သူတို့တွေက စိတ်လည်းမမာကြဘူး
Vol. 44 Ch. 653
"ဘော့စ်.. ကျွန်တော်တို့တွေ ငွေလဲနှုန်းကိုလည်း တည်ငြိမ်အောင်လုပ်ပြီးပါပြီ။ ရန်ပုံငွေတွေအကုန်လုံးကိုလည်း ပြန်ထုတ်ပြီးပါပြီ"
သုံးရက်အကြာတွင် ကျန်းမုန့်လောင်ထံသို့ ရွှီကျဲက အစီရင်ခံတင်ပြလာသည်။ ဈေးကွက်ထဲရှိ ငွေများကို ထုတ်ယူခြင်းမှာ ဈေးကွက်ကိုဖျက်ဆီးခြင်းလောက် မရိုးရှင်းပေ။ အကြောင်းမှာ လွန်ခဲ့သည့်နှစ်ရက်တုန်းက တစ်ဖက်အဖွဲ့နှင့် အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရပြီး လက်ကျန်ငွေကိုလည်း အကြမ်းဖျင်းထိန်းသိမ်းခဲ့ရသောကြောင့်ပင်။
လက်ရှိတွင် ဈေးကွက်အတွင်း၌ အမေရိကန်ဒေါ်လာ တစ်ရာထရီလီယံနီးပါး ပိတ်မိနေသည်။ တစ်ခါတည်းအကုန်ထုတ်လိုက်ပါက ငွေကြေးဈေးကွက်မှာ ချက်ချင်းပြိုလဲသွားပေလိမ့်မည်။ ထို့ကြောင့် ဖြည်းဖြည်းချင်းကိုင်တွယ်ရန် လိုအပ်သည်။
သို့သော် သုံးရက်အတွင်း ငွေကြေးဈေးကွက်ကို လုံးဝတည်ငြိမ်သွားအောင်လုပ်နိုင်ခြင်းမှာ ဤကုန်သွယ်သူများ၏ စွမ်းဆောင်ရည်က မည်မျှမြင့်မားကြောင်း ပြသနေသည်။
"တော်တယ်။ မင်းတို့တွေ ပင်ပန်းသွားပြီ။ ဒီတစ်ခေါက် ငါတို့ ဘယ်လောက်ရလိုက်လဲ။ အဲဒီထဲက ၁၀ရာခိုင်နှုန်းကို မင်းတို့ဘာသာ ယူလိုက်တော့"
"ဟဲဟဲ ဘော့စ်.. ဒါဆို ကျွန်တော်ယဉ်ကျေးမနေတော့ဘူးနော်"
ရွှီကျဲက ရယ်လိုက်၏။ တွက်ချက်မှုအတိုင်းဆိုလျှင် သူတို့တစ်ယောက်ချင်းစီမှာ အမေရိကန်ဒေါ်လာသန်းရာဂဏန်းလောက် ရလိမ့်မည်သာ။ ဤသည်မှာ ဝမ်းသာစရာကောင်းလှသည်မဟုတ်လား။
"ဘော့စ်.. ကျန်တဲ့ရန်ပုံငွေတွေကို ဘယ်လိုလုပ်လိုက်ရမလဲ"
"မိသားစုတစ်ခုချင်းစီကို ပါဝင်ကူညီမှုအချိုးအစားအလိုက် ခွဲပေးလိုက်"
ကျန်းမုန့်လောင်က ပြုံးလျက် ပြောလိုက်လေသည်။
"ငါ့ကိုသစ္စာရှိတဲ့ မိသားစုတွေကို ဆုချသင့်တာပေါ့။ ငါ့အတွက် ဝေစုတော့မလိုပါဘူး။ နောက်ဆုံးကျရင် ဒီပိုင်ဆိုင်မှုတွေအကုန်လုံးက ငါ့လက်ထဲရောက်လာမှာပဲ"
"ဘော့စ်ရဲ့ရက်ရောမှုကြောင့် သူတို့လည်း သေချာပေါက်ကျေးဇူးတင်နေမှာပါ"
ရွှီကျဲက ဖုန်းမချခင် စကားအနည်းငယ်ပြောသွားသေးသည်။
...
