ငွေအတူရှာကြရအောင်
Vol. 44 Ch. 649
"အဲဒါက ဘာအဓိပ္ပာယ်လဲ"
ဝမ်လင်က မေးလိုက်သည်။
ကျန်းမုန့်လောင်က ဝမ်လင်ထင်ထားသည်ထက် ပိုတည်ငြိမ်နေသည်။ နိုင်ငံပေါင်း၈၉နိုင်ငံမှ ဘဏ္ဍာရေးတိုက်ခိုက်မှုတစ်ခုကို ကြုံတွေ့ရချိန်မျိုးတွင် မည်သူကများ တည်တည်ငြိမ်ငြိမ်နေနိုင်မည်နည်း။ ကံကြမ္မာကို အရှုံးပေးလိုက်ခြင်းလေလား။ သို့တည်းမဟုတ် ဝှက်ဖဲတစ်ခုခုများ ရှိနေလေသလား။
ကျန်းမုန့်လောင်အနေနှင့် နိုင်ငံတစ်နိုင်ငံကို အသာလေးဖြုတ်ချနိုင်စွမ်းရှိကြောင်း သူ ယုံကြည်ပါသည်။ လွန်ခဲ့သည့်နှစ်များအတွင်း ထိုသို့လုပ်နိုင်စွမ်းရှိကြောင်းကိုလည်း ကျန်းမုန့်လောင်က အကြိမ်ကြိမ်သက်သေပြခဲ့သည်။ သို့သော် ယခုမူ နိုင်ငံပေါင်း၈၉နိုင်ငံပင်။
သူက လူရောဟုတ်ရဲ့လား။
"၈၉နိုင်ငံတည်းပဲဟာကို။ နိုင်ငံတွေအားလုံး ပူးပေါင်းလာရင်တောင် ငါကတော့ မကြောက်ဘူး"
ကျန်းမုန့်လောင်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်လေသည်။
"ဒီကိစ္စနဲ့ပတ်သက်ပြီး မင်း ဘာသိထားသေးလဲ"
"မင်းသိလား။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ငါတို့မိသားစုရဲ့ အိမ်ဟောင်းကို တူးဖော်လိုက်တော့ ငါတို့မိသားစုက အရမ်းအစွမ်းထက်တယ်ဆိုတာ တစ်ကမ္ဘာလုံး သိသွားကြတယ်လေ။ အဲဒါကြောင့် သူတို့ဘက်ကလည်း နောက်ကြောင်းပြန်စစ်တော့တာပဲ"
"ဘာကိုပြန်စစ်တာလဲ"
"အကြွေးတွေလေ"
ကျန်းမုန့်လောင်က ဆို၏။
"ဒီနိုင်ငံတွေက ငါတို့မိသားစုဆီမှာ ပိုက်ဆံအကြွေးတင်ရင်တင် မဟုတ်ရင် မြေကွက်တွေ အကြွေးတင်နေတာ။ ဒါမှမဟုတ် ငါတို့က သူတို့နိုင်ငံရဲ့ အဓိကစီးပွားရေးလုပ်ငန်းတွေကို ထိန်းချုပ်ထားတာမျိုးပေါ့။ တကယ်လို့ မင်းသာ အဲဒီနိုင်ငံခေါင်းဆောင်ဆိုရင် ဘာလုုပ်မှာလဲ"
"ငါ့နိုင်ငံ အကျပ်ရိုက်နေတာကို ဒီအတိုင်းတော့ ထိုင်ကြည့်နေမှာမဟုတ်ဘူး။ ငါသာဆိုရင် မင်းကိုဖြုတ်ချရင်ဖြုတ်ချ ဒါမှမဟုတ် မင်းရဲ့ဝှက်ဖဲတွေကို ပြန်သိမ်းပစ်ချင်သိမ်းပစ်မှာ"
"ဒါပဲလေ"
ကျန်းမုန့်လောင်က ပခုံးတွန့်ပြလိုက်သည်။
"သူတို့ရဲ့ပန်းတိုင်က ငါ့ပိုင်ဆိုင်မှုတွေကို သိမ်းယူပြီး ငမွဲတစ်ယောက်ဖြစ်သွားအောင် လုပ်ချင်ကြတာ။ ငမွဲဖြစ်သွားရင် သူတို့ဘာသာ ငါ့ကို ဘာအကြွေးတင်နေနေ ငါက သူတို့ကို ဘာလုပ်နိုင်ဦးမှာလဲ"
ကျန်းမုန့်လောင်က ဆက်ပြောလိုက်လေသည်။
