← Chapters

အခန်း (၃၁၀-၃၁၂)

Vol. 21 Ch. 310-312

အခန်း (၃၁၀-၃၁၂)

Vol. 21 Ch. 310-312

အပိုင်း ( 310 )

ဆဌမအဆင့် အထွတ်အထိပ်

စောင့်ရှောက်ဟွမ်း သေဆုံးသွားသည်နှင့်တစ်ပြိုင်နက် ရှုကျိုးအပေါ်တွင် ဖိအားသည် သိသိသာသာ လျော့ကျသွားခဲ့သည်၊ သူသည် မလှမ်းမကမ်းရှိ ဝမ်ရှန်ရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်။

ဝမ်ရှန်၏ မျက်နှာပေါ်တွင် ကြောက်ရွံ့ထိတ်လန့်မှုများ ပေါ်ပေါက်လာခဲ့သည်၊ ရှုကျိုးက ဘာကြောင့် ဒီလောက်တောင် သန်မာအားကောင်းနေရတာလဲဟ?

အရာအားလုံးက နှေးကွေးနေပုံရသော်လည်း၊ ၎င်းသည် အလွန်မြန်ဆန်စွာ ဖြစ်ပျက်သွားခြင်းဖြစ်သည်၊ မျက်စိတစ်မှိတ်အတွင်းမှာပင် သက်ရှိထင်ရှားရှိနေသည့် စောင့်ရှောက်သူဟွမ်းသည် အသားပုံတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

“ ဆွစ်ရှ် !!! “

ဝမ်ရှန်သည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ၊ လှည့်ပြေးသွားတော့သည်။

သို့သော် ရှုကျိုးသည် ခြေတစ်လှမ်းစောနေခဲ့ပြီး၊ သူ၏အရှေ့ဘက်သို့ ချက်ချင်း ရောက်ရှိလာခဲ့သည်။

“ ညီလေး၊ ငါ့အသက်ကိုတော့ ချမ်းသာပေးပါကွာ၊ မင်းလုပ်ချင်တာ လုပ်လို့ရပါတယ် ……. “ ဝမ်ရှန်သည် ဖားယားနေသော အမူအရာမျိုးဖြင့် သနားညှာတာမှုအတွက် လျင်မြန်စွာ အသနားခံလာခဲ့သည်။

ရှုကျိုးသည် ချက်ချင်း မလှုပ်ရှားဘဲ၊ မေးခွန်းထုတ်လိုက်သည် “ မင်းတို့လနတ်ဘုရားဂိုဏ်းက လနတ်ဘုရားမကို ဆင့်ခေါ်ဖို့ သုံးတဲ့ ပစ္စည်းက ဘယ်မှာလဲ? “

“ မင်းပြောတာက ကမ္ဘာ့ကြယ်သလင်းကျောက်လား? “

ဝမ်ရှန် မှင်သက်သွားတော့သည်၊ သူသည် ရှုကျိုးက မည်သည့်အတွက်ကြောင့် ၎င်းကို မေးရလဲဆိုသည်ကို သူဇဝေဇဝါဖြစ်သွားကာ ခေါင်းတခါခါဖြင့် ပြောလာခဲ့သည် “ အဲ့ပစ္စည်းက ဌာနချုပ်မှာပဲ ဆယ်နှစ်ကြာတိုင်းမှာ တစ်ခါပဲ ပေါ်လာတတ်တာ၊ ဖီးနစ်ချိုင့်ဝှမ်းက တကယ့်ခံတပ်မဟုတ်ဘူးလေ၊ အဲ့တော့ အဲ့တာက ဒီမှာ မရှိဘူး ……… “

စကားပြောနေရင်းဖြင့် သူ၏ချီ-သွေးများ ရုတ်တရက် ပေါက်ထွက်လာခဲ့ပြီး၊ သူ၏အရှိန်အဝါမှာလည်း ရုတ်တရက် မြင့်တက်သွားခဲ့သည်။

“ ကောင်စုတ်လေး၊ ငါ့အတွက် သေလိုက်စမ်း “

ဝမ်ရှန်၏ မျက်နှာ တွန့်လိမ်သွားကာ ရှုကျိုးဆီသို့ လက်သီးတစ်လုံး ပစ်သွင်းလာခဲ့သည်။

သို့ရာတွင် ရှုကျိုးသည် မည်သို့မျှ မအံ့ဩသွားဘဲ၊ သူသည် ထိုကောင်က ဆေးတစ်လုံး သောက်ထားသည်ကို အစောပိုင်း အချိန်များကတည်းက သတိပြုမိထားခဲ့ပြီးပြီဖြစ်သည်။

၎င်းမှာ လနတ်ဘုရားဂိုဏ်း၏ တားမြစ်ဆေးပင် ဖြစ်သည်။

တကယ့်တားမြစ်ဆေးများသည် ဆေးအာနိသင်ကို ချက်ချင်းမပြဘဲ၊ အချိန်ယူရလေ့ရှိသည်။

အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် အချိန်တိုအတွင်းတွင် အားကောင်းပြင်းထန်သည့် တိုက်ခိုက်ရေးစွမ်းအားကို ထုတ်သုံးနိုင်ရန်အတွက် အုတ်မြစ်ကို ထိခိုက်စေကာ အသက်ဓာတ်ကို လျော့ကျသွားစေရုံတင်မဟုတ်ဘဲ၊ နောင်အနာဂတ် ကျင့်ကြံရေးလမ်းကြောင်းကိုပါ ထိခိုက်သွားစေသောကြောင့် ဖြစ်သည်။

ဝမ်ရှန်သည် ဆေးစွမ်းအားကို ချေဖျက်ရန်အတွက် လက်နက်ချချင်ယောင်ဆောင်နေခဲ့ခြင်းဖြစ်သည်။

“ အစကတော့ ငါက မင်းကို လွှတ်ပေးမလို့ပဲ “ ရှုကျိုးသည် လှောင်ပြောင်လိုက်ကာ ရုတ်တရက် နောက်ဆုတ်သွားသည်။

သူသည် နှောင်းပိုင်း တတိယအဆင့် စွမ်းအားများကို ပိုင်ဆိုင်ထားသော်လည်း၊ ဝမ်ရှန်၏ တိုက်ခိုက်မှုကို ခံလိုက်ရမည်ဆိုပါက အပြင်းအထန် ဒဏ်ရာရသွားလိမ့်မည် ဖြစ်သည်။

“ ငါ့ကို လွှတ်ပေးမှာလား? “

ဝမ်ရှန်မှ လှောင်ပြောင်လာခဲ့သည် “ မင်းတို့ ပါရမီရှင်တွေက အမှောင်သိုင်းပညာရှင်တစ်ယောက်ကို သတ်နိုင်မယ်ဆိုရင် ဆုကြေး သန်းဆယ်နဲ့ချီပြီးတော့ကို ရတယ်။ အဲ့တာကို ငါမသိဘူးလို့ ထင်နေတာလား? “

သူ၏ ခန္ဓာကိုယ်ထဲမှ ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါတစ်ခု တိုးထွက်လာခဲ့ကာ၊ တတိယအဆင့် အထွတ်အထိပ်သို့ ရောက်ရှိလုနီးပါးအထိ ဖြစ်သွားခဲ့သည်။

အလယ်အလတ် တတိယအဆင့်နှင့် နှောင်းပိုင်း တတိယအဆင့်တို့ကြားတွင် စွမ်းအားသုံးဆကွာခြားပြီး၊ နှောင်းပိုင်း တတိယအဆင့်နှင့် တတိယအဆင့် အထွတ်အထိပ်ကြားတွင်မူ ငါးဆတိတိ ကွာခြားသည်။

ဝမ်ရှန်က တတိယအဆင့် အထွတ်အထိပ်သို့ မရောက်သွားခဲ့သော်လည်း၊ သူသည် ၎င်းနှင့် ဆံချည်မျှင်တစ်ခုစာမျှသာ ကွာဝေးတော့သည်။

သူဆီမှ ထွက်ပေါ်နေသည့် ဖိအားသည် အလွန်တရာ အားကောင်းပြင်းထန်နေလျက်ရှိပြီး၊ ပတ်ပတ်လည်ရှိ တိုက်ပွဲကွင်းပြင်များအထိပင် ပျံ့နှံ့သွားခဲ့သည်။

ရှုကျိုး၏ အမူအရာကမူ အေးဆေးတည်ငြိမ်နေစဲဖြစ်ပြီး၊ မည်သည့်စကားမှ ထပ်မပြောလာတော့ပေ။ သူသည် ထိုလူ့ကို လွှတ်ပေးရန် လုံးဝမတွေ့ခဲ့ဖူးချေ၊ စနောက်လိုသည့်အတွက်သာ ထိုကဲ့သို့ ပြောလိုက်ခြင်းဖြစ်သည်။

သို့ရာတွင် ဝမ်ရှန်၏ ယခုလက်ရှိ အရှိန်အဟုန်သည် ရှုကျိုးကိုပင် စိုးရိမ်စိတ် အနည်းငယ်ဝင်သွားစေခဲ့သည်။

“ မေ့လိုက်တော့၊ အဲ့အကွက်ကို မသုံးချင်ဘူး “

ရှုကျိုးသည် ခေါင်းတခါခါဖြင့် အသာအယာ သက်ပြင်းချနေတော့သည်၊ နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် သူ့ခန္ဓာကိုယ်ထဲရှိ ကြာပန်းသည် ငြင်သာစွာ လှုပ်ခတ်လာခဲ့သည်။

ဗွီ !!