ယခုရက်ပိုင်းအတွင်း နိုင်ငံတကာတွင် အေးဆေးတည်ငြိမ်နေသည်ဟု ထင်ရသော်လည်း နောက်ကွယ်တွင်မူ လူတိုင်း စိုးရိမ်ပူပန်နေကြသည်။
ကျန်းမုန့်လောင်၏စရိုက်အရဆိုလျှင် သူ့ကို ရန်စလျှင် လက်တုံ့မပြန်သောအချိန်ဟူ၍ မရှိခဲ့ဖူးပေ။ ဤတစ်ခေါက်တွင် သူသည် အနိုင်ရခဲ့ပါသည့်တိုင် လက်တုံ့မပြန်ဘဲ ငြိမ်နေမည်ဆိုပါက သူ့နာမည်မှာ ကျန်းမုန့်လောင်မဟုတ်တော့ပေ။
ကျားတစ်ကောင်ပင် ပုရွက်ဆိတ်အကိုက်ခံရလျှင် စိတ်တိုတတ်သည်။ ကျန်းမုန့်လောင်ကဲ့သို့ မာနကြီးသူတစ်ယောက်ဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။
ပါဝင်ပတ်သက်ခဲ့သည့် အမိုက်အမဲနိုင်ငံပေါင်း၈၉နိုင်ငံက ကျန်းမုန့်လောင်ဆောင်ကြဉ်းလာမည့် မုန်တိုင်းကို ရင်ဆိုင်ရန် အသင့်ပြင်ထားသည်။ သို့သော် သုံးရက်ကျော်သွားပါသည့်တိုင် ကျန်းမုန့်လောင်ကတော့ ပျောက်ခြင်းမလှ ပျောက်နေပေသည်။ အမြတ်ငွေများကို ကိုင်တွယ်ဖြေရှင်းရင်း မအားလပ်ဘူးဆိုလျှင်ပင် ယခုအချိန်တွင် လှုပ်ရှားမှုတစ်ခုခုတော့ ရှိသင့်ပြီမဟုတ်လော။
ကျန်းမုန့်လောင်ဘက်က လက်စားချေမည့် အရိပ်အယောင်ကို မပြရုံသာမက လူမှုကွန်ယက်မှာရော ဝေးပေါ်မှာပါ ဘာပို့စ်မှ မတင်ထားပေ။ ဤသည်မှာ ယုတ္တိမရှိလှပေ။ ဤတစ်ခေါက်တွင် ကျန်းမုန့်လောင်က သဘောထားကြီးနေခြင်းမျိုးလေလား။
သို့တည်းမဟုတ် နိုင်ငံပေါင်း၈၉နိုင်ငံကို တစ်ပြိုင်တည်းရင်ဆိုင်လိုက်ပါက နိုင်ငံတကာမှ ဆိုးဝါးသောတုံ့ပြန်မှုတစ်ခု ဖြစ်လာမည်စိုးသဖြင့် သူတို့ကို လွှတ်ပေးလိုက်ခြင်းလေလား။
မဖြစ်နိုင်တာ..
