← Chapters

လက်ခံလိုက်ပါ

Vol. 44 Ch. 655

လက်ခံလိုက်ပါ

Vol. 44 Ch. 655

နောက်ထပ်နှစ်တစ်နှစ် ကုန်ဆုံးတော့မည်သာ။ ကုမ္ပဏီဝန်ထမ်းများကလည်း လုပ်ဆောင်ရည်ပန်းတိုင် ပြည့်မီရန်၊ ဘောနပ်စ်ရရန်နှင့် နှစ်သစ်ကူးအတွက် အိမ်ပြန်နိုင်ရန် အားသွန်ခွန်စိုက်ကြိုးစားနေကြသည်။

သို့သော် ကျန်းမုန့်လောင်အတွက်တော့ သူ့နေရက်များက ထူးမခြားနားပင်။ သူ၏တစ်ခုတည်းသောအလုပ်မှာ အခြားလူများ ကြိုးစားတိုးတက်နေခြင်း၊ တားဂတ်များပြည့်မီအောင် ကြိုးစားခြင်း၊ ဘောနပ်စ်များထုတ်ခြင်းတို့ကို စောင့်ကြည့်ပြီး မနက်ဖြန် ဘယ်သွားရမလဲဆိုသည်ကိုသာ စဉ်းစားနေရတတ်သည်။

ကျန်းမုန့်လောင်၏စီနီယာများကလည်း ဘွဲ့ရတော့မည်ဖြစ်၏။ ဟန်ကျင်းယွီက သူတို့အား ကျန်းနန်တက္ကသိုလ်တွင် ဆက်နေရန်အတွက် အလွန်ကောင်းမွန်သော အခွင့်အရေးများ ပေးထားသော်ငြား သူတို့ကတော့ ဘွဲ့ယူဖို့ နီးနေပြီဖြစ်ရာ အမှတ်တရဖြစ်စေရန်အလို့ငှာ အာဖရိကသို့ ခရီးအတူထွက်ရန် ဆုံးဖြတ်ခဲ့ကြသည်။

အာဖရိကသည် ဥရောပလောက် မဖွံ့ဖြိုးသော်ငြား သဘာဝရှုခင်းများမှာ စင်စစ်အံ့မခန်းဖွယ်ရာပင်။ မပျောက်ကွယ်သေးသည့် မျိုးနွယ်စုများနှင့် မိုးသစ်တောများကို မြင်တွေ့နိုင်သည့် တစ်ခုတည်းသောနေရာပင်။

သူတို့က ဟန်ကျင်းယွီကိုပါ ခေါ်လာရန် စီစဉ်ထားသော်ငြား ယခုမူ ဟန်ကျင်းယွီက တော်ဝင်ပညာရှင်တစ်ယောက်ဖြစ်နေချေပြီ။ထို့ပြင် စာပေပိုင်းဆိုင်ရာတွင်လည်း နိုဘယ်ဆုရှင်ဘွဲ့ထူးကို ရထားသေးသည်။ ယခုနောက်ပိုင်း ကျန်းမုန့်လောင်က သူ့အား သိပ္ပံနှင့်ရူပဗေဒဆိုင်ရာ အဆင့်မြင့်ကုန်ကြမ်းများကို ပေးထားသဖြင့် ဟန်ကျင်းယွီသည် သုံးလခန့် အခန်းတွင်းအောင်းကာ လေ့လာနေခဲ့သည်။

ထိုဗဟုသုတများကို လေ့လာဆည်းပူးပြီးနောက် ဟန်ကျင်းယွီမှာ အဆင့်အသစ်တစ်ခုသို့ တက်လှမ်းနိုင်ခဲ့သည်။ အမှန်အတိုင်းပြောရလျှင် သူ့တွင် ထိုဘွဲ့ထူးဂုဏ်ထူးများ ရှိထားပြီးဖြစ်သော်ငြား ၎င်းမှာ ကျန်းမုန့်လောင်၏အကူအညီဖြင့် ရထားခြင်းဖြစ်၏။ ယခုမူ သူသည် ကိုယ်ပိုင်အရည်အချင်းစစ်စစ်ဖြင့် တော်ဝင်ပညာရှင်တစ်ယောက် ဖြစ်လာလေပြီ။

