← Chapters

ဘယ်သူ့ကိုအရင်စရမလဲ

Vol. 44 Ch. 652

ဘယ်သူ့ကိုအရင်စရမလဲ

Vol. 44 Ch. 652

"သွားပြီ"

ရုတ်တရက်ကျရောက်လာသော အာမခံကြေးမနိုင်နင်းမှုများမှာ မီးရှူးမီးပန်းများ တစ်ခုပြီးတစ်ခု ဖောက်လိုက်သလို အဆက်မပြတ် ပေါ်ပေါက်လာတော့သည်။

ကံကောင်းထောက်မစွာဖြင့် သူတို့တွင် အရန်အစီအစဉ် ရှိပေသည်။ တချို့လူများက ပုံမှန်ထက် နှစ်ဆပိုများသော အာမခံကြေးကို အသင့်ပြင်ထားသော်လည်း ထိုငွေများကို တကယ်အသုံးပြုရလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။

နာရီဝက်ခန့်အကြာတွင် မီးခိုးတိတ်စစ်ပွဲကြီး ပြီးဆုံးသွားခဲ့လေသည်။ သူတို့ဘက်က လုံးဝရှုံးနိမ့်ခဲ့လေပြီ။

"ပိုက်ဆံဘယ်လောက်ကျန်သေးလဲ"

"၇... ၇ထရီလီယံပဲ ကျန်ပါတော့တယ်"

"အဟွတ်... အဟွတ်...အဟွတ်"

တာဝန်ခံခမျာ သွေးအန်တော့မတတ် ချောင်းဆိုးသွားရသည်။

၅၂ထရီလီယံမှာ ယခုမူ ၇ထရီလီယံသာ ကျန်တော့သည်။ ကျန်၄၅ထရီလီယံမှာ ကျန်းမုန့်လောင်၏ သုံ့ပန်းလက်ဆောင်များ ဖြစ်သွားခဲ့ရချေပြီ။ ကျန်၇ထရီလီယံကလည်း အာမခံကြေးများအတွက် ဖယ်လိုက်ပါက များများစားစားကျန်တော့မည်မဟုတ်ပေ။

ထို၇ထရီလီယံအတွက် ဝမ်းသာရမလား သို့မဟုတ် ဆုံးရှုံးသွားသော ၄၅ထရီလီယံအတွက် ဝမ်းနည်းရမလားဆိုသည်ကိုပင် ဝေခွဲမရတော့ပေ။

"အယောက်သောင်းဂဏန်းလောက်ရှိတဲ့ ဘဏ္ဍာရေးပညာရှင်တွေ... ၅၀ထရီလီယံကျော်တဲ့ ငွေသားပိုင်ဆိုင်မှု..."

ဤကိန်းဂဏန်းများကို စဉ်းစားမိရုံဖြင့် အရောင်းအဝယ်သမားများအားလုံး တုန်လှုပ်ချောက်ချားသွားကြသည်။ တစ်ကမ္ဘာလုံးကို တစ်ယောက်တည်းအားနှင့် ယှဉ်နိုင်သောလူတစ်ယောက် အမှန်တကယ် ရှိနေသည်လား။ သည့်ထက်ပိုပြီး မယုံနိုင်စရာကောင်းသောအရာမျိုး ရှိနိုင်ပါဦးမည်လော။

ရူးချင်စရာအကောင်းဆုံးအပိုင်းမှာ ထိုအချိန်တွင် သူတို့၏ကွန်ပျူတာများ ဟက်ခ်ခံလိုက်ရပြီး ဘာသာစကား၃၆မျိုးဖြင့် ရေးသားထားသော စကားလုံးလေးလုံးကို ဖန်သားပြင်ထက်၌ ဖော်ပြနေခြင်းပင်။