ပတ်ဝန်းကျင်ရှိ အရာအားလုံးသည် နှေးကွေးကာ ရပ်တန့်သွားပုံရပြီး၊ အောက်ဘက်ရှိ ကျန်းခိုင်နှင့် တစ်ခြားလူများမှာလည်း နေရာပင် အေးခဲတောင့်တင်းသွားပုံရကာ ကောင်းကင်ထက်ရှိ ပုံရိပ်နှစ်ခုကပင် ခဏခန့် နှေးကွေးသွားခဲ့သည်။

အချိန်ရပ်တန့်ခြင်း !!!

ရှုကျိုးသည် အခွင့်အရေးကို အမိအရ ဖမ်းဆုပ်ကာ၊ သူ၏လက်ကို မြှောက်၍ ဆေဘာဖြင့် ခုတ်ပိုင်းလိုက်ရာ၊ ကောင်းကင်ကို ဖြတ်တောက်သည့် အဖြူရောင် အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့သည်။

ကောင်းကင်ဖြိုခွင်း ဆေဘာသိုင်း၏ ပဥ္စမအဆင့် !!

ထို့နောက်တွင် လူသားဧကရာဇ် စည်းတံဆိပ်ကလည်း ၎င်းကို အဖော်လုပ်ပေးကာ ပြိုင်ဘက်ကင်းသည့် စွမ်းအားဖြင့် ဝမ်ရှန်ဆီသို့ ကျဆင်းသွားကာ၊ ရေစီးကြောင်းများကဲ့သို့သော လေပြင်းလှိုင်းလုံးများကို ဖြစ်ပေါ်သွားစေခဲ့သည်။

ဝမ်ရှန်က တတိယအဆင့် အထွတ်အထိပ်နှင့် ဆံချည်မျှင် တစ်မျှင်မျှသာ လိုတော့သော်လည်း၊ ရှုကျိုး၏ အချိန်ရပ်တန့်ခြင်း စွမ်းရည်သည် သူ့အား အနည်းငယ်မျှ စိတ်လွတ်သွားစေစဲပင် ဖြစ်သည်။

ချက်ချင်းဆိုသလိုပင် ဝမ်ရှန် သတိပြန်ဝင်သွားခဲ့သည်။

နောက်ထပ် စက္ကန့်ပိုင်းအမျှအကြာ၌ သူ၏မျက်နှာပေါ်တွင် စိတ်တင်းကြပ်သွားသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည်၊ သူသည် တန်ပြန်တိုက်ခိုက်ရန် ပြင်လိုက်သည်။

ထိုအချိန်၌ ရုတ်တရက်ဆိုသလိုပင် ရှုကျိုးသည် သူ၏လက်ဝါးကို တင်းကြပ်စွာ ဆုပ်ခဲလိုက်သည်။

“ ဟင်းလင်းပြင် တုန်ခါမှု !!! “

ဝရုန်းးး !!

အဆုံးမဲ့ ဟင်းလင်းပြင် စွမ်းအင်များ စုစည်းလာကာ ဝမ်ရှန့်ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်ကို ချိတ်ပိတ်ထားလိုက်သည်။

ထို့နောက်တွင် ၎င်းတို့သည် ပြင်းထန်စွာ လှုပ်ရမ်းလာခဲ့သည်။

အဆိုပါ စွမ်းရည်သည် အပြင်ဘက် ဟင်းလင်ပြင်ကိုသာ တုန်ခါစေခြင်း မဟုတ်ဘဲ၊ ပစ်မှတ်၏ အတွင်းပိုင်း ဟင်းလင်းပြင်ကိုပါ ကြမ်းကြမ်းတမ်း လှုပ်ခါသွားစေနိုင်သည်။

ထိုအချိန်၌ ဝမ်ရှန်သည် သူ၏ကိုယ်တွင်းအဂ်ါများက သူ့ခန္ဓာကိုယ်ထဲတွင် မနေချင်တော့သည့်အတိုင်း အရူးအမူး လှုပ်ရမ်းလာသည်ဟု ခံစားသွားခဲ့ရသည်။

ဝမ်ရှန်၏ခန္ဓာကိုယ် ယိမ်းထိုးသွားခဲ့ကာ လေထဲမှ ပြုတ်ကျလုနီးပါးပင် ဖြစ်သွားခဲ့ပြီး၊ သူ၏မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်သွားသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည် “ ဘာတွေ ဖြစ်နေတာလဲ? ငါက ဘာလို့ ငါ့ကိုယ်ငါ ထိန်းချုပ်လို့ မရတော့တာလဲ? “

တစ်ပြိုင်နက်ဆိုသလိုပင် ခရမ်းရောင် အလင်းတန်းတစ်ခုသည် ရှုကျိုး၏ မျက်လုံးများထဲတွင် ပေါ်လာခဲ့ပြီး၊ စိတ်ဝိညာဥ်တိုက်ခိုက်မှုသည် ဝမ်ရှန်၏ စိတ်ကို ထိမှန်သွားခဲ့သည်။

တိုက်ကွက်အားလုံးသည် တစ်ပြိုင်နက်နီးပါး ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ဝမ်ရှန်သည် အချိန်မှီ မတုံ့ပြန်နိုင်တော့ဘဲ၊ များပြားသည့် တိုက်ခိုက်မှုများက သူ့အပေါ်သို့ ကျရောက်လာသည်ကို ကူရာကယ်ရာမဲ့စွာဖြင့် စောင့်ကြည့်နေရုံသာတတ်နိုင်ခဲ့သည်။

“ အားးးးးး !!! “

ချက်ချင်းဆိုသလိုပင် ကြက်သီးထဖွယ်ကောင်းသည့် ဝမ်းခေါင်းသံကြီးဖြင့် အော်ဟစ်နေသည့် အသံတစ်သံ ပေါ်ထွက်လာခဲ့ကာ၊ ဝမ်ရှန်၏ ခန္ဓာကိုယ်သည် အပိုင်းပိုင်း အစစ ကွဲအက်သွားတော့သည်။

ကောင်းကင်ဖြိုခွင်း ဆေဘာသိုင်းနှင့် လူသားဧကရာဇ် စည်းတံဆိပ်တို့၏ ဖိနှိပ်မှုအောက်တွင် တတိယအဆင့် အထွတ်အထိပ်သို့ ရောက်လုနီးပါးဖြစ်နေသည့် ဝမ်ရှန်ကပင် အော်ဟစ်ညီးတွား၍ အသားအပိုင်းအစများအဖြစ် ချက်ချင်းကွဲထွက်သွားခဲ့သည်။

“ မဟုတ်ဘူး !!! “

ဝမ်ရှန်သည် သွေးများအန်ကာ ကြောက်လန့်တကြီး အော်ဟစ်လာခဲ့သည်။

လနတ်ဘုရားဂိုဏ်း၏ နောက်လိုက်နောက်ပါများက သေခြင်းတရားကို မကြောက်ရွံ့ကြသော်လည်း၊ ယခုလက်ရှိအချိန်တွင် သူသည် ထွက်ပြေးလွတ်မြောက်ရန်အတွက် မည်သည့်တန်ဖိုးကိုမဆို ပေးဆပ်လိုစိတ် ရှိနေခဲ့သည်။

သို့သော် ကံဆိုးစွာဖြင့်ပင် အရာအားလုံး အချည်းနှီးဖြစ်သွားခဲ့ပြီး၊ ကောင်းကင်ဖြိုခွင်း ဆေဘာသည် ဝမ်ရှန်၏ဦးခေါင်းကို ဖြတ်တောက်သွားပြီး၊ လူသားဧကရာဇ် စည်းတံဆိပ်ကမူ သူ၏ခန္ဓာကိုယ်ကို ချေမွသွားကာ၊ နေရာမှာပင် သွေးမြူမှုန်များအဖြစ် ပေါက်ကွဲထွက်သွားခဲ့သည်။

“ ဘုတ် !! “

ရှုကျိုးသည် မြေပြင်ပေါ်သို့ ဆင်းလာခဲ့ကာ သူ့ကိုယ်တွင်းရှိ ကြာပန်းကို ကြည့်လိုက်သည်။