တစ်လအတွင်းမှာပင် သူသည် စာတမ်းနှစ်စောင် ထုတ်ဝေခဲ့လေရာ သဘာဝနှင့် သိပ္ပံကဲ့သို့သော ကမ္ဘာ့အဆင့်မီဂျာနယ်များတွင်ပါ ဖော်ပြခံခဲ့ရသည်။ ယခုအချိန်တွင် သူသည် သင်တန်းပို့ချခြင်း သို့မဟုတ် အခြားတက္ကသိုလ်များတွင် ဟောပြောပွဲလုပ်ခြင်းတို့ဖြင့် ငွေရှာနေခြင်းမဟုတ်ပါဘဲ လုပ်ငန်းရှင်ကြီးများအတွက် အကြံပေးပုဂ္ဂိုလ်အဖြစ် လုပ်ဆောင်ရင်း ငွေရှာနေလေသည်။ သို့ဖြစ်လေရာ ခရီးသွားရန်အတွက် သိပ်စိတ်မဝင်စားပေ။

"မုန့်လောင်.. မင်းက တကယ့်ညီအစ်ကိုကောင်းပဲကွ။ မင်းရဲ့စီနီယာတွေအတွက်လည်း သတိရပေးတာပဲ"

ကျန်းမုန့်လောင်ကိုမြင်သည်နှင့် အကြီးဆုံးစီနီယာအစ်ကိုက သူ့ကို ဝမ်းသာအားရပွေ့ဖက်လိုက်သည်။

စီနီယာအစ်ကိုကျူးမုန့်ချောင်က PhDတက်နေစဉ်အတွင်း အိမ်ထောင်ကျပြီး ကလေးပင် ရနေလေပြီ။ ယခင်တုန်းက တက္ကသိုလ်က တစ်လလျှင် ထောက်ပံ့ကြေးယွမ်ခုနစ်ထောင်သာ ပေးခဲ့သဖြင့် မိသားစုကို ထောက်ပံ့ရန် ခက်ခဲခဲ့သည်။ ထို့ပြင် သူ့ယောက္ခမ၏ဖိအားကြောင့် မကြာသေးခင်ကမှ အိမ်ဝယ်ခဲ့ရသေးသဖြင့် ငွေကြေးဝန်ထုပ်ဝန်ပိုးမှာ ပိုကြီးလာခဲ့သည်။

ကျန်းမုန့်လောင် ရောက်လာခဲ့ပြီးနောက် သူ့ဘဝမှာ လုံးဝပြောင်းလဲသွားခဲ့ရသည်။

ယခု သူ့ဝင်ငွေမှာ အိမ်ချေးငွေကို ကာမိရုံသာမက မိသားစုအသုံးစရိတ်များနှင့် သားသမီးများ၏ ပညာရေးအတွက်ပါ သုံးစွဲနိုင်ပြီဖြစ်လေရာ အစတုန်းက သူ့ကိုအထင်သေးနေခဲ့သော ယောက္ခမကပါ သူ့အား လေးစားလာသည်။

အခြားလူများလည်း ထိုနည်းတူပင်။ သုတေသနအဖွဲ့ထဲရှိ လက်ရှိအကျိုးခံစားခွင့်များမှာ အိုင်တီကုမ္ပဏီကြီးများတွင် အလုပ်လုပ်နေသည့် သူတို့၏သက်တူရွယ်တူများထက်ပင် ပိုများနေချေသည်။

"မိသားစုဝင်တွေကြားမှာ အားနာနေစရာမလိုပါဘူး"

