လက်မှိုင်ချပေတော့ ငမိုက်သားတွေ
Vol. 44 Ch. 651
“ကျန်းမုန့်လောင် လှုပ်ရှားလာပြီ။ အစွမ်းကုန်ပြန်ခုခံဖို့ ပြင်နေပြီ”
ဟွာရှားနိုင်ငံ၏ အရန်ရန်ပုံငွေများနှင့် ရင်ဆိုင်ရချိန်ဝယ် စုပေါင်းမဟာမိတ်အဖွဲ့မှာ နည်းနည်းမျှပင် စိုးရိမ်ပူပန်ခြင်းမရှိကြပေ။ အကြောင်းမှာ ရန်သူနှင့် မိတ်ဆွေကြားရှိ အင်အားကွာဟချက်မှာ ကောင်းကင်နှင့်မြေကြီးလို ထင်ရှားလွန်းလှသောကြောင့်ပင်။ သူတို့ပြင်ဆင်ထားသည့် ရန်ပုံငွေပမာဏမှာ ဟွာရှားနိုင်ငံ၏ အရန်နိုင်ငံခြားငွေပမာဏထက် ဆယ်ဆမျှပိုများနေသည်။ သူတို့အနေနှင့် ရှုံးနိမ့်စရာအကြောင်းမရှိပေ။
သို့သော် ကျန်းမုန့်လောင်၏ ပိုင်ဆိုင်မှုပမာဏမှာ အမြဲတမ်း ပဟေဠိတစ်ခုနှယ် ဖြစ်နေခဲ့သည်။
ဒေါ်လာ၁၀ထရီလီယံလား။ ရယ်ချင်စရာပင်။ ကျန်းမုန့်လောင်၏ လက်အောက်ခံမိသားစုတချို့ ထုတ်သုံးနိုင်သည့် ငွေသားပမာဏမှာ ဒေါ်လာ၂ထရီလီယံ၊ ၃ထရီလီယံထက် မနည်းပေ။ ကျန်းမုန့်လောင်၏လက်ထဲတွင် အဆင်သင့်ရှိနေသည့် ငွေသားပိုင်ဆိုင်မှုများမှာ အနည်းဆုံး ဒေါ်လာ၁၀ထရီလီယံထက်မနည်းရှိလိမ့်မည်ဟု သူတို့ အခိုင်အမာယုံကြည်ထားကြသည်။
အကယ်၍ သူသာ ရေကုန်ရေခမ်းတိုက်ခိုက်မည်ဆိုပါက ၁၅ထရီလီယံ သို့မဟုတ် ၂၀ထရီလီယံအထိ ထုတ်သုံးနိုင်လောက်သည်။
လူတစ်ဦးတစ်ယောက်တည်းက အမေရိကန်ဒေါ်လာထရီလီယံဆယ်ဂဏန်းကို ပိုင်ဆိုင်ထားသည်ဆိုခြင်းမှာ ယခင်ကသာဆိုလျှင် သူတို့ လုံးဝယုံကြည်မည်မဟုတ်သော်လည်း ယခုမူ ငြင်းမရသော အမှန်တရားတစ်ခု ဖြစ်နေလေပြီ။
သူတို့ဘက်က ယခင်သုံးစွဲထားသည့် ပမာဏကို ဖယ်လိုက်လျှင်ပင် ယခုအချိန်၌ လက်ထဲတွင် ဒေါ်လာ၄၀ထရီလီယံခန့် ရှိနေသေးရာ ကျန်းမုန့်လောင်ထက် နှစ်ဆနီးပါးသာလွန်သည်ဟု ခန့်မှန်းရသည်။ သို့သော် နှစ်ဆသာနေသော်လည်း အနိုင်ရမည်ဟုတော့ ရဲရဲမပြောနိုင်သေးပေ။
“အားလုံးပဲ သတိထားကြနော်။ ဒီလူက သိပ်ကြောက်ဖို့ကောင်းတယ်။ လက်ရှိအချိန်အထိ ဘယ်သူမှ သူ့ကို အသာစီးမယူနိုင်သေးဘူး။ ငါတို့ သူ့ကို တိုက်ခိုက်မယ်ဆိုရင် တစ်ချက်တည်းနဲ့ အလဲထိုးပစ်ရမယ်။ သူ့ကို အသက်ရှူပေါက်ပေးလို့ မဖြစ်ဘူး”
"ဟုတ်ကဲ့"
...