ဘာသာပြန်လိုက်ပါက "ကျေးဇူးပဲ ဘော့စ်"ဟု ရေးသားထားသည်။

ဝါရင့်ကုန်သွယ်သူအချို့မှာ ထိုနေရာမှာပင် မေ့လဲသွားကြတော့သည်။ အမှန်ပင်။ သူတို့သည် ဟွာရှားနိုင်ငံ... မဟုတ်ပေ။ ကျန်းမုန့်လောင်ထံသို့ ငွေထုပ်ကြီးတစ်ထုပ် ပို့ပေးခဲ့ခြင်းပင်။

ကျန်းမုန့်လောင်သာ နိုင်ငံခြားငွေလဲလှယ်ရေးဈေးကွက်မှ ပြန်ထွက်သွားပါက ဤရန်ပုံငွေအားလုံးကို ငွေသားအဖြစ် ချက်ချင်းထုတ်ယူနိုင်လိမ့်မည်။

ဒေါ်လာ၁၀၀ထရီလီယံကျော်...

သေလိုက်ပါတော့!

တစ်ကမ္ဘာလုံးမှာရှိသည့် အရန်နိုင်ငံခြားငွေများကို စုပေါင်းလိုက်လျှင်ပင် သူ့ကို ဖြိုလဲနိုင်မည်မဟုတ်တော့ပေ။ ဤတစ်ခေါက် သူ့ကို တစ်ချက်တည်းနှင့် အပြတ်မရှင်းနိုင်ခဲ့ရုံသာမက ပိုအစွမ်းထက်သော ကျန်းမုန့်လောင်ဖြစ်လာအောင်ပင် အင်အားဖြည့်ပေးမိသွားသည်။

ရုတ်ခြည်းပင် သူတို့ တစ်စုံတစ်ခုကို သဘောပေါက်လိုက်ကြသည်။

ယနေ့အဖြစ်အပျက်နှင့်အတူ ဤကိစ္စ၏နောက်ကွယ်တွင် မည်သူပါဝင်ပတ်သက်နေသလဲဆိုသည်ကို ကျန်းမုန့်လောင် ကျိန်းသေပေါက်သိထားပေလိမ့်မည်။ လောလောဆယ်တွင် သူသည် သုံ့ပန်းလက်ဆောင်များကို ရေတွက်နေရသဖြင့် တိတ်ဆိတ်နေခြင်းသာဖြစ်၏။

သို့သော် ကျန်းမုန့်လောင်က မည်ကဲ့သို့သော လူစားမျိုးလဲ။ သူသည် ဟွာရှားနိုင်ငံ၏ လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ လူသားပီကာချူး(ခေါ်) ဗို့အားတစ်သိန်း... ဆောရီး. ရိုက်ကွင်းမှားသွားလို့..

ကျန်းမုန့်လောင်ဆိုသည်မှာ မည်ကဲ့သို့သော လူစားမျိုးလဲ။ ကြွားလုံးထုတါရမည့် အခွင့်အရေးဆိုလျှင် ဘယ်တော့မှ လက်လွတ်မခံသည့် လူစားမျိုးပင်။ ခြင်တစ်ကောင်လာကိုက်လျှင်ပင် အီတလီအမြောက်နှင့် ပစ်မည့်လူစားမျိုး၊ ခွေးကိုက်လျှင် ခွေးကို ပြန်ကိုက်မည့်လူစားမျိုးပင်။

သူက သူတို့ကို သည်အတိုင်းလွှတ်ပေးမည်လော။

ဒေါ်လာ၁၀၀ထရီလီယံသာရှိလျှင် နိုင်ငံပေါင်းတစ်ရာ၏ နိုင်ငံခြားငွေကြေးဈေးကွက်ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်မည်ဆိုပါက သွေးချောင်းစီးပွဲကြီးတစ်ခုကို အလွယ်တကူစတင်နိုင်စွမ်းရှိသည်။