ကျန်းမုန့်လောင်က ပြုံးလျက် ပြောလိုက်သည်။

သူ ဘွဲ့လွန်စာတမ်းရေးရချိန်တုန်းက သူ့စီနီယာများက သူ့အား အများကြီးကူညီပေးခဲ့ကြသည်။

"ဪ အခုမှသတိရတယ်။ စီနီယာတို့က နောက်နှစ်ဆိုရင် ဘွဲ့ရတော့မှာဆိုတော့ ကျွန်တော် ဘာမှတော့ ထူးထူးခြားခြားမပြင်ဆင်ထားရဘူး။ ဒါပေမဲ့ ဒီလက်ဆောင်လေးတွေကို ကျွန်တော့်စေတနာအဖြစ် လက်ခံပေးပါဦး"

"ဂျူနီယာညီလေး.. မင်း ဘာလို့ တအားယဉ်ကျေးနေရတာလဲ။ တွေးပေးရုံနဲ့တင် ကျေနပ်ပါပြီ။ လက်ဆောင်တွေအထိ မလိုပါဘူး။ ငါတို့က မင်းအကူအညီကြောင့် အများကြီးအကျိုးအမြတ်ရခဲ့ပြီးပါပြီ"

ဘွဲ့ယူရတော့မည့် စီနီယာအစ်ကိုနှစ်ယောက်နှင့် အစ်မတစ်ယောက်က ပြောလိုက်လေသည်။

ယခုနှစ်တွင် အသုံးစရိတ်များကို ဖယ်လိုက်ပါက သူတို့တစ်ယောက်ချင်းစီတိုင်းမှာ ဟွာရှားယွမ်ငွေနှစ်သိန်းသုံးသိန်းခန့်ကို စုဆောင်းနိုင်ခဲ့သည်။ ထိုပမာဏမှာ သာမန်ဒုတိယအဆင့် သို့မဟုတ် တတိယအဆင့်မြို့များတွင် အရစ်ကျစနစ်နှင့် အိမ်တစ်လုံးဝယ်ရန်ပင် လုံလောက်ပေသည်။

ထို့ပြင် နိုဘယ်ဆုက ကျန်းမုန့်လောင်နှင့် ဟန်ကျင်းယွီတို့ ရထားသော်လည်း ပါဝင်သူစာရင်းတွင် သူတို့၏နာမည်များလည်း ပါသဖြင့် လွန်ခဲ့သည့်လပိုင်းအတွင်း သူတို့ထံသို့ များပြားလှသော ကမ်းလှမ်းချက်များ ဝင်ရောက်လာသည်။ ထိုအထဲတွင် ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ဆယ်ခုက သူတို့အား ပညာသင်ဆုအပြည့်ဖြင့်ပင် ကမ်းလှမ်းထားသည်။

လုပ်ငန်းရှင်များ၏ ကမ်းလှမ်းမှုကမူ ပိုကြောက်ဖို့ကောင်းလှသည်။ နှစ်စဉ်လစာငါးသိန်းထက်လျော့သော လုပ်ငန်းဟူ၍ မပါချေ။ ထိုပမာဏမှာ ဤနယ်ပယ်ထဲမှ ဘွဲ့ရများအတွက် အိပ်မက်တစ်ခုအလားပင်။

သူတို့ကတော့ တက္ကသိုလ်တွင် ဆက်နေရန်သာ ဆုံးဖြတ်ချက်ချခဲ့သည်။

တက္ကသိုလ်တွင်းရှိ သူတို့၏လစာက ထိုကုမ္ပဏီများထက် နည်းလိမ့်မည်ဟု ထင်လေသလား။ မဟုတ်ပေ။ နိုဘယ်ဆုရှင်၏တပည့်များက ဤမျှအထိ မရိုးရှင်းပေ။

ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်၏ ဥက္ကဋ္ဌမှာ တော်ဝင်ပညာရှင်ဖြစ်သွားချိန်တုန်းက သူ့မူပိုင်ခွင့်များကို လုပ်ငန်းစုတစ်ခုသို့ ယွမ်တစ်ဘီလီယံဖြင့် ရောင်းချခဲ့လေရာ သူ့ညာလက်ရုံးတပည့်များမှာ သန်းဆယ်ဂဏန်းအထိ ရခဲ့ကြသည်။

တော်ဝင်ပညာရှင်တစ်ယောက်က နိုဘယ်ဆုရှင်ကိုမူ မည်သို့ယှဉ်နိုင်မည်နည်း။ မကြာသေးခင်ကပင် နိုင်ငံခြားကုမ္ပဏီတစ်ခုက ဟန်ကျင်းယွီ၏မူပိုင်ခွင့်တစ်ခုကို ဝယ်ယူရန်အတွက် အမေရိကန်ဒေါ်လာသန်း၁၂၀ဖြင့် ကမ်းလှမ်းခဲ့သေးသည်။

ဟန်ကျင်းယွီထံတွင် တပည့်ခံခြင်းမှာ ငွေကြေးအင်အားတိုးတက်နိုင်မည့် လမ်းစပင်တည်း။

"စီနီယာတို့... အားနာမနေပါနဲ့ဗျာ"

ကျန်းမုန့်လောင်က လက်ဆောင်ဘူးလေးများကို သူတို့ထံသို့ တွန်းပို့ပေးရင်း ပြောလိုက်၏။

"ဘွဲ့ရတဲ့အထိမ်းအမှတ်အနေနဲ့ တစ်ခုခုတော့ပေးသင့်တာပေါ့"

"ဒီလိုဆိုရင် ငါတို့လည်း အားနာမနေတော့ဘူးနော်"

စီနီယာများမှာ ထိုဘူးများကို ဖွင့်ကြည့်လိုက်ကြသည်။

"အခုဖွင့်ကြည့်လို့ရတယ်မလား"

"ဘာလို့မရရမှာလဲ"

"အာ ဒါက.."

စီနီယာအစ်မယင်ယွမ်က "လက်ဆောင်သေးသေးလေး"ဟု ခေါ်သော ထိုဘူးကို ဖွင့်ကြည့်လိုက်ချိန်ဝယ် တအံ့တဩရေရွတ်မိသွားသည်။

အထဲတွင် "အိမ်ဂရန်စာချုပ်"ဟု ရေးထားသော စာအုပ်လေးတစ်အုပ်နှ့် သော့တွဲတစ်ခု ပါရှိသည်။

ဤ"လက်ဆောင်သေးသေးလေး"မှာ အိမ်ခြံမြေပိုင်ဆိုင်မှုစာချုပ်ပင်တည်း။

"ကျန်းနန်ယာယွမ်တဲ့"

အိမ်ရာဝင်းရဲ့နာမည်ကို မြင်လိုက်ရသောအခါ ယင်ယွမ်ခမျာ ပို၍ပင် အံ့အားသင့်သွားလေသည်။

ကျန်းနန်ယာယွမ်မှာ ကျန်းမုန့်လောင် တက္ကသိုလ်တက်စဉ်တုန်းက အလွန်သာမန်ဆန်လှသော နေရာတစ်ခုပင်။ တစ်စတုရန်းမီတာလျှင် ၆၉၉၉ယွမ်သာ ရှိသော်ငြား ရောင်းမထွက်ခဲ့ချေ။

အာရှထိပ်သီးအစည်းအဝေးလုပ်ပြီးနောက် ကျန်းနန်မြို့၏ အိမ်ခြံမြေဈေးနှုန်းမှာ သုံးဆမှ ငါးဆအထိ ခုန်တက်သွားခဲ့သည်။ ကျန်းမုန့်လောင် ဘွဲ့ရချိန်တွင်မူ ကျန်းနန်ယာယွမ်အိမ်ရာဝင်းကား တစ်စတုရန်းမီတာလျှင် လေးသောင်းကျော်အထိ မြင့်တက်လာခဲ့သည်။