ကြည်လင်တောက်ပနေခဲ့သည့် အနည်းငယ် ညှိုးနွမ်းသွားခဲ့ပြီး၊ ပြန်ကောင်းလာကာ ထပ်မံ၍ အသုံးပြုရန်အတွက် ရက်အနည်းငယ်မျှ လိုအပ်သည်မှာ သိသာလွန်းနေခဲ့သည်။

သွေးကြောမှတ် လည်ပတ်မှုသည် သူ၏နောက်ဆုံးသော ဝှက်ဖဲဟု ယူဆ၍ရပေသည်။

အကယ်၍ ၎င်းတို့ကို အသုံးပြု၍ ပြိုင်ဘက်ကို မသတ်နိုင်ဘူးဆိုပါက၊ သူထွက်ပြေးရမည် ဖြစ်သည်။

သို့သော် ကံကောင်းထောက်မစွာဖြင့် သူသည် ပြိုင်ဘက်ကို သတ်ဖြတ်နိုင်ခဲ့သည်။

“ တတိယအဆင့် အထွတ်အထိပ်ကိုတောင် သတ်လို့ရတယ် “

ဝမ်ရှန်မှာ တတိယအဆင့် အထွတ်အထိပ်နှင့် ဆံချည်မျှင်တစ်ခုစာမျှသာ ကွာဝေးသော်လည်း၊ ဤတိုက်ပွဲသည် တတိယအဆင့် အထွတ်အထိပ်ကို ရောက်ခါစဖြစ်သည့် ပြိုင်ဘက်တစ်ဦးကို အနိုင်တိုက်ခဲ့သည့်ပွဲဟုပင် သတ်မှတ်၍ရလေသည်။

ရှုကျိုးသည် ကျန်းခိုင်နှင့် တစ်ခြားလူများဘက်သို့ လှည့်ကြည့်ကာ၊ ဆေဘာကိုင်ထားသည့် လက်ကို ရုတ်တရက် မြှောက်လိုက်သည်။

“ ဝုန်းးး !! “

သိပ်မဝေးသော နေရာရှိ တိုက်ပွဲကွင်းပြင်၌ ပေါက်ကွဲသံများ ဆက်တိုက်ပေါ်ထွက်လာခဲ့သည်။

ကျန်းခိုင်နှင့် တစ်ခြားလူများကို တိုက်ခိုက်နေကြသည့် အမှောင်သိုင်းပညာရှင်များသည် ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ခံလိုက်ရပြီး၊ အရှိန်အဝါများပင် လျင်မြန်စွာ အားလျော့သွားတော့သည်။

ကျန်းခိုင်နှင့် တစ်ခြားလူများသည် အခွင့်အရေးကို အမိအရ ဖမ်းဆုပ်ကာ ထိုလူများကို လျင်မြန်စွာ သတ်ဖြတ်နေတော့သည်။

…………………………………………………………………………………………………………………………………

အပိုင်း ( 311 )

ဆဌမအဆင့် အထွတ်အထိပ် ၂

“ ခေါင်းဆောင်ရှု !! “

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် ကျန်းခိုင်နှင့် တစ်ခြားလူများသည် ရှုကျိုးနှင့် ပြန်လည်စုဖွဲ့မိသွားကာ၊ အားလုံး၏မျက်နှာများပေါ်တွင် အံ့ဩတကြီးဖြစ်နေကြသည့် အမူအရာများ ဆင်မြန်းထားကြသည်။

သူတို့သည် ရှုကျိုးက ဝမ်ရှန်နှင့် သူ၏တွဲဖက်အား မည်ကဲ့သို့ သတ်ဖြတ်ခဲ့လဲဆိုသည်ကို သတိပြုမိကြသည်။

“ ခေါင်းဆောင်ရှု၊ မင်းက တကယ်ကြီးကို အစွမ်းထက်တာပဲ “

“ နှောင်းပိုင်း ဒုတိယအဆင့်နယ်ပယ်နဲ့ နှောင်းပိုင်း တတိယအဆင့် အမှောင်သိုင်းပညာရှင် နှစ်ယောက်ကို သတ်ခဲ့တယ်၊ ဒါက ကြယ်ပြာဂြိုဟ်ရဲ့ သမိုင်းကြောင်းတစ်ခုလုံးမှာတောင် တော်တော်လေးကို ရှားတယ်လေ၊ ဟုတ်တယ်မလား? “

“ ရှားတာထပ်ကို ပိုတယ်၊ အဲ့တာက လုံးဝမရှိခဲ့ဖူးဘူးလို့တောင် ငါသံသယရှိတယ် “

အဖွဲ့တစ်၏ အဖွဲ့သား အားလုံးသည် ပျော်ရွှင်စွာ ပြုံးပျော်နေကြသည်။

တစ်ခြားသော အဖွဲ့များကမူ ပြင်းထန်သော တိုက်ပွဲများကို ဆင်နွှဲနေစဲဖြစ်ပြီး၊ ဤနေရာရှိ သူတို့၏ တိုက်ပွဲကမူ အောင်မြင်မှုနှင့်အတူ နိဂုံးချုပ်သွားခဲ့ပြီဖြစ်သည်။

သူတို့က တစ်ခြားလူများကို သွားကူလိုက်သည်နှင့်တစ်ပြိုင်နက် အခြေအနေကို မြန်ဆန်စွာ ပြောင်းပြန်လှန်နိုင်လိမ့်မည် ဖြစ်သည်။

ရှုကျိုးတစ်ဦးတည်းကသာလျှင် အမူအရာ လေးနက်နေခဲ့သည်။

“ လနတ်ဘုရားဂိုဏ်းရဲ့ ဒီကောင်တွေက နည်းနည်းလေး ထူးဆန်းနေတယ် “

သူသည် ကောင်းကင်ထက်သို့ ငေးကြည့်လိုက်သည်၊ ရှားလီယွဲ့သည် လနတ်ဘုရားဂိုဏ်းမှ အဖွဲ့ခေါင်းဆောင်နှင့် တိုက်ခိုက်နေစဲဖြစ်ပြီး၊ ထိုအဘွားကြီးသည် သူမ၏ ခွန်အားကို ထပ်ခါတလဲလဲ မြှင့်တင်နေခဲ့ကာ ရှားလီယွဲ့ကို ဤနေရာမှာတင် ဟန့်တားရန် ဆုံးဖြတ်ထားပုံရသည်။

ဤကဲ့သို့သော် နည်းဗျူဟာသည် အစစ်အမှန် ရည်ရွယ်ချက်အတွက် အချိန်ဆွဲသည့် နည်းစနစ်နှင့်ပင် ပိုတူနေခဲ့သည်။

“ ဖီးနစ်ချိုင့်ဝှမ်းက တကယ့်ခံတပ်မဟုတ်ဘဲ၊ အချိန်အတော်ကြာ ပြင်ဆင်ထားခဲ့တဲ့ ထောက်ချောက်တစ်ခု ဖြစ်နေတဲ့ပုံပဲ “

ရှုကျိုးသည် တိတ်တဆိတ် သက်ပြင်းချနေတော့သည် “ ကြည့်ရတာတော့ အဲ့ပစ္စည်းကို ဒီနေ့မှာ မရနိုင်တော့ဘူးထင်တယ် “

…

ကောင်းကင်ထက်၌ ဓားအလင်းတန်းတစ်ခု တောက်ပလာခဲ့ပြီး၊ ရှားလီယွဲ့သည် ချန်းထျယ်ကျူကို ထပ်မံ၍ ဒဏ်ရာအပြင်းအထန် ရရှိသွားစေခဲ့ပြန်သည်။

သူမသည် အောက်ဘက်သို့ ဖျတ်ခနဲကြည့်ကာ မျက်လုံးများ တောက်ပသွားခဲ့သည်။

“ ဒီကောင်၊ ဒီလောက်စွမ်းနေတဲ့ဟာကို ငါ့ကို မပြောပြဘူး၊ အလကားသပ်သပ် စိတ်ပူပြီး ရူးရအောင်လုပ်နေတယ် “ ရှားလီယွဲ့သည် တီးတိုးပြောဆိုကာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည်။

“ ဟီးဟီးဟီး ……… “

ချန်းထျယ်ကျူသည် ပါးစပ်အပြည့် သွေးတစ်လုပ်အန်လိုက်ရပြီး၊ စုန်းမအိုကြီးကဲ့သို့ ခြောက်ခြားဖွယ်ကောင်းသည့် ရယ်သံတစ်ခုကို ထုတ်လွှတ်လာခဲ့သည်။

သူမသည် အစောပိုင်း အချိန်များကတည်းက တားမြစ်ဆေးတစ်လုံး သောက်ထားခဲ့ပြီဖြစ်ကာ ရှားလီယွဲ့နှင့် အချိန်အတော်ကြာ တိုက်ခိုက်နိုင်ခဲ့သည်။

ထိုကဲ့သို့ဖြစ်နေခဲ့သည်ဆိုလျှင်တောင်မှ သူမသည် ရှားလီယွဲ့၏ ပြိုင်ဘက် မဟုတ်ခဲ့ပေ၊ သူမ၏ခန္ဓာကိုယ်မှာ စုတ်ပြတ်သပ်နေပြီဖြစ်ကာ အရှိန်အဝါမှာလည်း လုံးဝပျောက်ကွယ်သွားပြီဖြစ်သည်။

