မွန်းတည့်ချိန်သို့ရောက်ရှိခြင်း
Vol. 44 Ch. 650
ကျန်းနန်မြို့၏ နိုင်ငံခြားငွေလဲလှယ်ရေးဈေးကွက်တွင်ဖြစ်စေ၊ ဟွာရှားနိုင်ငံရှိ များပြားလှသောဘဏ်များတွင်ဖြစ်စေ ထိုညတုန်းက မည်သူမှ ကောင်းကောင်းအိပ်မပျော်ခဲ့ကြပေ။
နောက်တစ်နေ့ ဘဏ်ဖွင့်ချိန်တွင် အတိုးနှုန်းကို ၇.၉ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်ကြောင်း ကြေညာလိုက်လေရာ လူထုအကြား အကြီးအကျယ် ထိတ်လန့်တုန်လှုပ်မှုများ ဖြစ်ပေါ်သွားခဲ့သည်။ ၎င်းမှာ စီးပွားရေးပြိုလဲတော့မည်ဟု နိမိတ်ပြနေသည့် "ငွေကြေးဖောင်းပွမှု"ပင်တည်း။
စူပါမားကတ်များနှင့် စတိုးဆိုင်များတွင် လူသုံးကုန်ပစ္စည်းများကို အလုအယက်ဝယ်ယူကြလေတော့သည်။ ယခုချက်ချင်း မဝယ်ထားပါက မကြာမီအချိန်အတွင်း ဝက်သားတစ်ပေါင်လျှင် ရာဂဏန်း၊ ထောင်ဂဏန်းအထိ ဈေးတက်သွားနိုင်သည်။ ထိုအချိန်ကျလျှင် သူတို့အနေနှင့် ထမင်းတစ်နပ် စားနိုင်ဖို့ပင် ခက်ခဲသွားပေလိမ့်မည်။
အချို့နေရာများတွင် ဆူပူအုံကြွမှုများပင် စတင်ဖြစ်ပွားနေလေပြီ။
ကျန်းနန်မြို့၏ ကုန်သွယ်ရေးဈေးကွက်တွင်မူ တစ်ခန်းလုံးဝယ် လေးလံထိုင်းမှိုင်းသော အငွေ့အသက်တစ်ခု ဖုံးလွှမ်းနေချေသည်။
ယနေ့ လူတိုင်းသည် ကြိုတင်ချိန်းဆိုထားခြင်းမရှိပါဘဲ အလုပ်သို့ စောစောရောက်နေကြပြီး တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ခပ်မဲ့မဲ့ပြုံးမိကြသည်။ ဤတစ်ကြိမ်တွင်တော့ သူတို့ ပြဿနာအကြီးစားတစ်ခုနှင့် ရင်ဆိုင်နေရပြီဖြစ်၏။
ဝမ်ချန်းသုန်း၏ မျက်လုံးအောက်တွင် မျက်ကွင်းညိုကြီးများပင် ရှိနေချေပြီ။ သူ့နေရာတွင် မည်သူပင် ဦးဆောင်နေပါစေ ယခုလိုသာဖြစ်မည်ဆိုသော်ငြား သူက အဓိကကိုင်တွယ်နေရသူဖြစ်သဖြင့် ဖိအားဒဏ်ကို အလူးအလဲခံနေရသည်။ ညလယ်ခေါင်တုန်းက အကြိမ်ကြိမ်ပင် ငိုကြွေးခဲ့မိသည်။ အရာအားလုံးက သူ့အမှားဟုသာ ခံစားနေမိသည်။
အကယ်၍ ထူးထူးခြားခြား ဘာမှဖြစ်မလာပါက ယနေ့ ဈေးကွက်စဖွင့်သည်နှင့် သူတို့၏ပြိုင်ဘက်က ငွေလဲနှုန်းကျဆင်းအောင် အဆက်မပြတ်ရောင်းထုတ်ကြဦးမည်သာ။ အမေရိကန်ဒေါ်လာငါးထရီလီယံမျှ ထပ်မံရင်းနှီးမြှုပ်နှံလိုက်ပါက သူတို့ဘက်က အာမခံငွေကြေးပမာဏကို မပြည့်မီတော့သည့် အခြေအနေသို့ ဆိုက်ရောက်သွားနိုင်သည်။
သူတို့အနေနှင့် မိတ်ဖက်နိုင်ငံတချို့ထံမှ ရန်ပုံငွေနည်းနည်း စုဆောင်းနိုင်ခဲ့သော်လည်း ပါကစ္စတန်နိုင်ငံကပင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စုဆောင်းထုတ်ယူပေးပါသည့်တိုင် ဒေါ်လာ၂၀ဘီလီယံသာ ရရှိခဲ့သည်။
ညီအစ်ကိုတို့ရေ... ဒါက ငါတို့ဆီမှာရှိသမျှ အကုန်ပဲ..တစ်ပြားမှထပ်မထုတ်နိုင်တော့ဘူး...
