← Chapters

သူတို့ကို မခြောက်စမ်းပါနဲ့

Vol. 44 Ch. 647

သူတို့ကို မခြောက်စမ်းပါနဲ့

Vol. 44 Ch. 647

အမေရိကန်ဒေါ်လာငါးရာဘီလီယံအော်ဒါကို တင်လိုက်သဖြင့် ဟွာရှားနိုင်ငံ၏ နိုင်ငံခြားငွေလဲလှယ်နှုန်းက ချက်ချင်းဆိုသလို ပွိုင့်တစ်ထောင်နီးပါး ကျဆင်းသွားခဲ့သည်။ တစ်ရက်အတွင်း ငွေကြေးတန်ဖိုး၁၆ရာခိုင်နှုန်း ကျဆင်းသွားခြင်းမှာ ဟွာရှားကဲ့သို့ စီးပွားရေးအင်အားတောင့်တင်းသော နိုင်ငံတစ်ခုအတွက်တော့ သေစေနိုင်လောက်သော ထိုးနှက်ချက်တစ်ခုပင်။

"ဘာတွေဖြစ်နေတာလဲ။ ဘယ်သူက ငါတို့ရဲ့ငွေကြေးဈေးကွက်ကို တိုက်ခိုက်နေတာလဲ"

"ဟွာရှားငွေကြေးဈေးကွက်က နာရီဝက်အတွင်း ၁၆ရာခိုင်နှုန်းတောင် ကျသွားတာလား။ ရှန်ဟိုင်းစတော့အိတ်စ်ချိန်းက ဘာလုပ်နေကြတာလဲ"

"ငါ မင်းတို့ကို တစ်နာရီအချိန်ပေးမယ်။ အခုချက်ချင်း ငွေလဲနှုန်းကို ပြန်တည်ငြိမ်အောင်လုပ်"

ထိုသတင်းက အထက်လူကြီးများဆီသို့ ချက်ချင်းရောက်ရှိသွားသည်။ ဤသို့သောအဖြစ်အပျက်မှာ သာမန်ကိစ္စတစ်ရပ်မဟုတ်ပေ။ ဗင်နီဇွဲလားကဲ့သို့သော အခြေအနေမျိုးအထိ ဆိုက်ရောက်သွားနိုင်သော ပြင်းထန်လှသည့် အခြေအနေမျိုးပင်။

"ဒါက သာမန်အဖွဲ့အစည်းတို့ နိုင်ငံတကာငွေကြေးကစားသူတွေရဲ့ လက်ချက်တော့မဖြစ်နိုင်ဘူး။ ဒါက ငါတို့ရဲ့စီးပွားရေးဈေးကွက်ကို သေချာပစ်မှတ်ထားပြီး အကွက်ကျကျတိုက်ခိုက်နေတာ"

အခြေအနေကို ဤသို့သုံးသပ်လိုက်ကြသည်။

"ဘယ်သူပဲဖြစ်ဖြစ် ဟွာရှားငွေကြေးဈေးကွက်ကို ထပ်ကျအောင် လုပ်ခွင့်ပေးလို့မဖြစ်တော့ဘူး။ ငါတို့နိုင်ငံရဲ့စီးပွားရေးအုတ်မြစ်က အရမ်းကြီးတော့ တစ်ရာခိုင်နှုန်းလောက်လေး ပြောင်းသွားရင်တောင် အကျိုးသက်ရောက်မှုက ကြီးတယ်။ အခုလို၁၆ရာခိုင်နှုန်းအထိ ကျဆင်းသွားရင် ဘဏ်တွေကတောင် ချေးငွေထုတ်ပေးနိုင်မှာမဟုတ်တော့ဘူး"

"ဘဏ်တွေအကုန်လုံးကို ချက်ချင်း အရေးပေါ်အစည်းအဝေးခေါ်လိုက်"

...

