အွန်လိုင်းညီလာခံက တော်တော်စည်ကားနေတာပဲ
Vol. 44 Ch. 654
တတိယအပတ်တွင် နိုင်ငံတကာဘဏ်ဥက္ကဋ္ဌသုံးယောက် နှုတ်ထွက်သွားသည်။ သမ္မတနှစ်ယောက်လည်း ရာထူးက ဆင်းသွားခဲ့သည်။
စတုတ္ထအပတ်တွင်မူ နိုင်ငံတကာဘဏ်ဥက္ကဋ္ဌခုနစ်ယောက် နှုတ်ထွက်ကာ သမ္မတလေးဦး ရာထူးမှ ဆင်းသွားပြန်သည်။
တစ်လအတွင်းမှာပင် ပင်မဘဏ်စုစုပေါင်းသုံးဆယ်ကျော်၏ အကြီးအကဲများမှာ ရာထူးက ဆင်းသွားခဲ့ကြပြီး ထိုရာထူးတစ်ဝက်ကျော်ကား အစားဝင်မည့်လူပင် မရှိဘဲ လစ်လပ်နေဆဲပင်။ ဥရောပနှင့် အမေရိကရှိ သမ္မတ၂၈ဦး နှုတ်ထွက်သွားခဲ့ပြီး ယနေ့အချိန်အထိ နိုင်ငံပေါင်း၂၃နိုင်ငံတွင် သမ္မတရွေးကောက်ပွဲဝင်မည့်လူ တစ်ဦးတစ်ယောက်မျှပင် မရှိသေးပေ။
"ဒီအတိုင်းတော့ မဖြစ်တော့ဘူး။ ငါတို့ သေမယ့်နေ့ကို ဒီအတိုင်းထိုင်စောင့်နေလို့ မဖြစ်ဘူး"
"ဟုတ်တယ်။ ကိုယ့်ကိုယ်ကိုယ်ကြောက်လန့်အောင် ထပ်လုပ်နေလို့မဖြစ်ဘူး။ ဒီအတိုင်းသာဆက်သွားရင် ကျန်းမုန့်လောင်က ငါတို့ကို ဘာမှမလုပ်ရသေးခင်မှာတင် ငါတို့တွေ စိုးရိမ်စိတ်လွန်ကဲပြီး စိတ်ဝေဒနာသည်တွေ ဖြစ်ကုန်တော့မယ်"
ကျန်ရှိနေသေးသော နိုင်ငံ့ခေါင်းဆောင်များမှာ တစ်လအကြာမှသာ ဤအချက်ကို သဘောပေါက်လာကြသည်။ ကျန်းမုန့်လောင်သည် သူတို့ကို ရေနွေးပူထဲရှိ ဖားများနှယ် ဖြည်းဖြည်းချင်း အားအင်ကုန်ခမ်းသွားစေမည့် နည်းဗျူဟာကို သုံးနေခြင်းပင်။
ကျန်းမုန့်လောင်က လက်စားချေရန် မပြင်ဆင်ထားခြင်းမဟုတ်ဘဲ သူ့လက်စားချေမှုမှာ စတင်နေပြီဖြစ်၏။ သူတို့ကသာ သတိမထားမိကြခြင်းပင်။
ထိုအချိန်တွင် သူတို့ကြားရှိ ဆက်ဆံရေးမှာ တစ်ဖန်ပြန်စည်းလုံးသွားကြသည်။ ကျန်းမုန့်လောင်ကို စီးပွားရေးအရ အနိုင်မပိုင်းနိုင်ပါက လူကိုအပြတ်ရှင်းပစ်ရန် ကြိုးစားခြင်းကသာ ပိုကောင်းပေလိမ့်မည်။
