲဗျာ။ ကျွန်တော်က သူတို့ကို ဓားတစ်ချက်တည်းနဲ့ ဖိနှိပ်မှာကို စောင့်ကြည့်နေလိုက်ပါ “

နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် ဆယ်မီတာ ရှည်လျားသည့် ဓားချီတစ်ခုသည် သူ၏အရှေ့ဘက်တွင် ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားကို ထုတ်လွှတ်ကာ အောက်ဘက်သို့ ဖုံးလွှမ်းလာခဲ့သည်။

တတိယအဆင့် ပညာရှင်တစ်ဦးသည် ကလီစာငါးခုနှင့် ချိတ်ဆက်နိုင်သည့် နတ်တံတား တည်ဆောက်နိုင်ပြီဖြစ်ပြီး၊ ချီ-သွေးစွမ်းအင်များကို ကန်းချီအဖြစ် ပြောင်းလဲပေးနိုင်သည်။

ကန်းချီသည် ထိတွေ့ကိုင်တွယ်၍ရသော အရာဝတ္ထုများ၏ မည်သည့်ပုံစံမဆို ပြောင်းလဲနိုင်ပြီး၊ အောက်အဆင့်နယ်ပယ်တို့၏ ချီ-သွေးစွမ်းအားကို အတိုင်းအတာတစ်ခုအထိ ချေဖျက်ပေးနိုင်လေသည်။

၎င်းမှာ နတ်စွမ်းရည်၏ ရှေ့ပြေးပုံစံဖြစ်ပြီး၊ စတုတ္ထအဆင့်သို့ရောက်ကာ နတ်စွမ်းရည်မျိုးစေ့ ဖွဲ့တည်ပြီးသည့်နောက်တွင် သူတို့၏ စွမ်းအားသည် အဆပေါင်း ရာနှင့်ချီ (သို့) သောင်းနှင့်ချီ၍ မြင့်တက်သွားလိမ့်မည် ဖြစ်သည်။

ဤအချိန်၌ ဝမ်ရှန်သည် ကန်းချီကို ဓားပုံစံအဖြစ် ပြောင်းလဲအသုံးပြုနေခဲ့သည်။

ဓားချီကျဆင်းလာသည်နှင့်တစ်ပြိုင်နက် လေထုသည် ဖိအားကို တောင့်မခံနိုင်တော့ဘဲ တဝီဝီ အော်မြည်သံများ ထုတ်လွှတ်လာခဲ့သည်။

“ မကောင်းတော့ဘူး၊ နောက်ဆုတ်ကြ !! “

ကျန်းခိုင်မှ အော်ဟစ်လာခဲ့ပြီး၊ ရုတ်တရက် ရှေ့တက်သွားကာ သူ၏လှံဖြင့် တိုက်ခိုက်လိုက်သည်။

အဖွဲ့အတွင်းရှိ တစ်ဦးတည်းသော အလယ်အလတ် တတိယအဆင့်ပညာရှင်တစ်ဦး အနေဖြင့် သူသည် နှောင်းပိုင်းတတိယအဆင့်နှင့် ခြေတစ်လှမ်းမျှသာ လိုတော့သည်၊ သူသည် တွန့်ဆုတ်နေခြင်း မရှိဘဲ ရှေ့သို့ ပြေးတက်သွားတော့သည်။

အဆိုပါ လှံသည် ဓားချီကို တိုက်ရိုက်ထိမှန်သွားခဲ့ပြီး၊ ကျယ်လောင်သော အသံတစ်သံနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသည့် ချီ-သွေးစွမ်းအင်လှိုင်းတစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။

ပါရမီရှင်တစ်ဦးအနေဖြင့် သူသည် အဆင့်ကျော်တိုက်ခိုက်နိုင်သည့် စွမ်းရည်ကို ပိုင်ဆိုင်ထားခဲ့သည်။

သို့သော် ဝမ်ရှန်သည် သာမန် နှောင်းပိုင်း တတိယအဆင့်ပညာရှင် မဟုတ်ပေ။

“ ဟက် !! “

ဝမ်ရှန်မှ ကြုံးဝါးလိုက်ရာ သူ၏အရှိန်အဟုန်သည် ထပ်မံ၍ မြင့်တက်လာခဲ့ပြီး၊ တတိယအဆင့် အထွတ်အထိပ်နှင့် ခြေတစ်လှမ်းမျှသာ လိုတော့သည်အထိ ရောက်ရှိလာတော့သည်။ ဓားချီမှာလည်း အောက်ဘက်သို့ အင်ပြည့်အားပြည့် ဖိနှိပ်လာတော့သည်။

“ လနတ်ဘုရားဂိုဏ်းရဲ့ လျှို့ဝှက်နည်းစနစ်လား? “

ကျန်းခိုင်၏ အမူအရာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်၊ သူ၏ပုံရိပ်သည် ကြီးမားသော ဖိအားတစ်ခုကြောင့် လွင့်ထွက်သွားတော့သည်။

“ ဘမ်း !!! “

သူသည် သစ်သားအိမ်တစ်လုံးနှင့် တိုက်မိသွားကာ၊ အရှိန်အဝါမှာလည်း လျင်မြန်စွာ လျော့ကျသွားတော့သည်၊ သူသည် တိုက်ကွက်တစ်ခုတည်းဖြင့် ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့သည်။

“ လနတ်ဘုရားဂိုဏ်းရဲ့ လျှို့ဝှက်နည်းစနစ်လား? “

ရှုကျိုး၏ အမူအရာမှာလည်း လေးနက်သွားခဲ့ကာ၊ တစ်စုံတစ်ခုကို ပြန်လည်အမှတ်ရသွားတော့သည်။

လနတ်ဘုရားဂိုဏ်းက အစွမ်းထက် ပညာရှင်များကို ဆွဲဆောင်နိုင်သည်မှာ ယုံကြည်ချက်တစ်ခုတည်းကြောင့်သာ မဟုတ်ပေ။ ၎င်းထံတွင် အဆင့်မြင့် လျှို့ဝှက်နည်းစနစ် အမွေဆက်ခံမှုများ ရှိနေခဲ့ပြီး၊ ၎င်းတို့မှာ ကမ္ဘာ့ကြယ် တည်ရှိရဦ တစ်ခြား စကြာဝဠာဘက်မှ ဖြစ်သည်ဟုပင် ကောလဟာလများ ထွက်နေခဲ့သည်။

လနတ်ဘုရားဂိုဏ်း၏ ပင်မအဖွဲ့ဝင်တိုင်းသည် အဆိုပါ နည်းစနစ်ကို အသုံးပြုကာ သူတို့၏ နယ်ပယ်ကို အဆင့်သေးတစ်ခုအထိ မြှင့်တင်လေ့ရှိကြသည်။

အဓိက အချက်ကမူ ၎င်းထံတွင် မည်သည့်ဘေးထွက်ဆိုးကျိုးမှု မရှိဘူးဟု ဆိုကြခြင်းပင် ဖြစ်သည်။