ဤအဖြစ်က ရုတ်တရက်ကြီးဖြစ်ပွားခဲ့သဖြင့် အချိန်အကြာကြီးဆွဲထား၍ မဖြစ်ချေ။ ဟွာရှားနိုင်ငံ၏ ငွေလဲနှုန်းက ဆက်တိုက်ကျဆင်းနေဆဲပင်။ အစီရင်ခံတင်ပြနေသည့်အချိန်အတွင်းမှာပင် ငွေကြေးတန်ဖိုးကျဆင်းမှုက နှစ်ဆယ်ရာခိုင်နှုန်းနီးပါးအထိ ရှိလာလေရာ လူမှုကွန်ရက်ပေါ်တွင် ဟိုးလေးတကြော်ကြော်ဖြစ်ကုန်သည်။

စီးပွားရေးလောကထဲရှိ လူများသာမက သာမန်အရပ်သားများပင် ထိုကိစ္စကို ရိပ်မိလာကြသည်။

ငွေကြေးတန်ဖိုးကျဆင်းခြင်းမှာ မည်မျှပြင်းထန်လေသလဲ။ စီးပွားရေးပညာကို အနည်းငယ်လေ့လာဖူးသူတိုင်း ကောင်းကောင်းသိကြသည်။ ငွေကြေးဖောင်းပွမှုက ငွေကြေးတန်ဖိုးကျဆင်းမှု၏ အသိသာဆုံးရလဒ်ဖြစ်ပြီး ကုန်ဈေးနှုန်းမြင့်တက်ခြင်း၊ ဘဏ်အတိုးနှုန်းပြောင်းလဲခြင်းစသည့်အရာများက နိုင်ငံ၏စီးပွားရေးကို ထိခိုက်စေနိုင်သည်။

မနှစ်ကတည်းက အိမ်ရာချေးငွေအတိုးနှုန်း ၁ရာခိုင်နှုန်းကျော် တက်သွားသဖြင့် အိမ်ဝယ်ရမည့် လူငယ်များ စိတ်ဓာတ်ကျနေကြရသည်။

အကယ်၍ ငွေကြေးဖောင်းပွမှုသာ ဖြစ်လာခဲ့လျှင် ဘဏ်များကလည်း‌ ချေးငွေများကို ပိုတင်းကျပ်လာပြီး အတိုးနှုန်းများလည်း ထပ်တက်လာနိုင်သည်။ ယခုပင် အိမ်ဈေးနှုန်းများမှာ လက်လှမ်းမမီနိုင်လောက်အောင် ဖြစ်နေချေပြီ။ အကယ်၍ အတိုးနှုန်းသာ ဆက်တက်လာခဲ့လျှင် လူအမြောက်အများ အိမ်ဝယ်နိုင်တော့မည်မဟုတ်။

"လုပ်သလိုမဖြစ်မှတော့ ဖြစ်သလိုသာ လုပ်တော့မယ်"ဟူသော စကားက အိမ်မဝယ်နိုင်တော့သည့် စိတ်ပျက်မှုများကြောင့် ပေါ်လာသည်မဟုတ်ပါလား။ မဝယ်နိုင်မည့်အတူတူ ဘာကြောင့်များ အလုပ်ကြိုးစားနေဦးမည်နည်း။ အတန်သင့်နေထိုင်နိုင်ရုံမျှဖြင့် လုံလောက်နေလေပြီ။

ယခုလိုစိတ်ဓာတ်မျိုးသာ ပိုပျံ့နှံ့လာလျှင် ကုန်ထုတ်လုပ်မှုများ ကျဆင်းလာပြီး နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုလည်း ရပ်တန့်သွားပေလိမ့်မည်။

အရာအားလုံးက ကျိုးကြောင်းဆက်စပ်နေသည်ဖြစ်ရာ နိုင်ငံတော်အနေနှင့် ဤကိစ္စကို လက်ပိုက်ကြည့်နေ၍ မဖြစ်ချေ။

...