“ တားမြစ်ဆေးကို မဆင်မခြင် သုံးလိုက်တာက ငါ့ကို တားဖို့အတွက်ပဲလား? “

ရှားလီယွဲ့၏ စိတ်နှလုံးသား လှုပ်ခတ်သွားခဲ့ကာ အမူအရာ မည်းမှောင်သွားတော့သည်။

ယခုတွင် သူမ နားလည်သွားခဲ့ပြီဖြစ်သည်၊ ရန်သူသည် ဤစစ်ဆင်ရေး အကြောင်းကို ကြိုတင်သိရှိထားခဲ့ပြီး၊ ထောက်ချောက်ပေါင်းများစွာ ပြင်ဆင်ထားကာ သူမတို့က ၎င်းတို့ထံသို့ တိုးဝင်လာမည့် အချိန်ကို စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။

သို့သော် အကယ်၍ ချုံခိုတိုက်ခိုက်ခဲ့သည့် တတိယအဆင့် ပညာရှင် တစ်ဒါဇင်မျှသာဆိုပါက၊ သူတို့ကို ချေမှုန်းပစ်ရန် ခက်ခဲနေမည် မဟုတ်ပေ။

၎င်းမှာ သူမ၏ မူလကနဦး အတွေးတစ်ခုဖြစ်သည်။

သို့သော် ယခုတွင်ကား ရှားလီယွဲ့သည် ရန်သူများထံတွင် တစ်ခြားသော အစီအစဥ်တစ်ခု ရှိနေမည်ကို စိုးရိမ်ပူပန်နေတော့သည်။

ရုတ်တရက် ဆိုသလိုပင် သူမသည် ရှေးဟောင်းကောလဟာလတစ်ခုကို အမှတ်ရသွားကာ၊ အမူအရာ မည်းမှောင်သွားတော့သည်။

“ အဖွဲ့အားလုံး !!! “

သူမသည် စကားပြောစက်မှတစ်ဆင့် အလောတကြီး အမိန့်ပေးလိုက်သည် “ တိုက်ပွဲထဲမှာ ကြာကြာမနေကြနဲ့၊ တိုက်ပွဲကို မြန်မြန်ပွဲသိမ်းပြီး၊ ဖီးနစ်ချိုင့်ဝှမ်းကနေ မြန်မြန် ထွက်သွားကြတော့ “

“ ထွက်သွားမှာလား? နောက်ကျသွားပြီ “

တစ်ဖက်ရှိ ချန်းထျယ်ကျူမှ အော်ဟစ်ရယ်မောနေတော့သည်၊ ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ချိုင့်ဝှမ်းထဲမှ ကျယ်လောင်သော အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။

ဘမ်း ဘမ်း ဘမ်း ~~~~

ဖီးနစ်ချိုင့်ဝှမ်းထဲရှိ လဲကျနေသည့် အလောင်းအားလုံးသည် ရုတ်တရက် ပေါက်ကွဲကာ သွေးမြူမှုန်များအဖြစ် ပြောင်းလဲသွားခဲ့သည်။

သွေးမြူမှုန်များသည် ဆင့်ခေါ်ခံနေရပုံပေါ်ပြီး၊ ကောင်းကင်ထက်သို့ ဖြည်းညှင်းစွာ ထောင်တက်သွားကြသည်။

၎င်းကို မြင်လိုက်ရသောအခါတွင် ရှားလီယွဲ့၏ အမူအရာ သိသိသာသာ ပြောင်းလဲသွားပြီး၊ အော်ပြောလာခဲ့သည် “ အားလုံးပဲ၊ ဖီးနစ်ချိုင့်ဝှမ်းထဲကနေ ချက်ချင်းထွက်ကြတော့ “

ထိုစကားဆုံးသွားသည့်နောက်တွင် သူမ၏ ဓားရှည်သည် အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ ချန်းထျယ်ကျူ၏ ဦးခေါင်းဆီသို့ တိုးဝင်သွားတော့သည်။

ချန်းထျယ်ကျူသည် အတော်လေး မောပန်းနွမ်းနယ်နေခဲ့ပြီဖြစ်သောကြောင့် အဆိုပါ ဓားချက်ကို မည်သို့မျှ မတားဆီးနိုင်တော့ပေ။

ရှောင်တိမ်းခြင်း (သို့) ခုခံခြင်းတို့ ပြုလုပ်ရမည့်အစား သူမသည် သူမဆီသို့ တိုးဝင်လာသည့် ဓားအား လှောင်ပြောင်မှုများ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် အေးအေးလူလူ စိုက်ကြည့်နေခဲ့သည်။

“ ဝုန်းးး !! “

နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် ကြက်သွေးရောင် လက်ကြီးတစ်ခု ပေါ်ထွက်လာခဲ့ကာ ဓားအလင်းတန်းကို ဖမ်းဆုပ်လာခဲ့သည်။

ထို့နောက်တွင် စက္ကူကို ဆုပ်ချေလိုက်သကဲ့သို့ ဖျောက်ဟူသော အသံနှင့်အတူ ဓားအလင်းတန်းသည် ချက်ချင်းပြိုကွဲသွားခဲ့သည်။

ကြက်သွေးရောင် လက်ကြီးမှာလည်း ပျောက်ကွယ်သွားပြီး၊ ဆံပင်များ မျောလွင့်နေကာ ခန့်ညားသည့် အသွင်သဏ္ဍာန်ဖြင့် အရပ်ရှည်ရှည် ပုံရိပ်တစ်ခု ပေါ်လာခဲ့ကာ ချီ-သွေးစွမ်းအင်များသည် မီးခိုးငွေ့များကဲ့သို့ ကောင်းကင်ယံသို့ ထောင်တက်သွားခဲ့သည်။

အနက်ရောင် ဝတ်စုံနှင့်လူသည် လက်နောက်ပစ်ထားသော ကိုယ်ဟန်ဖြင့် မတ်တပ်ရပ်နေလျက်ရှိပြီး၊ မျက်လုံးများ စူးရှထက်မြက်နေခဲ့ကာ သူ၏အရှိန်အဝါများကလည်း နေရာအနှံ့ပျံ့လွင့်နေခဲ့သည်။

စတုတ္ထအဆင့် အထွတ်အထိပ်တွင် ရှိနေသည့် ရှားလီယွဲ့ကပင် သူ၏တည်ရှိမှုကြောင့် စွမ်းအားကင်းမဲ့သွားပုံရသည်။

ထိုလူကို မြင်လိုက်ရသောအခါတွင် ချန်းထျယ်ကျူ၏ မျက်နှာသည် စိတ်အားထက်သန်မှုများနှင့်အတူ ဝင်းလက်တောက်ပသွားတော့သည် “ ဆရာသခင်ကျောက်၊ နောက်ဆုံးတော့ ရှင်ရောက်လာခဲ့ပြီ “

“ ချန်းထျယ်ကျူ၊ လုပ်တာ ကောင်းတယ် “

ကျောက်ဖန်သည် သူမကို ခေါင်းငြိမ့်ပြလိုက်ပြီး၊ ပျက်စီးဆုတ်ပြတ်နေပြီဖြစ်သည့် ဖီးနစ်ချိုင့်ဝှမ်းကို ငေးကြည့်လိုက်ကာ အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းလိုက်ပြီး၊ စိတ်ရှားသွားသည့် အမူအရာတစ်ခုကို ဖော်ထုတ်ပြသလာခဲ့သည်။

“ သွေးနံ့တွေက ဘယ်လောက်တောင် မွှေးလိုက်သလဲ၊ ဒါက လနတ်ဘုရားမအတွက် အကောင်းဆုံး ပူဇော်ပဏ္ဏာတွေပဲ “

ရှားလီယွဲ့၏ အမူအရာသည် အလွန်တရာ မည်းမှောင်သွားခဲ့သည်။

“ ကျောက်ဖန်၊ လနတ်ဘုရားဂိုဏ်းရဲ့ ကျောင်းကျိုး အဓိကခန်းမရဲ့ အမွှေးနံ့သာဆရာ၊ ဆဌမအဆင့် အထွတ်အထိပ် “

လနတ်ဘုရားဂိုဏ်းခွဲတစ်ခုကို ရှင်းလင်းရသည့် စစ်ဆင်ရေး အသေးလေးတစ်ခုသည် ဆဌမအဆင့် အထွတ်အထိပ် ပညာရှင်တစ်ဦးကိုပင် ဆွဲထုတ်နိုင်ခဲ့သည်။

ဤကဲ့သို့သော တည်ရှိမှုသည် လနတ်ဘုရားဂိုဏ်း၏ အဆင့်မြင့် အရာရှိအဖြစ် သတ်မှတ်၍ရပြီး၊ အမြဲလိုလို ပုန်းလျှိုးကွယ်လျှိုးရှိနေတတ်ကာ၊ လူလုံးပြခဲလှသည်။