ထိုဖြစ်နိုင်ခြေကို သူတို့ ချက်ချင်းဖယ်ထုတ်လိုက်သည်။ ကျန်းမုန့်လောင် ပြန်ပေးဆွဲခံထားရခြင်းမဟုတ်သရွေ့ ကမ္ဘာမြေတုန်လှုပ်ဖွယ်လှုပ်ရှားမှုကြီးတစ်ခုကို မလုပ်လျှင်ပင် သူတို့ကို အကြီးအကျယ်ဖြိုချနိုင်မည့် နည်းလမ်းတစ်ခုခုကို သေချာပေါက်ရှာပေလိမ့်မည်။
ကျန်းမုန့်လောင်က ခွင့်လွှတ်သည်းခံပေးလိမ့်မည်ဟု မျှော်လင့်နေလေသလား။ ဤသည်မှာ "အနောက်အရပ်သို့ ခရီးသွားခြင်း"ဇာတ်လမ်းထဲရှိ ကြက်က တောင်လိုပုံနေသော ဆန်များကိုစားနိုင်ပြီး ခွေးက ခေါက်ဆွဲတောင်တန်းကြီးကို ကုန်အောင်လျက်ပြီး မီးက သံကြိုးများကို ချိုးဖျက်နိုင်မှသာ ဖြစ်ပေလိမ့်မည်။
ဤကဲ့သို့သောအခြေအနေမှာ နေပေါ်တွင် ခလုတ်တစ်ခုတပ်ခြင်း၊ မြစ်ဝါမြစ်ထဲမှာ လက်ရန်းတပ်ခြင်း၊ လေယာဉ်တွင် နောက်ပြန်ဂီယာတပ်ခြင်း သို့မဟုတ် မဟာတံတိုင်းကြီးကို ကြွေပြားကပ်ခြင်းကဲ့သို့ အဓိပ္ပာယ်မရှိလှသော ကိစ္စမျိုးပင်။
တစ်ပတ်ကျော်သွားသော်လည်း ကျန်းမုန့်လောင်ဘက်က ဘာမှတုံ့ပြန်မလာပေ။
ထိုလူများမှာ စိတ်အေးသွားရမည့်အစား ပိုထိတ်လန့်လာကြသည်။ ယခုလို စိုးထိတ်နေရမည့်အစား ကျန်းမုန့်လောင် သူတို့အား အက်တမ်ဗုံးဖြင့် ပစ်မည့်အရေးကိုသာ ခံလိုက်ချင်တော့သည်။ ဤမုန်တိုင်းက သည့်ထက်ပိုပြင်းထန်၍မဖြစ်တော့ဘူးလား။
"အမေရိကန်ရဲ့အကြီးဆုံးဘဏ်ဥက္ကဋ္ဌ မစ္စတာပိုဒိုလီယာက မိမိသဘောဆန္ဒအလျောက် နှုတ်ထွက်သွားပါပြီ။ မစ္စတာပိုဒိုလီယာက ပြင်းထန်တဲ့ စိတ်ဝေဒနာကို ခံစားနေရတာကြောင့် အလုပ်ဆက်မလုပ်နိုင်တော့ဘူးလို့ သူ့ဆရာဝန်က ပြောကြားခဲ့ပါတယ်"
"ဥရောပငွေကြေးစီမံခန့်ခွဲရေးကော်မတီရဲ့ ဂိုးလ်ဖက်စ်ဟာ အလုပ်ဖိအားနဲ့ အသက်အရွယ်ကြီးရင့်မှုကြောင့် အနားယူတော့မယ်လို့ ထုတ်ပြန်ကြေညာပြီး မနေ့ကပဲ နှုတ်ထွက်သွားပါတယ်။ သူ့တာဝန်ကိုတော့ ဒုဥက္ကဋ္ဌရီတာက ဆက်တာဝန်ယူသွားမှာပါ"
"ဒီနေ့ ဥရောပနိုင်ငံတွေထဲက သမ္မတသုံးယောက်ဟာ မိမိသဘောဆန္ဒအလျောက် နှုတ်ထွက်သွားပါတယ်။ အကြောင်းအရင်းကတော့ ပြတ်သားမှုမရှိပါဘူး။ ဒါပေမဲ့ သူတို့လက်ထောက်တွေရဲ့ ပြောကြားချက်အရ အခုနောက်ပိုင်း အိပ်စက်မှုနည်းပါးခြင်းကြောင့် တစ်ယောက်ဆိုရင် လွှတ်တော်ထဲမှာတင် မူးလဲသွားတယ်လို့ သိရပါတယ်"
...