“ ဒါက ထိပ်တန်းသိုင်းပညာ တက္ကသိုလ်တွေက ပါရမီရှင်တွေလား? ငါထင်တာတော့ သူတို့က ဘာကောင်မှ မဟုတ်ဘူးပဲ၊ တိုက်ကွက်လေးတစ်ခုကိုတောင် တောင့်မခံနိုင်ကြဘူး “

ကောင်းကင်ထက်ရှိ ဝမ်ရှန်မှ လှောင်ပြောင်ပြောဆိုလာခဲ့သည်၊ ဓားချီကို အောက်ဘက်သို့ ထိုးစိုက်လာခဲ့သည်။

မိုးကြိုးကဲ့သို့သော ဓားချီသည် သစ်သားအိမ်သို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။

“ ဝုန်းးးး !!! “

ထိုအချိန်တွင် ဆေဘာအလင်းတန်းတစ်ခု တောက်ပလာခဲ့ပြီး၊ ခုတ်ပိုင်းလာသည့် ဓားချက်ကို လမ်းတစ်ဝက်မှ တားဆီးလာခဲ့သည်။

ကျယ်လောင်သော အသံတစ်သံနှင့်အတူ တိုက်ကွက်နှစ်ခု တိုက်မိသွားပြီး၊ ဓားချီသည် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ရှုကျိုးသည် လေပေါ်သို့ ခုန်တက်လာခဲ့ကာ ဝမ်ရှန်၏မျက်နှာပေါ်သို့ နင်းချလာခဲ့သည်၊ နှင်းဖြူရောင် ဆေဘာအလင်းတန်းသည် ကြမ်းတမ်းပြင်းထန်စွာ ခုတ်ပိုင်းလာခဲ့သည်။

ကောင်းကင်ဖြိုခွင်း ဆေဘာနည်းစနစ်၏ ပဥ္စမအဆင့် !!!

သေခြင်းရှင်ခြင်းနှင့် ရင်ဆိုင်ရသောအခါတွင် သူသည် မည်သည့်အရာကိုမှ ထိန်ချန်မထားဘဲ သူ၏ပွဲသိမ်းတိုက်ကွက်ကို ထုတ်လွှတ်လာခဲ့သည်။

………………………………………………………………………………………………………………………………

အပိုင်း ( 308 )

လူသားဧကရာဇ် စည်းတံဆိပ်၏ ဘုန်းတန်ခိုး ၂

တစ်ချိန်တည်းမှာပင် ခရမ်းရောင် အလင်းတန်းတစ်ခုသည် ရှုကျိုး၏ မျက်လုံးများထဲတွင် ပေါ်လာခဲ့သည်၊ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတစ်ခုသည် ဝမ်ရှန်၏ စိတ်ထဲသို့ လျင်မြန်စွာ တိုးဝင်သွားတော့သည်။

“ အဲ့နေ့က ချန်းရှင် ပြောခဲ့တဲ့ စိတ်ဝိညာဥ်တိုက်ခိုက်မှုနည်းစနစ်ကို အသေးစားအောင်မြင်မှု နယ်ပယ်အထိ လေ့ကျင့်ထားနိုင်ခဲ့ပြီ။ အခုလက်ရှိ ငါ့ရဲ့ စိတ်ဝိညာဥ်စွမ်းအားနဲ့ဆိုရင် တတိယအဆင့် ပညာရှင်ကတောင် ခဏလောက် မှင်သက်သွားမှာပဲ “

သူထင်ထားသည့်အတိုင်းပင်၊ ဝမ်ရှန်သည် ခရမ်းရောင်အလင်းတန်း၏ ထိမှန်ခြင်းကို ခံလိုက်ရကာ အတွေးများ တစ်ခဏခန့် အေးခဲရပ်တန့်သွားခဲ့သည်။

သူ၏အသိစိတ်များ ပြန်ဝင်လာခဲ့သည့် အချိန်တွင်၊ သူသည် ကောင်းကင်ဖွင့်လှစ်ထားသည့် အဖြူရောင် အလင်းတန်းတစ်ခု ကျဆင်းလာသည်ကိုသာ မြင်တွေ့လိုက်ရသည်။

“ ဝုန်းးးး !!! “

ထိုအချိန်တွင် အစိမ်းရောင် အလင်းတန်းတစ်ခု ပေါ်လာခဲ့သည်။

ကျယ်လောင်သော အသံတစ်သံနှင့်အတူ အစိမ်းရောင် အလင်းတန်းတစ်ခု တောက်ပလာခဲ့သည်၊ ၎င်းသည် ကောင်းကင်ဖြိုခွင်း ဆေဘာအလင်းတန်းကို တားဆီးလာခဲ့သည်။

တစ်ချိန်တည်းမှာပင် အဖွဲ့မှူး ဟွမ်းသည် သူ၏လက်များဖြင့် စည်းတံဆိပ်တစ်ခု ရေးဆွဲလိုက်ကာ ဝမ်ရှန့်၏ စွမ်းအားထပ် သာလွန်သည့် အစိမ်းရောင် အလင်းတန်းတစ်ခုကို ထုတ်လွှင့်ကာ ရှုကျိုးကို ခုတ်ပိုင်းလာခဲ့သည်။

ရှုကျိုးမှ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး၊ သူ၏လက်ကို မြှောက်ကာ ဆေဘာကို လွှဲရမ်းလိုက်သည်။

“ ဘုမ်းးး !!! “

ကောင်းကင်ဖြိုခွင်းဆေဘာသိုင်းသည် ဓားအလင်းတန်းကို နှစ်ပိုင်းပိုင်းသွားခဲ့သည်။

၎င်းကို အခွင့်အရေးယူကာ ဝမ်ရှန့်သည် ကြောက်ရွံ့မှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် လျင်မြန်စွာ နောက်ဆုတ်သွားခဲ့သည်။

အကယ်၍ အဖွဲ့မှူးဟွမ်း၏ ကြားဝင်စွက်ဖက်မှုသာ မရှိဘူးဆိုပါက သူသည် ဆေဘာအလင်းတန်းအောက်တွင် သေချာပေါက် သေဆုံးသွားလိမ့်မည် ဖြစ်သည်။

ဝမ်ရှန်သည် ကျေးဇူးတင်နေသည့် အကြည့်ဖြင့် အဖွဲ့မှူးဟွမ်းကို ကြည့်ကာ၊ ထို့နောက်တွင် ကြောက်လန့်တုန်လှုပ်နေသည့် စိတ်ဖြင့် ရှုကျိုးကို ကြည့်လာခဲ့သည် “ အဲ့ကလေးက ဒုတိယအဆင့် အထွတ်အထိပ်လေးပဲ ရှိသေးတယ်ဆိုတာ ဟုတ်ရဲ့လားဟ? ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? “

ဒုတိယအဆင့် အထွတ်အထိပ်ဆီကနေ ထွက်လာတဲ့ စွမ်းအားက ဘာကြီးလဲဟ???