"ဒီတစ်ခေါက် ဖွံ့ဖြိုးပြီးနိုင်ငံတွေ အကုန်ပါတယ်။ သူတို့က အမေရိကန်ဒေါ်လာငါးဆယ်ထရီလီယံလောက် စုဆောင်းပြီးတော့ ငါတို့နိုင်ငံရဲ့ငွေကြေးဈေးကွက်ကို အရင်ပြိုလဲအောင်လုပ်ဖို့ ကြံစည်ထားကြတာ။ နိုင်ငံ့စီးပွားရေးပျက်စီးမှာကို ငါ ဒီအတိုင်းထိုင်မကြည့်နိုင်လို့ ငွေလဲနှုန်းတည်ငြိမ်သွားအောင် ဝင်ကူလိမ့်မယ်ဆိုတာ သူတို့ သိိတယ်လေ"
"အဲဒီအချိန်ကျရင် သူတို့က ငါထည့်ထားသမျှ ရင်းနှီးမြှုပ်နှံမှုတွေကို အကွက်ကျကျဖျက်ဆီးပြီး ငါ့ကို ဒေဝါလီခံရအောင် လုပ်ကြမှာ။ ငါ့မှာသာ ပိုက်ဆံတစ်ပြားမှ မရှိတော့ရင် သူတို့အတွက် ဘာခြိမ်းခြောက်မှုမှမရှိတော့ဘူးလို့ ထင်နေကြတာ"
ကျန်းမုန့်လောင်က အခြေအနေအရပ်ရပ်ကို ခွဲခြမ်းစိတ်ဖြာပြသည်။
"ရူးချင်စရာကြီးပဲ။ နိုင်ငံပေါင်း၈၉နိုင်ငံက မင်းကို ခါးခါးသီးသီမုန်းတီးနေရအောင်အထိ ဘာများလုပ်ထားလို့လဲ"
"မသိဘူးလေ။ င့ါရုပ်ရည်ချောမောမှုကို မနာလိုလို့ ဖြစ်မှာပေါ့"
ကျန်းမုန့်လောင်က အရှက်မရှိဘဲ ပြောလိုက်သည်။
"တစ်နှစ်ကို ငါးဆယ်ထရီလီယံ.. ငါ့ကောင်ရေ.. ကမ္ဘာ့တစ်နှစ်စာဝင်ငွေက ဘယ်လောက်ရှိတာလဲ။ သူတို့တွေ တကယ်ကြီး စိတ်ပိုင်းဖြတ်ထားတာပဲကွ။ မင်းမှာ ယုံကြည်မှုရှိရဲ့လား"
ဤအင်အားစုကို ကျန်းမုန့်လောင် ဘယ်လိုရင်ဆိုင်မလဲဆိုသည်ကို ဝမ်လင် တွေးမကြည့်တတ်တော့ပေ။ အမေရိကန်ဒေါ်လာငါးဆယ်ထရီလီယံဆိုသည်မှာ နိုင်ငံတစ်နိုင်ငံကိုပင် ချေမှုန်းပစ်နိုင်သော ပမာဏမျိုးပင်။
ကျန်းမုန့်လောင်၏ စည်းစိမ်ချမ်းသာက ဒေါ်လာတစ်ဆယ်ထရီလီယံထက်ပိုကြောင်း သူ သိသော်ငြား ငါးဆယ်ထရီလီယံထက်တော့ မကျော်နိုင်ဘူးမဟုတ်လား။
"မင်းပြောတဲ့ အတူပိုက်ဆံရှာချင်လားဆိုတာက ဘာအဓိပ္ပာယ်လဲ"
"ဟဲဟဲ"
ကျန်းမုန့်လောင်က ညစ်ကျယ်ကျယ်ရယ်မောလိုက်၏။
"တစ်ယောက်တည်းငွေရှာရတာ ပျော်ဖို့မကောင်းဘူးလေကွာ။ အတူတူပျော်ရမှ ပျော်ရွှင်မှုက နှစ်ဆပိုတာ။ လိုအပ်လာရင် ငါတစ်ယောက်တည်းလည်း သူတို့ကို တိုက်ခိုက်နိုင်ပေမဲ့ ငါဆိုတဲ့ ကျန်းမုန့်လောင်က မြင့်မြတ်တဲ့လူတစ်ယောက်လေ"
"ပေါက်ကရတွေတော်လိုက်တော့။ လိုရင်းကိုပြော"
"အခု သူတို့က ဟွာရှားနိုင်ငံရဲ့ ငွေကြေးဈေးကွက်ကို အဓိကထားပြီး တိုက်ခိုက်နေကြတာ။ သူတို့မှာရှိတဲ့ အရန်နိုင်ငံခြားငွေတွေအကုန်လုံးထုတ်သုံးရင်သုံး မဟုတ်ရင်လည်း တော်တော်များများကို ထုတ်သုံးနေတာပဲဖြစ်ရမယ်။ ဒီတော့ သူတို့ရဲ့ငွေကြေးဈေးကွက်က အခုအချိန်မှာ အားနည်းနေလောက်တယ်။ ဒီလိုအချိန်မျိုးမှာ ငါတို့သာ သူတို့ကို ပြန်တိုက်လိုက်မယ်ဆိုရင်..."