လူတစ်ယောက်နှစ်ယောက်သာ ယခုလိုဖြစ်လျှင် သာမန်ဖြစ်နိုင်ပါသော်ငြား တစ်ပတ်အတွင်းမှာပင် ကမ္ဘာ့ဘဏ်၁၇ခုရှိ ဥက္ကဋ္ဌများ နှုတ်ထွက်ခြင်း၊ နိုင်ငံ၂၂နိုင်ငံ၏ ခေါင်းဆောင်ပိုင်းများ အပြောင်းအလဲဖြစ်ခြင်းနှင့် လူအမြောက်အများ စိတ်ကျရောဂါခံစားရခြင်းတို့မှာ စဉ်းစားစရာဖြစ်လာသည်။ နိုင်ငံတကာအရေးကိစ္စများကို ဆွေးနွေးလေ့မရှိသော ဟွာရှားနိုင်ငံ၏ လူမှုကွန်ယက်မှာပင် အကြိတ်အနယ်ဆွေးနွေးနေကြတော့သည်။
"အမလေး.. အခုတလော ဘာတွေဖြစ်နေတာလဲ။ ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်ကြီးတွေ အနားယူကုန်ပြီ။ သူတို့က ကျန်းမာရေးလိုက်စားကြတော့မလို့လား"
"ဒီအခြေအနေကြီးတစ်ခုလုံး တစ်ခုခုတော့မှားနေပြီထင်တယ်။ တခြားလူတွေတော့မသိဘူး။ ဥရောပငွေကြေးစီမံခန့်ခွဲရေးကော်မတီက ဂျင်ဖူရှီကို ငါသိတယ်။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းကတောင် ငါ သူ့ကို သတင်းထဲမှာ မြင်လိုက်သေးတယ်။ သူက အသက်၃၂နှစ်ပဲ ရှိသေးတာလေ။ အသက်၃၂နှစ်နဲ့တင် အသက်တအားကြီးနေပြီတဲ့လား။ သူက အနားယူရလောက်တဲ့အထိများ အသက်ကြီးနေပြီလား"
"သူတို့တွေ တစ်ယောက်ယောက်ကို အပြစ်ပြုမိသွားလို့ အခုလိုမျိုး တစ်ညီတစ်ညွတ်တည်း ရှောင်ပြေးသွားတာများလား"
"အပေါ်ထပ်က လူရဲ့ ဆန်းစစ်ချက်က အဓိပ္ပာယ်ရှိတယ်။ ဒါပေမဲ့ ကမ္ဘာ့ထိပ်တန်းက လူတွေအများကြီးကို ဒီလောက်အထိ ကြောက်သွားအောင်လုပ်နိုင်တဲ့လူက ဘယ်သူလဲ"
"ယွမ်ဖန်း.. မင်း ဘယ်လိုထင်လဲ"
"ဒီကိစ္စက တစ်ခုခုတော့ထူးဆန်းနေပြီဟေ့"
...