အကယ်၍ သူတို့ကသာ ကိုယ်ပိုင်ဆန္ဒအလျောက် ထွက်မလာခဲ့ဘူးဆိုပါက၊ ရန်ပြည်ထောင် အဖွဲ့ချုပ်ကပင် သူတို့ကို အလွယ်တကူ မရှာဖွေနိုင်ကြပေ။

ယခုတွင် ကျောက်ဖန်သည် သူ့အလိုလို ပေါ်လာခဲ့ပြီး၊ ၎င်းသည် ရှားလီယွဲ့၏ သံသယများကို အတည်ပြုပေးသွားခဲ့သည်။

“ နင်တို့က နတ်တံဆိပ် အခမ်းအနားကို ကျင်းပဖို့ လုပ်နေကြတာပေါ့ “ ရှားလီယွဲ့၏ အကြည့်များ အေးစက်သွားခဲ့သည် “ ကျောက်ဖန်ကို ကိုးကွယ်ဖို့ ပြင်ဆင်နေကြတာလား? “

“ အမှန်ပဲ “

ကျောက်ဖန်၏ အရှိန်အဝါသည် ချောက်ကမ်းပါးတစ်ခုကဲ့သို့ ဖြစ်နေခဲ့ပြီး၊ သူ၏မျက်နှာပေါ်တွင် ခြောက်ခြားဖွယ်ကောင်းသည့် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည် “ နတ်စည်းတံဆိပ် ရပြီးသွားရင် အမြင့်ပိုင်း လမ်းကြောင်းက ငါ့ခြေထောက်အောက်ကို ရောက်လာပြီးတော့ နဝမအဆင့် အထွတ်အထိပ်ကလည်း သိပ်ဝေးနေတော့မှာ မဟုတ်ဘူး “

ရှားလီယွဲ့၏ အမူအရာသည် ပို၍ပင် အေးစက်သွားခဲ့သည်။

နတ်စည်းတံဆိပ် အခမ်းအနား၊ ၎င်းသည်း အလွန်ရှေးကျကာ သွေးစွန်းသော အခမ်းအနားတစ်ခုဖြစ်သည်။

လနတ်ဘုရားဂိုဏ်းအတွင်းမှာပင် ဤကဲ့သို့သော အခမ်းအနားမျိုးသည် နှစ်ပေါင်းတစ်ရာပြည့်လုနီးပါးတွင် တစ်ကြိမ်မျှ ကျင်းပလေ့မရှိပေ။

ရှေးခေတ်ဒဏ္ဍာရီများအရ ပါရမီရှင် လူအယောက်တစ်ရာနီးပါး၏ အသွေးနှင့် အသားများကို လနတ်ဘုရားမဆီသို့ ယဇ်ပူဇော်လိုက်ခြင်းဖြင့်၊ လနတ်ဘုရားမသည် ပွဲကျင်းပပေးသည့်လူကို နတ်ဘုရားအဖြစ် သတ်မှတ်ပေးလိမ့်မည်ဟု ဆိုကြသည်။

ဤအခမ်းအနားသည် စွမ်းအားကို မြှင့်တင်ခြင်းနှင့် အတော်အတန် တူညီနေခဲ့သည်။

နတ်ဘုရားအဖြစ် သတ်မှတ်ခံခဲ့ရပြီးသည့်နောက်တွင် အမြင့်ပိုင်းအဆင့်များအတွက် လမ်းကြောင်းတွင် မည်သည့်အတားအဆီး အပိတ်အဆို့မှ ရှိနေတော့မည် မဟုတ်ပေ၊ ၎င်းသည် နဝမအဆင့် အထွတ်အထိပ်သို့သွားရာ သွေးလွှမ်းသော လမ်းကြောင်းတစ်ခုဖြစ်သည်။

သို့သော် ဤအခမ်းအနားအတွက် လိုအပ်သည့် အခြေအနေများကမူ အလွန်တရာ တင်းကြပ်လွန်းလှသည်၊ ပါရမီရှင် အယောက်တစ်ရာနီးပါး လိုအပ်ပြီး၊ သူတို့အားလုံးမှာလည်း အထူးချွန်ဆုံး ပါရမီရှင်များဖြစ်ရမည်ဖြစ်သည်၊ ထို့ကဲ့သို့ ဖြစ်နေမှသာလျှင် နတ်စည်းတံဆိပ် အခမ်းအနား အောင်မြင်မည် ဖြစ်သည်။

…………………………………………………………………………………………………………………………………

အပိုင်း ( 312 )

ဆဌမအဆင့် အထွတ်အထိပ် ၃

ရှားလီယွဲ့သည် ဤစစ်ဆင်ရေး မပြုလုပ်ခင် အချိန်မတိုင်ခင်အထိ လနတ်ဘုရားဂိုဏ်းက ဤကဲ့သို့သော အခမ်းအနားမျိုးကို ကျင်းပပြုလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။

ဤအခမ်းအနား ပေါ်မလာခဲ့သည်မှာ နှစ်ပေါင်း၁၀၀တိုင်နေခဲ့ပြီဖြစ်သည်။

“ ဒီလိုလုပ်လိုက်လို့ လူသားမျိုးနွယ်စုက အဆင့်မြင့်ပညာရှိတွေရဲ့ အမျက်ဒေါသ ခံရမှာကို မကြောက်ဘူးလား? “ ရှားလီယွဲ့သည် ကျောက်ဖန်ကို အေးစက်စွာ စိုက်ကြည့်၍ ပြောလိုက်သည်။

ကျောက်ဖန်သည် တဟားဟား ရယ်မော၍ ပြောလာခဲ့သည် “ ငါက နဝမအဆင့် အထွတ်အထိပ်ကို ရောက်သွားတာနဲ့၊ ဒီကမ္ဘာပေါ်မှာရှိတဲ့ ဘယ်သူက ငါ့ကို တားနိုင်မှာလဲ? “

သူသည် ရှားလီယွဲ့ကို ထပ်ကြည့်ကာ ပြောလာခဲ့သည် “ နင့်ရဲ့ လှည့်ကွက်သေးသေးလေးတွေကို ရပ်လိုက်တော့၊ ဒီချိုင့်ဝှမ်းကို ငါက သီးသန့်ခွဲထားလိုက်ပြီ၊ နင်တို့က ဘယ်လောက်ပဲ အကူအညီတောင်းနေပါစေ၊ နင်တို့ကိုကယ်ဖို့ ဘယ်သူမှ ရောက်လာမှာ မဟုတ်ဘူး “

ရှားလီယွဲ့၏ အကြည့်များ အေးစက်သွားတော့သည်၊ သို့သော် သူမ၏ မျက်နှာကမူ တဖြည်းဖြည်း ဖြူဖျော့သွားခဲ့သည်။

သူမသည် ပြင်ပကမ္ဘာမှ အကူအညီတောင်းရန်အတွက် အချိန်ဆွဲနေခဲ့ခြင်းဖြစ်သည်။

သို့သော် ……..

ပြင်ပကမ္ဘာနှင့် ဆက်သွယ်ရန် ကြိုးပမ်းခဲ့သည့် နည်းလမ်းအားလုံး ကျရှုံးသွားခဲ့သည်။

အောက်ဘက်ရှိ တိုက်ခိုက်မှုများမှာလည်း ရပ်တန့်သွားခဲ့ပြီဖြစ်သည်။

ခေါင်းဆောင်အားလုံးသည် မှုန်မှိုင်းနေသော အမူအရာများဖြင့် ကောင်းကင်ထက်သို့ မော့ကာ မည်သည့်အရာများ ဖြစ်ပျက်နေလဲဆိုသည်ကို နားလည်သွားကြသည်။

ဤရှင်းလင်းရေးမစ်ရှင်တွင် မုဆိုးများသည် သားကောင်များအဖြစ် ပြောင်းလဲသွားလေပြီ။

သူတို့အားလုံးသည် လှောင်အိမ်ထဲသို့ ရောက်နေသည့် သားကောင်များ ဖြစ်သွားခဲ့ပြီဖြစ်သည်။

ဤသည်မှာ လနတ်ဘုရားဂိုဏ်းမှ ကြိုးကိုင်ချယ်လှယ်နေခဲ့သည့် ထောက်ချောက်တစ်ခုဖြစ်ပြီး၊ အခြေစိုက်စခန်းဟု ခေါ်ဆိုသည့် အရာမှာလည်း လနတ်ဘုရားဂိုဏ်းမှ ရည်ရွယ်ချက်ရှိရှိ တမင်ဖြန့်ဝေခဲ့သော သတင်းအချက်အလက်တစ်ခုသာ ဖြစ်နေခဲ့သည်။

