အမှိုက်ကိုလည်း စက်ပစ္စည်းလို့ သတ်မှတ်လို့ရလား
Vol. 44 Ch. 658
"မဖြစ်နိုင်တာ။ အီလက်ထရောနစ်ဗုံးကပါ ဘာလို့အလုပ်မဖြစ်တာလဲ။ စမ်းသပ်တုန်းကဆိုရင် မော်လီကျူးသက်ရောက်မှုပြင်းတဲ့ ဒြပ်ပစ္စည်းတွေကို ဖျက်ဆီးဖို့ အချိန်တစ်စက္ကန့်တောင် မကြာဘူးလေ။ ငါတို့ရဲ့စမ်းသပ်ချက်ရလဒ်တွေများ မှားနေတာလား"
တိုက်ခိုက်မှု မအောင်မြင်သည့်အချိန်ဝယ် လေယာဉ်မှူးများမှာ သူတို့၏နည်းပညာအပေါ် အရင်သံသယဝင်မိကြသည်။
တကယ်တမ်းတွင် သူတို့၏လက်ရှိသိပ္ပံနှင့်နည်းပညာအရ ကမ္ဘာ့အဖွံ့ဖြိုးဆုံးနိုင်ငံများပင် ဤသို့သက်ရောက်မှုပြင်းသည့် ဒြပ်ပစ္စည်းမျိုးကို မထုတ်လုပ်နိုင်သေးပေ။ အီလက်ထရောနစ်ဗုံးကလည်း သီအိုရီအရ ထိုကဲ့သို့သောပစ္စည်းများကို ဖျက်ဆီးနိုင်ရုံသာရှိပြီး တကယ့်လက်တွေ့မှာမူ တစ်ခါမှ အသုံးမပြုဖူးသေးပေ။
"မဟုတ်ဘူး။ ဟိုမှာကြည့်လိုက်။ သူတို့ကိုဝိုင်းထားတဲ့ ရွှေရောင်ကြီးက ဘာကြီးလဲ"
"စွမ်းအင်တုံ့ပြန်မှုက အရမ်းမြင့်တယ်။ သူတို့က ဒြပ်ပစ္စည်းကို အားကိုးနေတာမဟုတ်ဘူး။ အဲဒီစွမ်းအင်မြင့်ကာကွယ်ရေးဒိုင်းကြီးကို အားကိုးနေတာ"
"သေစမ်း။ ဒါက လူသားတွေမှာရှိတဲ့ နည်းပညာမျိုးမို့လို့လား။ ဟွာရှားလူမျိုးတွေက ဘယ်လိုမကောင်းဆိုးဝါးတွေလဲ"
"ငတုံး.. သူတို့က ဆွဲငင်အားဆန့်ကျင်ရေးအင်ဂျင်ကိုတောင် တီထွင်ထားတာ။ အခုအချိန်မှာ သူတို့မလုပ်နိုင်တာ ဘာရှိတော့မှာလဲ"
"ဒီလောက်အဆင့်မြင့်တဲ့ နည်းပညာကို တိုက်လေယာဉ်တွေမှာမသုံးဘဲ ခရီးသည်တင်လေယာဉ်မှာ သုံးတယ်ဆိုတော့ ကျန်းမုန့်လောင်က တော်တော်ဟိတ်ကြီးဟန်ကျယ်နိုင်တာပဲ"
"စကားများမနေကြနဲ့။ ရှောင်ကြတော့"
တိုက်လေယာဉ်အုပ်စုခေါင်းဆောင်က အမိန့်ပေးလိုက်သည်။
"အဲ့ဒီစွမ်းအင်စက်ကွင်းနဲ့ မထိစေနဲ့။ ငါတို့ရဲ့တိုက်လေယာဉ်တွေက အဲ့ဒီလောက်ပြင်းထန်တဲ့ စွမ်းအင်ရိုက်ခတ်မှုကို မခံနိုင်ဘူး"
...