သို့သော် ဒုတိယအပတ်တွင်မူ အခြေအနေက ပိုဆိုးလာခဲ့ပြီး သတင်းခေါင်းစီးများမှာ တစ်ခုပြီးတစ်ခု ထိတ်လန့်ဖွယ်ကောင်းနေတော့သည်။
"ဥရောပငွေကြေးစီမံခန့်ခွဲရေးကော်မတီရဲ့ ဒုဥက္ကဋ္ဌရီတာက ဥက္ကဋ္ဌရာထူးကို လက်ခံဖို့ ငြင်းဆိုလိုက်ပါတယ်။ 'တာဝန်ယူချင်တဲ့လူ ဘယ်သူူပဲဖြစ်ဖြစ် ယူနိုင်တယ်။ ကျုပ်ကတော့ လုံးဝမလုပ်နိုင်ဘူးလို့"လည်း ပြောကြားထားပါတယ်"
"နိုင်ငံပေါင်း၂၂နိုင်ငံမှာ သမ္မတအသစ်ရွေးကောက်ပွဲ ကျင်းပခဲ့ပေမဲ့ အကြီးတန်းအရာရှိတွေထဲက ဘယ်သူမှ စာရင်းလာမသွင်းခဲ့ကြပါဘူး"
"ပေါက်ကွဲအားပြင်းတဲ့သတင်းဟေ့။ အတွင်းလူတစ်ယောက်ပြောတာတော့ ဒီရာထူးကိုယူလိုက်တဲ့လူက အမည်မဖော်နိုင်တဲ့ ကြောက်မက်ဖွယ်ရာတစ်ခုနဲ့ ရင်ဆိုင်ရမယ်တဲ့"
"သေစမ်း။ သမ္မတလုပ်မဲ့လူမရှိဘူးဆိုရင် ငါ သွားလျှောက်လိုက်ရမလား"
"ဒါကြီးက တအားထူးဆန်းလွန်းတယ်။ အမည်မဖော်နိုင်တဲ့ ကြောက်မက်ဖွယ်ရာဆိုတာက ဘာလဲ။ သူတို့ကို ဒီလောက်အထိကြောက်အောင်လုပ်စရာလိုလို့လား"
"နှုတ်ထွက်သွားတဲ့လူတွေက အန္တရာယ်အငွေ့အသက်တစ်ခုခုကို အာရုံခံစားမိလို့ပဲဖြစ်ရမယ်ဆိုတာ ငါ အခုယုံသွားပြီ"
...
"မုန့်လောင်.. မင်းရဲ့ဒီအကွက်က အရမ်းမိုက်တာပဲ"
ဤသတင်းများကို မြင်သောအခါ ကျန်းမုန့်လောင်၏ တာထာဂါတလက်ဝါးသိုင်းက အလွန်ထိရောက်လှကြောင်း ဝမ်လင် ချက်ချင်းသိလိုက်သည်။
ဤမျှကြီးမားလှသော စိန်ခေါ်မှုကြီးကို ရင်ဆိုင်ခဲ့ရပါသည့်တိုင် ကျန်းမုန့်လောင်ဘက်က လက်တုံ့ပြန်ခြင်းမရှိသလို ဘာမှအကြောင်းမပြန်လာခြင်းမှာ သူတို့အား စိတ်ပိုင်းဆိုင်ရာညှဉ်းဆဲနေသလိုပင်။ သူတို့ခမျာ အိမ်သာတက်နေရင်းဖြင့်ပင် ထွက်ပြေးနိုင်ဖို့ ပြင်ဆင်ထားရလောက်အောင် ကြောက်လန့်နေကြပေလိမ့်မည်။
လူအမြောက်အများက စိတ်ကျရောဂါခံစားနေရပြီး တချို့ဆိုလျှင် အိပ်မက်ထဲတွင် ကျန်းမုန့်လောင်ထံမှ လိုက်ဖမ်းခံနေရလေရာ သူတို့၏စိတ်ပိုင်းဆိုင်ရာဖိအားက မည်မျှကြီးမားလိုက်မလဲဆိုသည်ကို ခန့်မှန်းကြည့်နိုင်သည်။
ထိုလူများအနေနှင့် ဤရာထူးများကို စွန့်လွှတ်ကြခြင်းမှာ မဆန်းတော့ပါချေ။ ဤပြဿနာကို ဖြေရှင်းရမည့် အချိန်သို့ ရောက်လာပါက ဖြေရှင်းချင်သူအနေနှင့် စိတ်ကြိုက်တာဝန်ယူနိုင်သည်။ သူတို့ကတော့ အရင်ဦးဆုံးထွက်ပြေးရမည်သာ။ နိုင်ငံပြိုလဲရမည်ဆိုလျှင်ပင် သူတို့နှင့် မဆိုင်သလိုသာ နေလိုက်တော့မည်။