ဟွာရှားစံတော်ချိန် ည၁၁နာရီခွဲတွင် လွန်ခဲ့သည့်တစ်လတုန်းက ကျန်းမုန့်လောင်ကို စုပေါင်းတိုက်ခိုက်ရာတွင် ပါဝင်ခဲ့ကြသော အဖွဲ့ဝင်နိုင်ငံအားလုံးမှ အရေးကြီးပုဂ္ဂိုလ်များ တက်ရောက်ကြသည့် အွန်လိုင်းအစည်းအဝေးတစ်ခုကို ကျင်းပခဲ့သည်။ သမ္မတနုတ်ထွက်သွားကြသည့် နိုင်ငံများပင် ကိုယ်စားလှယ်များ စေလွှတ်ခဲ့ကြသည်။
ကျန်းမုန့်လောင်အကြောင်း သူတို့နားလည်ထားသလောက်ဆိုလျှင် ထိုလူများ ရာထူးက နှုတ်ထွက်သွားသည့်တိုင် ကျန်းမုန့်လောင်ကတော့ သူတို့နိုင်ငံများကို ချမ်းသာပေးမည်မဟုတ်ပေ။ သေရမည့်နေ့ကို ထိုင်စောင့်နေမည့်အစား နောင်တွင် ပြဿနာရှင်းစေရန် အမြစ်ပြတ်သုတ်သင်ခြင်းက ပိုကောင်းသည်ဟု သူတို့ ယူဆထားကြသည်။
"ဘယ်လိုလုပ်ပြီး ၈၈ယောက်ပဲ ရောက်နေတာလဲ"
အစည်းအဝေးကို တာဝန်ယူထားသူမှာ အမေရိကန်မှ အကြီးအကဲဖြစ်ပြီး သူသည် အမေရိက၏ စစ်ဆင်ရေးခေါင်းဆောင်နှင့် အထက်လူကြီးများကို ကိုယ်စားပြုသူလည်း ဖြစ်၏။
ဘရူတက်စ်က ဖန်သားပြင်ကို ကြည့်လိုက်၏။
"ဘယ်နိုင်ငံက အစည်းအဝေးမတက်တာလဲ"
"ကိုင်ဘွန်နိုင်ငံရဲ့ကိုယ်စားလှယ် ပျက်ကွက်တာပါ"
"ဘာ? ဒီအချိန်ကျမှ သူတို့က ကြောက်ပြီးနောက်ဆုတ်ချင်နေတာလား"
ဘရူတက်စ်က အေးတိအေးစက်နှာခေါင်းရှုံ့လိုက်သည်။
"ကျန်းမုန့်လောင်က သူတို့ကို အလွတ်ပေးမယ်လို့များ ထင်နေတာလား"
"ကိုင်ဘွန်ဘက်ကလူတွေ ပြောတာတော့ ဘယ်လိုရလဒ်ပဲဖြစ်ဖြစ် သူတို့ဘာသာ တာဝန်ယူပါ့မယ်တဲ့"
"ငကြောက်တွေ"
အရာရှိအမြောက်အများက ကိုင်ဘွန်နိုင်ငံကို အထင်အမြင်သေးဟန်ဖြင့် ဝေဖန်လိုက်ကြသည်။
"ဟက်ချိုး"
ထိုအချိန်တွင် ကိုင်ဘွန်နိုင်ငံကိုယ်စားလှယ်ခမျာ ရုတ်တရက် နှာချေလိုက်သည်။ သူသည် ကိုင်ဘွန်နိုင်ငံ၏ စီးပွားရေးကို ထိန်းချုပ်ထားသူဖြစ်ပြီး ကျန်းမုန့်လောင်ကိုလုပ်ကြံမည့် အစီအစဉ်တွင် မပါဝင်ရန် ဆုံးဖြတ်ချက်ချခဲ့သူလည်း ဖြစ်၏။