"အထက်လူကြီးတွေက အရန်နိုင်ငံခြားငွေတွေအားလုံးကို အသုံးပြုခွင့်ချပေးလိုက်ပြီ။ မင်းတို့တွေ ပြိုင်ဘက်ရဲ့တိုက်ခိုက်မှုတွေအကုန်လုံးကို အစွမ်းကုန်တားဆီးရမယ်"

ရှန်ဟိုင်းစတော့အိတ်စ်ချိန်း၏ ညွှန်ကြားရေးမှူးက ရေကုန်ရေခန်းတိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။ အကယ်၍ သူသာ ကျရှုံးခဲ့လျှင် အထက်က သူ့ကို အပြစ်မပေးသည့်တိုင် ပြည်သူများကတော့ ခွင့်လွှတ်ကြမည်မဟုတ်ပေ။

"ခေါင်းဆောင်ဝမ်.. အရောင်းအဝယ်သမားတွေအကုန်လုံးကို မင်းလက်ထဲ အပ်လိုက်ပြီ။ အခု မင်းမှာ အမြင့်ဆုံးအာဏာရထားပြီ။ လုပ်နိုင်ပါ့မလား"

"ငွေသာလုံလောက်ရင် ဘာပြဿနာမှမရှိပါဘူး"

ဝမ်ချန်းသုန်းက ခက်ခဲလှသော တာဝန်ကို လက်ခံလိုက်သည်။ နိုင်ငံတော်၏ အရန်နိုင်ငံခြားငွေဒေါ်လာ၃.၂ထရီလီယံသာ ရှိနေပါက မည်သည့်အဖွဲ့အစည်းက မည်မျှအစွမ်းထက်ထက် သူတို့ကို အနိုင်ယူနိုင်မည်မဟုတ်ချေ။

"အားလုံးပဲ ငါ့ညွှန်ကြားချက်အတိုင်းလုပ်ကြ။ ဒီနေ့ တခြားအလုပ်တွေအကုန်လုံးကို ခဏရပ်ထားလိုက်။ ပြိုင်ဘက်က ဒီတစ်ခေါက်က သေချာပြင်ဆင်လာတာ။ သူတို့မှာ ရန်ပုံငွေတစ်ထရီလီယံ ဒါမှမဟုတ် နှစ်ထရီလီယံလောက်ရှိတယ်လို့ ခန့်မှန်းထားတယ်။ ငါတို့ ဒီပွဲကိုနိုင်ရင် အောင်ပွဲခံရမယ်။ မနိုင်ရင်တော့ ထွက်စာတင်ဖို့ပြင်ထားကြ"

သူတို့၏လစာဖွဲ့စည်းပုံအရ သူတို့လစာ၏ပမာဏအမြောက်အများက ကော်မရှင်ခများမှ လာပေသည်။

ယခင်ရှိပြီးသား ၂၄၀ဘီလီယံအပြင် ယခုတစ်ခေါက်တွင် တစ်ဖက်က ဒေါ်လာငါးရာဘီလီယံကိုပါ ပစ်ထည့်လာသည်။ ကောင်းကောင်းကိုင်တွယ်ပြီး သူတို့၏ရေရှည်ဝယ်ယူသိမ်းဆည်းခြင်းနည်းလမ်းထဲတွင် ပိတ်ထားနိုင်ပါက အမြတ်အစွန်းအမြောက်အများရနိုင်သည်။

အနည်းဆုံးအမေရိကန်ဒေါ်လာဘီလီယံဆယ်ဂဏန်းရာဂဏန်းအထိ မြတ်နိုင်သည်။ ဤငွေမှာ ငါးကြင်းဆီနှင့် ငါးကြင်းကြော်နေခြင်းမျိုးသာ။ အများစုက နိုင်ငံခြားဒေါ်လာထုတ်ပြီး စွန့်စားပေးထားသည့် ဘဏ်များဆီသို့‌ ရောက်သွားပါသော်ငြား တစ်စိတ်တစ်ပိုင်းကလည်း စတော့အိတ်စ်ချိန်းတွင် ရှိနေမည်သာ။