တစ်နိုင်ငံလျှင် ပျမ်းမျှ ဒေါ်လာ၁ထရီလီယံ သုံးလိုက်ရုံပင်။

အရန်နိုင်ငံခြားငွေ ဒေါ်လာ၁ထရီလီယံကျော်သော နိုင်ငံဟူ၍ မည်မျှရှိသလဲ။

လက်ရှိအချိန်အထိ အမေရိကန်၏ ငွေကြေးက အမေရိကန်ဒေါ်လာဖြစ်ပြီး နံပါတ်တစ်နေရာတွင် ချိတ်ထားသည်။ ဟွာရှားတွင် အမေရိကန်ဒေါ်လာ၃.၂ထရီလီယံရှိသဖြင့် ဒုတိယနေရာတွင်ရှိပြီး ကိုင်ဘွန်နိုင်ငံကတော့ ၁.၆ထရီလီယံရှိလေရာ တတိယနေရာကို ရရှိထားသည်။ နံပါတ်သုံးနေရာမှာ ယခုမူ ဒေါ်လာခုနစ်ရာဘီလီယံမျှသာ ကျန်တော့သည်။

အဓိပ္ပာယ်မှာ နိုင်ငံပေါင်းတစ်ရာကို ပစ်မှတ်ထားခြင်းအားဖြင့် ကျန်းမုန့်လောင်သည် သူတို့၉၇နိုင်ငံကို အသာလေးဖြိုလှဲပစ်နိုင်သည်။

သူတစ်ယောက်တည်း၏ အင်အားက စီးပွားရေးပျက်ကပ်တစ်ခုထက်ပင် အဆတစ်ရာခန့် ပိုကြောက်စရာကောင်းလှသည်။

...

"ဒေါက် ဒေါက် ဒေါက်"

"ဘယ်သူလဲ။ သေချင်လို့ တံခါးလာခေါက်နေတာလား"

ကျန်းမုန့်လောင်က နေ့လယ်ခင်းနေရောင်ခြည်အောက်တွင် ရေပူစမ်းလုပ်ကာ အနားယူနေခိုက် တံခါးခေါက်သံကြောင့် စိတ်တိုသွားရသည်။

"စုပါ့အီဒိုရဲ့အပြုံးကတောင် မင်းလောက် အပေါစားမဆန်ဘူး။ ဇူလိုင်လရဲ့နေရောင်ကတောင် မင်းလောက် အရှက်မမဲ့ဘူး"

"လောင်ကျန်း.. မင်း မစရသေးဘူးလား"

ဝမ်လင်က ကျန်းမုန့်လောင်၏အိမ်ထဲသို့ အပြေးဝင်ရောက်လာပြီး ပန်းသီးတစ်လုံးကို ပမာမခန့်ကောက်ယူကာ ဝါးလိုက်သည်။

"မစရသေးဘူး။ မင်းက ဘာလို့လောနေတာလဲ။ ပြည်တွင်းကိစ္စတွေကိုတောင် ငါတို့ မဖြေရှင်းရသေးဘူးလေ။ သူတို့တွေ အကြောင်သားဖြစ်သွားတဲ့အထိ လုပ်ပြီးမှ လက်တုံ့ပြန်မယ်။ မင်းလုပ်ပုံက ငါ့အပေါ် မရိုးသားတဲ့ရည်ရွယ်ချက်တွေ ရှိနေသလိုပဲ"

ကျန်းမုန့်လောင်က ရေချိုးဝတ်ရုံကို ဆွဲဆန့်လိုက်သည်။

"သွားစမ်းပါ။ ငါက ယောကျ်ားချင်းစိတ်မဝင်စားဘူး"

ဝမ်လင်က ရွံရှာနေဟန် အမူအရာကို လုပ်ပြလေသည်။

"မင်းဘက်က အခြေအနေ ဘယ်လိုရှိလဲ။ ဒီအပတ်ထဲမှာ သုံးရက်ပဲ အချိန်ရှိတော့တာနော်။ ဖြေရှင်းနိုင်ပါ့မလား"

"မင်းက ဘယ်သူ့ကို အထင်လာသေးနေတာလဲ"

ကျန်းမုန့်လောင်က ဆို၏။

"ဒီပုစွန်ဆိတ်လေးတွေကို ဖြေရှင်းဖို့ နေ့တစ်ဝက်လောက်ပဲလိုတယ်"