အကြောင်းမှာ မကြာသေးခင်က လျှို့ဝှက်ချက်တချို့ကို သိခဲ့ရသောကြောင့်ပင်။ ကျန်းမုန့်လောင်သည် ချမ်းသာရုံသာမက သူ့လက်အောက်ငယ်သားများကလည်း ထူးခြားပြီး အရည်အချင်းရှိကြသည်။ ကျန်းမုန့်လောင်ကိုယ်တိုင်ကလည်း နက်နဲလှသောခွန်အားကို ပိုင်ဆိုင်ထားသည့် ထိပ်တန်းပညာရှင်တစ်ယောက်ပင်။
မနှစ်ကဖြစ်ပွားခဲ့သော "ဟွိုက်ကျဲ"၏ဖြစ်ရပ်အကြောင်း ကြားသိရပြီးနောက် အစောပိုင်းတုန်းက သူချခဲ့သော ဆုံးဖြတ်ချက်များအတွက် ဇောချွေးများပင် တဒီးဒီးကျခဲ့သည်။ ဤမျှအရေးကြီးသော ကိစ္စတစ်ခုကို သူ့အား မည်သူကမှ အသိမပေးခဲ့ကြပေ။
ဤလူများက ငွေကြေးအမြောက်အမြား ဆုံးရှုံးထားရသဖြင့် ယခုအခါ ကျန်းမုန့်လောင်ကိုသတ်ဖြတ်ရန် ကြိုးစားနေကြသည်။ သို့သော် သူတို့ လုပ်နိုင်မည်လော။ သူတို့၏ မြေအောက်နင်ဂျာများပင် ကျန်းမုန့်လောင်ထံတွင် အကြီးအကျယ်ပညာပေးခံခဲ့ရသည်။ သူတို့၏နိုင်ငံတော်ရတနာဖြစ်သော နတ်ဘုရားလက်နက်ကိုပင် ကျန်းမုန့်လောင်က အသားလွှာလှီးရန် အသုံးပြုခဲ့သေးသည်။
အရေးအကြီးဆုံးမှာ သူတို့၏နင်ဂျာများထဲတွင် "စစ်နတ်ဘုရား"ဟု တင်စားခံထားရသူမှာ ကိုင်ဘွန်နိုင်ငံ၏ အထူးသီးသန့်ဆေးကုသဆောင်ထဲတွင် ယခုအထိ လဲလျောင်းနေရဆဲပင်။ သူသာ မရူးသေးလျှင် ကျန်းမုန့်လောင်ကို ရန်စဖို့ စဉ်းစားမိမည်မဟုတ်ပေ။
ယခုမူ ကျန်းမုန့်လောင် ဒေါသပြေသွားအောင် မည်သို့လုပ်ရမလဲဆိုသည်ကိုသာ သူ တွေးရပေတော့မည်။ အခြားနိုင်ငံများ၏အရေးကို ဂရုမစိုက်နိုင်တော့ပေ။ သူတို့ကို ကျန်းမုန့်လောင် ဆုံးမမည့်အချိန်ကိုပင် စောင့်ကြည့်ချင်နေသေးသည်။ မည်သို့ပင်ဖြစ်စေ သူတို့ချည်း သင်ခန်းစာအပေးခံရမည် မဟုတ်သည့်အတွက် ဤရလဒ်နှင့်ပတ်သက်ပြီး ကျေနပ်မိသည်။
...