သို့သော် ဤတိုက်ပွဲတွင် ရှေ့တန်းက ပါဝင်ပေးခဲ့သူများအတွက်လည်း အထက်လူကြီးများက ၁ရာခိုင်နှုန်းကော်မရှင်ခပေးရန် ကတိပေးထားသည်။

"ဒီ၁ရာခိုင်နှုန်းကို အထင်မသေးနဲ့နော်။ ဒေါ်လာ၇၄၀ဘီလီယံရဲ့ ဆယ်ရာခိုင်နှုန်းက ၇၄ဘီလီယံရှိတယ်။ ဒါကိုသာ အရယူနိုင်ရင် ငါတို့အဖွဲ့က ဒေါ်လာ၇ဘီလီယံခွဲယူနိုင်တယ်"

"အဖွဲ့ထဲမှာ လူအယောက်နှစ်ရာရှိတာဆိုတော့ တစ်ယောက်ကို ပျှမ်းမျှဒေါ်လာသုံးသန်းခွဲလောက်ရမယ်။ အခွန်ဆောင်ပြီးရင်တောင် လူတစ်ယောက်ရဲ့နှစ်ပေါင်းများစွာလစာထက်တောင် ပိုကျန်နေဦးမှာ"

ဤသတင်းကို ကြားလိုက်ရသောအခါ တစ်ဖွဲ့လုံး စိတ်လှုပ်ရှားသွားကြသည်။

ဒေါ်လာ၃.၂ထရီလီယံက နောက်ခံအင်အားအဖြစ် ရှိနေသည်ဖြစ်ရာ သူတို့ကမူ ရှုံးနိုင်ခြေရှိသည်ဟု မတွေးထားကြပေ။ ယခုလိုပွဲမျိုးတွင် လက်စွမ်းထက် ငွေကြေးအင်အားက ပိုအရာရောက်သည်ဖြစ်ရာ ဤစစ်ဆင်ရေးတွင် ရှုံးလိမ့်မည်ဟုလည်း ထင်မထားကြပေ။ သို့ဖြစ်လေရာ သူတို့အမြင်တွင် ဤပိုက်ဆံမှာ အလကားရမည့်ပိုက်ဆံဟုပင် တွေးထားကြသည်။

တစ်ဖွဲ့လုံးမှာ ငွေကြေးဈေးကွက်ထဲတွင် ဒေါ်လာသုံးရာဘီလီယံ ပုံအောထားပြီး ငွေလဲလှယ်နှုန်းကို ပြန်ဆွဲတင်နေကြသည်။ ဤသည်မှာ သူတို့၏ အဓိကစစ်မြေပြင်ပင်တည်း။ သူတို့ဘက်က ငွေကြေးအင်အားနှစ်ဆသာနေသဖြင့် ထိန်းချုပ်နိုင်စွမ်းနှင့် ခံနိုင်ရည်မှာ ပိုသာပေသည်။ ပြိုင်ဘက်၏ရန်ပုံငွေက သူတို့လက်လှမ်းမီသော ပမာဏဖြစ်နေသရွေ့ သူတို့တွင် ယုံကြည်မှုအပြည့်အဝရှိပေသည်။

ရန်ပုံငွေဒေါ်လာသုံးရာဘီလီယံက ငွေကြေးဈေးကွက်ထဲသို့ ဝင်ရောက်လာသည်နှင့် ငွေလဲနှုန်းကလည်း ပွိုင့်၁၂၀၀အထိ ထိုးတက်သွားသည်။ ဤပမာဏအထိ ရောက်လာပြီဆိုလျှင် နိုင်ငံတော်က ဝင်ရောက်ကိုင်တွယ်နေပြီဖြစ်ကြောင်း အသေးစားအဖွဲ့အစည်းများနှင့် သုံးသပ်သူများပင် ရိပ်မိကြသည်။