သို့သော် ငွေများကို ပေါင်းလိုက်သောအခါ ဒေါ်လာ၁.၅ထရီလီယံသာ ရှိသည်။ ဟွာရှားနိုင်ငံ၏ ရေကူးဒိုင်ဗင်အဖွဲ့က ရေထဲခုန်ချလျှင် ရေပန်းထွက်ခြင်းမရှိသလိုပင် ဤ၁.၅ထရီလီယံကလည်း ဈေးကွက်ထဲသို့ ပစ်ထည့်လိုက်ပါက မည်သည့်အကျိုးဆက်ကိုမှ ထူးထူးခြားခြားထုတ်ပေးနိုင်မည်မဟုတ်ပေ။
"စပြီ"
ရင်းနှီးကျွမ်းဝင်နေသော အလုပ်ချိန်စတင်သည့် အချက်ပေးသံမြည်လာလေသည်။ ထိုအသံကား ဟွာရှားပြည်သူများ၏ စည်းစိမ်ဥစ္စာများကိုသာမက ပျော်ရွှင်မှုများကိုပါ ရိတ်သိမ်းမည့် သေမင်း၏တံစဉ်နှယ်။
"အရောင်းအော်ဒါနှစ်ရာ.. ရင်းနှီးငွေပမာဏ ဒေါ်လာ၁ထရီလီယံ။ ငွေလဲလှယ်နှုန်းက ဆက်ကျနေတုန်းပဲ။ ရှစ်ယွမ်တန်းကို ကျော်သွားပြီ"
ထိုအသံက လူတိုင်းကို ခိုကိုးရာမဲ့သွားစေသည်။
"အကူအညီရထားတဲ့ အရန်နိုင်ငံခြားငွေတွေကို သုံးလိုက်။ အကုန်ပုံအောပစ်"
ဤအခြေအနေတွင် တခြားရွေးချယ်စရာ ဘာရှိဦးမည်နည်း။
"၈ယွမ်အောက်ကို ပြန်ရောက်လာပြီ။ အခု ၇.၉၈ယွမ်"
"အရောင်းအော်ဒါ၁၅၀..ဒေါ်လာရှစ်ရာဘီလီယံ...၈ယွမ်ကို ထပ်ကျော်သွားပြန်ပြီ"
"ဆက်ထည့်ကြ"
...
