← Chapters

ငါနဲ့အတူ ပိုက်ဆံရှာဖို့ စိတ်ဝင်စားလား

Vol. 44 Ch. 648

ငါနဲ့အတူ ပိုက်ဆံရှာဖို့ စိတ်ဝင်စားလား

Vol. 44 Ch. 648

ယခုလက်ရှိအချိန်တွင် ငွေကြေးဈေးကွက်အတွင်းရှိ တိုက်ပွဲမှာ အသေအလဲတိုက်ခိုက်ရမည့် အခြေအနေအထိ ဆိုက်ရောက်နေသည်။ တစ်ဖက်က နည်းနည်းမျှအားလျှော့လိုက်သည်နှင့် အရေးနိမ့်သွားမည်ဖြစ်ပြီး ယခုအချိန်မှ နောက်ဆုတ်လိုက်မည်ဆိုလျှင်လည်း ပြင်းထန်လှသော ထိခိုက်ဆုံးရှုံးမှုများ ဖြစ်လာပေလိမ့်မည်။

ယခုလက်ရှိတွင်မူ နှစ်ဖက်စလုံးက အကြိတ်အနယ်ယှဉ်ပြိုင်နေကြပြီဖြစ်၏။ ယခုအချိန်မျိုးတွင် လက်လျှော့လိုက်ခြင်းမှာ အရှုံးပေးကြောင်း ဝန်ခံလိုက်သလိုပင်။

"အမေရိကန်ဒေါ်လာငါးထရီလီယံတောင် ဖြစ်သွားပြီ။ သူတို့မှာ ပိုက်ဆံဘယ်လောက်တောင် ကျန်သေးတာလဲ"

ဝမ်ချန်းသုန်း၏လက်များ တုန်ယင်နေချေသည်။ ပြိုင်ဘက်၏ ငွေကြေးအင်အားမှာ သူထင်ထားသည်ထက် များစွာပိုတောင့်တင်းနေသည်။

"ဟွာရှားနိုင်ငံရဲ့ကုန်သွယ်ရေးအဖွဲ့က ဒီလောက်တောင်စွမ်းတာလား"

ဥရောပဘက်ရှိ အဖွဲ့များလည်း အကြီးအကျယ်ထိတ်လန့်သွားကြသည်။ ဟွာရှားနိုင်ငံနှင့် ယှဉ်ကြည့်မည်ဆိုလျှင် သူတို့သည် လူအင်အားနှင့် ဘဏ္ဌာရေးအရင်းအမြစ်များကို နှစ်ဆနီးပါးသုံးစွဲထားသည်။ ကမ္ဘာ့အတော်ဆုံးဘဏ္ဍာရေးပညာရှင်များက ဥရောပနှင့် အမေရိကန်ဝေါလ်စထရိတွင်သာ ရှိသည်မဟုတ်လော။ ဟွာရှားနိုင်ငံတွင် ဤမျှစွမ်းဆောင်ရည်မြင့်မားသော ကုန်သွယ်သူများ မည်သို့နှယ် ရှိနေနိုင်လေသလဲ။

ဥရောပအဖွဲ့၏အရင်းအနှီးမှာ ခုနစ်ထရီလီယံအထိ ရှိနေပြီဖြစ်ပြီး ဟွာရှားဘက်က ငွေကြေးဈေးကွက်အတွင်း ထည့်ဝင်ထားသော ပမာဏကလည်း ဒေါ်လာလေးထရီလီယံအထိ ရှိလာခဲ့သည်။

လူအများ မသိကြသေးသည့်အချက်မှာ ဟွာရှားနိုင်ငံ၏ အရန်နိုင်ငံခြားငွေမှာ လူသိရှင်ကြားကြေညာထားသည့် ၃.၂ထရီလီယံထက် ပိုများနေခြင်းပင်။

ဤသည်မှာ ဟွာရှားနိုင်ငံအနေနှင့် နိုင်ငံတကာစင်မြင့်ထက်တွင် နှစ်ပေါင်းများစွာရုန်းကန်ကျင်လည်ရာမှ ရရှိခဲ့သော သင်ခန်းစာပင်။

