ပြဿနာအကြီးစား
Vol. 44 Ch. 646
ရှန်ဟိုင်းမြို့တော်၏ နိုင်ငံခြားငွေလဲလှယ်ရေးဈေးကွက်ထဲတွင် ဈေးကွက်စဖွင့်ပြီး ငါးမိနစ်မပြည့်သေးခင်မှာပင် သတိပေးချက်တစ်စုံတစ်ရာမရှိဘဲ ဈေးကျရန် ပုံအောလာသည့် အော်ဒါများ တရစပ်ကျလာခဲ့သည်။
ဈေးကျရန် ပုံအောခြင်း သို့မဟုတ် ဝယ်ယူသိုလှောင်ခြင်းဆိုသည်မှာ ဘာကိုဆိုလိုလေသလဲ။
ဥပမာအားဖြင့် ဟွာရှားယွမ်ငွေလဲလှယ်နှုန်းက လက်ရှိတွင် ခုနစ်ဖြစ်ပြီး မကြာခင်မှာ ၆.၉ကို ကျဆင်းသွားတော့မည်ဟု သင် ခန့်မှန်းမိသည်ဆိုပါစို့။ ထိုအခါ သင့်လက်ထဲရှိ ဒေါ်လာတစ်ရာကို ယွမ်ခုနစ်ရာဖြင့် လဲလှယ်ထားလိုက်သည်။ ထိုအချိန်တွင် ထိုယွမ်ခုနစ်ရာအတွက်လည်း အတိုးရနိုင်သည်။
အကယ်၍ သင်ခန့်မှန်းထားသည့်အတိုင်း ငွေလဲနှုန်းက အမှန်တကယ်ကျဆင်းသွားခဲ့လျှင် ယွမ်၆၉၀ကိုသာ အသုံးပြု၍ ဒေါ်လာတစ်ရာကို ပြန်ဝယ်နိုင်သည်။ ထိုအခါ ပိုလျှံနေသော ဆယ်ယွမ်နှင့် ရရှိထားပြီးဖြစ်သော အတိုးနှုန်းမှာ သင့်အသားတင်အမြတ်ပင်။
ဝယ်ယူသိုလှောင်ခြင်းကမူ ဆန့်ကျင်ဘက်ပင်။
သို့သော် ဈေးကျရန်ပုံအောခြင်းမှာ အချိန်မရွေးလုပ်ဆောင်နိုင်သော အရာမျိုးမဟုတ်ပေ။ အကယ်၍ သင် ပုံအောပြီးရောင်းနေချိန်မှာ ဟွာရှားယွမ်ငွေတန်ဖိုး မြင့်တက်လာပါက ငွေကို ဆုံးရှုံးရမည်သာ။ ဟွာရှားယွမ်ငွေတန်ဖိုးတက်လေလေ ဆုံးရှုံးမှု ပိုကြီးလေလေပင်။
ထို့ကြောင့် ဤနည်းလမ်းဖြင့် အလွယ်တကူငွေရှာနိုင်ရန်အတွက် ကျွမ်းကျင်လှသော ကုန်သွယ်မှုအတတ်ပညာနှင့် ငွေလဲနှုန်းကို ဖိနှိပ်ထားနိုင်လောက်သည့် ဘဏ္ဍာရေးအင်အားမျိုးကို လိုအပ်ပေသည်။
သို့သော် အကယ်၍ သင့်ရန်ပုံငွေက အင်အားမတောင့်တင်းသလို သင့်ကုန်သွယ်ရေးပညာရှင်ကလည်း မကျွမ်းကျင်ပါက အရှုံးအမြတ်မှာ ဈေးကွက်အခြေအနေနှင့် အခြားကုန်သွယ်သူများအပေါ် မူတည်နေပေလိမ့်မည်။ မသေချာသော အခြေအနေများအကြား "အနာဂတ်ကိုကြိုမြင်သူများ"ကသာ ငွေရှာနိုင်ကြသည်။
လွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်က ဟွာရှားဈေးကွက်တွင် ဤသို့သောပုံအောရောင်းချခြင်းကို တားမြစ်ထားသော်လည်း ကုန်သွယ်ရာတွင် ပိုလွတ်လပ်လာသည်နှင့်အမျှ ထိုလုပ်ငန်းစဉ်ကိုလည်း လွန်ခဲ့သည့်နှစ်အနည်းငယ်ကစ၍ ခွင့်ပြုပေးခဲ့သည်။ အချို့အဖွဲ့အစည်းများက ဤနည်းလမ်းဖြင့် ငွေရှာကြသော်လည်း သူတို့၏အင်အားကမူ သိပ်မတောင့်တင်းလှပေ။ ဈေးတက်ခြင်းကျခြင်းတို့မှာ နိုင်ငံတော်၏မူဝါဒအပေါ် မူတည်နေဆဲပင်။
ထို့ကြောင့် သူတို့အနေနှင့် အမှန်တကယ်ငွေရှာနိုင်ခဲ့လျှင်ပင် ဆင်ကန်းတောတိုးသကဲ့သို့ ဟွာရှားနိုင်ငံ၏ငွေကြေးပေါ်လစီနှင့် တိုက်ဆိုင်သွားခြင်းသာဖြစ်၏။
"ဈေးကွက်စဖွင့်တာနဲ့ ပုံအောပြီးရောင်းချတော့တာလား"
အရောင်းအဝယ်လုပ်သူတစ်ယောက်က ထိုအော်ဒါများကို ကျွမ်းကျင်စွာ စစ်ဆေးကြည့်လိုက်သော်လည်း ထိတ်လန့်ဖွယ်ကောင်းသော ပမာဏကြောင့် သူ့လက်များပင် တုန်ယင်သွားသည်။
အော်ဒါပေါင်း၂၄ခုရှိပြီး တစ်ခုချင်းစီကလည်း အမေရိကန်ဒေါ်လာတစ်ဘီလီယံကျော်ရှိ၏။
အော်ဒါ၂၄ခုဆိုလျှင် စုစုပေါင်း ဒေါ်လာ၂၄ဘီလီယံပင်တည်း။
ဤဈေးကွက်မှာ တစ်နိုင်ငံလုံး၏ နိုင်ငံခြားငွေလဲလှယ်မှုအားလုံးနီးပါးကို ကိုင်တွယ်နေပြီး တစ်နှစ်လျှင် ပျှမ်းမျှအရောင်းအဝယ်ပမာဏ သုံးဆယ်ထရီလီယံခန့်ရှိပြီး နေ့စဉ်အရောင်းအဝယ်ပမာဏဒေါ်လာတစ်ရာဘီလီယံခန့်ရှိသည်။
သို့သော် နေ့စဉ်အရောင်းအဝယ်ပမာဏတစ်ရာဘီလီယံဆိုသည်မှာ ငွေကြေးအမျိုးမျိုးကြားရှိ လဲလှယ်မှုများလည်း ပါဝင်သည်။ သင်ကလည်း ကျွန်န်ုပ်ကိုရောင်းပြီး ကျွန်န်ုပ်ကလည်း သင့်ကိုရောင်းချသည့်သဘောမျိုးဖြစ်သဖြင့် တစ်ဖက်သတ်ရောင်းနေခြင်းမဟုတ်ပေ။
စုစုပေါင်းအမေရိကန်ဒေါ်လာ၂၄ဘီလီယံတန်ဖိုးရှိသော အော်ဒါ၂၄ခုမှာ ဈေးကွက်ထဲတွင် သိမ်းဆည်းထားသော နိုင်ငံခြားငွေပမာဏကို များစွာကျော်လွန်နေပြီဖြစ်၏။ သာမန်အခြေအနေမျိုးတွင် မည်သူကမှ ဒေါ်လာ၂၄ဘီလီယံတန်ဖိုးရှိသော အော်ဒါများကို ရုတ်တရက်တင်ကြမည်မဟုတ်ချေ။ သူတို့သိုလှောင်ထားသော ဒေါ်လာအနည်းငယ်မှာ နေ့စဉ်လုပ်ငန်းဆောင်တာများအတွက် လုံလောက်ရုံမျှသာ။