လာပြောင်နေတာလား !!!!

သူသည် တအံ့တဩဖြစ်သွားခဲ့သည်၊ သို့သော် အဖွဲ့မှူးဟွမ်းကမူ သူ့ထပ်ပို၍ အံ့ဩတုန်လှုပ်သွားခဲ့သည်။

“ ဒုတိယအဆင့် အထွတ်အထိပ်မှာပဲ ဒီလိုစွမ်းအားမျိုး ရနေပြီလား? “

စောင့်ရှောက်သူ ဟွမ်းသည် ရှုကျိုးကို အေးစက်စွာ စိုက်ကြည့်ကာ၊ မျက်လုံးများ တောက်ပသွားခဲ့သည် “ မင်းက မကြာသေးခင်ကမှ ကျော်ကြားလာခဲ့တဲ့ ရှုကျိုးမလား? “

( ဒီနေရာကစပြီးတော့ စောင့်ရှောက်သူဆိုပြီးတော့ ပြောင်းလဲသွားပါတယ် )

“ ရှုကျိုးလား? ဒါဆိုရင် သူပေါ့ !!! “

ဝမ်ရှန်၏ အမူအရာ ပြောင်းလဲသွားတော့သည်။

“ မင်းက ငါကို သိတယ်လား? “

ရှုကျိုး၏ မျက်လုံးများထဲတွင် အံ့ဩသွားသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။

သို့သော် သူသည် လျင်မြန်စွာ နားလည်သွားခဲ့သည်။

လူတစ်ဦးက ပါရမီပိုရှိလေလေ၊ လနတ်ဘုရားဂိုဏ်း၏ အာရုံစိုက်မှုကိုခံရလေလေပင် ဖြစ်သည်။

အထူးသဖြင့် ရှုကျိုးကဲ့သို့သော လူတစ်ဦးဖြစ်ပြီး၊ ဒုတိယအဆင့်နယ်ပယ်တွင် တတိယအဆင့် တိုက်ခိုက်ရေး စွမ်းအားကို ထုတ်သုံးနိုင်သည့် လူတစ်ဦးသည် လနတ်ဘုရားဂိုဏ်း၏ အရေးပေး ဆက်ဆံမှုကို ခံရကာ၊ လုပ်ကြံသတ်ဖြတ်မှု စာရင်းထဲတွင် သေချာပေါက် ထည့်သွင်းခံရမည် ဖြစ်သည်။

“ မင်းလိုမျိုး အတွင်းမြို့တော်က ပါရမီရှင်တွေကို ငါအမုန်းဆုံးပဲ။ မင်းတို့တွေက ငယ်ငယ်လေးကတည်းက လူအဖွဲ့အစည်းရဲ့ မျက်နှာသာပေးမှုကို ခံထားရပြီးတော့၊ ကာကွယ်စောင့်ရှောက်သူတွေနဲ့ အဆုံးမဲ့ အရင်းအမြစ်တွေရဲ့ ထောက်ပံ့မှုကို နေ့တိုင်းရခဲ့ကြတယ်၊ ငါကတော့ အစကတည်းက ဘဝအတွက် ရုန်းကန်လှုပ်ရှားနေခဲ့ရတယ် “

ဝမ်ရှန်မှ ဒေါသတကြီး ပြောဆိုလာခဲ့သည် “ မင်းက မိသားစု အရွေးမှန်သွားရုံလေးတင်ပါပဲ “

ရှုကျိုးသည် အေးဆေးတည်ငြိမ်နေသော အမူအရာဖြင့် အေးအေးလူလူ ပြန်ပြောလိုက်သည် “ ငါက ကျောင်းကျိုးရဲ့ ပြင်ပခရိုင်မှာ မွေးတာ “

“ … “

ဝမ်ရှန်၏ အမူအရာသည် အေးခဲတောင့်တင်းသွားခဲ့သည်။

သူသည် တစ်ခဏခန့် တိတ်ဆိတ်ငြိမ်သက်သွားပြီးမှ၊ ကိုယ့်ကိုကိုယ် နှိမ့်ချနေသည့် လေသံမျိုးဖြင့် ပြောလာခဲ့သည် “ မင်းကလည်း ပြင်ပခရိုင်က လူတစ်ယောက်ဖြစ်နေလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး။ တစ်နေရာတည်းက လာခဲ့ပင်မဲ့ မင်းကတော့ ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်ရဲ့ ထိပ်တန်းပါရမီရှင်တစ်ယောက်ဖြစ်နေပြီး၊ ထင်ပေါ်ကျော်ကြားနေတယ်၊ ငါကတော့ တစ်ချိန်လုံး ပုန်းကွယ်နေခဲ့ရတယ် ……….. “

ပြောနေရင်းဖြင့် သူ၏မျက်နှာပေါ်တွင် ‌ခြောက်ခြားဖွယ်ကောင်းသည့် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ရှုကျိုးသည် ခေါင်းတခါခါ ဖြစ်သွားကာ မည်သည့်စကားမှ ထပ်မပြောလာတော့ပေ။

အမှောင်သိုင်းပညာရှင်များထံတွင် မှားယွင်းသော အတွေးအခေါ်များသာ ရှိနေခဲ့ပြီး၊ စကားလုံးများဖြင့် ဖြောင်းဖြပြောဆိုမည်ဆိုပါက အချည်းနှီးသာ ဖြစ်သွားရမည် ဖြစ်သည်။

“ ဘာလို့ လေကုန်ခံနေရတာလဲ?? သူ့ကို သတ်လိုက် “

စောင့်ရှောက်သူဟွမ်းမှ အေးစက်စွာ ပြောလာခဲ့သည် “ သူက ဒုတိယအဆင့် အထွတ်အထိပ်မှာပဲ ရှိနေတာက ကံကောင်းတယ်။ တကယ်လို့ သူကသာ တတိယအဆင့်ကို ရောက်သွားမယ်ဆိုရင်၊ ငါ့ရဲ့ လျှို့ဝှက်နည်းစနစ်နဲ့တောင်မှ သူ့ကို မဖိနှိပ်နိုင်တော့မှာကို ငါကြောက်မိတယ် “

ဝမ်ရှန်သည် ခေါင်းငြိမ့်၍ ပြောပြလာခဲ့သည် “ သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက တကယ်ထူးခြားတယ်၊ သူက နှောင်းပိုင်း တတိယအဆင့်နဲ့တောင် ယှဥ်နိုင်နေပြီ။ ကျွန်တော်တို့က သူ့ကို တိုက်ဖို့အတွက် ပူးပေါင်းမှရမယ် “

သူသည် ဒေါကြီးမောကြီးဖြင့် အော်ပြောလာခဲ့သည် “ ဒီနေ့တော့ မင်းတို့ ပါရမီရှင်တွေအကုန်လုံးက လနတ်ဘုရားမရဲ့ ယဇ်ကောင်တွေအဖြစ်နဲ့ ဒီနေရာမှာ သေရမယ်၊ ဆိုတော့ မင်းတို့အားလုံး ဂုဏ်ယူသင့်တယ် “