"ကိုယ့်မှာရှိတဲ့ ကတ်တွေကို အကုန်ထုတ်မပြနဲ့.. ပြိုင်ဘက်တွေ အံ့ဩသွားအောင် ဝှက်ဖဲလေးတော့ချန်ထား"ဟူသည့် သဘောတရားအတိုင်းပင်။

တကယ်တမ်းတွင် ဟွာရှားနိုင်ငံ၏ အရန်နိုင်ငံခြားငွေစစ်စစ်မှာ အမေရိကန်ဒေါ်လာငါးထရီလီယံအထိ ရှိသည်။

သို့သော် ဤတစ်ခေါက်တွင် သူတို့ အတွက်မှားသွားခဲ့သည်။ တစ်နေ့တွင် ဟွာရှားနိုင်ငံ၏စီးပွားရေးနှင့် ဈေးကွက်ကို အလုံးအရင်းဝင်ရောက်တိုက်ခိုက်ရန်အတွက် ကမ္ဘာ့နိုင်ငံတစ်ဝက်မျှ ပူးပေါင်းကြလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

ကြိုခန့်မှန်းမိသည်ဆိုလျှင်ပင် တားဆီးရန် နည်းလမ်းမရှိပေ။ ငွေကြေးစစ်ပွဲဆိုသည်မှာ ဘယ်သူက ပိုက်ဆံပိုများသလဲဆိုသည်ကို ယှဉ်ပြိုင်ရခြင်းပင်။ အမေရိကန်ဒေါ်လာဆိုသည်မှာ အမေရိကန်ဘက်က ငွေစက္ကူထုတ်စက်ကို အဆက်မပြတ်အလုပ်ခိုင်းလိုက်ရုံမျှသာ။ ဟွာရှားနိုင်ငံအနေနှင့် မည်မျှပင်စုဆောင်းနိုင်ပါစေ တစ်ဆယ်ထရီလီယံ၊ နှစ်ဆယ်ထရီလီယံ၊ သုံးဆယ်ထရီလီယံအထိ စုဆောင်းနိုင်ရန်မှာ မဖြစ်နိုင်သောကိစ္စပင်။

အမေရိကန်နိုင်ငံလည်း ငွေစက္ကူများကို အတိုင်းအဆမရှိ မထုတ်လုပ်နိုင်သော်ငြား ကွာခြားချက်ကတော့ ကြီးမားနေဆဲပင်။

အမေရိကန်ဒေါ်လာငါးထရီလီယံဆိုသည်မှာ မည်သည့်နိုင်ငံ၏ နိုင်ငံခြားငွေကြေးဈေးကွက်ကိုမဆို မွဲပြာကျသွားစေနိုင်သော ပမာဏမျိုးပင်။ သို့တိုင် ဤစစ်ပွဲတွင် ဤသည်မှာ လှိုင်းလုံးလေးတစ်လုံးမျှသာ။

ဟွာရှားနိုင်ငံ၏ နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ မနက်ပိုင်းက ၆.၆၇သို့ ပြန်ရောက်သွားပါသော်ငြား အမေရိကန်ဒေါ်လာသုံးရာဘီလီယံတန်ဖိုးရှိသည့်‌ အော်ဒါတစ်ခု တက်လာသည်နှင့် ဝမ်ချန်းသုန်းလည်း အကြီးအကျယ်စိတ်ပျက်အားငယ်သွားရသည်။

သူတို့၏ကျည်များအားလုံး ကုန်သွားပြီဖြစ်၏။ ဤမျှများပြားသော ပမာဏကို ဝယ်ယူထိန်းသိမ်းထားရချိန်တွင် စတော့ရှယ်ယာဈေးများသာ စတင်ကျဆင်းလာပါက သူတို့အနေနှင့် အသာရထားသည့် ငွေရင်းပမာဏမှာ ပြတ်တောက်မှုများ ဖြစ်ပေါ်လာပြီး နောက်ဆုံးလက်ကျန်ငွေအရင်းအနှီးကိုပင် ချရင်းရနိုင်သည်။