"အားလုံးပဲ.. ဒီကိုလာကြဦး။ ဒီအော်ဒါတွေက တစ်ခုခုတော့မှားနေပြီ"
များပြားလှသော ဤအော်ဒါများ ဝင်လာခြင်းမှာ တစ်ဖက်လူတွင် အမေရိကန်ဒေါ်လာအမြောက်အများရှိနေခြင်းကို ပြသလေသည်။ သို့မဟုတ်ပါက ဤမျှများပြားသော အော်ဒါပမာဏကို အသာလေးတင်နိုင်မည်မဟုတ်ပေ။ ကုန်သွယ်ရေးဈေးကွက်ထဲတွင် အများဆုံးထုတ်ယူနိုင်သော အရေအတွက်မှာ ဆယ်ဆပင်။ အကယ်၍ တစ်ဖက်လူက ဆယ်ဆကို သုံးမည်ဆိုလျှင်ပင် သူတို့လက်ထဲတွင် အမေရိကန်ဒေါ်လာဘီလီယံပေါင်းများစွာ ရှိနေခြင်းပင်ဖြစ်ရမည်။
အမေရိကန်ဒေါ်လာဘီလီယံပေါင်းများစွာကို ငွေသားဖြင့် ပိုင်ဆိုင်ထားခြင်းပင်။ ထိုပမာဏကို နိုင်ငံတစ်နိုင်ငံပင် လွယ်လင့်တကူမထုတ်နိုင်ချေ။
"ဒါကပင်မနိုင်ငံတကာငွေကြေးကစားသမားတွေက သက်သက်နှောင့်ယှက်နေတာဖြစ်နိုင်တယ်"
ဝါရင့်အရောင်းအဝယ်ပြုလုပ်သူများက ချက်ချင်းပင် အနံ့ရလိုက်သည်။
"ငါတို့ရဲ့နိုင်ငံခြားငွေလဲလှယ်ရေးဈေးကွက်ကို တိုက်ခိုက်ဖို့အတွက် ဒီလောက်ရန်ပုံငွေအများကြီးကို ထုတ်သုံးနိုင်တယ်ဆိုတော့ သာမန်ငွေကြေးကစားသမားတွေ မဟုတ်တာတော့ သေချာတယ်"
"လျိုရှင်းယောင်.. ဒီအကြောင်းကို သွားအစီရင်ခံလိုက်။ ငါတို့ ဘဏ်ရဲ့အရန်နိုင်ငံခြားငွေကို အချိန်မရွေးထုတ်သုံးရနိုင်တယ်"
"အဖွဲ့ခေါင်းဆောင်.. ဒီလောက်အထိ စိုးရိမ်ဖို့လိုလို့လား"
တစ်စုံတစ်ယောက်က မေးလိုက်လေသည်။
"တစ်ဖက်လူက ဒီရန်ပုံငွေတွေတင်ရှိတာမဟုတ်လောက်ဘူး"
အတွေ့အကြုံရင့်သန်သော အဖွဲ့ခေါင်းဆောင်ဝမ်ချန်းသုန်းက ပြောလိုက်သည်။ သူသည် အသက်ငါးဆယ်နီးပါးရှိပြီး ဤလုပ်ငန်းနယ်ပယ်ထဲတွင် ၂၅နှစ်ကြာအောင် အလုပ်လုပ်ကိုင်ခဲ့သည်။ သူသည် စီးပွားရေးအကျပ်အတည်းများစွာကိုလည်း ဖြတ်သန်းခဲ့ဖူးသည်။ ထို့ကြောင့် သူ့အာရုံမှာ အလွန်ထက်ရှပြီး အတွေ့အကြုံလည်း များလှသည်။
"ပုံမှန်ဆိုရင် တစ်ဖက်လူက ရန်ပုံငွေအကန့်အသတ်ရှိတယ်ဆိုရင် ဈေးကွက်ပိတ်ခါနီးမှ ဒီလိုမျိုးလုပ်တတ်ကြတာ။ ဘာလို့လဲဆိုတော့ အဲဒီအချိန်မှာ လူတွေက အသိအလျော့ဆုံးဖြစ်နေတတ်လို့လေ။ နိုင်ငံခြားငွေလဲလှယ်မှုပဲဖြစ်ဖြစ်၊ စတော့ရှယ်ယာပဲဖြစ်ဖြစ် ဒီလိုအချိန်မျိုးမှာ ဈေးနှိမ်မယ်ဆိုရင် တစ်ရက်အတွင်း အခြေအနေကို ပြန်ကုစားနိုင်ဖို့ ခက်တယ်"