"ကြွားနေလိုက်"

ထိုအခိုက်ဝယ် ကျန်းမုန့်လောင်၏ဖုန်းက ထမြည်လာသည်။ ရွှီကျဲက ဗီဒီယိုကောခေါ်လာခြင်းပင်။

"ပြီးသွားပြီထင်တယ်"

ကျန်းမုန့်လောင်က ဗီဒီယိုကောကိုပြန်ဖြေရင်း ပြုံးတုံ့တုံ့ဖြင့် ပြောလိုက်သည်။

"ဘော့စ်.. အကုန်ဖြေရှင်းပြီးပါပြီ"

"ဪ.. မြန်လှချည်လား။ ဘယ်လိုဖြစ်သွားပြီလဲ"

"ကျွန်တော်တို့ဘက်က အမေရိကန်ဒေါ်လာ၄၅ထရီလီယံ အမြတ်ရလိုုက်ပါတယ်"

ရွှီကျဲက ဆိုသည်။

"သူတို့ဘက်က တချို့တော့ လွတ်သွားတယ်။ သူတို့တွေက တစ်နေရာရာကနေ ပိုက်ဆံခြစ်ကုပ်စုလာပြီး တချို့အကောင့်တွေမှာ အာမခံကြေးတွေ လာဖြည့်သွားကြတယ်။ ကျွန်တော်တို့တွေရဲ့ တိုက်ခိုက်မှုကြောင့် သူတို့အကောင့်တွေ ပြုတ်မသွားဘဲ ဆုံးရှုံးမှု၆၀ရာခိုင်နှုန်းနဲ့ ထွက်ပြေးသွားကြတယ်"

"မဆိုးဘူး။ ဒီရလဒ်ကို ငါ စိတ်တိုင်းကျတယ်"

"ဪ.. ပြီးတော့ ပွဲလန့်တုန်းဖျာဝင်ခင်းချင်နေတဲ့ နိုင်ငံတကာငွေကြေးကစားသမားတွေကိုလည်း တစ်လက်စတည်းရှင်းပစ်လိုက်ပါတယ်။ အမေရိကန်ဒေါ်လာသုံးရာဘီလီယံလောက်တော့ ရလိုက်တယ်။ မုန့်ဖိုးပေါ့"

"ငါ့နှယ်..."

ကျန်းမုန့်လောင်၏ဘေးနားရှိ ဝမ်လင်ခမျာ ကျောက်ရုပ်အလား တောင့်ခဲသွားရသည်။

သောက်ကျိုးနည်း ဘာတွေလဲ...

ကျန်းမုန့်လောင်က ယနေ့မနက်ကမှ ဈေးကွက်ထဲသို့ ဝင်ခဲ့ခြင်းမဟုတ်လော။ ယခုမှ နေ့လယ်နှစ်နာရီကျော်သာ ရှိသေးသည်။ ငွေလဲဈေးကွက်ပင် မပိတ်သေးပေ။ ကျန်းမုန့်လောင်က အကုန်ရှင်းထုတ်လိုက်ပြီတဲ့လား။

ထို့ပြင် တစ်လက်စတည်းရှင်းထုတ်လိုက်ပြီဆိုခြင်းမှာ ဘာအဓိပ္ပာယ်လေလဲ။ ဤပမာဏမှာ ဝမ်လင်တို့မိသားစုလုပ်ငန်းစုကြီးကို ဆယ်ခါလောက်ဝယ်ပစ်နိုင်လောက်သည့် ပမာဏပင်။

သမိုင်းတစ်လျှောက် စစ်ပွဲများ ဆင်နွှဲရသည့် အကြောင်းအရင်းက ဘာလဲ။ စည်းစိမ်ဥစ္စာများကို လုယက်ရန်နှင့် အရင်းအမြစ်များကို သိမ်းပိုက်ရန်ပင်။

ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်နှစ်ခု ပေါင်းလိုက်လျှင်ပင် ဒေါ်လာ၄၅ထရီလီယံ ရနိုင်မည်လော။