"အရောင်းအော်ဒါ၁၈၀.. ရင်းနှီးငွေပမာဏ ၁.၂ထရီလီယံ... လက်ရှိငွေလဲနှုန်းက ၈.၀၆.. ဆက်တက်နေတုန်းပဲ"
"ပြန်တွန်းတင်ထားကြ"
"ခေါင်းဆောင်... ပြင်ပအကူအညီတွေ အကုန်ကုန်သွားပါပြီ"
"ဘာ"
"ခေါင်းဆောင်... ၈.၁၂ဖြစ်သွားပြီ"
"ခေါင်းဆောင်... ၈.၁၅ကို ရောက်သွားပါပြီ"
"ခေါင်းဆောင်... သူတို့တွေ တစ်ချီရိတ်သိမ်းသွားတာ ကျွန်တော်တို့ဘက်က ဒေါ်လာ၃၂၀ဘီလီယံလောက် ဆုံးရှုံးသွားပါတယ်"
"ခေါင်းဆောင်... ပြန်ဆုတ်ကြရအောင်။ ကျွန်တော်တို့ဘက်က အရှုံးအရမ်းများနေပါပြီ။ ဒီအတိုင်းဆက်သွားရင် အာမခံငွေကြေးပမာဏ စံချိန်မမီတာမျိုးနဲ့ ကြုံတွေ့ရတော့မှာ"
"ငါတို့ ရန်ပုံငွေတွေကို ပြန်ထုတ်လို့မဖြစ်ဘူး။ ပြန်ထုတ်လိုက်ရင် အခုဆုံးရှုံးထားတာတွေ အလကားဖြစ်သွားလိမ့်မယ်။ ပြီးတော့ ငွေလဲနှုန်းက တစ်အချိုးတစ်ဆယ် ကျော်သွားပြီး စီးပွားရေးစနစ်တစ်ခုလုံး ပြိုလဲသွားလိမ့်မယ်"
"ဒါပေမဲ့ ပြန်မထုတ်ရင်လည်း..."
...
"ဟားဟားဟား... ပြင်ပအကူအညီက ၁.၅ထရီလီယံပဲ ရှိတာလား။ ဒီတစ်ခေါက် ငါတို့ဘက်က ၅၀ထရီလီယံအထိ ပြင်ဆင်ထားတာကို သူတို့ မသိရှာဘူး။ ၁.၅ထရီလီယံဆိုတာ ငါတို့အတွက် ပါ့မွှားလေးပဲ။ သူတို့တွေ ငါတို့ကို ဘယ်လိုမှမယှဉ်နိုင်ပါဘူး"
"သူတို့ဘက်က ကျည်ကုန်သွားပြီ။ အခုအချိန် သူတို့ဘက်က ငွေချေးချင်ရင်တောင် ဘယ်သူကမှ သူတို့ကို ထုတ်ချေးမှာမဟုတ်ဘူး"
"ငါတို့ဘက်က နည်းနည်းလောက်ပဲ လှုပ်ရှားရသေးတယ်။ ၁.၅ထရီလီယံတောင် ရလိုက်ပြီဟေ့။ ဒီနေ့တော့ အကုန်ပုံအောပြီး ဟွာရှားနိုင်ငံရဲ့ ဒေါ်လာ၅ထရီလီယံနဲ့ အဲဒီ၁.၅ထရီလီယံကို အပြတ်သိမ်းပစ်ရအောင်"
"အရောင်းအော်ဒါတွေ ဆက်တင်ပစ်။ ငွေလဲနှုန်းကို ၁၃ယွမ်အထက်ထိရောက်အောင် ဆွဲချပစ်လိုက်။ သူတို့ အာမခံကြေး ထပ်မသုံးနိုင်တော့ဘူး။ ငါတို့ သူတို့တွေကို အရှုံးပေါ်အောင် လုပ်ကြမယ်"
"ဒီအခြေအနေအထိရောက်နေတာတောင် ကျန်းမုန့်လောင် ဝင်မပါဘူးလို့ ငါတော့မယုံဘူး!"