"ဘော့စ် သူတို့စနေပါပြီ”
လူငယ်လေးက အကောင့်များကို ကိုင်တွယ်ရင်း နှစ်ဖက်ကြားရှိ တိုက်ပွဲအခြေအနေကို ကျန်းမုန့်လောင် နားလည်စေရန် အရိုးရှင်းဆုံးစကားလုံးများဖြင့် ရှင်းပြနေသည်။
"သူတို့မှာ ပိုက်ဆံ တော်တော်ပေါတာပဲ။ ဒေါ်လာ ဘီလီယံရာဂဏန်းကို ဘာမှမဟုတ်သလိုမျိုး ပစ်ထည့်နေကြတာ"
“နောက်ထပ် ၅ထရီလီယံထပ်ထည့်လိုက်”
“ဟုတ်ကဲ့”
ဈေးချရန် ထုတ်ရောင်းသူနှင့် ဈေးတက်စေရန် ဝယ်ယူသူတို့ကား အကြိတ်အနယ်ဖြစ်နေကြသည်။ ဒေါ်လာ၅ထရီလီယံ ရုတ်တရက်ဝင်ရောက်လာခြင်းမှာ ဟန်ချက်ပျက်သွားစေပြီး ပြိုင်ဘက်၏ ရန်ပုံငွေတစ်ဝက်ခန့်ကိုပါ အစအနမကျန်အောင် ဝါးမျိုပစ်လိုက်သည်။
“၅ထရီလီယံ ဟုတ်လား။ မင်း ဒီနေ့ ၅ထရီလီယံကို ဘယ်နှချီလောက် ထုတ်ပြနိုင်မလဲဆိုတာ ကြည့်ချင်သေးတယ်။ ဆက်ရောင်းပစ်လိုက်”
...
"သေစမ်း.. ဒါက နတ်ဘုရားတွေရဲ့တိုက်ပွဲပဲ။ တကယ့်နတ်ဘုရားတွေရဲ့တိုက်ပွဲစစ်စစ်"
ကုန်သွယ်ရေးဈေးကွက်တစ်ခုလုံး၏ အငွေ့အသက်မှာ အစပိုင်းတုန်က တင်းမာဆိတ်ငြိမ်နေရာမှ ယခုမူ ရုတ်ရုတ်သဲသဲအခြေအနေသို့ ကူးပြောင်းသွားသည်။
ဤအရောင်းအဝယ်သမားများမှာ ဒေါ်လာသန်းဂဏန်းမှ ဘီလီယံအထိ ကိုင်တွယ်ဖူးကြသော်လည်း ထရီလီယံအဆင့်ရန်ပုံငွေများကို ဒေါ်လာဖြင့်ကိုင်တွယ်ရခြင်းမျိုးမှာ သူတို့တစ်သက်တွင် တစ်ခါမှမကြုံဖူးသည့် မြင်ကွင်းမျိုးပင်။
"ငါ့ဘဝမှာ ဒီလောက်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ပြိုင်ပွဲမျိုးကို ပထမဆုံးမြင်ဖူးတာပဲ။ အခု ငါတို့ဘက်က အပြတ်အသတ် အသာစီးရနေပြီ။ သူတို့ရဲ့ ကိုင်တွယ်နှုန်းက အရမ်းမြန်တယ်။ ပြိုင်ဘက်ထက် နှစ်ဆမက ပိုမြန်သလို အရောင်းအဝယ်အကြိမ်ရေကလည်း ငါတို့ထက် နှစ်ဆမကပိုများတယ်။ သူတို့ရဲ့ကုန်သွယ်ရေးသမားတွေက အရမ်းစွမ်းလို့ပဲဖြစ်ဖြစ် ဒါမှမဟုတ် လူအင်အားက ပြိုင်ဘက်ထက် အများကြီးပိုသာနေလို့ပဲ ဖြစ်ရမယ်"