လုံးဝမဖြစ်နိုင်ချေ။

ဒေါ်လာ၄၅ထရီလီယံတဲ့လား။

ကျန်းမုန့်လောင်က ဤပမာဏကို နေ့တစ်ဝက်တည်းနှင့် ရလိုက်သည်။ သူသည် တစ်ကမ္ဘာလုံး၏ ငွေကြေးများကို ငါးကြင်းဆီနှင့် ငါးကြင်းကြော်လိုက်ခြင်းပင်။ တစ်ကမ္ဘာလုံး၏တစ်နှစ်ဝင်ငွေကို နေ့တစ်ဝက်တည်းဖြင့် ရလိုက်ခြင်းပင်။

"မင်းက အရမ်းရက်စက်တာပဲ။ တစ်ချီပွရင် သုံးနှစ်ဖူလုံရုံတင်မကဘူး။ တစ်ချီတည်းနဲ့ သုံးနှစ်လောက်ထိုင်စားလို့ရသွားပြီ"

"မဟုတ်ဘူး။ တစ်ချီတည်းနဲ့ နှစ်ပေါင်းသုံးထောင်လောက် ထိုင်စားလို့ရသွားပြီဆိုတာကမှ ပိုမှန်တာ"

"ဒါက ငါ့အပြစ်လား"

ကျန်းမုန့်လောင်ကတော့ ပခုံးတွန့်ပြလေသည်။

"လူတွေက ငါ့အိတ်ကပ်ထဲကို ဘယ်ရောညာရော ပိုက်ဆံတွေ အတင်းထည့်ပေးနေကြတာ။ ငါက မယူဘဲ နေစရာလား။ ငါက ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရုံလောက်ပဲ လုပ်ခဲ့တာ။ ငါဆိုတဲ့ ကျန်းမုန့်လောင်က ဘယ်လိုမကောင်းစိတ်မျိုး ရှိမှာတဲ့လဲ"

"ငါ့ကို အနားပေးစမ်းပါဦး"

အမေရိကန်ဒေါ်လာ၄၅ထရီလီယံတွင် အာရုံမရှိတော့သော ဝမ်လင်က မေးလာလေသည်။

"မင်း ဘာဆက်လုပ်ဖို့စီစဉ်ထားလဲ"

"ဈေးကစားတဲ့လူတွေကို အရင်ကိုင်တွယ်ရမယ်။ ပြည်တွင်းဈေးကွက်ကို အရင်တည်ငြိမ်အောင်လုပ်ရမယ်"

ကျန်းမုန့်လောင်က ဆို၏။

"ဒီနေ့ အတိုးနှုန်းက ၇.၉ရာခိုင်နှုန်းအထိ တက်သွားပြီ။ လုပ်ငန်းစုဘယ်နှခုနဲ့ မိသားစုတွေဘယ်နှခုလောက် ဒေဝါလီခံရမလဲမသိဘူး။ ဒီကိစ္စကို မြန်မြန်ဖြေရှင်းမှဖြစ်မယ်။ မဟုတ်ရင် ဒီပိုက်ဆံတွေကို စိတ်အေးလက်အေးနဲ့ သုံးနိုင်မှာမဟုတ်ဘူး"

"မင်းက နိုင်ငံတော်အတွက် စိတ်ပူပေးတတ်သားပဲ။ ဒါပေမဲ့ အဲဒီလူတွေကိုရော။ မင်း သူတို့ကို ဘာမှမလုပ်တော့ဘူးလား"

"သေချာပေါက်လုပ်မှာပေါ့။ သေချာပေါက်ပဲ"

ကျန်းမုန့်လောင် ပြောလိုက်လေသည်။

"တာထာဂါတလက်ဝါးသိုင်းအကြောင်း မင်း ကြားဖူးလား"