ဥရောပဌာနခွဲတွင် ငွေကြေးအရောင်းအဝယ်သမားများမှာ အောင်နိုင်သူအပြုံးများဖြင့် ပြုံးပျော်ရွှင်နေကြသည်။ သူတို့သည် ဤမျှများပြားသော ရန်ပုံငွေများကို မကိုင်တွယ်ဖူးပေ။ ဤပမာဏဖြင့်သာဆိုလျှင် ဝက်တစ်ကောင်တောင် အလွယ်တကူ အနိုင်ရနိုင်သည်မဟုတ်လား။ သူတို့ကဲ့သို့ ထိပ်တန်းပညာရှင်များအတွက်မူ အေအေးလူလူပင်။
...
"ခေါင်းဆောင်... ငွေလဲနှုန်းက ၁၂ယွမ်ကျော်သွားပါပြီ။ လက်ကျန်ရန်ပုံငွေက အာမခံကြေးပမာဏကို မကာမိတော့ပါဘူး"
"ခေါင်းဆောင်... ကျွန်တော့်အကောင့်၁၂ခုလည်း စာရင်းပြတ်သွားပြီ"
"ခေါင်းဆောင်... ကျွန်တော့်အကောင့်၂၇ခုထဲက တစ်ဝက်လောက် အသိမ်းခံလိုက်ရပြီ"
"ခေါင်းဆောင်..."
ဤလုပ်ဆောင်ချက်ကြောင့် သူတို့အကောင့်များထဲမှ သုံးပုံတစ်ပုံခန့် ပြုတ်သွားခဲ့ပြီး ကျန်အကောင့်များလည်း ဆက်တိုက်ပြုတ်ပြုတ်ပြုန်းကုန်သည်။
ဤသည်မှာ သူတို့အနေနှင့် အရင်းကိုပင် ပြန်မရနိုင်တော့ခြင်းကို ဆိုလိုသည်။ အရှုံးပမာဏမှာ ဒေါ်လာ၁ထရီလီယံကျော်သွားပြီဖြစ်၏။
"သေစမ်း"
ဝမ်ချန်းသုန်း အံတင်းတင်းကြိတ်လိုက်မိသည်။ အပြစ်တင်ခံရမည်ဆိုလျှင်လည်း ခံလိုက်တော့မည်။ နှစ်ပေါင်းများစွာ စုဆောင်းခဲ့ရသော အရန်နိုင်ငံခြားငွေများ နှစ်ရက်အတွင်း ပျောက်ပျက်သွားမည်ကို သူ လက်ပိုက်မကြည့်နိုင်တော့ပေ။
"အော်ဒါတွေ အကုန်ပယ်ဖျက်လိုက်"
"ခေါင်းဆောင် နေဦး.. ရန်ပုံငွေအသစ်တွေ ဝင်လာပြီ။ သူတို့တွေက ဈေးပြန်တက်အောင် ဝယ်နေကြတာ"
"ဘာထူးမှာလဲ"
ဝမ်ချန်းသုန်း ခေါင်းခါလိုက်လေသည်။
"အသေးစားရင်းနှီးမြှုပ်နှံသူတွေ ပူးပေါင်းထားတယ်ဆိုရင်တောင် ဒီလောက်ပမာဏအများကြီးကို ဘယ်လိုမှမယှဉ်နိုင်ဘူး"
"မဟုတ်ဘူး ခေါင်းဆောင်.. ဒါက ပမာဏအကြီးစားကြီးတော်။ အဝယ်အော်ဒါငါးရာ... စုစုပေါင်းရင်းနှီးငွေပမာဏက ဒေါ်လာ၂ထရီလီယံကျော်တယ်"
"မင်းဘာပြောလိုက်တယ်"
ဝမ်ချန်းသုန်းခမျာ ကမ္ဘာပေါ်တွင် အသာယာဆုံးအသံကို ကြားလိုက်ရသလို ခံစားလိုက်ရသည်။