သူ့စကား ဆုံးသွားသည်နှင့်တစ်ပြိုင်နက်၊ ဒါဇင်နှင့်ချီသော အမှောင်သိုင်းပညာရှင်များသည် ဤနေရာသို့ ရောက်ရှိလာကာ ဝိုင်းရံလာကြသည်။

ဝမ်ရှန်နှင့် စောင့်ရှောင်သူဟွမ်းတို့အပြင် အလယ်အလတ် တတိယအဆင့်ပညာရှင်နှစ်ဦး၊ အစောပိုင်း တတိယအဆင့် ပညာရှင်သုံးဦးတို့ ရှိနေခဲ့ပြီး၊ ကျန်လူများသည် ဒုတိယအဆင့်ပညာရှင်များ ဖြစ်သည်။

“ သူတို့အားလုံးကို သတ် !!! လနတ်ဘုရားမအတွက် စတေးခံကြ !!! “

“ လနတ်ဘုရားမအတွက် စတေးခံကြ !!! “

အမှောင်သိုင်းပညာရှင်တို့သည် တစ်ညီတစ်ညာတည်း အော်ဟစ်လာကြသည်။

နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် အစွမ်းထက် ချီ-သွေးစွမ်းအင်များသည် သူတို့၏ ခန္ဓာကိုယ်များဆီမှ ပေါ်ထွက်လာခဲ့ပြီး သူတို့၏ မျက်လုံးများတွင်လည်း ရူးသွပ်မှု အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်၊ သူတို့၏ အမြင်တွင် သူတို့သည် လနတ်ဘုရားမအတွက် တိုက်ခိုက်နေကြခြင်း ဖြစ်သည်။

“ ဝှစ် !!! “

ကျန်းခိုင်သည် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည့် အမူအရာဖြင့် သစ်သားအိမ်ထဲမှ ပြေးထွက်လာခဲ့သည်။

သူသည် ရှုကျိုးကို ကြည့်ကာ တလေးတနက်ဖြစ်နေသော လေသံမျိုးဖြင့် ပြောလာခဲ့သည် “ ငါက ဝမ်ရှန်ကို ကိုင်တွယ်လိုက်မယ် “

“ မလိုပါဘူး “ ရှုကျိုးမှ လေးနက်စွာ ပြောလိုက်သည် “ အဲ့ဒီနှောင်းပိုင်း တတိယအဆင့်လူနှစ်ယောက်ကို ငါ့ဆီလွှဲထားလိုက်၊ မင်းက အလယ်အလတ် တတိယအဆင့်နှစ်ယောက်ကို သွားဖြေရှင်းလိုက် “

“ ခေါင်းဆောင်ရှု၊ မင်း …………. “ ကျန်းခိုင်သည် စိုးရိမ်တကြီး ဖြစ်သွားခဲ့သည်။

ယခင်က ရှုကျိုးသည် အလယ်အလတ် တတိယအဆင့် တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားသည်ဟု ကောလဟာလများ ထွက်ခဲ့ဖူးသော်လည်း၊ တတိယအဆင့်သို့ ရောက်လာခဲ့ပြီးသည့်နောက်တွင် အဆင့်သေးတစ်ခုချင်းစီတိုင်း၏ ကြားထဲရှိ ကွာဟချက်မှာ သိသိသာသာ ကြီးမားသွားပြီဖြစ်သည်။

နှောင်းပိုင်း တတိယအဆင့်သည် အလယ်အလတ် တတိယအဆင့်ထပ် အနည်းဆုံးအနေဖြင့် သုံးဆမျှပိုအားကောင်းလေ့ရှိသည်။

ရှုကျိုးသည် မည်သည့်စကားမှ ထပ်မပြောလာတော့ဘဲ မြေပြင်ကို ခြေဆောင့်ကာ ကောင်းကင်ပေါ်သို့ ပြေးတက်သွားတော့သည်။

ကျန်းခိုင်သည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းလိုက်သည်၊ ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ကြီးစိုးသော အရှိန်အဝါတစ်ခုကို ထုတ်လွှင့်ကာ အလယ်အလတ် တတိယအဆင့် အမှောင်သိုင်းပညာရှင်နှစ်ဦးကို ဖြေရှင်းရန် ရှေ့သို့ ပြေးတက်သွားတော့သည်။

ကျန်းခိုင်အပြင် တတိယအဆင့်သို့ ရောက်နေသည့် အဖွဲ့ဝင်နှစ်ဦးလည်း ရှိနေသေးသည်။

ယခု၌ သူတို့သည် အစောပိုင်း တတိယအဆင့် ပညာရှင်သုံးဦးနှင့် ရင်ဆိုင်ရန် ရှေ့သို့ ပြေးတက်သွားကြသည်။

ကျန်နေသည့် ဒုတိယအဆင့် ပညာရှင်များကမူ ဒုတိယအဆင့် ပညာရှင်များနှင့် ထိပ်တိုက်ရင်ဆိုင်နေကြတော့သည်။

တိုက်ပွဲမြေပြင်သည် ချက်ချင်းနှစ်ခြမ်းကွဲသွားတော့သည်။

…

ထိုစဥ် ဖီးနစ်ချိုင့်ဝှမ်း၏ နေရာအနှံ့အပြားတွင် ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားနေလျက်ရှိသည်။

အဖွဲ့တစ်ဖွဲ့ချင်းစီတိုင်းသည် လနတ်ဘုရားဂိုဏ်းသားတို့၏ ချုံခိုတိုက်ခိုက်ခြင်းနှင့် ရင်ဆိုင်နေခဲ့ရသည်။

ကံကောင်းထောက်မစွာဖြင့် အဆိုပါပါရမီရှင်အားလုံးသည် စွမ်းဆောင်ရည် အတော်ကောင်းမွန်နေခဲ့သည်၊ အထူးသဖြင့် ချင်ဖုန်းဖြစ်ပြီး၊ သူသည် အဆင့်ကျော်တိုက်ခိုက်နိုင်သည့် တိုက်ခိုက်ရေးစွမ်းအားပိုင်ဆိုင်ထားကာ အံ့ဖွယ်ရလဒ်များ ဖန်တီးနေခဲ့သည်။

တစ်ခဏခန့်အကြာတွင် တိုက်ပွဲကွင်းပြင်သည် ရှေ့မတိုးသာနောက်မဆုတ်သာ အခြေအနေထဲသို့ ကျရောက်သွားခဲ့သည်။

ကောင်းကင်ထက်၌

“ ခွမ်းးး !!! “

ရှားလီယွဲ့၏ ဓားသည် ချန်းထျယ်ကျူ၏ လှံကို ခုတ်ပိုင်းသွားခဲ့သည်၊ ဓားအလင်းတန်းသည် တောက်ပသော လစန္ဒာအဖြစ် ပြောင်းလဲသွားသည်၊ ကြောက်မက်ဖွယ်ကောင်းသည့် နတ်စွမ်းရည်သည် လေထုကိုပင် အက်ကြောင်းထ တွန့်ခေါက်သွားစေခဲ့သည်။