နိုင်ငံတော်၏အင်အားကသာ အထောက်အပံ့ပေးထားသရွေ့ စီးပွားရေးလည်း ပြိုလဲနိုင်မည်မဟုတ်ချေ။ ပိုက်ဆံရှာချင်လျှင် အစိုးရ၏မူဝါဒအတိုင်း လိုက်နာရမည်ဖြစ်ကြောင်း လူတိုင်းသိကြသည်။

ပြန့်ကျဲနေသော ရန်ပုံငွေများလည်း ပြန်စုစည်းမိသွားသည်။ တစ်ဦးချင်းရန်ပုံငွေက နည်းလှသော်ငြား အားလုံးအတူပေါင်းလိုက်သောအခါ ဘီလီယံရာဂဏန်း၊ ထရီလီယံအထိ ရောက်သွားခဲ့သည်။

"ငါတို့ ပြန်ဆွဲတင်နိုင်ခဲ့ပြီ"

ဝမ်ချန်းသုန်းက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

"လာသမျှ အကုန်သိမ်းပစ်မှာပဲ"

"ဆက်ထုတ်ကြဦးလေ။ ငွေလဲနှုန်းကို နောက်ထပ်အမှတ်ငါးရာအထိ တက်အောင် တွန်းတင်လိုက်။ တင်းမာနေတာကို လျှော့ချဖို့အတွက် ငါးရာခိုင်နှုန်းလောက်တော့ စားလိုက်ရအောင်"

"နားလည်ပါပြီ"

"မင်းတို့ဘက်က အသာရမဲ့ပမာဏကို မထုတ်နိုင်တော့အထိ ငါက ဆွဲတင်ပစ်နိုင်တယ်။ ဒေါ်လာ၇၅၀ဘီလီယံဆိုရင် ငါတို့ဘောနပ်စ်ကလည်း ဆယ်ဆထိုးတက်သွားနိုင်တယ်"

ဝမ်ချန်းသုန်းက အားရပါးဟစ်ကြွေးလိုက်သည်။

"ခေါင်းဆောင် သူတို့ ငွေရင်းကို ထပ်တိုးလိုက်ပြန်ပြီ"

"သေစမ်း… သူတို့မှာ ငွေရင်းတွေ ဘာလို့ဒီလောက်တောင်များနေတာလဲ။ နောက်ထပ်ငါးရာဘီလီယံဆိုရင် စုစုပေါင်းတစ်ထရီလီယံကျော်နေပြီ။ ကမ္ဘာပေါ်မှာ နိုင်ငံခြားငွေတစ်ထရီလီယံဒေါ်လာကျော်တဲ့နိုင်ငံက အများကြီးမရှိဘူး"

"ဒါက ပုဂ္ဂလိကအဖွဲ့အစည်းမဟုတ်တော့ဘူး။ နိုင်ငံတော်အဆင့်တိုက်ခိုက်မှုပဲ"

"မဟုတ်ဘူး။ နိုင်ငံတစ်နိုင်ငံတည်းက ဒီလောက်အထိ အင်အားမကြီးနိုင်ဘူး။ ဒါက နိုင်ငံတွေအများကြီး ပေါင်းလုပ်နေကြတာဖြစ်မယ်။ နိုင်ငံတစ်နိုင်ငံတည်းနဲ့ ဒီလောက်ငွေကြေးအင်အားမျိုးကို မထုတ်နိုင်ဘူး"

"သူတို့ ရူးသွားကြပြီလား။ ဟွာရှားနိုင်ငံရဲ့စီးပွားရေးက ကမ္ဘာ့စီးပွားရေးအတွက် ဘယ်လောက်အရေးပါလဲဆိုတာ သိရဲ့သားနဲ့။ ငါတို့စီးပွားရေးသာ ပြိုလဲရင် တခြားနိုင်ငံတွေပါ ပါလာမှာလေ။ တစ်ကမ္ဘာလုံးကိုပါ ထိခိုက်သွားစေနိုင်တယ်။ သူတို့ အဲဒီအကျိုးဆက်တွေကို ခံနိုင်လို့လား"