နောက်ဆုံးငွေအရင်းအနှီးကို ချရင်းခြင်းဆိုသည်မှာ အဘယ်နည်း။ အဓိပ္ပာယ်မှာ အမေရိကန်ဒေါ်လာ ငါးထရီလီယံကို အကုန်ဆုံးရှုံးလိုက်ရပြီး နှစ်ပေါင်းများစွာ ခက်ခက်ခဲခဲရှာဖွေစုဆောင်းထားခဲ့ရသည့် အရန်နိုင်ငံခြားငွေအားလုံး တခြားလူ၏လက်ထဲသို့ ကျရောက်သွားမည်ဖြစ်၏။

"ငါတို့ရဲ့လက်ရှိအရှုံးပမာဏကို တွက်ကြည့်လိုက်"

ဝမ်ချန်းသုန်းက လေးနက်ပြင်းထန်လှသောလေသံဖြင့် ပြောလိုက်သည်။

"ခေါင်းဆောင်.. လက်ရှိငွေလဲနှုန်းအရဆိုရင် ကျွန်တော်တို့ဘက်က အမေရိကန်ဒေါ်လာရှစ်ရာဘီလိယံ အမြတ်ထုတ်ခံလိုက်ရပါပြီ။ သူတို့ဘက်က ရင်းနှီးမြှုပ်နှံမှု ဆက်မလုပ်တော့ဘူးဆိုရင်တောင် ဒီနေ့အတွက် ငွေလဲနှုန်းက ၇.၅ကို ကျော်သွားပြီး ကျွန်တော်တို့ရဲ့အရှုံးကလည်း ဒေါ်လာတစ်ထရီလီယံထက် ပိုများသွားလိမ့်မယ်"

"သွားပြီ"

ဝမ်ချန်းသုန်းမှာ မနက်တုန်းက သူချမှတ်ထားသည့် အမိန့်ကို ပြန်သတိရမိပြီးနောက် အမြင်အာရုံတစ်ခုလုံး မှောင်အတိကျသွားသလို ခံစားရသည်။

လက်ရှိအခြေအနေတွင် ဘောနပ်စ်ကိုအသာထား။ အလုပ်မြဲဖို့ပင် မသေချာတော့ပေ။ နိုင်ငံတော်၏ အရန်နိုင်ငံခြားငွေဒေါ်လာငါးထရီလီယံကို ဆုံးရှုံးလိုက်ရခြင်းမှာ သူ့တစ်သက် အကြီးမားဆုံးအမည်းစက်ကြီး ဖြစ်သွားပေတော့မည်။

ညနေသုံးနာရီတွင် နိုင်ငံခြားငွေလဲလှယ်ရေးဈေးကွက်က ပိတ်သွားခဲ့ပြီး လူတိုင်း၏မျက်နှာကလည်း သုန်မှုန်နေတော့သည်။

ပြိုင်ဘက်များကလည်း ယနေ့အဖို့ အမြတ်အစွန်းလုံလုံလောက်လောက် ရသွားပြီဖြစ်၍ တိုက်ခိုက်မှုကို ဆက်မလုပ်တော့သော်ငြား ဟွာရှားနိုင်ငံကတော့ လုံးဝအရေးနိမ့်သွားခဲ့ရလေပြီ။

ဟွာရှားနိုင်ငံ၏ဆုံးရှုံးမှုမှာ ဒေါ်လာ၁.၀၇ထရီလီယံအထိ ရောက်ရှိသွားလေရာ ငွေကြေးဈေးကွက်တိုက်ပွဲသမိုင်းတစ်လျှောက် အကြီးမားဆုံးသော ဆုံးရှုံးမှုပင်။

ဟွာရှားနိုင်ငံ၏ လက်ရှိငွေလဲနှုန်းမှာ ၇.၇၂၁အထိ ကျဆင်းသွားပြီး လွန်ခဲ့သောဆယ်စုနှစ်တစ်ကျော်တုန်းက အခြေအနေသို့ ပြန်ရောက်ရှိသွားခဲ့သည်။