"တပ်ဆင်လိုက်တော့"
ကျန်းမုန့်လောင်က လေယာဉ်မှူးကို ပြောလိုက်၏။
"ဟုတ်ကဲ့"
လေယာဉ်မှူးတစ်ယောက်အနေနှင့် ဒုံးကျည်များ အသွင်ပြောင်းပြီး ပေါက်ကွဲသွားသည်ကို မျက်မြင်တွေ့ခဲ့ရသည်။ အစကတော့ သူလည်း ကြောက်သွားခဲ့သော်ငြား လေယာဉ်မှူးတစ်ယောက်၏ စိတ်ဓာတ်က ကြံ့ခိုင်ပြီးသားဖြစ်လေရာ ယခုမူ သူသည် အစောကထက်ပိုပြီး ယုံကြည်မှုများပြည့်ဝနေသည်။
ဤအရာက ဒုံးကျည်အစင်းပေါင်းများစွာ၏ တိုက်ခိုက်မှုကို တားဆီးနိုင်ပါက ထိပ်တိုက်တိုးဖို့ ဘာများကြောက်နေဦးမည်နည်း။
သူလည်း ရူးသွပ်နေဟန် အမူအရာဖြင့် လေယာဉ်၏အရှိန်ကိုပင် ထပ်မြှင့်လိုက်သေးသည်။
"မုန့်လောင် မင်းရဲ့လေယာဉ်မှူးက ရုရှားလေကြောင်းလိုင်းကလား"
"မဟုတ်ဘူး။ သူက ရုရှားတွေနဲ့အတူ တိုက်လေယာဉ် မောင်းခဲ့ဖူးတယ်။ အဲဒါကြောင့် သူ့စတိုင်က နည်းနည်းကြမ်းတယ်။ ပြီးတော့ လေယာဉ်မတက်ခင် ဗော့ကာတစ်ပုလင်းသောက်ထားသေးတယ်လေ။ နည်းနည်း မူးနေလောက်ပြီ"
"သူ့ကိုသတိထားခိုင်းဦးနော်။ ငါတို့ တိုက်လေယာဉ်တွေရဲ့လက်ချက်ကြောင့် မသေဘဲ လေယာဉ်မှူးကြောင့် နတ်ပြည်ကို အစောကြီးရောက်မသွားချင်သေးဘူး"
ဝူး...
လေထုပွတ်တိုက်သံ ခပ်ပြင်းပြင်းနှင့်အတူ တိုက်လေယာဉ်၁၂စင်းနှင့် ကျန်းမုန့်လောင်၏လေယာဉ်က လုံခြုံမှုရှိသော အကွာအဝေးအတွင်း အချင်းချင်းဖြတ်သွားသည်။ ထို့နောက် တိုက်လေယာဉ်များက ပြန်ကွေ့လာပြီး ကျန်းမုန့်လောင်တို့လေယာဉ်ကို ဝိုင်းရံပိတ်ဆို့ထားလိုက်ကြသည်။
"မဖြစ်ဘူး။ ဒါကိုတော့ ဆိုရှယ်မီဒီယာပေါ် တင်မှဖြစ်မယ်"
ကျန်းမုန့်လောင်နှင့် လုရီယောင်တို့၏ အပေါင်းအသင်းများမှာ ဖုန်းထုတ်ပြီး ဓာတ်ပုံ တဖျတ်ဖျတ်ရိုက်ကြပါတော့သည်။ အန္တရာယ်မရှိကြောင်း သိနေမှတော့ ဘာကိုကြောက်နေဦးမည်နည်း။
