ဒါကို သာမန်ခရီးသည်တင်လေယာဉ်လို့ ထင်နေတာလား
Vol. 44 Ch. 656
သူတို့သုံးယောက်ကိုကြည့်ပြီး ကျန်လူအားလုံး၏ မျက်လုံးထဲတွင် အားကျလေဟန် အရိပ်အယောင်များဖြင့် ပြည့်နှက်နေတော့သည်။
ကျန်းနန်မြို့တွင် ရုန်းကန်နေကြရသူများအဖို့ ဘဝတစ်ဝက်စာမျှ အင်အားစိုက်ထုတ်မှသာ နေစရာအိမ်တစ်လုံးရနိုင်သည်။ အကယ်၍ အိမ်တစ်လုံးပိုင်ဆိုင်ထားလျှင် ဘဝတစ်လျှောက်လုံးအတွက် ဖိအားများလည်း အများကြီးလျော့ကျသွားမည်ဖြစ်၏။ ယခုလက်ရှိ သူတို့ရရှိထားသော ဝင်ငွေနှင့် အနာဂတ်အလားအလာများကိုပါ ထည့်တွက်ကြည့်မည်ဆိုပါက ဤသည်မှာ ကောင်းချီးတစ်ခုပင် ဖြစ်ချေသည်။
"ဂျူနီယာညီလေး... ငါ မင်းအပေါ် မကောင်းခဲ့လို့လား။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက မင်း လက်တွေ့စမ်းသပ်မှုတွေလုပ်ရတုန်းက စက်ကိရိယာတွေကို ငါပဲ စောင့်ကြည့်ပေးခဲ့တာလေ..."
"ဂျူနီယာမောင်လေး... မင်းရဲ့စီနီယာအစ်မက မင်းကို အမြဲတမ်း မိသားစုလိုဆက်ဆံခဲ့တာနော်..."
"စီနီယာအစ်ကို... ကျွန်တော့်ကိုရော စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတယ်လို့ ထင်နေတာလား"
...
"ဟားဟားဟား... ကဲပါ ကဲပါ.. ဟန်ဆောင်မနေကြပါနဲ့တော့"
ကျန်းမုန့်လောင်က ရယ်မောလိုက်၏။
"ဘွဲ့ရပြီးရင် အားလုံး ကိုယ့်ဝေစုကိုယ်ရမှာပါ"
ထို့နောက် ကျန်းမုန့်လောင်က ပြီးခဲ့သည့်နှစ်တုန်းက သုတေသနအဖွဲ့တွင် သူနှင့်အတူ စာတမ်းရေးခဲ့ကြသော ဂျူနီယာများဘက်သို့ လှည့်လိုက်သည်။
"မင်းတို့တွေလည်း ဘွဲ့လွန်စာမေးပွဲအတွက် သေချာပြင်ဆင်ထားကြနော်။ ပါမောက္ခဟန်ရဲ့ ဘွဲ့လွန်တန်းကို အောင်မြင်တာနဲ့ မင်းတို့ရဲ့စီနီယာအစ်ကိုက ဆုတွေထပ်ပေးဦးမှာ"
"ဂျူနီယာညီလေး/ စီနီယာအစ်ကို အသက်ရှည်ပါစေ"
"ဂျူနီယာညီလေး/ စီနီယာအစ်ကိုက အကောင်းဆုံးပဲ"
ကျန်းမုန့်လောင်သည် သူ့ဘေးနားကလူများအပေါ် ဘယ်တုန်းကမှ ကပ်စေးမနည်းခဲ့ပေ။ အထူးသဖြင့် ငွေအလုံးအရင်းလိုက် ရထားသော ယခုအချိန်မျိုးပင်။ အိမ်အလုံးရေနည်းနည်းက ဘာမှမပြောပလောက်ပေ။ ဤငွေများကို ဘဏ်ထဲတွင် ထည့်ထားလိုက်ရုံမျှဖြင့် ပြန်ရသောအတိုးမှာ ဤတန်ဖိုးများကို မိနစ်ပိုင်းအတွင်း ပြန်ရနိုင်သည်မဟုတ်လော။
"ရီရီရောက်လာပြီ"
ကျန်းမုန့်လောင်က နောက်ထပ်ကားတစ်စီး သူတို့နားသို့ ချဉ်းကပ်လာသည်ကို မြင်လိုက်ရသည်။ ဤတစ်ခေါက်တွင် ကျန်းမုန့်လောင်က သူ့ဓာတ်ခွဲခန်းက သူငယ်ချင်းများကိုသာမက လုရီယောင်၏စီနီယာများနှင့် ဂျူနီယာများကိုပါ ဖိတ်ကြားထားခဲ့သည်။