သို့သော် မည်သူကမှ ဝမ်ချန်းသုန်းကို အပြစ်မတင်ကြပေ။ အကြောင်းမှာ ပြိုင်ဘက်များသည် ဤတိုက်ပွဲတွင် အမေရိကန်ဒေါ်လာတစ်ဆယ်ထရီလီယံမက ထုတ်သုံးခဲ့သောကြောင့်ပင်။ သူ့နေရာတွင် မည်သူပင် အစားဝင်ပြီး ရင်ဆိုင်စေကာမူ ယခုထက်ပိုကောင်းအောင် တုံ့ပြန်နိုင်မည့် ယုံကြည်ချက်မျိုးလည်းမရှိသလို ပြိုင်ဘက်က အမေရိကန်ဒေါ်လာ၇၀ထရီလီယံ၊ ၈၀ထရီလီယံအထိ အင်အားမြှင့်လိုက်ပါက မည်သို့မှခုခံနိုင်မည်မဟုတ်ချေ။

ညနေပိုင်းတွင် ရှာဖွေမှုအများဆုံးသတင်းတစ်ခုကြောင့် တစ်နိုင်ငံလုံး အထိတ်တလန့်ဖြစ်ကုန်ကြသည်။ ဟွာရှားနိုင်ငံ၏ငွေကြေးတန်ဖိုးက ကျဆင်းသွားသဖြင့် မနက်ဖြန်တွင် ကုန်ဈေးနှုန်းများ တက်လာနိုင်ကြောင်း ဖော်ပြထားသည်။

အကြီးဆုံးဘဏ်လေးခုက ချေးငွေအတိုးနှုန်းကို ၆.၁ရာခိုင်နှုန်းအထိ တိုးမြှ့င့်လိုက်သော်လည်း မနက်ဖြန်တွင် ဤနှုန်းထားထက် ပိုသွားနိုင်ကြောင်း ခန့်မှန်းရသည်။ ချေးငွေများပင် ထုတ်ပေးနိုင်ပါ့မလားဆိုသည်မှာလည်း မသေချာတော့ပေ။

ကုန်ဈေးနှုန်းကလည်းတက်၊ ဘဏ်အတိုးနှုန်းကလည်း တက်လာသော်ငြား လစာမတိုးလာသည့် အကျိုးဆက်ကား အထူးရှင်းပြနေစရာပင် မလိုတော့ပေ။

ထိုညတွင် အရေးပေါ်အစည်းအဝေးတစ်ခုကို ခေါ်ဆိုကျင်းပခဲ့သည်။ ရုတ်တရက်ဆန်လှသော ဤအခြေအနေအတွက် နောက်ဆုံးထွက်လာသည့်အဖြေမှာ လက်ရှိအခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းရန်အတွက် ငွေစက္ကူများ ရိုက်နှိပ်ရန်သာ ရှိတော့သည်။ သို့သော် ၎င်းမှာ ယာယီဖြေရှင်းနည်းတစ်ခုမျှသာဖြစ်၏။ ရေရှည်ဖြေရှင်းနည်းကိုသာ မရှာနိုင်ပါက ဗင်နီဇွဲလားနိုင်ငံကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

လူတိုင်းကို စိတ်ပျက်စေသည့်အချက်မှာ ရှန်ဟိုင်းအိတ်စ်ချိန်းတွင် အမေရိကန်ဒေါ်လာ ကုန်ခမ်းသွားပြီဖြစ်သလို သူတို့ရန်သူက ဘယ်သူလဲဆိုသည်ကို ယခုအချိန်အထိ မသိရသေးခြင်းပင်။

...