"ငါတို့လူတွေက အတွေ့အကြုံရင့်တယ်။ သူတို့ဘက်က ဈေးတင်ဖို့ ဝယ်ရင်းနဲ့ တစ်ဖက်ကရောင်းတဲ့ ဒေါ်လာတွေကိုလည်း တစ်ပြိုင်တည်းဝယ်ယူပြီး ငွေလဲနှုန်းကို ထိန်းနေတာ"
“ဒါပေမဲ့ ရန်ပုံငွေမလောက်မှာပဲ ကြောက်တာ"
ဝမ်ချန်းသုန်း၏ မျက်နှာထက်တွင် စိုးရိမ်ပူပန်ရိပ်များ ပေါ်ပေါက်လာသည်။
"ကြည့်လိုက်... ငွေလဲနှုန်းက လောလောဆယ်တည်ငြိမ်နေပေမဲ့ ငါတို့လူတွေက မဆင်မခြင်မဝယ်ရဲကြဘူး။ သူတို့ ဝယ်ယူတဲ့အရှိန်က ပြိုင်ဘက်ရောင်းထုတ်တဲ့အရှိန်နဲ့ အတူတူပဲ။ ဒါက ငါတို့လူတွေဘက်က မဝံ့မရဲဖြစ်နေတယ်ဆိုတာကို ပြနေတယ်"
“ဟုတ်တယ်... သူတို့က ငါတို့ကို မျှော်လင့်ချက် ပေးထားတာလေ။ သူတို့တွေ ငါတို့ကို စိတ်ပျက်ရအောင် မလုပ်ဖို့ပဲ မျှော်လင့်ထားကြတာပေါ့"
...
"ဒီလောက်လေးနဲ့ ငါတို့ကိုယှဉ်နိုင်မယ်များ ထင်နေတာလား"
တစ်ဖက်အဖွဲ့ကလည်း ကျန်းမုန့်လောင်၏ အခြေအနေကို အကဲခတ်မိပုံရသည်။ အကယ်၍ သူတို့တွင်သာ ငွေအလျှံပယ်ရှိနေလျှင် သူတို့၏လုပ်ဆောင်မှုအရှိန်အရ ငွေလဲနှုန်းကို မြှင့်တင်ပြီး ပြိုင်ဘက်ဘက်က အာမခံကြေးမနိုင်တော့သည့် အခြေအနေအထိရောက်အောင် ချေမှုန်းပစ်နိုင်သည် မဟုတ်ပါလား။
သို့သော် ထိုသို့မလုပ်ရခြင်းမှာ ကျန်းမုန့်လောင်ဘက်က သူတို့၏ရေအတိမ်အနက်ကို စမ်းသပ်နေခြင်းဖြစ်ကြောင်း သိသာလှသည်။
"ကိစ္စမရှိဘူး။ ငါတို့ရဲ့အစွမ်းကို ပြလိုက်ရအောင်။ သူက ၅ထရီလီယံ ထည့်ထားတယ် ဟုတ်လား? ဒါဆို ငါတို့ကလည်း ရေလိုက်ငါးလိုက်လုပ်ပေးရမှာပေါ့။ ဒီတစ်ခါ ၁၀ထရီလီယံလောက်ထည့်လိုက်"
...