"ဝူးဟူး.. ချမ်းသာပြီပေါ့ကွ"
"ဒါပေမဲ့ သူတို့ရဲ့ငွေကြေးဈေးကွက်ကို တိုက်ခိုက်ဖို့အတွက်ဆိုရင် ငါ့ဘက်ကလည်း ငွေအရင်းအနှီးများများစားစား ရှိနေဖို့လိုတယ်။ မင်းတို့တွေကို ဝင်ပါနိုင်ဖို့ အခွင့်အရေးပေးမယ်။ မင်းတို့ အခုချက်ချင်း လူစုပြီး စုပေါင်းရန်ပုံငွေပြင်ထားကြတော့။ သူတို့ဆီက ရသမျှပိုက်ဆံတိုင်းကို အချိုးအစားအလိုက် မင်းတို့ကို ပြန်ခွဲပေးမယ်"
"သောက်ကောင်.. မင်းက ကမ္ဘာတစ်ဝက်လောက်ကို ဓားပြတိုက်ဖို့ ကြံနေတာပဲ"
ဝမ်လင်ခမျာ ရဲတင်းလှသော ကျန်းမုန့်လော်၏အစီအစဉ်ကြောင့် ထိတ်လန့်သွားရသည်။
"အသွားအပြန်ရှိမှပေါ့။ သူတို့က ငါ့ကို ဒီလောက်တောင် ခမ်းခမ်းနားနားဆက်ဆံထားတာ။ ငါ့ဘက်ကလည်း တစ်ခုခုတော့ တုံ့ပြန်ရမယ်လေ။ မဟုတ်ရင် ငါ့ကို ယဉ်ကျေးမှုမရှိဘူးလို့ ပြောနေကြဦးမယ်"
သေချာပြီး ယုံကြည်မှုအပြည့်ရှိနေသော ကျန်းမုန့်လောင်၏ အမူအရာကြောင့် ဝမ်လင်လည်း စိတ်ယိုင်သွားသည်။
"မင်း ဘယ်လောက်အထိ သေချာလဲ ငါ့ကောင်"
"ရာနှုန်းပြည့်ပဲ"
ကျန်းမုန့်လောင်က ရယ်မောလိုက်၏။
"သူတို့ဘက်မှာ ရှယ်ယာကုန်သည် ဘယ်နှယောက်လောက်ရှိလဲ"
ဤကိစ္စနှင့်ပတ်သက်ပြီး ဝမ်လင်လည်း အနည်းအကျဉ်းသိထားသည်။ သူသည် ပြင်ဆင်မှုမရှိသည့် တိုက်ပွဲတစ်ခုကို မနွှဲတတ်သလို အောင်နိုင်ခြေမမြင့်သော တိုက်ပွဲကိုလည်း ဝင်မပါတတ်ပေ။
"ထိပ်တန်းကုန်သွယ်သူ၁၈၀၀လောက်ရှိတယ်"
ကျန်းမုန့်လောင်က ပြန်ဖြေလိုက်သည်။
"အခုလောလောဆယ်တော့ သူတို့ဘက်က သုံးလေးရာလောက်ပဲ သုံးရသေးတာ။ သူတို့အင်အားရဲ့တစ်ဝက်ကိုတောင် မသုံးရသေးဘူး"
"မင်းကရော"
"လိုသလောက်ရှိတယ်"
ကျန်းမုန့်လောင်က အေးအေးလူလူ ပြန်ဖြေလိုက်သည်။
"ငါ့မိသားစုက ဘဏ္ဍာရေးပါရမီရှင်တွေကို နှစ်တိုင်းရွေးချယ်ပြီး အထူးနေရာတစ်ခုမှာ သင်တန်းပေးထားတယ်။ သူတို့ရဲ့ဆရာတွေက ထူးရှယ်နတ်ဘုရားကျောင်းတော်ထဲကချည်းပဲ။ အခုလောက်ဆိုရင် အယောက်နှစ်သောင်းသုံးသောင်းလောက် ရှိရောပေါ့"