ခရက်ဟူသော အသံနှင့်အတူ လှံရှည်ကွဲအက်သွားခဲ့သည်။

ချန်းထျယ်ကျူ၏ ပုံရိပ်မှာလည်း နောက်သို့ လွင့်ထွက်သွားပြီး၊ သူမ၏ အဝတ်အစားတို့မှာလည်း တုန်ခါမှုလှိုင်းလုံးများကြောင့် ပျက်စီးသွားခဲ့သည်။

သို့သော် နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် သူမသည် ကိုယ့်ကိုကိုယ် တည်ငြိမ်အောင် ထိန်းထားလိုက်ကာ အလွန်မြန်ဆန်သော အမြန်နှုန်းဖြင့် ရှားလီယွဲ့ဆီသို့ ထပ်မံ၍ ခုန်ဝင်လာခဲ့သည်။

“ နင့်ရဲ့ လျှို့ဝှက်နည်းစနစ်က အချိန်ကုန်တော့မယ် “

ရှားလီယွဲ့သည် အေးစက်စက် ဖြစ်နေသော မျက်ဝန်းတစ်စုံဖြင့် ဓားကို လွှဲရမ်းလာခဲ့သည်။

ပြိုင်ဘက်သည် ယခင်က သူမ၏ ကျင့်ကြံရေးကို ဖုံးကွယ်ထားခဲ့သည်၊ သူမသည် အလယ်အလတ် စတုတ္ထအဆင့် မဟုတ်ဘဲ နှောင်းပိုင်း စတုတ္ထအဆင့် ဖြစ်နေခဲ့သည်။

…………………………………………………………………………………………………………………………………….

အပိုင်း ( 309 )

လူသားဧကရာဇ် စည်းတံဆိပ်၏ ဘုန်းတန်ခိုး ၃

သို့သော် ရှားလီယွဲ့သည် တော်ဝင်သိုင်းပညာ တက္ကသိုလ်၏ ပါရမီရှင်တစ်ဦးဖြစ်သည်။

အကယ်၍ ပြိုင်ဘက်ဖြစ်သူက နှောင်းပိုင်း စတုတ္ထအဆင့်ကျင့်ကြံရေး စွမ်းအားကို ပိုင်ဆိုင်ထားပြီး၊ လနတ်ဘုရားဂိုဏ်း၏ လျှို့ဝှက်နည်းစနစ်ကို အသုံးပြုကာ စွမ်းအားကို စတုတ္ထအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားအောင် အတင်းအကြပ် မြှင့်တင်လိုက်မည်ဆိုလျှင်တောင်မှ၊ ထိုလူသည် သူမ၏ ပြိုင်ဘက်ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။

ချန်းထျယ်ကျူသည် ရှားလီယွဲ့ကို ထိန်းထားရန်အတွက် သူမ၏ ဒဏ်ရာများကို လျစ်လျူရှုထားပြီး၊ အသက်အတွက် အသက်ကို လဲလှယ်သည့် နည်းဗျူဟာမျိုးကို အသုံးပြုနေခဲ့သည်။

“ အမှောင်ဂိုဏ်းက လူအရေအတွက် များနေပြီးတော့ အားသာချက်ရှိနေပုံရပင်မဲ့၊ သူတို့ရဲ့ အဖွဲ့ခေါင်းဆောင်ကို သတ်လိုက်တာနဲ့၊ ကျန်တဲ့လူတွေက ဘာမှမဟုတ်ဘူး၊ ကြက်ကလေး၊ ငှက်ကလေးပဲ “

ရှားလီယွဲ့သည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည် “ ဒီလူက ဘာလို့ ငါ့ကို တွယ်ကပ်နေရသေးတာလဲ? သေမှာကို တကယ်ကြီး မကြောက်ဘူးလား? “

သူမသည် တစ်ခုခုက မူမမှန်ဘူးဟု ယောင်ဝါးဝါး ခံစားနေခဲ့ရသည်။

အမှောင်သိုင်းပညာရှင်များအတွက် သေဆုံးခြင်းက ထူးဆန်းသည့် အရာတစ်ခု မဟုတ်သော်လည်း၊ သူတို့သည် သူတို့၏ အသက်များကို အလကား ပေးဆပ်ရသည်အထိ တုံးအသူများ မဟုတ်ပေ။

လနတ်ဘုရားဂိုဏ်းအတွက် အခြေစိုက်စခန်းတစ်ခုကို ဆုံးရခြင်းမှာ အသေးအမွှားကိစ္စလေး တစ်ခုမျှသာလျှင် ဖြစ်သည်။

ယုတ္တိရှိရှိ ပြောရမည်ဆိုပါက ချန်းထျယ်ကျူသည် ကိုယ်လွတ်ရုန်း၍သာ ထွက်ပြေးသွားသင့်ပြီး၊ ယခုကဲ့သို့ သူမနှင့် တွယ်ကပ်မနေသင့်ပေ။

ရှားလီယွဲ့သည် သူမ၏စိတ်ထဲတွင် ဆိုးရွားသော ခံစားချက်တစ်ခုကို ဆက်တိုက်ခံစားနေရတော့သည်။

တွေးတောနေသည့် အချိန်မှာပင် သူမ၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားပြီး၊ ချိုင့်ဝှမ်း၏ အနက်ရှိုင်းဆုံး နေရာတစ်ခုဆီသို့ လှည့်ကြည့်လိုက်သည်။

ထိုနေရာတွင် နှောင်းပိုင်း တတိယအဆင့် အရှိန်အဝါနှစ်ခု ပေါ်ထွက်လာခဲ့သည်။

“ ရှကျိုး …….. “

ရှားလီယွဲ့၏ မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှု အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။

တတိယအဆင့် အထွတ်အထိပ်ပညာရှင် မရှိသော်လည်း၊ နှောင်းပိုင်း တတိယအဆင့် ပညာရှင်နှစ်ဦး၏ ဝိုင်းရံခြင်းကို ခံထားရသောကြောင့် အခက်တွေ့သွားရလိမ့်မည် ဖြစ်သည်။

သူမသည် တွေးတောစဥ်းစားနေခြင်းကို ရပ်တန့်ကာ ချန်းထျယ်ကျူဆီသို့ ပြေးတက်သွားတော့သည်။

ဤစုန်းမအိုကြီးကို သတ်လိုက်မှသာလျှင် သူမသည် ရှုကျိုးကို သွားကူပေးနိုင်မည် ဖြစ်သည်။

“ သေ !! “

အံ့ဖွယ်ကောင်းသည့် အလင်းတန်းတစ်ခု တောက်ပလာခဲ့ပြီး၊ ကြမ်းတမ်းသည့် ရေစီးကြောင်းကဲ့သို့ ချန်းထယ်ကျူကို ရိုက်ခတ်သွားတော့သည်။