"ကြားဖူးတာပေါ့။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေ ယိုဖိတ်နေတဲ့နဂါးကြီးကို နှိမ်နင်းခြင်း၊ ကောင်းကင်ထက်က နဂါးပျံ၊ အနန္တချောက်နက်ထဲမှာ ပုန်းကွယ်နေတဲ့ နဂါး.... နေပါဦး။ အဲဒါက နဂါးနှိမ်နင်းရေးလက်ဝါးသိုင်းဆယ့်ရှစ်မျိုးပဲ။ တာထာဂါတလက်ဝါးသိုင်းဆိုတာ ကောင်းကင်ထက်က ဆင်းသက်လာတဲ့ဟာမလား"

"ငါက အဲဒီဟာကို ပြောနေတာမဟုတ်ဘူး။ 'အချစ်တိုက်ခန်း'ဇာတ်လမ်းထဲက တာထာဝါတလက်ဝါးသိုင်းကို ပြောနေတာ"

ကျန်းမုန့်လောင် ရယ်လိုက်မိသည်။

"ရှုံးတဲ့လူကို နိုင်တဲ့လူက ပါးဆယ်ချက်ရိုက်ရမယ်။ ဘယ်အချိန် ဘယ်နေရာမှာပဲဖြစ်ဖြစ် မခုခံရဘူး။ အားဘယ်လောက်ပြင်းပြင်း အရိုက်ခံရမယ်။ ဒါပေမဲ့ ရိုက်တဲ့လူက လက်စွပ်မဝတ်ရဘူး"

"အဲဒါက ဘာဖြစ်လို့လဲ"

"တာထာဝါတလက်ဝါးသိုင်းရဲ့ ကြောက်စရာအကောင်းဆုံးအချက်က အရိုက်ခံရတာမဟုတ်ဘူး။ ဘယ်အချိန်လာရိုက်မလဲဆိုတာကို မသိရတာပဲ"

ကျန်းမုန့်လောင်က ညစ်ကျယ်ကျယ်အပြုံးတစ်ခု ပြုံးလိုက်၏။ ထို့နောက် နိုင်ငံပေါင်း၈၉နိုင်ငံ၏နာမည်စာရင်းနှင့် သူတို့ထည့်ဝင်ထားသည့် အမေရိကန်ဒေါ်လာပမာဏစာရင်းကို ထုတ်လိုက်သည်။

"သေစမ်း။ ဒါကြီးက မရဏမှတ်တမ်းလိုပဲ"

"ငါ့ကိုပြောစမ်းပါ။ သူတို့ အခု ဘယ်လိုခံစားနေရမယ်ထင်လဲ"

"မင်းဘက်က ဘယ်တော့လက်တုံ့ပြန်မလဲဆိုတာကို မသိရသလို ဘယ်နေရာကနေ လက်တုံ့ပြန်မလဲဆိုတာလည်း မသိဘူးလေ"

ကျန်းမုန့်လောင်၏ဆိုလိုရင်းကို ဝမ်လင် နားလည်လိုက်သည်။

"ဒီတော့ အခုလောက်ဆိုရင် သူတို့တွေ အရူးအမူးကြောက်ဒူးတုန်နေလောက်ပြီ။ ကောင်းကောင်းတောင်အိပ်နိုင်မှာမဟုတ်လောက်ဘူး"

"အမှန်ပဲ"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"အဲဒါကြောင့် ငါကလည်း သူတို့ကို လက်တုံ့ပြန်ဖို့ မလောတာ။ သူတို့တွေ ကြောက်လွန်းလို့ ထုံထိုင်းသွားတဲ့အထိ စောင့်နေဦးမှာ။ ဒီိကိစ္စကို မေ့လောက်တဲ့အချိန်ကျမှ သူတို့တွေကို စပရိုက်လှလှလေးပေးလိုက်မှာ"

"သောက်ကျိုးနည်း... သူတို့က လူမဆန်ဘူးဆိုရင် မင်းကတော့ တကယ့်သားရဲကောင်ပဲ"

"ဟဲဟဲ.. ဒီတော့ ဘယ်သူနဲ့ အရင်စလိုက်ရမလဲ"

All Chapters