ထိုအချိန်မှာ ဈေးနှုန်းကြောင့် လူတော်တော်များများ အံ့အားသင့်သွားခဲ့ရသည်။

လွန်ခဲ့သည့်ခြောက်လအတွင်းမှာ အဆိုးဆုံးပင်။

ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်က တစ်နိုင်ငံလုံးရှိ တက္ကသိုလ်များကို ကျော်တက်ကာ သိပ္ပံသုတေသနရှေ့ဆောင်တက္ကသိုလ်ရာထူးကို ရရှိခဲ့သည့်အပြင် ထိပ်တန်းအဆင့်စာတမ်းများနှင့် ရူပဗေဒနိုဘယ်ဆုကိုပါ ရရှိထားသဖြင့် စုစုပေါင်းအဆင့်သတ်မှတ်ချက်မှာ ၁၂၈မှ ထိပ်ဆုံးဆယ်ခုစာရင်းသို့ ဝင်သွားခဲ့သည်။

အစတုန်းက ကျန်းနန်မြို့တွင် ဂုဏ်သတင်းကြီးမားသော တက္ကသိုလ်မှာ ကျန်းနန်တက္ကသိုလ်တစ်ခုတည်းသာ ရှိခဲ့သည်။ သို့သော် ယခုမူ ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်က အမီလိုက်လာခဲ့သည်။

ကျန်းနန်တက္ကသိုလ်နားရှိ အိမ်များက မည်မျှဈေးကြီးလိုက်လေသလဲ။ ဈေးအပေါဆုံးအိမ်ကပင် တစ်ယူနစ်ကို ရှစ်သောင်းအထိ ပေးရသည်။ ဈေးပိုကြီးသည့် အိမ်များမှာမူ တစ်သိန်းနှစ်သောင်းပင် ကျော်၏။

အိမ်ခြံမြေဈေးကစားသူများက သူတို့၏အင်အားကို တိုးမြှင့်ရန်အတွက် "နိုဘယ်ဆုရှင်များနှင့် အနီးဆုံးတွင်နေထိုင်ပါ"နှင့် "ထိပ်တန်းတက္ကသိုလ်နယ်မြေအိမ်ခြံမြေဈေး"ဟူသော ကြော်ငြာများဖြင့် ဆွဲဆောင်လိုက်လေရာ ကျန်းနန်တက္ကသိုလ်တစ်ဝိုက်ရှိ အိမ်ခြံမြေဈေးနှုန်းများမှာ နောက်ထပ်ငါးဆယ်ရာခိုင်နှုန်းကျော် ထိုးတက်သွားခဲ့သည်။

ကျန်းနန်တက္ကသိုလ်နှင့် အနီးဆုံးဖြစ်ပြီး တက္ကသိုလ်အဆောင်နှင့် တစ်လမ်းသာခြားသော ကျန်းနန်ယာယွမ်၏ ဈေးနှုန်းမှာ နှစ်ဆမက မြင့်တက်သွားခဲ့သည်။

ကျန်းနန်ယာယွမ်၏ လက်ရှိဈေးနှုန်းမှာ တစ်စတုရန်းမီတာလျှင် ၁၁၂၀၀၀ယွမ်ရှိနေလေပြီ။

သို့တိုင် ဤအိမ်ရာများမှာ ဝယ်လိုအားများနေဆဲသာ။

ကျန်းမုန့်လောင် သူတို့အား လက်ဆောင်ပေးသော အိမ်ရာမှာ ကျန်းနန်ယာယွမ်ထဲရှိ ၁၉၈စတုရန်းမီတာကျယ်ဝန်းသော လုံးချင်းအိမ်ပင်တည်း။