သို့သော် တိုက်လေယာဉ်များထံမှ တိုက်ခိုက်ခံရခြင်းမှာ လူတိုင်းကြုံတွေ့နိုင်သည့် အတွေ့အကြုံမျိုး မဟုတ်ပေ။ ယခုလိုအဖြစ်အပျက်မျိုးကို ဝေးပေါ်မှာရော တစ်တော့ပေါ်မှာပါ တင်ရမည်။ သို့ဆိုလျှင် ကျိန်းသေပေါက် နာမည်ကြီးသွားလိမ့်မည်။
"သူတို့ကို ငါ ဘယ်လိုလှောင်ပြောင်မလဲ ကြည့်ထားလိုက်"
ကျန်းမုန့်လောင်က ကွန်ပျူတာတစ်လုံးကိုထုတ်ပြီး သူတို့၏ဆက်သွယ်ရေးလိုင်းထဲကို ထိုးဖောက်ဝင်ရောက်ပါတော့သည်။ စက္ကန့်ပိုင်းအတွင်းမှာပင် ထိုတိုက်လေယာဉ်များ၏ ဆက်သွယ်ရေးလမ်းကြောင်းကို သူ ရှာတွေ့လိုက်သည်။
ကျန်းမုန့်လောင်က အသံချဲ့စက်ကိုဖွင့်ပြီး ဘေးနားရှိ စပီကာမှတစ်ဆင့် တီးလုံးသံတစ်ခုကိုဖွင့်လိုက်ပြီး ထိုတီးလုံးသံနှင့်အတူ တိုက်လေယာဉ်၁၂စင်းကို လှောင်ပြောင်ပါတော့သည်။
ဒီလိုအမှိုက်မျိုးက စက်ပစ္စည်းလို့ခေါ်လို့ရလို့လား...
ဂရုမစိုက်နဲ့..လွှတ်ထားလိုက်..ငတုံးတစ်သိုက်ကများ လာလုပ်ကြံရဲသတဲ့...
မင်းတို့မှာ အသိတရားမရှိဘူးလား...
မင်းတို့ဘော့စ်က စိတ်ဖတ်စွမ်းရည်ကိုရထားလို့လေ...
အံ့သြမနေနဲ့..ငါ့ရဲ့IQက မယုံနိုင်စရာကောင်းလောက်အောင် မြင့်တယ်...
ငါ့ရှေ့က ညီငယ်လေးတစ်သိုက်ကတော့ ဘာမှလျို့ဝှက်ထားလို့မရဘူး..
သတ္တိလည်း မရှိဘူး။ တစ်ချက်စိုက်ကြည့်လိုက်တာနဲ့တင် လက်လျှော့သွားပြီ...
နည်းနည်းလောက်အစွမ်းပြလိုက်တာနဲ့ မင်းတို့တွေ သေပွဲဝင်ရလိမ့်မယ်...
ဗရွန်း....
...
"လန်းတယ်။ တကယ်လန်းတယ်ဟေ့။ Auto-tuneလေးသာ ထပ်ထည့်လိုက်ရင် ပိုမိုက်သွားမှာ"
"စီနီယာ...ခင်ဗျားရဲ့ပုံစံက ကယ်လီဖိုးနီးယားလျှပ်စစ်ငါးရှဉ့်လိုပဲ"
"စီနီယာ ကျွန်တော်လည်းလုပ်တတ်တယ်။ ဒီခေါက်ဆွဲကို ကြည့်စမ်း။ ရှည်ပြီးတုတ်လိုက်တာ။ ဒီပန်းကန်လိုပဲ ကြီးပြီး ဝိုင်းစက်နေတယ်။ မင်းတို့အားလုံး ဒီကိုလာစားကြ။ အရသာရှိချက်။ မင်းတို့အတွက် ငါက ပျော်ပျော်ကြီးခေါက်ဆွဲပြင်ပေးနေတာ"
"ပါးစပ်ပိတ်ထားစမ်း. ငါကတော့ ဒါကိုလက်မခံနိုင်ဘူး"
"ဟေ့ ကြည့်ထား"
...