"၁၀ထရီလီယံလား။ သူတို့မှာ ပိုက်ဆံဘယ်လောက်တောင် ကျန်သေးတာလဲ"
ထိုအချိန်တွင် ဝမ်ချန်းသုန်းနှင့် သူ့လူများလည်း ဘာမှမတတ်နိုင်ကြတော့ပေ။ သူတို့က ကိုင်တွယ်မှုများကို ရပ်တန့်ထားလိုက်ကြသည်။ ယခုအချိန်တွင် ထိုနှစ်ဖွဲ့ကြားရှိ တိုက်ပွဲ၏ရလဒ်ကသာ သူတို့၏ကံကြမ္မာကို အဆုံးအဖြတ်ပေးတော့မည်ဖြစ်၏။
“ဒေါ်လာဘီလီယံရာဂဏန်းလောက်ရှိတဲ့ အရောင်းအော်ဒါတွေ ထပ်ပေါ်လာပြန်ပြီ။ ဒါ နိုင်ငံတကာငွေကြေးကစားသမားတွေပဲ ဖြစ်ရမယ်"
"သေလေ... သူတို့က ပွဲလန့်တုန်း ဖျာခင်းချင်နေတာလား"
“ဒီလူယုတ်မာတွေ... ဒီလိုအခြေအနေဖြစ်နေလို့သာ။ မဟုတ်ရင် သူတို့ကို ပြင်းပြင်းထန်ထန်ပညာပေးပစ်လိုက်ဦးမှာ”
ဈေးကွက်ထဲရှိ ကုန်သွယ်ရေးသမားများမှာ မျက်လုံးထဲမှ မီးတောက်မတတ် ဖြစ်နေကြသည်။
သူတို့ထက် ငွေကြေးအင်အားသာလွန်သည့် ပြိုင်ဘက်ကြီးများကို ရှုံးနိမ့်ရခြင်းမှာမူ အရှုံးကိုလက်ခံရုံအပြင် မရှိသော်ငြား အခွင့်ကောင်းယူသည့် ကြားဖြတ်သမားများ အမြတ်ရသွားမည့်မရေးကိုတော့ သူတို့ လုံးဝသည်းမခံနိုင်ကြပေ။
“စောင့်ကြည့်နေလိုက်... မင်းတို့ ဝါးမျိုထားသမျှ အကုန်ပြန်ထွက်လာစေရမယ်”
...
"ဘော့စ်...အရောင်းအော်ဒါအကြီးစားတစ်ခု ထပ်ပေါ်လာပြန်ပြီ"
ထိုလူငယ်လေး၏ လက်များမှာ အလျင်အမြန်လှုပ်ရှားနေသဖြင့် မြင်နိုင်ရန်ပင် ဝေဝါးနေသော်ငြား သူ့လေသံကတော့ ထုံးစံအတိုင်း တည်ငြိမ်နေဆဲပင်။
"ကျွန်တော်တို့အကောင့်တွေက အောက်ခြေစည်းကို ရောက်နေပြီ။ အာမခံကြေးထပ်မဖြည့်ရင် ကျွန်တော်တို့ရဲ့အော်ဒါတွေအကုန်လုံး ဝါးမျိုခံရလိမ့်မယ်"
"ကိစ္စမရှိဘူး"
ကျန်းမုန့်လောင်က ညွှန်ကြားလိုက်သည်။
"အာမခံကြေးကို ဆက်မြှင့်လိုက်။ ဒါပေမဲ့ အကုန်မဖြည့်နဲ့ဦး။ ရန်ပုံငွေနည်းနည်းပဲတိုးလိုက်"
"ဒါပေမဲ့ အဲဒီလိုလုပ်ရင် ကျွန်တော်တို့အကောင့်တချို့ ပြုတ်သွားလိမ့်မယ်နော်”
"ဒါဆိုလည်း ပြုတ်ပါစေပေါ့။ သူတို့ကို အမြတ်နည်းနည်းလောက် မြည်းခွင့်မပေးရင် ပိုက်ဆံတွေ အလုံးအရင်းနဲ့ ထပ်ထည့်ပါ့မလား"
ကျန်းမုန့်လောင်က ရယ်မောရင်း ပြောလိုက်သည်။
...
"သူတို့တွေ မလိုက်နိုင်တော့ဘူး"
"ရန်ပုံငွေတွေ ပြင်ထားကြ။ နောက်ဆယ်မိနစ်နေရင် အကောင့်တွေအားလုံးကို အပြတ်အသတ်ချေမှုန်းပစ်မယ်”
...