"ဒါပေမဲ့ အစကတည်းက ရန်ပုံငွေအများကြီးနဲ့ ရောက်လာတာဆိုရင် ဒါက အကင်းပဲရှိသေးတယ်ဆိုတဲ့သဘောပဲ။ နောက်ကွယ်မှာ ပိုများတဲ့ရန်ပုံငွေတွေအများကြီးရှိသေးတယ်"
ဝမ်ချန်းသုန်း၏မျက်နှာထက်တွင် စိတ်လှုပ်ရှားလေဟန် အပြုံးတစ်ပွင့် ပေါ်ပေါက်လာသည်။ သူ့အနေနှင့် ယခုလိုပြိုင်ဘက်မျိုးဖြင့် မကြုံရသည်မှာ ကြာလှလေပြီ။
ဒေါ်လာ၂၄ဘီလီယံကို ပုံအောလိုက်ခြင်းကြောင့် ယနေ့အတွက် ဟွာရှားယွမ်ငွေလဲလှယ်နှုန်းကို ပွိုင့်ငါးရာအထိ ကျဆင်းသွားစေသည်။
မနက်ကိုးနာရီခွဲတွင် နိုင်ငံခြားငွေလဲလှယ်ရေးရင်းနှီးမြှုပ်နှံသူများမှာ အိပ်နေရာမှ လန့်နိုးလာကြသည်။
လူချမ်းသာအမြောက်အများက နိုင်ငံခြားငွေလဲလှယ်ရေးဈေးကွက်မှတစ်ဆင့် ငွေရှာကြပြီး ဤပိုင်ဆိုင်မှုများနှင့်ပတ်သက်ပြီး သူတို့အတွက် စီမံခန့်ခွဲပေးမည့် အထူးပြုအဖွဲ့များလည်း ရှိကြသည်။ သူတို့အနေနှင့် ရန်ပုံငွေထောက်ပံ့ပေးနေရုံသာလိုသည်။ ထိုပရော်ဖက်ရှင်နယ်အဖွဲ့အစည်းများက အရာရာကို ကိုင်တွယ်ဖြေရှင်းပေးကြသည်။
သို့သော် ယနေ့တွင်မူ သူတို့ အကောင့်ထဲသို့ ဝင်လိုက်သည်နှင့် ထိတ်လန့်ဖွယ်ကောင်းသော ပမာဏများကြောင့် ထိတ်လန့်သွားရသည်။
"ဘာတွေဖြစ်နေတာလဲ။ အစကတည်းက ပွိုင့်ငါးရာတောင် ဘာလို့ကျသွားတာလဲ။ ဒေါ်လာသန်းဂဏန်းလောက် ရေစုန်မျောသွားပြီပေါ့"
"မင်းတို့တွေ ဘာလုပ်နေကြတာလဲ။ မင်းတို့ကိုယုံကြည်လို့ ငါ့ရန်ပုံငွေတွေကို အပ်ထားတာလေ။ အမေရိကန်ဒေါ်လာသန်းဂဏန်းတောင်နော်။ တစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ၂သန်းပဲ ရှာနိုင်သေးတာကို အခုတော့ တစ်မနက်တည်းနဲ့ အကုန်ပါသွားပြီတဲ့လား"
"မစ္စတာကျန်း... စိတ်မပူပါနဲ့။ ကျွန်တော် အခုချက်ချင်းဖုန်းဆက်ပြီး မေးကြည့်လိုက်ပါ့မယ်။ ဈေးကွက်အဖွင့်မို့ ပြင်ဆင်မှုလေးတစ်ခုလုပ်ရုံပဲဖြစ်မှာပါ။ မကြာခင် ပြန်ငြိမ်သွားမှာပါ"
....