"ကဲ... သူတို့ကိုမေ့ထားလိုက်။ ခင်ဗျားတို့ကို ဘာလို့ ဒီမှာစုခိုင်းထားလဲဆိုတာ အားလုံးသိကြမှာပါ"
ဘရူတက်စ်က ဆိုသည်။
"ကျုပ်တို့ရဲ့နောက်ဆုံးအစီအစဉ်က ကျရှုံးခဲ့တယ်။ ကျန်းမုန့်လောင်က ကျုပ်တို့ကို တစ်ချိန်ချိန်မှာ လက်တုံ့ပြန်မှာပဲ။ အဲဒီအတွက် ကျုပ်တို့ ကြိုပြင်ဆင်ထားရမယ်"
"ကျုပ်တို့နိုင်ငံတွေက အထူးတပ်ဖွဲ့တွေကို စေလွှတ်ပြီး သူ့ကိုသတ်ပစ်လိုက်ရင် နားအေးသွားပြီလေ။ မဟုတ်ဘူးလား"
"ငတုံးတွေ.. ဟွာရှားနိုင်ငံရဲ့ လုံရှားအထူးစစ်ဆင်ရေးအဖွဲ့က အလှပြထားတယ်များ ထင်နေတာလား"
လူတစ်ယောက်က ချက်ချင်းဆိုသလို ကြိမ်းမောင်းလိုက်သည်။
"အရင်ကသာဆိုရင် ဖြစ်နိုင်ပေမဲ့ အခု ဟွာရှားနိုင်ငံရဲ့ သိုင်းနတ်ဘုရားက ဒဏ္ဍာရီလာအဆင့်ကို ကျော်လွန်ပြီး ထျန်းယွမ်အဆင့်ကိုတောင် ရောက်သွားပြီ။ ဘယ်သူက သူ့ကို ယှဉ်နိုင်မှာလဲ"
"အမေရိကရဲ့ ဘုရင်ခုနစ်ပါးကရော ဘယ်လိုအခြေအနေရှိလဲ"
တစ်စုံတစ်ယောက်က မေးလိုက်သည်။
"သူတို့က အရင်ကတည်းက စိတ်တန်ခိုးရှင်အဆင့်ကို ရောက်နေကြပြီမဟုတ်ဘူးလား။ ဒီနှစ်တွေအတွင်း တစ်ယောက်မှ အဆင့်မတက်ကြဘူးလား"
"ဝမ်းနည်းစရာပဲ။ သူတို့ထဲက ခြောက်ယောက်က ကျရှုံးသွားခဲ့တယ်လေ"
ဘရူတက်စ်က ပြောလိုက်သည်။
"ဒါပေမဲ့ တစ်ယောက်ကတော့ အဆင့်အသစ်ကို တက်လှမ်းဖို့ နီးနေပြီ။ ဒါပေမဲ့ လုံးဝအဆင့်တက်ဖို့ အချိန်လိုသေးတယ်။ ကျုပ် သူ့ကို သွားမနှောင့်ယှက်ချင်သေးဘူး"
"ဒါဆိုရင် ဒီနေ့အစည်းအဝေးက အချိန်ကုန်ရုံပဲရှိတာပေါ့။ ထျန်းယွမ်အဆင့်ပညာရှင်တွေမရှိရင် ဟွာရှားနိုင်ငံထဲကို ခြေတောင်ချနိုင်မှာမဟုတ်ဘူး"
"ဟုတ်တယ်။ ပြီးတော့ ကျန်းမုန့်လောင်ဘေးမှာ ထိပ်တန်းပညာရှင်ကြီးတွေ ရှိနေလိမ့်မယ်လို့ ကျုပ် သံသယဖြစ်မိတယ်"
"ဟုတ်တယ်... စဉ်းစားကြည့်လေ။ သူ့မိသားစုက နှစ်ပေါင်းငါးထောင်ခြောက်ထောင်လောက် သက်တမ်းရှိခဲ့တာဆိုရင် ဟွာရှားရဲ့ ရှေးဟောင်းကျင့်စဉ်တွေကို ကျွမ်းကျင်တတ်မြောက်ထားတဲ့ ပညာရှင်တွေအများကြီး ရှိနေနိုင်တယ်"