ဤအရာအားလုံးသည် လနတ်ဘုရားမကို ပူဇော်ပသသည့် ယဇ်ပူဇော်ပွဲအတွက် ယဇ်ကောင်များအဖြစ် အသုံးပြုရန်အလို့ငှာ ပါရမီရှင်များကို ဆွဲဆောင်ရန် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ချိုင့်ဝှမ်း၏ အလယ်ဗဟို၌

“ ဒါက တကယ်ကြီးကို ထောက်ချောက်တစ်ခု ဖြစ်နေခဲ့တာပဲ “

ရှုကျိုးသည် စိတ်ထဲတွင် တိတ်တဆိတ် ကျိန်ဆဲနေကာ အမူအရာ မှုန်မှိုင်းသွားတော့သည် “ ပါရမီရှင်တွေ ဒီလောက်အများကြီး ပါဝင်ပတ်သက်နေတဲ့ ကိစ္စတစ်ခုမှာ အဝေးက စောင့်ကြည့်နေတဲ့ အဆင့်မြင့် ပညာရှင်တစ်ယောက်မှ မရှိတာတော့ မဟုတ်ဘူးမလား? “

ဤကဲ့သို့သော စစ်ဆင်ရေးမျိုးသည် ရှားပါးမနေခဲ့ဘဲ တစ်နှစ်လျှင် တစ်ကြိမ်မျှ ဖြစ်ပွားလေ့ရှိကာ၊ ဤတစ်ကြိမ်ကသာလျှင် အနည်းငယ် ထူးခြားနေခဲ့ကာ ပါရမီရှင်အားလုံး ပါဝင်ပတ်သက်နေခြင်းဖြစ်သည်။

ထို့အပြင် ဤစစ်ဆင်ရေးသည် ပါရမီရှင်များအတွက် လေ့ကျင့်ရေး စမ်းသပ်မှုတစ်ခုအဖြစ် သတ်မှတ်ထားခဲ့သောကြောင့် အဆင့်မြင့် အရာရှိများက များစွာအာရုံစိုက်မနေခဲ့ပေ။

ရှုကျိုးသည် စိတ်များ လေးလံနေလျက်ရှိကာ သူ၏ဦးနှောက်ကို အလုပ်ပေးကာ တန်ပြန်တုံ့ပြန်နိုင်မည့် အစီအစဥ်တစ်ခုကို တွေးတောစဥ်းစားနေတော့သည်။

“ တကယ်လို့ တစ်ခြားနည်းလမ်း မရှိတော့ဘူးဆိုရင်တော့၊ ကိုယ်ပွားကို ဆင့်ခေါ်ပြီးတော့ ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ်ထဲကို ဝင်ရမှာပဲ “

ကိုယ်ပိုင်ဟင်းလင်းပြင် နေရာလွတ်သည် မူလကိုယ်အား အဆုံးမှတ်အဖြစ် သတ်မှတ်ထားခဲ့သည်၊ ရှုကျိုးသည် အကယ်၍ သူကသာ ကိုယ်ပိုင်ဟင်းလင်းပြင် နေရာလွတ်ထဲ ဝင်သွားမည်ဆိုပါက မည်သည့်အရာများ ဖြစ်လာမလဲဆိုသည်ကို မသိပေ၊ သို့သော် သူသည် ကြောက်မက်ဖွယ်ကောင်းသည့် အရာတစ်ခု ဖြစ်လာလိမ့်မည်ဟု ခံစားနေခဲ့ရသည်။

အကယ်၍ သူကသာ ဤနေရာတွင် ဆက်နေဦးမည်ဆိုပါက၊ အရာအားလုံးသည် ပို၍ကြောက်မက်ဖွယ်ကောင်းလာလိမ့်မည် ဖြစ်သည်။

ရှုကျိုးသည် ကောင်းကင်ထက်သို့ စိုက်ကြည့်ကာ စိတ်နှလုံးသား ပို၍လေးလံသွားတော့သည်။

…

ဝရုန်းးး !!

ဖီးနစ်ချိုင့်ဝှမ်းအတွင်း၌ သွေးချောင်းငယ်လေးများသည် လေထဲတွင် စုဝေးကာ ထူးဆန်းသော သွေးနီရောင် မြူထုအဖြစ် ဖွဲ့တည်နေခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသည့် လှိုင်းလုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။

အဆိုပါ ဖိအားအောက်တွင် ရှုကျိုးနှင့် တစ်ခြားလူများသည် သူတို့၏အသားများ အနွှာခံနေရသကဲ့သို့ ကိုယ်လက်မသက်မသာ ဖြစ်သွားကြသည်။

ကောင်းကင်ထက်၌

ကျောက်ဖန်သည် ရှားလီယွဲ့ကို လျစ်လျူရှုထားပြီး၊ ရှုကျိုးရှိရာဘက်သို့ ကြည့်ကာ မျက်လုံးများ တောက်ပသွားခဲ့သည်။

“ နှောင်းပိုင်း ဒုတိယအဆင့်လေးနဲ့ နှောင်းပိုင်း တတိယအဆင့်က လူနှစ်ယောက်ကို သတ်နိုင်ခဲ့တယ်ပေါ့?? “

“ မဆိုးဘူး …… မင်းကိုပဲ ပူဇော်အလံအနေနဲ့ သုံးလိုက်တာပေါ့ကွာ “

သူ၏စကားများ ပြီးဆုံးသွားသည့်နောက်တွင် ကြက်သွေးရောင် လက်ကြီးတစ်ခုသည် လေထုထဲတွင် ပေါ်လာခဲ့သည်၊ ၎င်း၏ တည်ရှိမှုသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကိုပင် လှုပ်ခါသွားစေကာ ရှုကျိုးကို ဖမ်းဆုပ်လာခဲ့သည်။

ဆဌမအဆင့် အထွတ်အထိပ် ပညာရှင်တစ်ဦးမှ ဒုတိယအဆင့် ပညာရှင်တစ်ဦးကို တိုက်ခိုက်ခြင်းသည် မည်သည့်လွတ်လမ်းမှ ရှိနေလိမ့်မည် မဟုတ်ပေ၊ ကောင်းကင်နှင့် မြေပြင်တို့ ပိတ်လှောင်သွားကာ ဟင်းလင်းပြင်မှာလည်း ချက်ချင်း ပိတ်ဆို့သွားခဲ့သည်။

အမှန်တိုင်းပြောရမည်ဆိုပါက ပဥ္စမအဆင့်နယ်ပယ်မှ အစွမ်းထက် ပညာရှင်ကပင် ဆဌမအဆင့် အထွတ်အထိပ် ပညာရှင်တစ်ဦး၏ လက်မှ ထွက်ပြေးလွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။

ဆဌမအဆင့် အထွတ်အထိပ်သည် အမြင့်ပိုင်းအဆင့်များနှင့် ခြေတစ်လှမ်းမျှသာ ကွာဝေးနေခဲ့ကာ၊ သတ္တမအဆင့်အောက်တွင် ပြိုင်ဘက်ကင်းသည့် တည်ရှိမှုဖြစ်သည်။

“ အဲ့အကြောင်းကို တွေးတောင်မတွေးလိုက်နဲ့ “

ထိုအချိန်တွင် ရှားလီယွဲ့မှာ ရုတ်တရက် လှုပ်ရှားလာခဲ့သည်။

“ ဆွစ်ရှ် !!! “

သူမသည် ရှုကျိုး၏ အရှေ့သို့ ချက်ချင်းရောက်လာခဲ့ကာ ကြက်သွေးရောင် လက်ကြီးကို ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။

“ သေချင်နေတာပဲ “

ကျောက်ဖန်သည် အေးဆေးတည်ငြိမ်နေစဲပင်ဖြစ်ပြီး၊ သူ၏လက်ညှိုးဖြင့် တောက်လိုက်ရာ၊ ရှားလီယွဲ့၏ ဓားရှည်သည် ချက်ချင်းကွဲအက်သွားကာ သူမမှာလည်း နောက်သို့ လွင့်ထွက်ကာ ရှုကျိုးကို တိုက်မိသွားခဲ့သည်။

ရှုကျိုးသည် သူမကို ဖမ်းလိုက်ပြီး၊ သူ၏စိတ်နှလုံးသားသည် ဟိုးအောက်ဆုံးအထိ ကျဆင်းသွားခဲ့သည်။

ရှားလီယွဲသည် ချက်ချင်းဆိုသလိုပင် ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့သည်၊ သူမ၏ ရင်ဘတ်ပိုင်း ချပ်ဝတ်တန်ဆာ ကွဲအက်သွားကာ နံရိုးများ ကျိုးပဲ့ပျက်စီးသွားသည့် ကြောက်မက်ဖွယ်ကောင်းသည့် ဧရာမဒဏ်ရာကြီးတစ်ခု ဖြစ်ပေါ်သွားခဲ့သည်။

ဆဌမအဆင့် အထွတ်အထိပ်၏အရှေ့တွင် စတုတ္ထအဆင့် အထွတ်အထိပ်မျှသာရှိသည့် ရှားလီယွဲ့သည် ပါးလွှာသော စက္ကူရွက်တစ်ခုကဲ့သို့ပင် ဖျက်စီးရလွယ်ကူနေခဲ့သည်။

ရှုကျိုးသည် ဆက်လက်၍ ကျဆင်းလာနေသည့် ကြက်သွေးရောင်လက်ကြီးကို ကြည့်ကာ စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး၊ သူ၏ကိုယ်ပွားကို ဆင့်ခေါ်ရန် ပြင်လိုက်သည်။

“ ရှင်က ဘာကို စောင့်နေရသေးတာလဲ !!! “

ထိုအချိန်တွင် ရှားလီယွဲ့မှ ရုတ်တရက် အော်ပြောလာခဲ့သည်။

ဟူးးးးး !!!