"ကဲ.. အားလုံးနဲ့မိတ်ဆက်ပေးပါရစေ။ ဒါက ကျွန်တော့်ချစ်သူ လုရီယောင်ပါ"
"မင်္ဂလာပါ စီနီယာတို့ မင်္ဂလာပါ ဂျူနီယာလေးတွေ"
လုရီယောင်က အားလုံးကို နွေးထွေးစွာ နှုတ်ဆက်လိုက်သည်။
"ဝေးဟေးဟေး… ငါတို့ဂျူနီယာညီလေးရဲ့ချစ်သူက အလှလေးတစ်ယောက်ဆိုတာ ကြားဖူးနေတာကြာပြီ။ ဒီနေ့တော့ မြင်ခွင့်ရပြီဟေ့"
"ဝိုး.. ဂျူနီယာညီမလေး.. အသားအရေကို ဘယ်လိုများထိန်းသိမ်းထားတာလဲ။ အမလေး..မုန့်လောင်.. နင် သူ့ကို SK-IIနဲ့များ နေ့တိုင်းရေချိုးပေးနေတာလား"
" SK-IIတင် ဘယ်ကမလဲ။ တစ်ပုလင်းကို တစ်ထောင်နှစ်ထောင်လောက်ပဲရှိတာလေးက ငါတို့ဂျူနီယာညီလေးရဲ့ အဆင့်အတန်းနဲ့ ဘယ်ကိုက်ညီပါ့မလဲ"
"ကဲပါ..မြှောက်မနေကြနဲ့တော့။ ငါတို့ဂျူနီယာညီမလေးက သဘာဝအလှပိုင်ရှင်ပါ။ မင်းတို့က ဘာသိလို့လဲ"
"မင်းကမှ မြှောက်နေတာ။ မင်းတို့တစ်မိသားစုလုံး မြှောက်နေတာ"
"ဟားဟားဟား"
...
"ဒါနဲ့ မိတ်ဆက်ပေးရဦးမယ်။ ဒါက ငါ့အကြံပေးဆရာရဲ့ တပည့်တွေလေ"
လုရီယောင်က ဆို၏။
"ဒါက စီနီယာဟူကျားရှင်း၊ သူက စီနီယာလျိုရှင်းယွီတဲ့။ ငါတို့သုံးယောက်က တေးဂီတအဖွဲ့တောင် ဖွဲ့ထားတာ"
ဟူကျားရှင်းနှင့် လျိုရှင်းယွီတို့က အလွန်လှပသော မိန်းကလေးများပင်။ နှစ်ယောက်စလုံးက အရပ်ရှည်ပြီး ခေတ်ဆန်ဆန်ဝတ်စားထားကြသည်။
"ကျွန်မစီနီယာတွေက အခုထိစင်ဂယ်တွေဆိုတော့ စီနီယာတို့ကို အခွင့်အရေးတွေ ပေးလိုက်ပြီနော်"
လုရီယောင်က ကျီစယ်လေဟန်ဖြင့် ပြောလိုက်လေသည်။
"မင်္ဂလာပါ"
ကျန်းမုန့်လောင်က နွေးနွေးထွေးထွေးနှုတ်ဆက်လိုက်သည်။
"ဒီနေ့ ဘာလက်ဆောင်မှ ပြင်မထားမိဘူး။ ဒါပေမဲ့ အာဖရိကကိုရောက်ရင် ကျွန်တော့်မိသားစုပိုင်စိန်တွင်းကို လိုက်ပို့ပေးမယ်။ စီနီယာတို့သဘောကျတဲ့ စိန်လက်ဝတ်ရတနာတစ်ခုခုတွေ့ရင် ပြောသာပြောပါ"
"ဒါဆို အားနာမနေတော့ဘူးနော်"
"ဘယ်သူက ထင်ထားမှာလဲ။ ငါတို့ရဲ့ဂျူနီယာညီမလေးက ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ရဲ့ချစ်သူဖြစ်နေတာပဲ။ ကျစ် ကျစ် ကျစ်… အရမ်းကံကောင်းတာပဲ"
ဟူကျားရှင်းနှင့် လျိုရှင်းယွီတို့ကလည်း ချမ်းသာသောမိသားစုနောက်ခံမှ ဆင်းသက်လာသူများပင်။ ဂီတကောလိပ်တွင် တက်ရောက်ကြသူများမှာ ဆင်းရဲလှသည်တော့ မဟုတ်ပေ။ သို့သော် စိန်ကို လက်ဆောင်ပေးမည်ဟု ဆိုလာသော ကျန်းမုန့်လောင်လို လူမျိုးကိုတော့ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။
"ဘာတွေငေးနေတာလဲ"