"ဟုတ်တယ်... ဟွာရှားနိုင်ငံရဲ့ ရှေးဟောင်းသိုင်းပညာတွေက အဲဒီအချိန်ကတည်းက စတင်ခဲ့တာလို့ ကြားဖူးတယ်။ အခု ဟွာရှားသိုင်းပညာတွေ အရင်ကလို အစွမ်းမထက်တော့တာက ကျင့်စဉ်အများစုက သမိုင်းကြောင်းတစ်လျှောက် ပျောက်ကွယ်သွားခဲ့လို့ပဲ။ ဒါပေမဲ့ သူတို့ရဲ့အမွေအနှစ်က ဘယ်တုန်းကမှ မပြတ်တောက်ခဲ့ဘူးဆိုတော့ ကျန်းမုန့်လောင်ကို ကာကွယ်ပေးနေတဲ့အထဲမှာ ထျန်းယွမ်အဆင့် ပညာရှင်တွေတောင် ရှိနေနိုင်တယ်"
လူတိုင်းဟာ အကြိတ်အနယ်ဆွေးနွေးနေကြသည်။ သူတို့ခမျာ ကျန်းမုန့်လောင်ကို ဖြုတ်ချချင်ကြသော်လည်း သူတို့နိုင်ငံရှိ စိတ်စွမ်းအားရှင်များထဲတွင် နတ်ဘုရားအဆင့်စိတ်စွမ်းအားရှင်ဟူ၍ တစ်ယောက်မှမရှိလေရာ သူတို့အနေနှင့် ဘာတတ်နိုင်မည်နည်း။
"ကဲ... ခင်ဗျားတို့တွေက သိုင်းနတ်ဘုရားကို ကြောက်နေကြတာ ကျုပ်သိတယ်"
ဘရူတက်စ်က ဆိုသည်။
"ကျုပ်တို့ဟွာရှားနိုင်ငံထဲကိုကို ဝင်လို့မရဘူးဆိုရင် ကျန်းမုန့်လောင် အပြင်ထွက်လာမယ့်အချိန်ကိုပဲ စောင့်ရမှာပေါ့"
"ကျန်းမုန့်လောင်ဘေးမှာ ရှိနေနိုင်တဲ့ ပညာရှင်တွေအတွက်တော့..."
ဘရူတက်စ်က လှောင်ပြုံးပြုံးလျက် ဆိုလိုက်လေသည်။
"တကယ်လို့ အဲဒီလိုလူတွေ ရှိခဲ့မယ်ဆိုရင် ဟွာရှားနိုင်ငံရဲ့ခေတ်သစ်သမိုင်းမှာ ခက်ခဲကျပ်တည်းခဲ့တဲ့အချိန်တွေကို ကျန်းမုန့်လောင်ရဲ့ဘိုးဘေးတွေက ဒီအတိုင်းထိုင်ကြည့်နေပါ့မလား"
"ဒါလည်း ဟုတ်တာပဲ"
"ဟုတ်တယ်။ သည်းညည်းမခံနိုင်တဲ့ သူတို့စရိုက်အရဆိုရင် သူတို့ဘက်မှာ ဒီလောက်အစွမ်းထက်တဲ့လူတွေသာ တကယ်ရှိခဲ့ရင် ဂျန်ဂစ်ခန်လိုမျိုး လက်တုံ့ပြန်ပြီး အိမ်နီးချင်းတိုင်းပြည်တွေကို ဟိုးအရင်ကတည်းက သိမ်းပိုက်ပြီးလောက်ပြီ"
"ဒါပေမဲ့ သူ ဘယ်တော့ထွက်လာမလဲဆိုတာ ဘယ်လိုလုပ်သိမှာလဲ။ တကယ်လို့ လုံးဝထွက်မလာဘူးဆိုရင် ကျုပ်တို့က တစ်သက်လုံးထိုင်စောင့်နေရမှာလား"
"မကြာခင် ထွက်လာလိမ့်မယ်"
ဘရူတက်စ်က လှောင်ပြုံးပြုံးလျက် ပြောလိုက်လေသည်။