"လောင်ကျန်း.. မင်း သတင်းကြည့်လိုက်လား"

"ဘာသတင်းလဲ။ ငါ ဂိမ်းကစားနေတာ။ ပါဦးမလား"

"မင်းက ဒီလိုအချိန်ကြီးမှာတောင် ဂိမ်းကစားချင်စိတ်ရှိသေးတယ်ပေါ့။ ဒီနေ့ ဘာတွေဖြစ်နေလဲဆိုတာ မသိဘူးလား"

ဝမ်လင်ခမျာ အော်မိတော့မတတ်ပင်။

ကျန်းမုန့်လောင်နှင့် ရင်းနှီးသောကြောင့် ဝမ်လင်၏အဖေက သူ့ပိုင်ဆိုင်မှုများကို ဝမ်လင့်ကို စီမံခန့်ခွဲရန်အတွက် တဖြည်းဖြည်းလွှဲပေးထားသည်။ လွန်ခဲ့သည့်နှစ်များအတွင်း ကျန်းမုန့်လောင်၏အကူအညီကြောင့် အလွန်အဆင်ပြေခဲ့သဖြင့် လက်ညောင်းမတတ် ပိုက်ဆံများကို ရေတွက်ခဲ့ရသည်။

လွန်ခဲ့သည့်လအနည်းငယ်က ဝမ်လင်သည် ဒေါ်လာတစ်ဆယ်ဘီလီယံကို နိုင်ငံခြားငွေလဲလှယ်ရေးဈေးကွက်ထဲတွင် ရင်းနှီးမြှုပ်နှံခဲ့သည်။ သူ့အဖွဲ့၏ စီမံခန့်ခွဲမှုကြောင့် လအနည်းငယ်အတွင်း ဒေါ်လာသန်းဂဏန်းခန့် အမြတ်ရခဲ့သည်။

သို့သော် ယနေ့တွင် ဟွာရှားငွေကြေးတန်ဖိုးက ရုတ်တရက်ထိုးကျသွားလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

ကျန်းမုန့်လောင်၏ဩဇာအာဏာကြောင့် ဟွာရှားနိုင်ငံ၏ဂုဏ်သတင်းမှာ ကမ္ဘာတစ်ဝှမ်း၌ မြင့်တက်နေသည့်အပြင် နယ်ပယ်အသီးသီးတွင်လည်း အောင်မြင်မှုများ ရထားသဖြင့် ဟွာရှားငွေကြေးတန်ဖိုးမှာ မြင့်တက်နေခဲ့သည်။ ဝမ်လင်သည် အစကတည်းက ဈေးတက်ရန်မျှော်မှန်း၍ ရေရှည်ရင်းနှီးမြှုပ်နှံထားခဲ့လေရာ ဤသည်မှာ လုံးဝနိုင်ပွဲစစ်စစ်ဖြစ်ကြောင်းလည်း သေချာသည်။

သို့သော် ယနေ့တွင် ယခင်ကရထားသည့် သူ့အမြတ်များသာမက အမေရိကန်ဒေါ်လာ၁.၂ဘီလီယံအထိ အရှုံးပေါ်ခဲ့သည်။

ဝမ်လင်သည် ရင်းနှီးမြှုပ်နှံမှု စလုပ်ကတည်းက တစ်ရက်တည်းနှင့် ဤမျှအထိ အရှုံးပေါ်ဖူးခြင်းမရှိချေ။

"ငွေတန်ဖိုးကျရုံလေးပဲဟာကို။ ဘာများကြီးကြီးကျယ်ကျယ်ရှိလို့လဲ"

ကျန်းမုန့်လောင် ရယ်လိုက်လေသည်။

"ကုန်သွယ်ရေးဈေးကွက်ထဲမှာ ရင်းနှီးမြှုပ်နှံမှုကို ပြန်မထုတ်သေးသရွေ့ လုံးဝမရှုံးပါဘူး"

"မင်းရဲ့အတွေးအခေါ်က အရမ်းကောင်းတာပဲ"