ငြင်သာသော သက်ပြင်းချသံတစ်သံ ပဲ့တင်ထပ်ပေါ်ထွက်လာခဲ့သည်။

ရှုကျိုးအရှေ့ဘက်ရှိ ဟင်းလင်းပြင်သည် ရုတ်တရက် ဆုတ်ပြဲသွားတော့သည်။

အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် အကြီးအကဲတစ်ဦးသည် ဟင်းလင်းပြင်ထဲမှ လျှောက်လှမ်းလာခဲ့ကာ ကြက်သွေး‌ရောင်လက်ကြီးကို ကြည့်၍ သူ၏ လက်ကို အသာအယာ ဝေ့ယမ်းလိုက်သည်။

“ ခရက်၊ ခရက် !!!!! “

ချက်ချင်းဆိုသလိုပင် ကြက်သွေးရောင် လက်ကြီးသည် ကြွေပုလင်းတစ်လုံးကဲ့သို့ ကွဲအက်သွားကာ ၎င်း၏ မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများစွာ လျင်မြန်စွာ ပေါ်လာခဲ့သည်။

အဖြူရောင် ဝတ်စုံနှင့် အကြီးအကဲ၏ အရှေ့တွင် အဆိုပါ ကြက်သွေးရောင်လက်ကြီးသည် ပန်းပွင့်များကဲ့သို့ လွန်စွာအားနည်းနေခဲ့သည်။

ချက်ချင်းဆိုသလိုပင် ၎င်းသည် ပြင်းထန်စွာ ပေါက်ကွဲသွားခဲ့သည်။

အပူလှိုင်းမုန်တိုင်းကဲ့သို့သော ကြောက်မက်ဖွယ်ကောင်းသည့် တုန်ခါမှု လှိုင်းလုံးများသည် နေရာအနှံ့ ပျံ့လွင့်လာခဲ့သည်။

အဖြူဝတ် အကြီးအကဲမှ သူ၏လက်ကို ထပ်မံ၍ ဝေ့ယမ်းလိုက်ရာ၊ အဆိုပါ လှိုင်းလုံးများ ချက်ချင်း ပျောက်ကွယ်သွားပြီး၊ ငြင်သာသော လေပြင်းလေညင်းတို့သာလျှင် ကမ္ဘာပေါ်တွင် ကျန်ရှိနေခဲ့သည်။

ကျောက်ဖန်၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည် “ သတ္တမအဆင့် ပညာရှင်လား? “

အဖြူဝတ် အကြီးအကဲသည် သူ့ကို လျစ်လျူရှုထားပြီး၊ ရှုကျိုး၏လက်မောင်းများကြားရှိ ရှားလီယွဲ့ကို လှည့်ကြည့်ကာ ကူရာကယ်ရာမဲ့စွာ ပြုံးပြလာခဲ့သည် “ မင်းက တော်တော်ကြီးကို လောလွန်းတယ်၊ မင်းက ဆဌမအဆင့် အထွတ်အထိပ်ငါးလေးတစ်ကောင်ကိုပဲ မျှားနိုင်ခဲ့တယ်၊ အခုတော့ ငါက အထက်လူကြီးတွေကို ဘယ်လိုရှင်းပြရတော့မှာလဲ? “

ရှားလီယွဲ့သည် ရှုကျိုး၏ လက်မောင်းများကြားမှ တိုးထွက်လာခဲ့ကာ အံကြိတ်၍ ပြောလာခဲ့သည် “ မစ္စတာချန်၊ တကယ်လို့ ရှင်မထွက်လာဘူးဆိုရင်၊ ရှုကျိုးက သေသွားမှာလေ “

အဖြူဝတ်အကြီးအကဲသည် ရှုကျိုးကို ကြည့်ကာ ပေါ့ပေါ့ပါးပါး ရယ်မောနေတော့သည် “ လူသားအဆင့်မြင့်ပါရှင်တွေကြားက ပြိုင်ဘက်ကင်းတဲ့ မျိုးစေ့လေး၊ သူက သေတဲ့အထိ အရိုက်ခံရမှာကို ငါက ဒီတိုင်းကြည့်မနေပါဘူး “

ရှားလီယွဲ့သည် မျက်စောင်းထိုးလိုက်ပြီး၊ သူမ၏ဦးခေါင်းလေးကို ရှုကျိုးဘက်သို့ လှည့်လာခဲ့သည် “ ဟေး !! နင်အဆင်ပြေတယ်မလား? “

ရှုကျိုးသည် ခေါင်းခါပြလိုက်သည်။

ရှားလီယွဲ့ကသာလျှင် ဆဌမအဆင့် အထွတ်အထိပ် ပညာရှင်၏ တိုက်ကွက်တစ်ခုကို ခံယူခဲ့ရကာ သူမ၏နံရိုးများပင် ကျိုးပဲ့ပျက်စီးသွားခဲ့သည်။

သူမသည် အဆိုပါ ဒဏ်ရာများက သူမအတွက် ဘာမှမဟုတ်သည့်အတိုင်း တွန့်ပင်မတွန့်သွားခဲ့ချေ။

ရှားလီယွဲ့သည် ရှုကျိုးကို စကားပြောလာခဲ့သည် “ ဒါက တော်ဝင်သိုင်းပညာ တက္ကသိုလ်က ပညာရှင်ချန်ပဲ၊ သူက ဒီစစ်ဆင်ရေးမှာ ငါတို့ကို စောင့်ရှောက်နေတာ “

သူမသည် ဤကိစ္စကို ရှင်းရှင်းလင်းလင်း သိထားပြီးသားဖြစ်သည်။

“ ဝင်ပါပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ စီနီယာ “ ရှုကျိုးသည် လက်သီးဆုပ်ကာ အရိုအသေပေးလိုက်ပြီး၊ စိတ်သက်သာရာရသွားခဲ့သည်။

သူထင်ထားခဲ့သည့်အတိုင်းပင် !!

သူသည် ဤမျှကြီးမားသည့် စစ်ဆင်ရေး တစ်ခုတွင် သူတို့ကို ကာကွယ်စောင့်ရှောက်မည့် အဆင့်မြင့် ပညာရှင် ရှိနေမည်ဆိုသည်ကို သိနေခဲ့သည်။

ရှုကျိုးသည် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ကာ ဌာနမှူးရှန့်က တစ်နေရာရာတွင် ရှိနေသည်ဟုပင် သံသယဝင်သွားခဲ့သည်။

ခေါင်းဆောင်များနှင့် ကျန်းခိုင်တို့လူစုမှာလည်း စိတ်သက်သာရာရစွာဖြင့် သက်ပြင်းများချနေကြတော့သည်။

သတ္တမအဆင့် ပညာရှင်တစ်ဦး ရှိနေသောကြောင့် သူတို့အားလုံး ဘေးကင်းသွားပြီဖြစ်သည်။

သတ္တမအဆင့်သို့ ရောက်မှသာလျှင် အဆင့်မြင့် အစွမ်းထက် ပညာရှင်ဟု ခေါ်ဆိုနိုင်ပေသည်။

ဆဌမအဆင့် အထွတ်အထိပ်သည် ၎င်းနှင့် ခြေတစ်လှမ်းမျှသာ ကွာသော်လည်း၊ ၎င်းတို့နှစ်ခုသည် မတူညီသော ကမ္ဘာများသာဖြစ်သည်။

ကောင်းကင်ထက်၌

ကျောက်ဖန်သည် မည်သို့မျှ ထိတ်ထိတ်ပြာပြာ မဖြစ်သွားခဲ့ပေ။

သူသည် ချန်ဝမ်ဂျန်ကို စိုက်ကြည့်ကာ အေးအေးလူလူ ပြောလာခဲ့သည် “ ချန်ဝမ်ဂျန်၊ မင်းတစ်ယောက်တည်း လာခဲ့တာလား? “

ချန်ဝမ်ဂျန်မှာလည်း အေးအေးဆေးဆေး ပြန်ပြောလိုက်သည် “ မင်းလိုကြွက်လေးတစ်ကောင်ကို ကိုင်တွယ်ဖို့က ငါတစ်ယောက်တည်းနဲ့ လုံလောက်ပါတယ် “

“ ဟားဟားဟား …… မင်းတစ်ယောက်တည်းနဲ့ ဒီယဇ်ပူဇော်ပွဲ အခမ်းအနားကို တားလို့မရဘူး “

ကျောက်ဖန်မှ အေးစက်စွာ လှောင်ပြောင်လာခဲ့ပြီး၊ ရုတ်တရက် လျှာကိုက်ရာ သူ၏ပါးစပ်ထဲမှ သွေးများ စီးကျလာခဲ့သည်။

သူသည် လက်များဖြင့် စည်းတံဆိပ်တစ်ခု ရေးဆွဲ၍ လျှို့ဝှက်နည်းစနစ်တစ်ခုကို အသက်သွင်းလိုက်ရာ သွေးနီရောင် အလင်းတန်းတစ်ခုသည် လေထဲရှိ အနီရောင်မြူမှုန်ထဲသို့ တိုးဝင်သွားတော့သည်။

ဗွီ !!!