အကောင့်ပိုင်ရှင်များမှာ ထိတ်လန့်ကုန်ကြပြီး နိုင်ငံခြားငွေလဲလှယ်ရေးဌာနလည်း ဝရုန်းသုန်းကားဖြစ်ကုန်သည်။ ဖြစ်စဉ်ကို မေးမြန်းနေကြသည့် ဖုန်းခေါ်ဆိုမှုများမှာ တစ်ခုပြီးတစ်ခုဝင်လာပြီး တချို့ဆိုလျှင် ဆုံးရှုံးမှုများကို အချိန်မီရပ်တန့်ရန်အတွက် အော်ဒါများကိုပင် ဖျက်သိမ်းကြသည်။ ထို့ကြောင့် အကုန်လုံး ဖရိုဖရဲဖြစ်ကုန်ပေသည်။
ကနဦးပွိုင့်ငါးရာကျဆင်းသွားခြင်းမှာ အစပျိုးမှုတစ်ခုနှင့် အချက်ပြတစ်ခုပင်။
ဥပမာအားဖြင့် ကုမ္ပဏီတစ်ခု၏ဈေးကွက်တန်ဖိုးမှာ သိသိသာသာကျဆင်းသွားပါက လုပ်ဆောင်မှုတွင် ပြဿနာရှိနေသဖြင့် အရှုံးပြနေခြင်းဖြစ်ကြောင်း ပြသနေသည်။ ထို့ပြင် အနာဂတ်အတွက် မရေရာကြောင်းကိုလည်း အချက်ပြနေချေသည်။ ဤအခြေအနေက ငွေကြေးဈေးကွက်အတွက်လည်း အလားတူပင်။
ငွေပုံအောခြင်းကို တုံ့ပြန်နိုင်သည့် နည်းလမ်းမှာ ဈေးတက်လာမည့်အချိန်အတွက် ရေရှည်ဝယ်ယူသိမ်းဆည်းထားခြင်းဖြစ်ပြီး ဤလုပ်ဆောင်ချက်အတွက်လည်း ငွေအမြောက်အများလိုအပ်သည်။
ဈေးကွက်စဖွင့်ချိန်ကတည်းက ငွေလဲနှုန်းသည် အခြေခံအမှတ်ရှစ်ရာကျော် ကျဆင်းသွားခဲ့သည်။ လက်ရှိငွေကြေးဈေးကွက်မှာ စတော့ရှယ်ယာဈေးကွက်ကဲ့သို့ ဈေးအတက်အကျနှင့်ပတ်သက်ပြီး အကန့်အသတ်မရှိချေ။ အရှိန်ရပ်မသွားသရွေ့ ဆက်တိုက်ကျဆင်းသွားနိုင်သည်။
အချို့နိုင်ငံများတွင် ငွေကြေးတန်ဖိုးမှာ တစ်ရက်တည်းနှင့် လေးဆယ်ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ဖူးသည့် ဥပမာမျိုးလည်း ရှိဖူးသဖြင့် နိုင်ငံခြားငွေလဲလှယ်ရေးဈေးကွက်တွင် တိုက်ပွဲက မည်မျှပြင်းထန်ကြောင်း သိနိုင်ပေသည်။
"အထက်ကို အမြင့်ဆုံးရန်ပုံငွေ မြန်မြန်လျှောက်ထားလိုက်တော့။ ပြီးတော့ ရေရှည်ဝယ်ယူသိမ်းဆည်းဖို့ စတင်ကြတော့။ ငါတို့ ငွေလဲနှုန်းကို တအားကျသွားအောင် လွှတ်ပေးထားလို့မဖြစ်ဘူး"
"နားလည်ပါပြီ"
အဖွဲ့ထဲရှိ ငွေကြေးလဲလှယ်သူများကမှာ ချက်ချင်းလုပ်ငန်းစကြပြီး အဝယ်အော်ဒါများကို တင်လိုက်ကြရာ ငွေကြေးဈေးကွက်ထဲသို့ အမေရိကန်ဒေါ်လာဘီလီယံပေါင်းများစွာ စီးဝင်သွားချေသည်။
ခဏအကြာမှာပင် ဈေးနှုန်းကျဆင်းမှုမှာ တည်ငြိမ်သွားပြီး ပွိုင့်ခြောက်ရာသို့ ပြန်တက်လာခဲ့သည်။
လူတိုင်း ထိုအခါမှသာ သက်မချနိုင်လိုက်သော်လည်း ပြိုင်ဘက်၏တိုက်ခိုက်မှုက ယခုမှ အစသာရှိသေးကြောင်းနှင့် မီးခိုးမထွက်သည့် စစ်ပွဲစစ်စစ်က ယခုမှ စတော့မည်ဖြစ်ကြောင်း သူတို့ ကောင်းကောင်းသိထားကြသည်။
...