ဝမ်လင့်ခမျာ ပြောစရာစကားပင် မရှိတော့ပေ။

"ပိုက်ဆံတွေက အဲဒီမှာပိတ်မိနေမှတော့ ဘယ်သူက ပြန်ထုတ်ချင်မှာလဲ။ ဒါပေမဲ့ ဒီအရှုံးတွေက မြင်သာထင်သာရှိတယ်လေ။ မင်း ဒီလောက်အထိတည်ငြိမ်နေတာကို ငါ မယုံနိုင်ဘူး။ မင်းလည်း အဲဒီဘက်မှာ ရင်းနှီးမြှုပ်နှံထားမှာပါ။ ဟုတ်တယ်မလား။ မင်း ဒီနေ့ ဘယ်လောက်ဆုံးရှုံးသွားလဲ"

"သိပ်မများပါဘူး။ အမေရိကန်ဒေါ်လာသုံးဆယ်ဘီလီယံလောက်ပဲ"

"သိပ်မများဘူးပေါ့.. ငါ မင်းကို သတ်ပစ်ချင်နေပြီ"

ဝမ်လင်၏နှုတ်ခမ်းမှာ မဲ့ရွဲ့သွားချေသည်။ သူ့ပိုင်ဆိုင်မှုအားလုံးကို ပေါင်းလိုက်လျှင်ပင် သုံးဆယ်ဘီလီယံမပြည့်ချေ။ တစ်ရက်တည်းနှင့် အများကြီးဆုံးရှုံးလိုက်ရသည့်တိုင် ကျန်းမုန့်လောင်ကတော့ တည်ငြိမ်နေဆဲသာ။

"ငါ့ကိုလုပ်ကြံချင်နေတဲ့လူတွေမှ အများကြီးပဲ။ တိုကင်ယူပြီး တန်းစီနေလိုက်"

"လျှောက်ပြောမနေနဲ့။ ငါ့အဖေက အတွင်းသတင်းတစ်ခုရထားတယ်။ ဒီတစ်ခါ နိုင်ငံတကာဘဏ္ဍာရေးအဖွဲ့အစည်းတွေလည်းမဟုတ်သလို ငွေကြေးကစားသမားတွေလည်းမဟုတ်ဘူး။ နိုင်ငံတချို့က ပူးပေါင်းပြီး ငါတို့ရဲ့ငွေကြေးဈေးကွက်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတာတဲ့"

"ငါသိတယ်"

"မင်းသိတယ်လား"

"ပေါက်ကရတွေ.. သူတို့က ငါ့ကို ပစ်မှတ်ထားနေကြတာ"

ကျန်းမုန့်လောင်က ရယ်လိုက်လေသည်။

"ငါတို့ရဲ့ငွေကြေးဈေးကွက်ကို တိုက်ခိုက်တယ်ဆိုတာက ငါ့ကို လှုပ်ရှားလာအောင် အကွက်ရွှေ့နေတာ။ တလောတုန်းက သူတို့ကို နည်းနည်းခြောက်လိုက်လို့ လန့်သွားတယ်ထင်တယ်"

"သူတို့က မင်းကို ပစ်မှတ်ထားနေတာလား"

"၈၉နိုင်ငံရဲ့ ဘဏ္ဍာရေးအင်အားစုတွေကို ပူးပေါင်းထားတာ။ ငါတို့နိုင်ငံရဲ့ နိုင်ငံခြားအရန်ငွေလောက်နဲ့ တိုက်ခိုက်နိုင်မယ်များ ထင်လို့လား"

"ဘာ? သူတို့ရူးသွားပြီလား။ သူတို့က ငါတို့ကို စစ်ကြေညာချင်နေတာလား"

"စစ်ကြေညာမယ် ဟုတ်လား။ သူတို့နဲ့ မတန်ပါဘူး"

ကျန်းမုန့်လောင်က ဆို၏။

"ဒါပေမဲ့ ဒီတစ်ခေါက် သူတို့ဘက်က ဘယ်လောက်ပဲယူလာယူလာ အနည်းဆုံး တစ်ဝက်တော့ ရအောင်ယူပြမယ်။ မင်းရော ငါနဲ့အတူ ပူးပေါင်းဖို့ စိတ်ဝင်စားလား"

All Chapters