"သီချင်းသံက ဘယ်ကထွက်လာတာလဲ"
ကျန်းမုန့်လောင်၏ လေယာဉ်ပေါ်တွင် ပျော်မြူးတက်ကြွနေသော်ငြား တိုက်လေယာဉ်၁၂စင်း၏ လေယာဉ်မှူးများကတော့ မျက်နှာပျက်နေကြ၏။ သူတို့၏ သီးသန့်ဆက်သွယ်ရေးလိုင်းမှာ အဟက်ခံလိုက်ရသည်။
သူတို့အားလုံးက ဟွာရှားဘာသာစကားကို သင်ယူထားသည့် စစ်ဘက်ဆိုင်ရာ လူရည်ချွန်များဖြစ်သဖြင့် ကျန်းမုန့်လောင်၏ စကားထဲရှိ လှောင်ပြောင်သရော်မှုများကို ကောင်းကောင်းနားလည်သည်။
တိုက်လေယာဉ်၁၂စင်း၏ ဝိုင်းရံခြင်းကို ခံနေရသည့်တိုင် သူတို့ကို ရက်ပ်ရွတ်ပြီး လှောင်ပြောင်သရော်ရဲသည်အထိ သတ္တိရှိသူမျိုးကို သူတို့တစ်သက် တစ်ခါမှမမြင်ဖူးပေ။
သို့သော် သူတို့ ဘာမှလည်းမတတ်နိုင်ချေ။ ကျန်းမုန့်လောင်၏ အေတီစက်ကွင်းအကာအကွယ်ဒိုင်းကို သူတို့ မဖောက်ထွင်းနိုင်သလို ဖျက်လည်းမဖျက်ဆီးနိုင်သောကြောင့် စိတ်ပျက်အားငယ်နေရသည်။
ယခုဆိုလျှင် အိန္ဒိယသမုဒ္ဒရာကို ဖြတ်ကျော်တော့မည်ဖြစ်ရာ တစ်ဖက်လူသာ ဤရေပိုင်နက်မှ ထွက်ခွာသွားသည်နှင့် သူတို့၏စစ်ဆင်ရေးက ရှုံးနိမ့်သွားပြီဟု သတ်မှတ်နိုင်သည်။ ဤသည်မှာ သတင်းကောင်းတော့ မဟုတ်ချေ။ အကြောင်းမှာ သူတို့သည် တစ်ချက်လွှတ်အမိန့်ကို လက်ခံထားရသည်ဖြစ်ရာ မအောင်မြင်ပါက စစ်ခုံရုံးတက်ရပေလိမ့်မည်။
"သေစမ်း။ ဌာနချုပ်ကို အကူအညီတောင်းလိုက်။ အရန်အင်အားစုတွေကို အကုန်ပါဝင်ခိုင်းလိုက်။ သူတို့ရဲ့စွမ်းအင်စက်ကွင်းက အကန့်အသတ်မဲ့စွမ်းတယ်ဆိုတာ ငါမယုံဘူး။ ထပ်တိုက်ခိုက်ကြမယ်။ စွမ်းအင်ကုန်ခမ်းသွားရင် ဒါက သာမန်လေယာဉ်တစ်စင်းပဲ ဖြစ်သွားမှာ"
"ဟုတ်ကဲ့"
"စစ်ကူတောင်းခံပါတယ်။ တည်နေရာက..."
ဝူး ဝူး ဝူး!