"အဖွဲ့ခေါင်းဆောင်.. ဟွာရှားလူမျိုးတွေဘက်က ကျွန်တော်တို့ရဲ့ပုံအောဝယ်ယူခြင်းကို တုံ့ပြန်ဖို့အတွက် ရေရှည်ဝယ်ယူသိမ်းဆည်းခြင်းနည်းလမ်းကို ထုတ်သုံးနေပါပြီ။ စုစုပေါင်းဒေါ်လာနှစ်ရာဘီလီယံလောက်ပါ။ ငွေလဲနှုန်းကလည်း ပြန်တက်လာနေပါပြီ"
"သူတို့ ငါးစာကိုဟပ်လိုက်ပြီပဲ"
ဥရောပဌာနခွဲမှ ခေါင်းဆောင်က ပြုံးလိုက်လေသည်။
"ဒေါ်လာနှစ်ရာဘီလီယံဆိုတာက သိပ်မများပေမဲ့ နှုတ်မြိန်စာလောက်တော့ အဆင်ပြေပါတယ်။ သူတို့ဆီက ဒေါ်လာဘီလီယံနည်းနည်းလောက်ယူပြီး ဆက်ကစားကြတာပေါ့"
"သူတို့ရဲ့အခွင့်အာဏာအရဆိုရင် ဒေါ်လာဘီလီယံရာဂဏန်းလောက်ပဲ သုံးနိုင်မှာ။ ပိုသုံးချင်တယ်ဆိုရင် ပင်မဘဏ်တွေရဲ့ အရန်နိုင်ငံခြားငွေအင်အားကို သုံးရလိမ့်မယ်။ အဲဒါက မိနစ်ပိုင်းအတွင်း လုပ်နိုင်တာမဟုတ်ဘူး။ အဲဒီတော့ ငါတို့အတွက် လုပ်ကွက်တွေ အများကြီးရှိသေးတယ်"
သူက ချက်ချင်းအမိန့်ပေးလိုက်သည်။
"ဆက်ချကြ"
...
"ခေါင်းဆောင်.. သူတို့ဘက်က အဝယ်အော်ဒါနှစ်ဆယ်ကျော် တင်လိုက်ပြန်ပြီ"
"ဆက်ယူထား။ လူအင်အားမလောက်ရင် တခြားအဖွဲ့တွေက စစ်ကူခေါ်လိုက်"
"ခေါင်းဆောင် ဒီ.. ဒီအော်ဒါတွေက စုစုပေါင်းအမေရိကန်ဒေါ်လာငါးရာဘီလီယံကျော်သွားပါပြီ။ ကျွန်တော်တို့ရဲ့အရန်ဒေါ်လာတွေနဲ့ မလောက်တော့ပါဘူး"
ဝမ်ချန်းသုန်းလည်း ချက်ချင်းဆိုသလို မျက်နှာပျက်သွားလေသည်။ ဤအခြေအနေကား စင်စစ်ဆိုးဝါးလှသည်။