"သူတို့ရဲ့စိတ်ဓာတ်ခွန်အားက ဒီလောက်တောင်အားနည်းတာလား"
ကျန်းမုန့်လောင်က ထိုသတင်းများကိုကြည့်၍ ရယ်လိုက်လေသည်။ သူ့ခြိမ်းခြောက်နိုင်စွမ်းကို သူကိုယ်တိုင်ပင် အံ့ဩမိသည်။ လက်ရှိအချိန်အထိ နိုင်ငံပေါင်းဆယ်ဂဏန်းကျော်က သူ့ကို ရောက်မလာစေချင်သကဲ့သို့ စစ်ရေးလေ့ကျင့်ရေးမှုများပင် လုပ်နေကြသည်။
"ဒီရက်ပိုင်း သူတို့ မျက်လုံးမှိတ်လိုက်တိုင်း မင်းရဲ့မျက်နှာကိုပဲ မြင်ယောင်နေလိမ့်မယ်ဆိုတာ ငါလောင်းရဲတယ်"
"ဒါဆိုရင်တော့ ဂုဏ်ယူစရာပဲပေါ့"
ကျန်းမုန့်လောင်က မျက်ဆန်လည်လိုက်မိသည်။
"ဒါပေမဲ့ သူတို့ စိတ်ဓာတ်နည်းနည်းလောက်ပိုမာဖို့ မျှော်လင်မိတယ်။ မဟုတ်ရင် ငါ လက်စားချေတဲ့အချိန်ကျရင် မျက်နှာသစ်တွေနဲ့ပဲ ရင်ဆိုင်နေရလိမ့်မယ်။ သူတို့ကို လက်စတုံးပစ်လိုက်မယ်ဆိုရင်တောင် အရသာရှိတော့မှာမဟုတ်ဘူး"
"ငါ့ကောင်ရေ.. မင်းက နယူကလီးယားဗုံးထက်တောင် ပိုကြောက်ဖို့ကောင်းသေးတယ်။ တစ်ကမ္ဘာလုံးကို တစ်ယောက်တည်းနဲ့ ခြောက်လှန့်ထားနိုင်တဲ့လူ နောက်တစ်ယောက်ရှိမယ်မထင်ဘူး။ ငါကတော့ ပွဲကြည့်ဖို့ပဲ အားသန်နေတာ"
"ဒါနဲ့ မင်း ပိုက်ဆံဘယ်လောက်စုထားပြီးပြီလဲ"
ကျန်းမုန့်လောင် မေးကြည့်လိုက်သည်။
"ငါ့အဆက်အသွယ်တွေအကုန်လုံးကို ဆက်သွယ်ထားပြီးပြီ။ အမေရိကန်ုေါ်လာ၁၂၀ဘီလီယံလောက် စုထားတယ်။ ခဏနေရင် မင်းဆီကိုလွှဲပေးမယ်။ အကောင့်နံပါတ်သာ ပို့လိုက်"
"တကယ်တော့ ဒိပိုက်ဆံပါပါမပါပါ သိပ်ကိစ္စမရှိပါဘူး"
"သေလိုက်လေ။ ငါ့မှာ ဒီလောက်လေးရဖို့တောင် မျက်နှာအငယ်ခံထားရတာ။ တကယ်လို့ မင်း ငါ့အတွက် နှစ်ဆပွားမပေးဘူးဆိုရင် ငါ မင်းအိမ်မှာ နေ့တိုင်း လာကပ်စားနေမှာ"
"ဟားဟားဟား မပူနဲ့"
ကျန်းမုန့်လောင်က ရယ်လိုက်လေသည်။ အမေရိကန်ဒေါ်လာ၁၂၀ဘီလီယံဆိုသည်မှာ ဖွံ့ဖြိုးပြီးနိုင်ငံများကို ရင်ဆိုင်ရန် မလုံလောက်သော်ငြား နိုင်ငံငယ်လေးများကို ဖြိုခွင်းရန်အတွက်မူ လုံလောက်ပေသည်။
"တကယ်လို့ နှစ်ဆမရှာနိုင်ခဲ့ဘူးဆိုရင် ငါ မင်းအတွက် ဒေါ်လာ၂၄၀၀ဘီလီယံလောက် ဓားပြတိုက်ပေးမယ်"