"အခု လုပ်ငန်းစတော့"
"ငါ့အကောင့်တွေ ပြုတ်ကုန်ပြီ"
"သူတို့တွေ အာမခံကြေးအဖြစ်သုံးဖို့ ပိုက်ဆံတွေ လွှဲနေကြပြီ"
"ဒါဆို သူတို့ငွေလွှဲနေတဲ့ အကောင့်ကို တိုက်ခိုက်လိုက်။ သူတို့ကို အငိုက်ဖမ်းပစ်လိုက်"
"မိုက်တယ်"
"ဟားဟားဟား.... ဒီလောက်ပဲတတ်နိုင်တာလား ကျန်းမုန့်လောင်”
"ဟားဟား... ပိုက်ဆံမလောက်ဘဲနဲ့တော့ သူ့မှာ လူဘယ်နှယောက်ရှိရှိ ဘယ်လောက်တော်တော် ဘယ်လောက်အကြာကြီး ခံမှာတဲ့လဲ။ တစ်ဖက်ကိုငွေချေဖို့ တစ်ဖက်ကလှည့်ထုတ်နေတဲ့ ဗျူဟာက ဘယ်လောက်ကြာကြာခံမှာမို့လို့လဲ"
"ရလဒ်တွေကို တင်ပြစမ်း"
“ကျွန်တော် ဒေါ်လာ၂၁ဘီလီယံ သိမ်းနိုင်ခဲ့ပြီ”
“ကျွန်တော်က ဒေါ်လာ၃၇.၇ဘီလီယံ”
“ဒေါ်လာ၅၀.၂ဘီလီယံ!”
"ကောင်းတယ် ကိုယ့်လူတို့"
"စုစုပေါင်းဘယ်လောက်လဲ"
“အဖွဲ့ခေါင်းဆောင်... ကျန်းမုန့်လောင်ရဲ့အကောင့် သုံးပုံတစ်ပုံလောက် ပြုတ်သွားပါပြီ။ ဒီတစ်ချီမှာတင် ကျွန်တော်တို့ ၃.၆ထရီလီယံအထိ သိမ်းနိုင်ခဲ့ပါတယ်”
"မရပ်နဲ့ဦး။ ဆက်ပြီးတိုက်စစ်ဆင်ကြ။ ဒီနေ့ ကျန်းမုန့်လောင်ကို ကမ္ဘာ့အကြွေးအများဆုံးလူ ဖြစ်သွားအောင် လုပ်ပြမယ်"
...
"အရောင်းအော်ဒါတွေ ထပ်တက်လာပြန်ပြီ"
"သွားပြီ... ငွေလဲနှုန်းက ၁၀ယွမ်အထက်ကို ပြန်ရောက်သွားပြန်ပြီ”
"၃၅ထရီလီယံ... သူတို့ ဒေါ်လာ၃၅ထရီလီယံအထိတောင် သုံးထားကြတာလား။ ဒါကြီးက ကမ္ဘာ့ဘဏ်တွေများ အကုန်ပေါင်းထားတာလား"
"သူ ဒီလောက်အထိ တောင့်ခံနိုင်ခဲ့တာတောင် တော်လှပါပြီ"
...