"သူတို့တွေက အဖွဲ့အစည်းတစ်ခုစီမှာ ဂုဏ်ထူးဆောင်အတိုင်ပင်ခံတွေ လုပ်နေကြတာ။ လွတ်လွတ်လပ်လပ်နေချင်တဲ့ လူတချိ့ကျတော့ ရှယ်ယာကစားပြီး တစ်နှစ်ကို မုန့်ဖိုးသန်းပေါင်းများစွာ ရှာနေကြတာ။ ဒါပေမဲ့ သူတို့ကို ငါ အကြောင်းကြားထားပြီးပြီမို့ ငါသာ အမိန့်ပေးလိုက်ရင် သူတို့လည်း စစ်မြေပြင်ထဲကို ဝင်လာမှာ"
"သေစမ်း.. မင်း အပူအပင်ကင်းနေတာ မအံ့ဩတော့ပါဘူး"
ထူးရှယ်နတ်ဘုရားကျောင်းတော်ရှိ လူတစ်ယောက်မှာ လူအယောက်တစ်ထောင်နှင့် ညီမျှပေသည်။ ကျန်းမုန့်လောင်၏လူများက ထူးရှယ်နတ်ဘုရားကျောင်းတော်ထဲရှိ ကျောင်းသားများ ဖြစ်နေလျှင်ပင် နာမည်ကြီးကုန်သွယ်ရေးသမားများကို အပြတ်အသတ်ချေမှုန်းနိုင်လိမ့်မည်ဟု ဝမ်လင် ယုံကြည်ထားသည်။
"ဒါက အလကားရတဲ့ပိုက်ဆံနဲ့အတူတူပဲ"
ကျန်းမုန့်လောင်၏အစီအစဉ်နှင့် အရင်းအမြစ်များကို သိလိုက်ရပြီဖြစ်ရာ ဝမ်လင်၏စိတ်ရှုပ်မှုများလည်း ချက်ချင်းပျောက်ကွယ်သွားပြီး ထိန်းချုပ်၍မရနိုင်သည့် စိတ်လှုပ်ရှားမှုများနှင့် ပျော်ရွှင်မှုတို့က အစားဝင်ရောက်လာသည်။
"နေဦး။ ငါ အခုချက်ချင်း လူသွားရှာလိုက်မယ်"
"မလောနဲ့။ ဈေးကွက်က မနက်ဖြန်မနက်ကျမှ ဖွင့်မှာ။ ပြီးတော့ ငါက တစ်ရက်နှစ်ရက်အတွင်း ပြန်တိုက်ဖို့ စီစဉ်မထားဘူး။ ရေလိုက်ငါးလိုက်ဆက်နေပြီး သူတို့တွေကို ယုံကြည်မှုတွေယိုဖိတ်နေအောင် လွှတ်ထားိလုက်။ သူတို့ဘက်က သွေးနားထင်ရောက်ပြီး အကုန်ပုံအောလာတဲ့အချိန်ကျမှ အမြစ်ဖြတ်ပစ်မယ်"
"ကောက်ကျစ်တဲ့ မြေခွေးအိုကြီး.. အကွက်တွေထုတ်ပြနေပြီပဲ"
ဝမ်လင်က ဆို၏။
"မင်းကြောင့် တတိယကမ္ဘာစစ်ဖြစ်ခဲ့ရင်တောင် ငါ နည်းနည်းမှအံ့ဩမှာမဟုတ်ဘူး"
"စိတ်ချ။ တတိယကမ္ဘာစစ်ကတော့ သေချာပေါက်မဖြစ်စေရဘူး"
ကျန်းမုန့်လောင်က တည်ငြိမ်စွာ ပြောလိုက်လေသည်။
"အဲဒီလိုတွေးတဲ့လူရှိခဲ့ရင်လည်း ချက်ချင်းပျောက်ကွယ်သွားရမှာပဲ"
"သေစမ်း။ ငါ့ကိုစောင့်နေဦး။ ငါ ငွေသွားစုလိုက်ဦးမယ်။ ဒီတစ်ခေါက်သာ အမြတ်ကြီးကြီးရမယ်ဆိုရင် ပင်လယ်နားက ဗီလာကို ဝယ်နိုင်လောက်တဲ့အထိ ချမ်းသာပြီပဲ"
...