ကျန်းမုန့်လောင်က သူ့စင်ဂယ်စီနီယာများဆီသို့ သဘောပေါက်လေဟန်အကြည့်တစ်ချက် ပစ်သွင်းလိုက်သည်။
ကျန်းမုန့်လောင်၏ စီနီယာအစ်ကိုများမှာ ချက်ချင်းလူမိသွားရှာလေသည်။
"လုပ်စမ်းပါ… ငါတို့ဂျူနီယာညီမလေးရဲ့ စီနီယာအစ်မတွေက ငါတို့ရဲ့စီနီယာအစ်မတွေပဲလေ။ စီနီယာအစ်မ.. အိတ်လေးကူသယ်ပေးပါရစေ"
"စီနီယာအစ်ကို.. မရှက်ဘူးလား။ ခင်ဗျားက PhDကျောင်းသားလေ။ ဒီလိုအပင်ပန်းခံရတဲ့အလုပ်မျိုးကို ကျန်းမာသန်စွမ်းတဲ့ ကျွန်တော်တို့လို ဂျူနီယာတွေကိုပဲ တာဝန်ပေးလိုက်ပါ"
"ဟေ့.. မင်းတို့တွေ ဘယ်လိုဖြစ်နေတာလဲ။ မိန်းမလှလေးတစ်ယောက်ကိုတွေ့တာနဲ့ ညီအစ်ကိုသံယောဇဉ်ကို မေ့သွားပြီလား"
"ဒီလူရမ်းကားတစ်သိုက်ကတော့… ငါးစိမ်းမြင်ရင် ငါးကင်ပစ်ကြတော့တာပဲ"
ကျန်းမုန့်လောင်၏စီနီယာအစ်မများက ညည်းညူလျက် ဝေဖန်ပြစ်တင်ကြတော့သည်။
...
ဤတစ်ခေါက်တွင် မိန်းကလေးများပါ ပါလာသဖြင့် ကျန်းမုန့်လောင်က လေယာဉ်ပေါ်ရှိ ဝန်ထမ်းတစ်ဖွဲ့လုံးကို လဲထားခဲ့သည်။ မိန်းမလှလေးများသာမက အလွန်ချောမောခန့်ညားသော အမျိုးသားများကိုပါ ထည့်သွင်းထားသးည်။
"အမလေး ဝူယန်ကျူးလား"
"ဒါက.. လီယိုနာဒို ဒီကာပရီယိုလား။ သူက ရေသေနတ်နဲ့ မကစားတော့ဘူးလား။ သောက်ကျိုးနည်း… အရမ်းချောတာပဲ"
"တာကူယာ ကီမူရာလား။ အား.. ကယ်ကြပါဦး။ အသက်ငါးဆယ်နားနီးနေတာတောင် သူက ဘာလို့ ဒီလောက်တောင်ဆွဲဆောင်မှုရှိနေရတာလဲ"
...
ဤခရီးစဉ်၏ လေယာဉ်မောင်များမှာ ကမ္ဘာ့အချောဆုံးအမျိုးသားများ ဖြစ်နေလိမ့်မည်ဟု မည်သူမှ ထင်မထားပေ။
"စီနီယာအစ်မ… စီနီယာအစ်မ.. သွားရည်တွေကျနေပြီနော်"
လုရီယောင်က သူ့စီနီယာများ သတိလက်လွတ်ဖြစ်နေသည်ကိုမြင်သော် အတန်ငယ်ရှက်ကိုးရှက်ကန်းဖြစ်သွားရသည်။
"စီနီယာအစ်မ.. စိတ်ထိန်းဦး။ အစ်မရဲ့မျက်လုံးအကြည့်တွေက ထူးဆန်းနေပြီ"
ကျန်းမုန့်လောင်၏ စီနီယာအစ်မများထံမှ တုံ့ပြန်မှုကလည်း ထူးမခြားနားပင်။
"စိတ်ထိန်းရမှာလား။ ဘယ်လိုထိန်းရမှာလဲ။ အဲဒါက လီယိုနော်။ သူ ပိန်ကျသွားတာပဲ။ ရေသေနတ်လည်း မကစားတော့ဘူး။ ကမ္ဘာပေါ်က ဘယ်ယောကျ်ားကများ အရေးပါဦးမှာလဲ"
"တာကူယာကီမူရာကရော.. သူ့ကို ဒီနားလေး ခေါ်ပေးလို့ရမလား။ ရှီဇူကာကူဒိုကရော သဘောတူပါ့မလား"
"မုန့်လောင်.. သူတို့ဆီက လက်မှတ်လေးတောင်းလို့ရမလား"
"ရတာပေါ့"
"ငါတို့ သူတို့နဲ့ ဓာတ်ပုံအတူတွဲရိုက်လို့ရလား"
"မရစရာမရှိပါဘူး"
"ငါ သူတို့ရဲ့ရင်အုပ်ကြွက်သားတွေကိုရော ထိကြည့်လို့ရမလား"
"စီနီယာအစ်မ… အဲဒါဆိုရင်တော့ အပိုကြေးပေးရမှာနော်"
...