"သူတို့မှာ တခြားရည်ရွယ်ချက်ရှိရင်တော့ တစ်မျိုးပေါ့"

"အခုအချိန်မှာ ဒီကိစ္စကို ပူမနေနဲ့ဦး။ ငါတို့ စိတ်ပူရမဲ့အရာက ဟွာရှားငွေလဲနှုန်း ထပ်မကျသွားစေဖို့ပဲ"

ဝမ်ချန်းသုန်းက ထိုးကျနေသော ငွေလဲနှုန်းကို ကြည့်လိုက်သည်။ အစောပိုင်းတုန်းက သူတို၏တန်ပြန်တိုက်ခိုက်မှုက ရင်းနှီးမြှုပ်နှံသူများကို ယုံကြည်မှုအမြောက်အများပေးနိုင်ခဲ့သော်ငြား ဈေးကွက်ဖွင့်ချိန်ကနှင့်ယှဉ်လျှင် ဆယ်ရာခိုင်နှုန်းလျော့နည်းနေဆဲပင်။

"အခုလောလောဆယ်တော့ အသေအလဲတိုက်ခိုက်ဖို့ပဲရှိတော့တယ်"

အခြားရွေးချယ်စရာနည်းလမ်းမရှိတော့ကြောင်း ဝမ်ချန်းသုန်း သိသည်။

"ငါတို့မှာရှိတဲ့ အရန်နိုင်ငံခြားငွေတွေ ကုန်သွားရင်တောင် အဆုံးအထိ တိုက်မှဖြစ်မယ်။ ဆက်ထိန်းထား"

...

ငွေကြေးဈေးကွက်ထဲမှာ အကြီးအကျယ်စစ်ခင်းနေကြသော်ငြား ဤကိစ္စအားလုံး၏ လက်သည်တရားခံဖြစ်သူ ကျန်းမုန့်လောင်ကတော့ အလွန်တည်ငြိမ်နေချေသည်။

"မစ္စတာကျန်း… သူတို့ဘက်က ငါးဆယ်ထရီလီယံအထိ ပြင်ဆင်ထားပါတယ်။ ကျွန်မတို့နိုင်ငံရဲ့ အရန်နိုင်ငံခြားငွေက ဘယ်လိုမှခံနိုင်မှာမဟုတ်ပါဘူး။ သူတို့က ကျွန်မတို့ကို ကစားနေတာ။ ဒါပေမဲ့ သူတို့ဘက်က အတည်ပေါက်ကြီးလုပ်ချလိုက်ရင် နာရီဝက်တောင်ခံနိုင်မှာမဟုတ်ပါဘူး။ ကျွန်မတို့ ကြားဝင်ကြတော့မလား"

"မလောနဲ့"

ကျန်းမုန့်လောင်က ပွဲကြည့်နေသည့်အလား စောင့်ကြည့်နေချေသည်။

"သူတို့တွေခမျာ အဖိနှိပ်ခံထားရတာ ကြာလှနေပြီ။ နည်းနည်းလောက်တော့ လွှတ်ပေးထားလိုက်ပါဦး။ ငါသာ အခုဝင်ပါလိုက်ရင် သူတို့ လန့်ပြေးကုန်မှာပေါ့။ သူတို့ဘက်က ပိုက်ဆံတွေယူပြီး ပြေးသွားရင် ငါတို့အတွက် ဘာကျန်မှာလဲ"

"သူတို့က ကျွန်မတို့ဟွာရှားငွေကြေးဈေးကွက်ထဲကနေ တစ်ရာဘီလီယံနီးပါး အမြတ်ထုတ်သွားပြီနော်"

"ကိစ္စမရှိဘူး"

ကျန်းမုန့်လောင်က အေးအေးလူလူပင် ပြောလိုက်သည်။

"သူတို့ အခုယူသွားသမျှ နောက်ပိုင်းကျရင် အဆတစ်ရာလောက် ပြန်ယူပြမယ်"

All Chapters