"အဖေ.. အဖေ့ဆီမှာ ပိုက်ဆံကျန်သေးလား"
ဝမ်လင်က သူ့အဖေကို ဖုန်းဆက်လိုက်သည်။
"မင်း ဘာလို့ပိုက်ဆံထပ်တောင်းနေတာလဲ။ တလောတုန်းက မင်း အများကြီးရထားတယ်မဟုတ်ဘူးလား။ ငါ့တစ်သက် ကိုယ့်မိဘဆီက ပိုက်ဆံလက်ဖြန့်တောင်းတဲ့နေရာမှာ မင်းထက် ပိုသာတဲ့လူကို လုံးဝမမြင်ဖူးဘူး။ မင်းက ငါ့သွေးသားအရင်းတဲ့။ မယုံနိုင်စရာပဲ"
"အဖေ.. ကျွန်တော် ရင်းနှီးမြှုပ်နှံစရာလေးတစ်ခု ရှိလို့ပါဗျာ။ အဖေ့မှာရှိတဲ့ ငွေသားတွေအကုန်လုံးသာ ထုတ်ပေးလိုက်။ နောင်တမရစေရဘူး"
"မဖြစ်ဘူး။ စဉ်းတောင်မစဉ်းစားနဲ့။ မင်း ဒီနေ့ ငါ့ကို အဖေလို့ မခေါ်တော့ဘူးဆိုရင်တောင်မှ ဒါမှမဟုတ် ငါ့မျိုးဆက်ကို ဖြတ်တောက်ပစ်မယ်လို့ ပြောရင်တောင်မှ တစ်ပြားမှမပေးဘူး"
"ဒါက မုန့်လောင်ရဲ့စီမံကိန်းနော်"
"ဘာ" ကျန်းမုန့်လောင်ရဲ့စီမံကိန်းလား"
ဖုန်းတစ်ဖက်မှ ထိုင်ခုံတစ်လုံး လဲကျသွားသည့်အသံကို ဝမ်လင် ကြားလိုက်ရသည်။
"နေဦး။ အခုချက်ချင်းလွှဲပေးမယ်။ ဒေါ်လာသုံးဘီလီယံဆိုရင် လောက်လား။ မလောက်ရင် ငါ့ပိုင်ဆိုင်မှုတွေကိုပေါင်လိုက်မယ်"
"သေလိုက်ပါတော့။ အဖေ့သားအရင်းက ဘယ်သူတုန်း"
ဝမ်လင်ကတော့ သူ့အဖေဆီက အမေရိကန်ဒေါ်လာငါးဘီလီယံကို အောင်အောင်မြင်မြင်ရရှိိခဲ့သည်။ ဤသည်မှာ အချိန်တိုအတွင်း စုဆောင်းဖူးသမျှထဲတွင် အများဆုံးဖြစ်ပြီး ပေါင်၍ရသမျှ အရာအားလုံးကို ပေါင်နှံထားသည်။ ဤတစ်ခေါက်တွင်သာ အမှားအယွင်းတစ်ခုခုဖြစ်သွားခဲ့လျှင် ဝမ်မိသားစု၏ပိုင်ဆိုင်မှုများလည်း တစ်ဝက်ခန့် ပလုံသွားလိမ့်မည်။
"မလောက်သေးဘူး"
ဝမ်လင်ခမျာ တစ်ကိုယ်တည်းရေရွတ်လိုက်မိသည်။ နိုင်ငံတစ်နိုင်ငံ၏ ငွေလဲနှုန်းဈေးကွက်ကို ကမောက်ကမဖြစ်အောင် လုပ်ရန်မှာ ဤပမာဏမျှဖြင့် မလုံလောက်သေးပေ။ စုပေါင်းရန်ပုံငွေလုပ်ရမည်ဆိုလျှင်ပင် သေချာပေါက် ရအောင်ရှာရပေမည်။
"ချင်ဖုန်း.. မင်းမှာ ငွေသားနည်းနည်းရှိလား။ ငါ့မှာ စီမံကိန်းတစ်ခုရှိတယ်။ အမြတ်ရဖို့ အာမခံတယ်။ အဆတစ်ရာလောက်ပြန်ရနိုင်တယ်နော်"
"ငါ အိပ်မက်မက်နေတာမဟုတ်ဘူး"
"ငွေလိမ်ဂိုဏ်းထဲကို ရောက်နေတာလည်းမဟုတ်ဘူး"
"အမျိုးသားမော်ဒယ်လ်လုပ်ဖို့ စာရင်းသွင်းနေတာလည်း မဟုတ်ဘူးကွ"