…

ချိုင့်ဝှမ်း၏ အလယ်ဗဟို၌ ရှုကျိုးသည် လေပေါ်တွင် ရပ်နေကာ ဝမ်ရှန်နှင့် စောင့်ရှောက်သူ ဟွမ်းတို့ကို ရင်ဆိုင်နေလျက်ရှိသည်။

ကောင်းကင်ထိုးဖောက် ခြေကိုးလှမ်းကို ပဥ္စမအဆင့်အထိ လေ့ကျင့်ခဲ့ပြီးသည့်နောက်တွင် လူတစ်ဦးသည် လေပေါ်တွင် တစ်ခဏခန့် ရှိနေနိုင်မည် ဖြစ်သည်။

ထိုမြင်ကွင်းသည် စောင့်ရှောက်သူ ဟွမ်းကိုပင် မနာလိုအားကျဖြစ်သွားစေခဲ့သည် “ ထိပ်တန်း သိုင်းပညာ တက္ကသိုလ်ရဲ့ ကျောင်းသားတစ်ယောက်က မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ဒုတိယအဆင့်မှာပဲ ရှိနေသေးတာတောင် လေပေါ်မှာ လမ်းလျှောက်နေနိုင်ပြီ “

“ ဒါပင်မဲ့ မင်းက လေပေါ်မှာ လမ်းလျှောက်နေနိုင်မယ်ဆိုရင်တောင်မှ၊ တတိယအဆင့် ပညာရှင်စစ်စစ် မဟုတ်ဘူး “

ဝုန်းးးး !!

နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားတစ်ခုသည် သူ့အပေါ်သို့ ကျရောက်လာခဲ့သည်။

နှောင်းပိုင်း တတိယအဆင့် ပညာရှင်တစ်ဦး၏ ဖိအားသည် ထိုနေ့က အလယ်အလတ် တတိယအဆင့်သို့ ယာယီရောက်သွားခဲ့သည့် ယန်တျန်ဒုံ၏ ဖိအားထပ် သုံးဆတိတိ ပို၍အားကောင်းနေခဲ့သည်။

၎င်းက အဆင့်သေးတစ်ခုမျှသာ ကွာခြားနေခြင်းဖြစ်သော်လည်း၊ ၎င်းတို့ကြားရှိ တိုက်ခိုက်ရေးစွမ်းအား ကွာခြားချက်ကမူ အဆပေါင်းများစွာ ကြီးမားနေလိမ့်မည် ဖြစ်သည်။

“ ကောင်လေး၊ သေဖို့ ပြင်ဆင်ထားတော့ “

စောင့်ရှောက်သူဟွမ်းမှ လက်ကို ဝေ့ယမ်းလာခဲ့ရာ အပြာရောင် ဓားအလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့သည်။

အဆုံးမဲ့ ကန်းချီများသည် သူ့အနားတွင် စုစည်းလာခဲ့ပြီး၊ ဆယ်မီတာ ရှည်လျားသည့် ကြီးမားသော ဓားတစ်လက်အဖြစ် ပြောင်းလဲသွားကာ ကြီးမားသော စွမ်းအားကို ထုတ်လွှတ်နေခဲ့သည်။

“ သွား !! “

စောင့်ရှောက်သူဟွမ်းမှ လက်ညှိုးထိုး၍ စေလွှတ်လိုက်ရာ အပြာရောင် ဓားကြီးတစ်လက်သည် ရှုကျိုးကို ခုတ်ပိုင်းလာတော့သည်။

တစ်ချိန်တည်းမှာပင် ဝမ်ရှန်မှာလည်း သူ၏စွမ်းအားကို အကုန်အစင် ထုတ်သုံးလာခဲ့သည်။

သူတို့၏ ပါးစပ်များဖြင့် ရှုံ့ချပြောဆိုကြသော်လည်း၊ သူတို့သည် ထိပ်တန်းသိုင်းပညာ တက္ကသိုလ်များထံမှ ‌ပါရမီရှင် ကျောင်းသားကျောင်းသူများကို လျှော့တွက်မထားခဲ့ပေ။

“ ဝှစ် !! “

သူသည် လက်များဖြင့် စည်းတံဆိပ်တစ်ခု ရေးဆွဲလိုက်ရာ၊ အဖြူရောင်ဓားချီ အရိပ်အငွေ့များ ဖြစ်ပေါ်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် ဒါဇင်နှင့်ချီသော ဓားချီများသည် ပိုက်ကွန်တစ်ခုအဖြစ် ပြောင်းလဲသွားကာ ရှုကျိုး၏ ပြေးပေါက်များကို ပိတ်ဆို့လာခဲ့သည်။

ဓားချီတစ်ခုချင်းစီတိုင်းထံတွင် အလယ်အလတ် တတိယအဆင့် ပညာရှင်ကိုပင် ခြိမ်းခြောက်နိုင်သည့် စွမ်းအားများ ပြနေခဲ့သည်။

ရှုကျိုးကမူ အေးဆေးတည်ငြိမ်နေစဲသာဖြစ်သည်။

သူသည် ရှေ့သို့ ရုတ်တရက် တက်လာခဲ့ရာ၊ စက္ကန့်ပိုင်းအတွင်းမှာပင် ဝမ်ရှန်၏ အရှေ့တွင် တစ္တေတစ်ကောင်ကဲ့သို့ ရုတ်တရက် ပေါ်လာခဲ့သည်။

ဟင်းလင်းပြင် စွမ်းရည်၊ တည်နေရာ ကူးပြောင်းခြင်း !!

ကိုယ်ပွား၏ အဆင့်က ထပ်မံ၍ တိုးတက်လာခဲ့ပြီးသည့်နောက်တွင် မူလကိုယ်၏ တည်နေရာ ကူးပြောင်းခြင်းစွမ်းရည်မှာလည်း တိုးတက်လာခဲ့ကာ၊ သွားရောက်နိုင်သည့် အကွာအဝေးနှင့် အမြန်နှုန်းတို့မှာလည်း လုံးလုံးလျားလျား တိုးတက်လာခဲ့သည်။

ရှုကျိုးသည် ဓားရှည်ကို ဆုပ်ကိုင်ကာ ခုတ်ပိုင်းလိုက်သည်။

“ ဟမ်? ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ !!!! “

ရှုကျိုးက သူ့ရှေ့သို့ ရောက်လာသည်ကို မြင်တွေ့လိုက်ရသောအခါတွင် ဝမ်ရှန်၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားခဲ့သည်။

သို့သော် သူသည် လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့ပြီး၊ ဒါဇင်နှင့်ချီသည့် ဓားချီများကို ပြန်ခေါ်လိုက်ကာ ရှုကျိုးဆီသို့ ဒေါသတကြီး ထိုးစိုက်လိုက်သည်။

“ ခလမ်း!!! ခွမ်း!!! ခလမ်း!!! “

ဒါဇင်နှင့်ချီသော ဓားအလင်းတန်းများသည် ရှုကျိုး၏ ဓားအလင်းတန်းကို တိုက်ခိုက်လာကြသည်။

ဝုန်းးးး !!