"ရွှီကျဲ... ငါတို့ဆီမှာ ပိုက်ဆံဘယ်လောက်ကျန်သေးလဲ"
ဒေါ်လာ၃.၆ထရီလီယံ ဆုံးရှုံးသွားပြီး ကျန်ရှိသည့် ထရီလီယံဆယ်ဂဏန်းကလည်း ပိတ်မိနေသော်ငြား ကျန်းမုန့်လောင်ကတော့ လုံးဝစိုးရိမ်ပုံမရပေ။
"ကျွန်တော်တို့မှာ ငါးထရီလီယံခြောက်ထရီလီယံလောက်တော့ ကျန်ပါသေးတယ်။ ဘော့စ်.. ဘာလုပ်ချင်လို့လဲ"
"ထားလိုက်တော့။ ဆက်ကစားနေရတာ ပျော်ဖို့မကောင်းတော့ဘူး။ ၁၀ထရီလီယံစီပါတဲ့ အသုတ်သုံးသုတ်နဲ့ သူတို့ကိုအပြတ်နှိပ်ကွပ်လိုက်တော့။ ကျန်တဲ့ ထရီလီယံဆယ်ဂဏန်းကို နည်းနည်းလောက်ထပ်ပစ်ထည့်လိုက်ရင် သူတို့ဆီမှာ ဘာမှကျန်မှာမဟုတ်တော့ဘူး။ သူတို့အတွက် အာမခံကြေးအဖြစ် ၁ထရီလီယံ ၂ထရီလီယံလောက်ပဲ ချန်ထားပေးလိုက်။ ပြီးရင်တော့ ငါတို့ အကုန်လုံးကို သိမ်းကျုံးယူပစ်လို့ရပြီ"
"လက်မှိုင်ကျပေတော့ ငမိုက်သားတွေ"
ကျန်းမုန့်လောင်က လက်နှစ်ဖက်ကို နောက်ပစ်ကာ ထိုနေရာမှ ထွက်လာခဲ့သည်။ ရလဒ်ကို ကြိုသိပြီးသားပင်။ သူလုပ်ရမည့်အလုပ်မှာ ပိုက်ဆံရေတွက်ရမည့်အချိန်ကို စောင့်နေရုံသာ။
"ဟုတ်ကဲ့"
"ကိုယ့်တို့... အကုန်သိမ်းကျုံးယူဖို့ ပြင်ကြတော့"
...
"ခေါင်းဆောင်... သူတို့တွေ ဝယ်နေကြပြီ”
"ဒေါ်လာ၃ထရီလီယံတဲ့"
"နောက်ထပ်၃ထရီလီယံလား။ ဘာတွေဖြစ်နေတာလဲ။ သူ့မှာ ပိုက်ဆံရှိသေးတာလား"
"မဟုတ်ဘူး... သူက အားနည်းချင်ယောင်ဆောင်နေတာပဲ။ သူက ရန်သူတွေကို ဆက်ရောင်းထုတ်လာအောင် လှည့်စားနေတာ။ အခုတော့ သူတို့တွေ ပြန်ဆုတ်ချင်ရင်တောင် အရမ်းနောက်ကျသွားပြီ”
...
အမေရိကနှင့် ဥရောပ
"မဖြစ်နိုင်တာ။ သူ့မှာ ဘယ်လိုလုပ်ပြီး ပိုက်ဆံရှိနေသေးတာလဲ"
“နေဦး... ဒါက ထောင်ချောက်ဆင်ထားတာ။ ပြန်ဆုတ်ကြ။ အော်ဒါတွေကို ဖျက်သိမ်းလိုက်တော့။ သူ့မှာ ဒေါ်လာ၂၀ထရီလီယံတင် ရှိတာမဟုတ်ဘူး။ အဲဒီထက်ပိုများတယ်"
"နောက်ကျသွားပြီ။ သူတို့ရဲ့လုပ်ဆောင်မှုအရှိန်က ရုတ်တရက်ကြီး သုံးဆလောက်တက်လာပြီ။ သူ့အဖွဲ့ထဲမှာ အနည်းဆုံး အယောက်တစ်သောင်းလောက်တော့ ရှိနေတာပဲ”
"ဘာ? အယောက်တစ်သောင်း ဟုတ်လား။ ကမ္ဘာပေါ်မှာ ဒီလောက်များတဲ့ ဘဏ္ဍာရေးပညာရှင်တွေ ဘယ်မှာရှိလို့လဲ"
"မြန်မြန်... အာမခံကြေးထပ်ဖြည့်လိုက်"
"ငါ့အကောင့်တွေ ပြုတ်တော့မယ်။ ငါ့ကို အခုချက်ချင်း အာမခံကြေးနှစ်ဆပို့ပေး"
"သေလိုက်ပါတော့ကွာ။ ငါပြုတ်သွားပြီ"
"ငါလည်းသွားပြီ"
"အကုန်ရေစုန်မျောပြီ"