အိန္ဒိယသမုဒ္ဒရာပတ်ပတ်လည်မှာ ဖြန့်ကြက်ထားသည့် တိုက်လေယာဉ်အစင်းပေါင်းများစွာက သတင်းပို့ထားသည့် နေရာကို အရှိန်ပြင်းပြင်းဖြင့်ပျံသန်းလာကြသည်။
"ဘော့စ်... ပစ်မှတ်တွေအများကြီး လာနေပါပြီ။ စုစုပေါင်း၄၈စင်းပါ။ အကုန်လုံးက နိုင်ငံအသီးသီးက ပဉ္စမမျိုးဆက်တိုက်လေယာဉ်တွေပါ"
"သြော်... ဒီနိုင်ငံတွေအားလုံးက တော်တော်လေးတက်ကြွနေကြတာပဲ"
ကျန်းမုန့်လောင်က မှတ်ချက်ချလိုက်သည်။ လွန်ခဲ့သည့် လအနည်းငယ်တုန်းက ပဉ္စမမျိုးဆက်တိုက်လေယာဉ်ကို ပိုင်ဆိုင်ထားသည့်နိုင်ငံများမှာ သိပ်မရှိပေ။ လုံယင်တိုက်လေယာဉ်များ၏ စွမ်းဆောင်ရည်ကို မြင်ပြီးနောက် သူတို့လည်း အသည်းအသန်ကြိုးစားပြီး နည်းပညာအောင်မြင်မှုရအောင် လုပ်လိုက်နိုင်ပုံပင်။
စုစုပေါင်းတိုက်လေယာဉ်အစင်းခြောက်ဆယ်ဟာ ကျန်းမုန့်လောင်၏လေယာဉ်ကို ပုရွက်ဆိတ်တစ်ကောင်ပင် ထွက်မရအောင် တင်းတင်းကျပ်ကျပ် ပိတ်ဆို့ဝိုင်းရံထားလိုက်ကြသည်။
"တိုက်ကြ။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် သူ့စွမ်းအင်ကို ကုန်ခမ်းသွားအောင်လုပ်ကြ"
ဘွန်း!
ဘွန်း!
မီးပွားများကား တလက်လက်။ လျှပ်စီးများကလည်း တဖျတ်ဖျတ်လက်နေသောကြောင့် အဝေးကကြည့်လျှင် အိန္ဒိယသမုဒ္ဒရာတွင် ဆူနာမီ နောက်တစ်ကြိမ်ဖြစ်တော့မလားဟုပင် ထင်ရသည်။ ပင်လယ်ထဲရှိ သင်္ဘောများကတော့ မိုးတိမ်ထဲက အသံကြီးများ မြည်ဟည်းနေပြီး အလင်းတန်းများ ဖြာထွက်နေသည်ကိုမြင်သော် မိုးကြိုးမုန်တိုင်းကျနေသည်ဟုထင်ကာ အနီးဆုံးဆိပ်ကမ်းသို့ အမြန်မောင်းပြေးကြပါတော့သည်။
ကျန်းမုန့်လောင်၏ အေတီစက်ကွင်းက စွမ်းအင်ကို သုံးစွဲရခြင်းပင်။ တိုက်လေယာဉ်အစင်းခြောက်ဆယ်၏ မရပ်မနားတိုက်ခိုက်မှုကြောင့် လေယာဉ်ပေါ်ရှိ စွမ်းအင်များမှာ တဖြည်းဖြည်းလျော့နည်းလာသည်။
ရုတ်ခြည်းပင် ခွမ်းခနဲအသံတစ်သံနှင့်အတူ ရွှေရောင်အကာအကွယ်ဒိုင်းမှာ အက်ကြောင်းလေးတစ်ခု ပေါ်လာလေသည်။
"အလုပ်ဖြစ်တယ်ဟေ့"
"ဆက်တိုက်ကြ။ ဟွာရှားလူမျိုးတော့ လက်စတုံးတော့မယ်"
"တိုက်ခိုက်မှုကို အရှိန်မြှင့်လိုက်ကြ"
ယခုအချိန်မှာ သူတို့၏ခဲယမ်းများက တစ်ဝက်သာ ကုန်သေးသည်။ သူတို့အမြင်မှာတော့ ကျန်းမုန့်လောင် ရှုံးနိမ့်ဖို့ လက်တစ်ကမ်းသာ လိုတော့သည်။