ရှုကျိုး၏ သွေးကြောမှတ် အားလုံး ပွင့်ထွက်လာခဲ့ပြီး၊ သွေးကြောမှတ်တို့၏ အဆုံးမဲ့ လျှို့ဝှက်စွမ်းအားများသည် ချီ-သွေးအဖြစ် ပြောင်းလဲသွားကာ၊ စွမ်းအားများ ကြီးထွားမြင့်တက်လာခဲ့သည်။

ဒါဇင်နှင့်ချီသော ဓားအလင်းတန်းများသည် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

“ ချီ-သွေးစွမ်းအင်က ဒီလောက်တောင် အားကောင်းတယ်ပေါ့ “ ဝမ်ရှန်၏ မျက်လုံးများ ကျဥ်းမြောင်းသွားခဲ့သည် “ ဒီကလေးရဲ့ ချီ-သွေးစွမ်းအားက အလယ်အလတ် တတိယအဆင့်နဲ့တောင် နီးနေပြီ “

“ နှောင်းပိုင်း တတိယအဆင့် ပညာရှင်တစ်ယောက်က ထင်ထားတဲ့အတိုင်းပဲ “

ရှုကျိုးမှာလည်း တိတ်တဆိတ် သက်ပြင်းချနေတော့သည်။

အစောပိုင်း အချိန်တုန်းက ပြုလုပ်ခဲ့သည့် သူ၏ တည်နေရာကူးပြောင်းခြင်းအား အလယ်အလတ် တတိယအဆင့် ပညာရှင်ကပင် အချိန်မှီ တုံ့ပြန်နိုင်လိမ့်မည် မဟုတ်ပေ။

သို့သော် ဝမ်ရှန်ကမူ လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့သည်။

နှောင်းပိုင်း တတိယအဆင့်နှင့် အလယ်အလတ် တတိယအဆင့်တို့ကြားရှိ ကွာဟချက်သည် အမှန် ကြီးမားနေခဲ့သည်။

“ နှောင်းပိုင်း ဒုတိယအဆင့်မှာတင် ဒီလိုစွမ်းအားမျိုး ပိုင်ဆိုင်ထားတဲ့ မင်းကို အသက်ရှင်လျက်ထွက်သွားခွင့် ပေးလို့မဖြစ်ဘူး “

စောင့်ရှောက်သူဟွမ်း၏ အသံမှာ အေးစက်သွားခဲ့သည်။

သူမှ လက်ညှိုးထိုးလာခဲ့ရာ ကန်းချီများ အရူးအမူး မြင့်တက်လာခဲ့ပြီး၊ ကြီးမားသော ဓားပြာကြီးသည် ရုတ်တရက် သေးကျုံ့သွားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကြီးမားသော ဓားပြာကြီးသည် မီတာဝက် အရွယ်မျှရှိသည့် ဓားတိုလေးတစ်ချောင်းအဖြစ် သိပ်သည်းသွားခဲ့သည်၊ သို့သော် ၎င်း၏ စွမ်းအားသည် ပို၍ အားကောင်းသွားခဲ့သည်။

“ ဝုန်းးးး !!! “

ကျယ်လောင်သော အသံတစ်သံနှင့်အတူ အပြာရောင် ဓားတို၏ အမြန်နှုန်း မြင့်တက်လာခဲ့ကာ၊ ရှုကျိုးကို ကြမ်းကြမ်းတမ်းတမ်း ခုတ်ပိုင်းလာခဲ့သည်။

“ အဆုံးသတ်ဖို့ အချိန်ကျပြီ “ စောင့်ရှောက်သူ၏ဟွမ်း၏ အမူအရာမှာ အေးစက်နေခဲ့သည်။

သူသည် လျှို့ဝှက်နည်းစနစ်ကို အသုံးပြုကာ အဆိုပါ ဓား၏ စွမ်းအားကို အကန့်အသတ်အထိ ရောက်ရှိသွားအောင် ဖိသိပ်လိုက်သည်၊ ၎င်းအား နှောင်းပိုင်း တတိယအဆင့် ပညာရှင်ကပင် ထိခိုက်ဒဏ်ရာမရရှိဘဲ ရှောင်ရှားနိုင်လိမ့်မည် ဖြစ်သည်။

“ အမှန်ပဲ၊ အဆုံးသတ်ဖို့ အချိန်ကျပြီ “

ရှုကျိုးသည် ကံကြမ္မာ၏ လှံတံသကဲ့သို့ ထင်ရသည့် အပြာရောင် ဓားတိုလေးကို ကြည့်၍ ပို၍စိတ်တည်ငြိမ်သွားခဲ့သည်။

သူသည် သွေးကြောမှတ် လည်ပတ်မှုကို ဖွင့်၍ အဆိုပါ တိုက်ခိုက်မှုကို ရှောင်ရှားနိုင်ပေသည်၊ သို့သော် ၎င်းက ပြန်လည်သက်သာ ကောင်းမွန်လာရန်အတွက် အချိန်အတော်ကြာယူရမည် ဖြစ်သည်။

သူသည် သူ၏အချိန်ရပ်တန့်ခြင်းကို ဤနေရာတွင် မဟုတ်ဘဲ၊ တကယ့်သေခြင်းရှင်ခြင်း တိုက်ပွဲတွင်သာ အသုံးပြုမည် ဖြစ်သည်။

၎င်းမှာ သူထုတ်ဖော်မပြသရသေးသည့် ဝှက်ဖဲတစ်ခုဖြစ်နေစဲပင်ဖြစ်သည်။

“ လူသားဧကရာဇ် စည်းတံဆိပ် !!! “

ရှုကျိုးသည် သူ၏လက်များဖြင့် စည်းတံဆိပ်များ လျင်မြန်စွာ ရေးဆွဲလိုက်ရာ၊ လေထုထဲတွင် အလင်းတန်းတစ်ခု ပေါ်ပေါက်လာခဲ့သည်။

ရွှေရောင် လေးထောင့်စည်းတံဆိပ်တစ်ခုသည် တောက်ပနေသာ သူရိန်နေမင်းကြီးကဲ့သို့ ထွက်ပေါ်လာခဲ့သည်။

ထိုအချိန်၌ အပြာရောင် ဓားအလင်းတန်းသည် လေထုကိုပင် ပြိုကွဲသွားစေခဲ့ပြီး၊ နှောင်းပိုင်း တတိယအဆင့် ပညာရှင်ကိုပင် အပျောက်ရှင်းနိုင်သည့် ကြောက်မက်ဖွယ် စွမ်းအားတစ်ခုကို သယ်ဆောင်ကာ ရှုကျိုးဆီသို့ ပြေးဝင်လာခဲ့သည်။