ဟိန်းဟောက်သံကြီးတစ်သံနှင့်အတူ လေယာဉ်က ပျံတက်သွားသည်။
"ဒီလေယာဉ်က အရမ်းကြီးတာပဲ။ မြေပြင်ပေါ်မှာ ရှိနေသလိုပဲ"
လုရီယောင်ကလွဲလျှင် ကျန်လူအားလုံးမှာ ပထမဆုံးအကြိမ် ကိုယ်ပိုင်ဂျက်လေယာဉ်ကို စီးဖူးခြင်းပင်။ တချို့ဆိုလျှင် လေယာဉ်ပင် မစီးဖူးချေ။
"ဒါက ပြုပြင်မွမ်းမံထားတဲ့ Boeing 787လေ"
ကျန်းမုန့်လောင်က ပြုံးလျက် ပြောပြလိုက်သည်။
"လူအယောက်လေးရာနီးပါး ဆံ့တယ်။ အခု ကျွန်တော်တို့က ဆယ်ဂဏန်းလောက်ပဲရှိတာမို့ သက်သောင့်သက်သာဖြစ်နေတာ"
"ဒါက တော်တော်ဈေးကြီးမှာပဲနော်"
အကြီးဆုံးစီနီယာအစ်ကိုက ပြောလိုက်သည်။
"အင်း"
ကျန်းမုန့်လောင်က ခေါင်းညိတ်ပြလိုက်၏။
"လေယာဉ်ကတော့ ဈေးပေါပေမဲ့ ပြုပြင်စရိတ်က မူလဈေးထက် အဆပေါင်းတစ်ရာမကရှိတယ်"
"အဆတစ်ရာလား။ မင်း ဒီထဲမှာ ရှေးဟောင်းပစ္စည်းတွေ ထည့်ထားတာတော့ မဟုတ်ဘူးမလား"
"လုံးဝပဲ"
ကျန်းမုန့်လောင်က လျှို့ဝှက်ဆန်းကြယ်လှသော အပြုံးတစ်ပွင့်ကို လှစ်ဟပြလိုက်လေသည်။
"ဒါက သာမန်ရဟတ်ယာဉ်မဟုတ်ဘူး"
"ကျွန်တော်တို့ အရင်ဆုံး တောင်အာဖရိကကိုသွားမယ်။ အဲဒီမှာ လူတစ်ယောက်က ကျွန်တော်တို့ကို လာကြိုလိမ့်မယ်။ အခုလောက်ဆိုရင် အိန္ဒိယသမုဒ္ဒရာကို ကျော်လာလောက်ပြီထင်တယ်"
"ဝိုး အရမ်းမိုက်တာပဲ"
"အထက်တန်းက မြင်ကွင်းနည်းနည်းကွယ်နေရုံလေးပဲ"
"ခေါင်းဆောင်.. မြင်ကွင်းကျယ်စနစ်ဖွင့်လိုက်ပါ"
ကျန်းမုန့်လောင်က လေယာဉ်မှူးကို အမိန့်ပေးလိုက်သည်။
"သောက်ကျိုးနည်း.."