"မုန့်လောင် ဘယ်လိုလုပ်မလဲ။ မင်းရဲ့အကာအကွယ်ကြီးက ပျက်စီးတော့မှာလား"
အက်ကြောင်းကို မြင်လိုက်ရသောအခါ ကျူးမုန့်ချောင်လည်း တည်ငြိမ်မနေနိုင်တော့ပေ။
"အင်း... စွမ်းအင်ကုန်သွားရင်တော့ ပျက်စီးမှာပေါ့။ အခု စွမ်းအင်က ၁၀ရာခိုင်နှုန်းပဲ ကျန်တော့တယ်"
"ဟင် ဒါဆို ဘယ်လိုလုပ်ကြမလဲ"
"ရပါတယ်။ ပြဿနာမရှိဘူး"
ကျန်းမုန့်လောင်က အသံကိုမြှင့်ပြီး ပြောလိုက်၏။
"အိမ်တော်ထိန်း ဆိုလာမီးပြင်းဖိုကို ဖွင့်လိုက်တော့"
"ဆိုလာမီးပြင်းဖိုကို အသက်သွင်းလိုက်ပါပြီ"
လေယာဉ်၏ဝမ်းထဲရှိ ကတော့ပုံစံ စက်ပစ္စည်းတစ်ခုဆီက အသံနက်ကြီးတစ်ခု ထွက်ပေါ်လာပြီး တစ်ချိန်တည်းမှာပင် စက်တစ်ခုထဲမှ အစိမ်းရောင်စွမ်းအင်အမှုန်လေးများ စိမ့်ထွက်လာသည်။
"ဆိုလာမီးပြင်းဖိုလား။ မင်းရဲ့လေယာဉ်ပေါ်မှာ ဆိုလာမီးပြင်းဖို တပ်ထားတာလား။ ဒါဆိုရင် ဂန်ဒမ်က ဘယ်လိုရှင်သန်တော့မှာလဲ"
ဆိုလာမီးပြင်းဖိုဆိုသည်မှာ "Mobile Suit Gundam 00"ဟူသော Animeထဲက ထာဝစဉ်လည်ပတ်နေသော စွမ်းအင်ထုတ်စက်ပင်။
ဤသည်မှာ GNအမှုန်ဟုခေါ်သည့် စွမ်းအင်အမှုန်များကို အကန့်အသတ်မရှိ ထုတ်လုပ်ပေးနိုင်သည်။ အခြေခံသဘောတရားမှာမူ လေးလံလှသော အမှုန်များကို အငွေ့ပျံစေပြီး ဒြပ်ထုဖြိုခွဲမှုဖြင့် စွမ်းအင်အမြောက်အမြား ထုတ်ယူခြင်းပင်။
ဤစွမ်းအင်က လေယာဉ်ကို ဆွဲငင်အားဆန့်ကျင်ပြီး ပျံသန်းနိုင်စေရုံသာမက စွမ်းအင်မြင့်အမှုန်တိုက်ခိုက်မှုကို ဖြစ်စေနိုင်သလို အေတီအကာအကွယ်ဒိုင်းထက် ပိုအားကောင်းသော ဒိုင်းတစ်ခုကိုလည်း ဖန်တီးပေးနိုင်သည်။
အကြီးမားဆုံးထူးခြားချက်ကတော့ စွမ်းအင်က ကုန်ခန်းသွားခြင်းမရှိပေ။
"စွမ်းအင်ပြန်ဖြည့်နေပါပြီ... ၁၀%... ၁၂%... ၁၅%... ၉၈%... ၁၀၀% စွမ်းအင်ဖြည့်တင်းမှုပြီးဆုံးပါပြီ"
ရွှေရောင်အေတီဒိုင်းဟာ ချက်ချင်းဆိုသလို ပြန်လည်တောင့်တင်းသွားပြီး GNအမှုန်များ၏ သက်ရောက်မှုကြောင့် တိုက်လေယာဉ်အစင်း၆၀၏ အီလက်ထရောနစ် ဆက်သွယ်ရေးစနစ်များအားလုံးလည်း အလုပ်မလုပ်တော့ဘဲ ရပ်ဆိုင်းသွားချေသည်။
ဤမြင်ကွင်းကိုကြည့်ပြီး လူတိုင်းမှာ နောက်တစ်ကြိမ် အံ့သြမှင်တက်သွားကြသည်။
"စိတ်အေးအေးထားကြပါ။ ဒါက ကျွန်တော်ပျင်းလို့ လျှောက်လုပ်ကြည့်ထားတာ။ အခြေခံနည်းပညာလေးတွေပါ"