ချက်ချင်းဆိုသလိုပင် သွေးနီ‌ရောင် မြူထုသည် ကြမ်းကြမ်းတမ်းတမ်း လှုပ်ခါလာခဲ့ပြီး၊ နတ်ဆိုးကြီးတစ်ကောင်က ပါးစပ်ဖွင့်ထားသည့်အတိုင်း၊ သွေးနီရောင် ဝဲဂယက်တစ်ခုအဖြစ် ပြောင်းလဲသွားကာ လူတိုင်းကို ဝါးမြိုချင်နေလျက်ရှိသည်။

ဖီးနစ်ချိုင့်ဝှမ်းအတွင်းရှိ လူများ၏ အမူအရာများ ပြောင်းလဲသွားတော့သည်။

အားနည်းသော တစ်ချို့ ကျောင်းသားကျောင်းသူများ၏ အသွေးအသားများသည် ထိုမြူအတွက် အာဟာရဖြည့်ပေးတော့မည့်အတိုင်း စတင်၍ ကွဲအက်သွားတော့သည်။

“ အနှစ်သာရမရှိတဲ့ လှည့်ကွက်လေးတွေ “

ထိုအချိန်တွင် ချန်ဝမ်ဂျန်မှ အေးစက်စွာ လှောင်ပြောင်လာခဲ့သည်၊ သူ၏အရှေ့တွင် အလင်းတန်းတစ်ခု ပေါ်လာခဲ့သည်။

ထူးခြားသော အစီအရင်ကားချပ်တစ်ခု ပေါ်လာခဲ့ကာ ၎င်း၏အထက်တွင် ယင်ယန်စွမ်းအင်များ လှည့်ပတ် စီးဆင်းနေလျက်ရှိပြီး၊ ၎င်း၏ မျက်နှာပြင်ပေါ်တွင် မှိန်မှိန်ဖျော့ဖျော့ အလင်းရောင်တစ်ခု တောက်ပလာခဲ့သည်။

“ ချန်ခွန်ကျောက်တုံးရဲ့ ယင်ယန်ချိုးဖျက်ခြင်း အစီအရင်ကားချပ်လား? “

‌ကျောက်ဖန်၏ အမူအရာ ချက်ချင်း ပြောင်းလဲသွားတော့သည် “ အဲ့တာ ပျောက်သွားခဲ့တာ တော်တော်ကြာနေပြီ မဟုတ်ဘူးလား? ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? “

ချန်ခွန်ကျောက်တုံးရဲ့ ယင်ယန်ချိုးဖျက်ခြင်း အစီအရင်ကားချပ်သည် ချန်ခွန်ကျောက်တုံးကို အခြေခံအုတ်မြစ်အနေဖြင့် အသုံးပြုကာ၊ ယင်ယန်စွမ်းအင်များကို ဓားသွားအဖြစ် အသုံးချပြီး၊ ယင်ယန်ကို နှောင့်ယှက်(သို့) ချေဖျက်ရန် ကြီးမားသော စွမ်းအင်များ ပိုင်ဆိုင်ထားပြီး၊ အစီအရင်များကို ဖြိုဖျက်နိုင်ပေသည်။

၎င်းသည် ကောင်းကင်ဘုံအောက်ရှိ မည်သည့်အစီအရင်ကိုမဆို ချိုးဖျက်နိုင်သည်ဟု ဆိုကြသည်။

ဤပစ္စည်းသည် နဝမအဆင့် အထွတ်အထိပ် အစီအရင် ပညာရှင်က လူကိုယ်တိုင် တီထွင်ပြုလုပ်ခဲ့သော လက်ရာတစ်ခုဖြစ်သည်၊ သို့သော် ကံဆိုးစွာဖြင့် လွန်ခဲ့သော နှစ်တစ်ရာခန့်က အဆိုပါ အစီအရင် ဆရာသခင်သည် ကြေကွဲဖွယ်ကောင်းလောက်အောင် ကျဆုံးသွားခဲ့သည်။

အစစ်အမှန် အစီအရင်ကားချပ်မှာလည်း စကြာဝဠာ အစွန်းတစ်ဖက်အထိ လွင့်စင်ပျောက်ဆုံးသွားခဲ့သည်။

ချန်ဝမ်ဂျန် လက်ထဲရှိ အစီအရင်ကားချပ်သည် ပုံတူကူးထားခြင်းသာ ဖြစ်သည်၊ သို့သော် ၎င်းသည် ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားကို ပိုင်ဆိုင်ထားစဲဖြစ်သည်။

သူမှ လက်ညှိုးထိုးလိုက်ရာ ယင်ယန်အစီအရင် ကားချပ်သည် လေတိုက်တိုင်း ကြီးမားလာခဲ့ပြီး၊ မီတာ ၁၀၀ရှိသည့် အစီအရင်ကားချပ်အဖြစ် ပြောင်းလဲသွားကာ ကြီးမားသော ဧရိယာတစ်ခုအထိ ဖုံးလွှမ်းသွားခဲ့သည်။

ဝရုန်းးးး !!!

ချန်ဝမ်ဂျန် ခန္ဓာကိုယ်အတွင်း၌ အဆုံးမဲ့ ချီ-သွေးစွမ်းအင်များ နိုးထလာခဲ့ပြီး၊ ၎င်းတို့သည် အစီအရင်ကားချပ်အတွင်းသို့ စီးဆင်းသွားတော့သည်။

ကျောက်ဖန်သည် အဆိုပါ မြင်ကွင်းကိုကြည့်ကာ မျက်လုံးများ တောက်ပသွားခဲ့သည်၊ နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် သူ၏ပုံရိပ်သည် သူရပ်နေသည့် နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။

ဝုန်းးးး !!

ကြီးမားသော အနီရောင်လက်ကြီးတစ်ဖက်သည် လျှပ်စီးကဲ့သို့သော အမြန်နှုန်းဖြင့် ချန်ဝမ်ဂျန်ကို တိုက်ခိုက်လာခဲ့သည်။

“ ငါ့ရဲ့ပစ်မှတ်တွေက အဲ့ဒီကျောင်းသားတွေလို့ မင်းထင်နေတာလား? မှားတယ်၊ ငါ့ရဲ့ ပစ်မှတ်က ဟိုးအစတည်းက မင်းပဲ “

“ မင်းက တည့်တည့်ကြီး တိုးဝင်လာခဲ့တာပဲ “

ကျောက်ဖန်သည် အူလှိုက်သည်းလှိုက် ရယ်မောနေတော့သည်၊ သူ၏အရှိန်အဟုန်သည် သတ္တမတစ်ပိုင်းအဆင့်အဖြစ် ချက်ချင်းမြင့်တက်သွားခဲ့ပြီး၊ ချန်ဝမ်ဂျန်ဆီသို့ ကြောက်မက်ဖွယ်ကောင်းသည့် တိုက်ခိုက်မှုတစ်ခုကို စေလွှတ်လာခဲ့သည်။

သူသည် လနတ်ဘုရားဂိုဏ်း၏ အထူးနည်းစနစ်ကို အသုံးပြုကာ သူ၏စွမ်းအားကို သတ္တမတစ်ပိုင်းအဆင့်အထိ မြှင့်တင်လိုက်ပြီး၊ ချန်ဝမ်ဂျန်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လာခဲ့သည်။

ချန်ခွန်ကျောက်တုံးရဲ့ ယင်ယန်ချိုးဖျက်ခြင်း အစီအရင်ကားချပ် အသက်သွင်းခြင်းသည် ကြီးမားသော စွမ်းအင်ပမာဏကို လိုအပ်သည်။

ချန်ဝမ်ဂျန်သည် ၎င်းအား အသက်သွင်းခြင်းကိုသာ အပြည့်အဝ အာရုံစိုက်နေခဲ့ပြီး၊ မြန်ဆန်လွန်းလှသော အဆိုပါ တိုက်ခိုက်မှုကို မည်သို့မျှ မတုံ့ပြန်နိုင်ခဲ့ပေ။

All Chapters