"ငွေလဲနှုန်း ပြန်တက်လာပြီ။ အခု ၁၁ယွမ်ဖြစ်သွားပြီ"
"ဒီအကောင့်တွေကနေ ရန်ပုံငွေတွေ ထပ်ဝင်လာပြန်ပြီ။ ဒီတစ်ခါ၃ထရီလီယံတဲ့။ အခု ငွေလဲနှုန်းက ၉.၈ဖြစ်သွားပြီ"
"မယုံနိုင်စရာပဲ။ နှစ်မိနစ်အတွင်းမှာ ၅ထရီလီယံလောက် ပုံအောနိုင်တဲ့လူက ဘယ်သူလဲ"
"အထက်လူကြီးတွေများ ပြင်ပအကူအညီ ထပ်ရထားတာလား"
"ဒီလောက်တောင် မြန်မြန်ဆန်ဆန်ကိုင်တွယ်နိုင်တာဆိုရင် အနည်းဆုံး အယောက်တစ်ထောင်လောက်တော့ ရှိမှာပဲ"
"ဟွာရှားငွေကြေးက တန်ဖိုးဆက်တက်နေတုန်းပဲ။ မူလငွေလဲနှုန်းနားကိုတောင် ပြန်ရောက်နေပြီ။ အမလေး..သူတို့တွေက အံ့ဩစရာကောင်းလိုက်တာ"
"ဘယ်သူများလဲ"
ဝမ်ချန်းသုန်းမှာ ပြတင်းပေါက်အပြင်ဘက်ကို လှမ်းကြည့်လိုက်မိသည်။ ဘာတွေဖြစ်နေမှန်း သူ အတိအကျမသိသော်ငြား မျှော်လင့်ချက်ရောင်ခြည် သမ်းလာလေပြီ။
...
ကီလိုမီတာနှစ်ရာခန့်အကွာရှိ ကျန်းနန်မြို့တွင် ကျန်းမုန့်လောင်သည် အင်တာနက်ကဖေးနှင့်ဆင်တူလှသော စတူဒီယိုတစ်ခုတွင် ငွေလဲနှုန်းကို စိုက်ကြည့်နေချေသည်။ အခြေအနေအရပ်ရပ်ကို ကိုယ်တိုင်မြင်တွေ့နိုင်ရန်အတွက် လူတစ်စုကို ကျန်းနန်မြို့သို့ ခေါ်ယူထားသည်။
"ဘော့စ်... ကျွန်တော်တို့ ငွေလဲနှုန်းကို ပြန်ဆွဲတင်လိုက်ပါပြီ။ အခု ဈေးကွက်ဖွင့်ခါစတုန်းက အခြေအနေကို ပြန်ရောက်သွားပါပြီ"
အသက်နှစ်ဆယ်အရွယ် လူငယ်တစ်ယောက်က သူ့အကောင့်များကို အမြန်ဆုံးကိုင်တွယ်ရင်း အခြေအနေကို ကျန်းမုန့်လောင်အား တည်ငြိမ်စွာ အစီရင်ခံလိုက်သည်။
"သိပြီ"
ကျန်းမုန့်လောင်က အေးအေးလူလူမတ်တတ်ထရပ်လိုက်ပြီးနောက် လက်ထဲရှိ ကယ်လ်စီယမ်နို့ပုလင်းကို မော့သောက်လိုက်သည်။
"ခင်ဗျားတို့တွေ တစ်ရက်ကျော်ကျော်လောက် ပျော်ခဲ့ပြီးပြီဆိုတော့ တော်လောက်ရောပေါ့။ အခု မွန်းတည့်သွားပြီ။ ခင်ဗျားတို့ ပိုက်ဆံအိတ်တွေ အဆင်သင့်ပြင်ထားပြီးပြီလား"
"ဘော့စ်.. သူတို့အကောင့်တွေကို အကုန်အပြောင်သိမ်းပစ်လိုက်ရမလား"
ထိုလူငယ်က မေးလာလေသည်။