ဤ"ဘွဲ့လက်ဆောင်သေးသေးလေး"တန်ဖိုးမှာ ယွမ်သန်းနှစ်ဆယ်ကျော်ပင်။

"အိမ်နဲ့ပတ်သက်တဲ့ အခွန်အခတွေကို အကုန်ပေးထားပြီးပြီ။ အိမ်တွေကိုလည်း ပြန်ပြုပြင်ခိုင်းထားတယ်။ နောက်နှစ်လသုံးလလောက်ဆိုရင် ပြောင်းလို့ရလောက်ပြီ"

ကျန်းမုန့်လောင်က ပြုံးတုံ့တုံ့ဖြင့် ပြောလိုက်၏။

"စီနီယာတို့တွေ တက္ကသိုလ်မှာပဲ ဆက်နေကြမယ်ဆိုရင် အိမ်တစ်လုံးတော့ ရှိထားသင့်တာပေါ့။ တက္ကသိုလ်အဆောင်မှာပဲ တစ်သက်လုံးနေလို့မှမရတာ"

"မုန့်လောင် မင်းရဲ့လက်ဆောင်က.. တကယ်တော့.. လက်ခံရခက်နေသလိုပဲ"

ယင်ယွမ်ကဲ့သို့ပင် အခြားစီနီယာအစ်ကိုနှစ်ယောက်လည်း ကျန်းနန်ယာယွမ်ထဲရှိ လုံးချင်းအိမ်တစ်လုံးစီ လက်ဆောင်ရခဲ့သည်။

သူတို့က ကျန်းမုန့်လောင်ကို ကူညီစောင့်ရှောက်ခဲ့သည်မှာ မှန်ပါသော်ငြား ထိုအကူအညီမှာ ကျန်းမုန့်လောင်၏သရုပ်မှန်ကို မသိခင်ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး ဘာအကျိုးအမြတ်ကိုမှ မမျှော်ကိုးခဲ့ပေ။ သို့သော် သူတို့၏အကူအညီက သန်းနှစ်ဆယ်တန်လိမ့်မည်ဟုလည်း မထင်မိပေ။

ထို့ပြင် ကျန်းမုန့်လောင်ဘက်က သူတို့၏သုတေသနအဖွဲ့အတွက် ထောက်ပံ့ပေးခဲ့သော ရန်ပုံငွေများကိုလည်း သူတို့အား သွယ်ဝိုက်သောနည်းဖြင့် ပြန်ပေးဆပ်သည်ဟု ဆိုနိုင်သည်။ သို့သော် ဤတစ်ခေါက်တွင်မူ အလွန်တည့်တိုးဆန်နေချေသည်။

"ယူလိုက်ပါ။ အမှန်အတိုင်းပြောရရင် ကျွန်တော် တလောတုန်းက ပွပေါက်တိုးထားလို့"

ကျန်းမုန့်လောင်က လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ပွင့်ကို လှစ်ဟပြသလိုက်သည်။

"ပြီးခဲ့တဲ့လတုန်းက ငွေကြေးဈေးကွက်ထဲက တိုက်ပွဲကြီးအကြောင်း ကြားမိကြလား"

"ဧကန္တ မင်းက..."

"ကျွန်တော်ပါပဲ"

ကျန်းမုန့်လောင်က ဆို၏။

"အရင်းရှင်နိုင်ငံတွေဆီက ကျွန်တော် ဒေါ်လာထရီလီယံရာဂဏန်းလောက် ရခဲ့တယ်"

"ဝိုး.. အမေရိကန်ဒေါ်လာထရီလီယံရာဂဏန်းတဲ့လား။ အခု ငါ့စိတ်ထဲမှာ ဒီလက်ဆောင်ဖို့လက်ခံဖို့ ဘာဝန်ထုပ်ဝန်ပိုးမှ မရှိတော့ဘူးဟေ့"

"ဒါဆို ငါလည်း ဒီအရင်းရှင်နိုင်ငံတွေဆီက ဘွဲ့လက်ဆောင်လို့ပဲ သဘောထားလိုက်မယ်"

"ငါ့ကို ပိုင်ဆိုင်မှုစာချုပ် ပေးလိုက်တော့"

All Chapters