“ သွား !! “

ရှုကျိုးမှ လေသံတိုးတိုးလေးဖြင့် ဟိန်းဟောက်လိုက်သည်၊ လူသားဧကရာဇ်စည်းတံဆိပ်သည် လေတိုက်တိုင်း ကြီးမားကျယ်ပြန့်သွားပြီး၊ မီတာပေါင်းများစွာ ကျယ်ဝန်းသည့် ကြီးမားသော စည်းတံဆိပ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

သူမှ လက်ညှိုးထိုး၍ စေလွှတ်လိုက်ရာ တောက်ပသော ရွှေရောင်အလင်းတန်းကြီးသည် အပြာရောင် ဓားအလင်းတန်းကို ကာဆီးလိုက်သည်။

“ ဒင် !!! “

ရွှေရောင် စည်းတံဆိပ်သည် အပြာရောင် ဓားအလင်းတန်းနှင့် တိုက်မိသွားခဲ့သည်။

ပွတ်တိုက်သံများ ပေါ်ထွက်လာခဲ့ပြီး၊ အပြာရောင် ဓားအလင်းတန်းပေါ်တွင် အက်ကြောင်းတစ်ခု ပေါ်လာခဲ့သည်။

“ ဖိနှိပ်စမ်း !! “

ရှုကျိုးမှ စည်းတံဆိပ်များကို လျင်မြန်စွာ ဖွဲ့စည်းလိုက်ရာ၊ သူ့ခန္ဓာကိုယ် တစ်ခုလုံးရှိ ချီ-သွေးစွမ်းအင်များ မြင့်တက်လာခဲ့ကာ လူသားဧကရာဇ် စည်းတံဆိပ်ထဲသို့ တိုးဝင်သွားတော့သည်။

ချက်ချင်းဆိုသလိုပင် လူသားဧကရာဇ် စည်းတံဆိပ်သည် တလက်လက် တောက်ပလာခဲ့ပြီး၊ ကြီးမားသော ဖိအားတစ်ခုမှာလည်း လျင်မြန်စွာ ဖုံးလွှမ်းလာခဲ့သည်။

‌ဝရုန်း !!

ကြီးမားသော ဖိအားအောက်တွင် မီတာ ၁၀၀အတွင်းရှိ သစ်ပင်အားလုံး ကွဲအက်ကျိုးပဲ့သွားခဲ့သည်။

အပြာရောင် ဓားအလင်းတန်းထံမှ ငိုညည်းသံကဲ့သို့ အသံတစ်သံ ပေါ်ထွက်လာခဲ့ပြီး၊ အက်ကြောင်းများ များပြားလာခဲ့ကာ ဘမ်းဟူသောအသံနှင့်အတူ၊ ပြိုကွဲပျောက်ကွယ်သွားတော့သည်။

“ ဖူးးးး “

စောင့်ရှောက်သူဟွမ်းသည် ပါးစပ်အပြည့် သွေးတစ်လုပ် အန်လိုက်ရကာ အံ့ဩတကြီးဖြစ်သွားတော့သည် “ အဲ့တာက ဘာနည်းစနစ်ကြီးလဲ??? “

အပြာရောင် ဓားအလင်းတန်းသည် သူ၏ လျှို့ဝှက်နည်းစနစ်ဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်၊ ယခုတွင်ကား အဆိုပါ အလင်းတန်း ကွဲအက်သွားသည့်အပြင် သူသည်လည်း ကြမ်းတမ်းပြင်းထန်သော သက်ရောက်မှုတစ်ချို့ကို ခံစားလိုက်ရသည်။

နှောင်းပိုင်း ဒုတိယအဆင့် ဂျူနီယာလေးတစ်ယောက်က ဒီလိုစွမ်းအားမျိုးကို ဘယ်လိုလုပ် ထုတ်လွှတ်နိုင်ရတာလဲ?

“ သေ !!! “

ထိုအချိန်တွင် ရှုကျိုးမှ သူ၏လက်ကို ဝေ့ယမ်းလာခဲ့ရာ လူသားဧကရာဇ် စည်းတံဆိပ်သည် စောင့်ရှောက်သူဟွမ်းကို ဖိနှိပ်လာခဲ့သည်။

စောင့်ရှောက်သူ ဟွမ်းသည် ရွှေရောင်စည်းတံဆိပ်က သူ့ဆီသို့ တိုးဝင်လာသည်ကို မြင်တွေ့လိုက်ရသောအခါတွင် ကြောက်ရွံ့ထိတ်လန့်သွားခဲ့သည်။

သို့သော် ထိုအချိန်၌ ရှုကျိုး၏ မျက်လုံးများထဲတွင် ခရမ်းရောင် အလင်းတန်းတစ်ခု ထပ်မံ၍ ပေါ်ပေါက်လာခဲ့သည်။

စိတ်ဝိညာဥ် တိုက်ခိုက်မှု !!!

စိတ်ဝိညာဥ်တိုက်ခိုက်မှု ပြုလုပ်ခြင်းသည် စိတ်စွမ်းအင် ပမာဏကို အများအပြား ကုန်ဆုံးသွားစေလေ့ရှိသည်၊ သို့သော် ရှုကျိုး၏ စိတ်ဝိညာဥ်စွမ်းအားသည် အလွန်တရာ မြင့်မားနေခဲ့ပြီး၊ ၎င်းအား ထပ်တခါတလဲလဲ အသုံးပြုနိုင်လေသည်။

ခရမ်းရောင် အလင်းတန်းသည် လေထုကို ကျော်ဖြတ်လာခဲ့သည်၊ ထို့နောက်တွင် စောင့်ရှောက်သူ ဟွမ်း၏ပုံရိပ်သည် တစ်ခဏခန့် အေးခဲတောင့်တင်းသွားသည်။

“ ဝုန်းးးးး !! “

နောက်ထပ် စက္ကန့်ပိုင်းမျှအကြားတွင် လူသားဧကရာဇ် စည်းတံဆိပ်မှ ဖိချလာခဲ့ရာ ရွှေရောင်အလင်းတန်း ပြန့်ကားလာခဲ့ပြီး၊ ချက်ချင်းဆိုသလိုပင် စောင့်ရှောက်သူဟွမ်း၏ ဦးခေါင်း ပေါက်ကွဲထွက်သွားခဲ့သည်။

ဘမ်း ~~ ဘမ်း ~~ ဘမ်း ~~

လူသားဧကရာဇ် စည်းတံဆိပ်မှ အညှာအတာမရှိ ဖိချေလာခဲ့ရာ၊ စောင့်ရှောက်သူ ဟွမ်းသည် ခေါင်းအစ ခြေအဆုံး၊ အသွေးအသားနှင့် အရိုးများပင် အပိုင်းပိုင်း အစစဖြစ်သွားခဲ့သည်။

အဆုံး၌ အညစ်အကြေးထုအဖြစ် ပြောင်းလဲသွားပြီး၊ မြေပြင်ပေါ်သို့ လွင့်စင်သွားခဲ့သည်။

All Chapters