"ကျွန်တော့်ကို ဒေါ်လာ၃ထရီလီယံလောက် ထပ်ပေးရင် ငါးမိနစ်အတွင်း သူတို့အကောင့်တွေက်ု အကုန်ပြုတ်သွားအောင် လုပ်ပေးနိုင်ပါတယ်"
"ဘာတွေလောနေတာလဲ"
ကျန်းမုန့်လောင်က ထိုလူငယ်၏ခေါင်းကို ပုတ်လိုက်သည်။
"သူတို့ ပိုက်ဆံဘယ်လောက်ထည့်ထားပြီလဲ? ၁၀ထရီလီယံကျော်ပဲ ရှိသေးတာ။ သူတို့စုစုပေါင်းအင်အားရဲ့ လေးပုံတစ်ပုံတောင် မရှိသေးဘူး။ အခုအချိန်မှာ သူတို့အကောင့်တွေကို အပြောင်သိမ်းလိုက်ရင် ၁၀ထရီလီယံပဲ ရမှာပေါ့၊ မင်းက အဲဒီလောက်ပဲ လိုချင်တာလား"
"သူတို့ကို ဆက်ရောင်းခိုင်းထားလိုက်ဦး"
ကျန်းမုန့်လောင်က ဆက်ပြောလိုက်သည်။
"ငါတို့ဘက်က တစ်ချီထုတ်သုံးတိုင်း ငါတို့မှာ ပိုက်ဆံ ဒီလောက်ပဲရှိတယ်လို့ သူတို့တွေထင်သွားအောင် လုပ်ရမယ်။ သူတို့ကိုယ်သူတို့ နိုင်ပြီလို့ ထင်နေတဲ့အချိန်ကျမှ ရိုက်ချက်ပြင်းပြင်းလေးပေးရမှာ။ အဲဒီအချိန်ကျရင် သူတို့ရဲ့ငွေတွေက အထဲမှာပိတ်မိနေပြီမို့ ထုတ်လို့ရမှာမဟုတ်တော့ဘူး။ အဲဒီငွေငါးဆယ်ထရီလီယံက ကျန်းမျိုးရိုးအောက်ကို ရောက်လာလိမ့်မယ်"
"ဘော့စ်... နှစ်ကုန်ရင် ကျွန်တော်တို့ကို ဘောနပ်စ်ပေးမှာလား"
"ဒါပေါ့။ ဘောနပ်စ်တိုးပေးမယ်။ တစ်ယောက်ကို ဒေါ်လာ၁ဘီလီယံဆိုရင် လောက်ရဲ့လား"
"လောက်ပါတယ်။ ဟားဟားဟား... ကဲ ကိုယ့်လူတို့ လုပ်ငန်းစကြစို့။ ဘော့စ်က ကတိပေးထားပြီးပြီ။ သူတို့ ပြန်တဲ့အချိန်ကျရင် အောက်ခံဘောင်းဘီဝယ်ဖို့တောင် ပိုက်ဆံမကျန်တော့တဲ့အထိ လုပ်ပစ်ကြမယ်"
ကျန်းမုန့်လောင် : "ငါ အဲဒီလိုမပြောမိဘူးနော်"
...
"ရုတ်တရက်ကြီး ၅ထရီလီယံ ဝင်လာတာလား"
ငွေလဲနှုန်းကို ၆.၆ဝန်းကျင်မှာ ထိန်းချုပ်ထားနိုင်သော်လည်း ဥရောပဌာနခွဲခေါင်းဆောင်ကတော့ လုံးဝမထိတ်လန့်ပေ။ သူတို့ဘက်က လက်ရှိအင်အား၏ လေးပုံတစ်ပုံခန့်သာ သုံးရသေးသည်။
"ကျန်းမုန့်လောင်... နောက်ဆုံးတော့ မင်း ပေါ်လာပြီပေါ့"
"အမေရိကန်ဌာနခွဲကို အကြောင်းကြားလိုက်။ အစီအစဉ်အတိုင်း 'နဂါးသုတ်သင်ရေးမစ်ရှင်'ကို စကြမယ်"