ပြတင်းပေါက်နားတွင် ထိုင်နေသော ကျူးမုန့်ချောင်ခမျာ ဟန်ချက်ပျက်ပြီး ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ သူက အလန့်တကြားဖြင့် အရှေ့တည့်တည့်သို့ လက်ညှိုးထိုးပြလိုက်သည်။ လေယာဉ်၏အပြင်နံရံမှာ ပျောက်ကွယ်သွားပြီးနောက် သူတို့လည်း လေထဲတွင် မျောနေသကဲ့သို့ ခံစားရသည်။
"ဒီလေယာဉ်ရဲ့အတွင်းပိုင်းကို မြင်ကွင်းကျယ်နည်းပညာနဲ့ သုံးထားတာပါ"
ကျန်းမုန့်လောင် ရှင်းပြလိုက်သည်။
"အထဲကနေ အပြင်ဘက်ကမြင်ကွင်းကို အကုန်မြင်နိုင်သလို ကြည်လင်မှုကိုလည်း ထိန်းချုပ်နိုင်တယ်။ ဘယ်လိုလဲ"
"ဒါကြီးက အရမ်းမှော်ဆန်တာပဲ"
လူတိုင်း တအံ့တဩရေရွတ်လိုက်မိသည်။
"ကြည့်လိုက်.. ဟိုးအရှေ့က အစက်မည်းမည်းလေးတွေက ဘာတွေလဲ"
"ငှက်တွေလား"
"မဖြစ်နိုင်တာ။ ငါတို့က အခု ကမ္ဘာ့လေထုအထက်လွှာကို ရောက်နေတာလေ။ ငှက်တွေက ဒီလောက်အများကြီး ဘယ်ရှိနိုင်မှာလဲ"
"တီ တီ တီ"
လေယာဉ်ထဲတွင် အချက်ပေးသံတစ်သံ ရုတ်တရက်ထွက်ပေါ်လာသည်။
"ဘော့စ်.. တိုက်လေယာဉ်တစ်စုက ၁.၈မက်ချ်နှုန်းနဲ့ ကျွန်တော်တို့ဆီကို ဦးတည်နေပါတယ်"
"တိုက်လေယာဉ်တွေလား"
"သူတို့က ငါတို့ဆီကို လာနေတာတော့မဟုတ်ဘူးမလား"
"မဟုတ်လောက်ပါဘူး။ ဒီအတိုင်းဖြတ်သွားတာနေမှာပါ"
လူတော်တော်များများက ပထမဆုံးအကြိမ် နိုင်ငံခြားခရီးထွက်ဖူးခြင်းဖြစ်လေရာ ဤသို့သောအခြေအနေနှင့် ရင်ဆိုင်ရသောအခါ ထိတ်လန့်ကုန်ကြသည်။ သူတို့က သာမန်ရဟတ်ယာဉ်တစ်စီးထဲတွင် ရှိနေခြင်းဖြစ်ပြီး တစ်ဖက်တွင်မူ တိုက်လေယာဉ်၁၂စင်းပင်။ နားလည်မှုလွဲခြင်း သို့မဟုတ် ပဋိပက္ခတစ်ခုခုဖြစ်ခဲ့လျှင် ကပ်ဘေးဆိုက်ဖို့မှာ ရှောင်လွှဲ၍မရနိုင်ပေ။
"ကျုပ်တို့က တရားဝင်လေကြောင်းလမ်းအတိုင်း ပျံသန်းနေတာပါ။ ခင်ဗျားတို့ရဲ့ရည်ရွယ်ချက်ကို အကြောင်းကြားပေးပါ။ မဟုတ်ရင်တော့ ကျုပ်တို့ဘက်ကလည်း အချက်ပြလွှတ်တင်ပြီး နိုင်ငံတကာရဲ့အကူအညီကို တောင်းခံရလိမ့်မယ်"
လေယာဉ်မှူးက တစ်ဖက်သို့ ချက်ချင်းသတင်းပို့လိုက်သော်ငြား ဘာမှမတုံ့ပြန်ကြချေ။
"ဘော့စ်… ကျွန်တော်တို့ရဲ့အချက်ပြစနစ်တွေ နှောင့်ယှက်ခံထားရပါတယ်။ ဘာမက်ဆေ့ချ်မှ ပို့လို့မရပါဘူး။ သူတို့က ကျွန်တော်တို့ကို ပစ်မှတ်ထားနေတာပဲဖြစ်မယ်"
"သွား..သွားပြီပေါ့"
"မုန့်လောင်.. ဧကန္တ.. သူတို့က လက်စားလာချေတာများလား"
လွန်ခဲ့သည့်တစ်လတုန်းက ကျန်းမုန့်လောင်၏လုပ်ရပ်များကို ပြန်တွေးကြည့်ပြီးနောက် သူ့စီနီယာများမှာ ဤဖြစ်ရပ်နှစ်ခုကို ဆက်စပ်မိသွားသည်။
တိုက်လေယာဉ်၁၂စင်းတဲ့။ သူတို့ အသက်ရောရှင်နိုင်ပါ့မလား…
"မလန့်ပါနဲ့။ တိုက်လေယာဉ်၁၂စင်းက ရေးကြီးခွင်ကျယ်လုပ်စရာမရှိပါဘူး"
ကျန်းမုန့်လောင်က ပြုံးတုံ့တုံ့ဖြင့် ပြောလိုက်သည်။
"ကျွန်တော့်လေယာဉ်ကို သာမန်ခရီးသည်တင်လေယာဉ်လို့ ထင်နေတာလား"