"ကျုပ်တို့နိုင်ငံက ဟွာရှားလုပ်ငန်းစုတွေမှာ ဘယ်လောက်တောင်ရင်းနှီးမြှုပ်နှံထားလဲဆိုတာ ခင်ဗျားတို့သိလား။ သူတို့ရဲ့ပင်မဒေတာတွေကို ကျုပ်တို့ အများကြီးရယူနိုင်တယ်။ အထူးသဖြင့် ဆိုရှယ်မီဒီယာတွေက စကားပြောဝိုင်းတွေပေါ့"
"ခင်ဗျား ဘာသတင်းရထားလို့လဲ"
"ဟွာရှားနိုင်ငံက ဆောင်းတွင်းပိတ်ရက်ကို ရောက်တော့မှာ။ ကျန်းမုန့်လောင်က ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်မှာ ဘွဲ့လွန်းတက်နေတာလေ။ သူက သူ့သုတေသနအဖွဲ့ထဲက စီနီယာဂျူနီယာတွေနဲ့အတူ သူ့ကောင်မလေးကိုပါခေါ်ပြီး အာဖရိကကို လဝက်ခရီးထွက်ဖို့ ပြင်ဆင်ထားတယ်။ ဟွာရှားနိုင်ငံထဲက သူထွက်လာတာနဲ့ ကျုပ်တို့ အခွင့်အရေးရပြီပဲ"
"အဲဒီလိုအခွင့်အရေးမျိုးရှိတာလား။ ဒါက ဘုရားပေးတဲ့ဆုလာဘ်ပဲ"
"ဟုတ်တယ် ဟားဟားဟား... သူတို့ နိုင်ငံခြားကိုသွားဖို့ လေယာဉ်စီးရမယ်မဟုတ်လား။ ကျုပ်တို့တွေ ဘာခြေရာလက်ရာမှမကျန်အောင် သေသေသပ်သပ်ကိုင်တွယ်မှဖြစ်မယ်"
"အမှန်ပဲ။ လေယာဉ်မတော်တဆမှုကြောင့် လူသေတယ်ဆိုတာ မထူးဆန်းဘူးမလား"
...
"ဒီအွန်လိုင်းညီလာခံက တော်တော်စည်ကားနေတာပဲ"
ဟွာရှားနိုင်ငံ ကျန်းနန်မြို့တွင် ကျန်းမုန့်လောင်က ကိရိယာတစ်ခုမှတစ်ဆင့် သူတို့၏အစီအစဉ်အစအဆုံးကို နားထောင်နေလိမ့်မည်ဟု မည်သူကမှ ထင်မထားကြပေ။
သာမန်ကွန်ယက်လေးတစ်ခုထဲသို့ ထိုးဖောက်ဝင်ရောက်ရခြင်းမှာ ကျန်းမုန့်လောင်အတွက်တော့ မခက်ခဲလှပေ။
"မစ္စတာကျန်း.. ကျွန်တော် သူတို့ကို အခုချက်ချင်းသွားသုတ်သင်လိုက်ရမလား"
ယဲ့ရင်က ဘေးနားမှ မေးလာလေသည်။
"ကျွန်တော် ဒုတိယကမ္ဘာက အဖွဲ့အစည်းတွေအားလုံးကို ညတွင်းချင်း ပျောက်ကွယ်သွားအောင် လုပ်နိုင်ပါတယ်။ သူတို့က လူကြီးမင်းကိုတောင် လုပ်ကြံဖို့ အစီအစဉ်ဆွဲရဲတယ်ဆိုမှတော့ ခွင့်လွှတ်ပေးလို့မရပါဘူး"
"မလုပ်နဲ့ဦး။ မင်း သူတို့တွေအကုန်လုံးကို ရှင်းထုတ်ပစ်လိုက်ရင် ငါက ဘယ်လိုသွားပျော်ရတော့မှာလဲ"
ကျန်းမုန့်လောင်က ပြုံးလိုက်၏။
"သူတို့ဘက်က ကစားချင်နေမှတော့ နည်းနည်းလောက်ကစားပေးလိုက်ကြတာပေါ့"