သေမျိုးတစ်သိုက်
Vol. 44 Ch. 657
"မုန့်လောင်… ဒီလိုအချိန်မျိုးမှာတောင် မင်း ဘယ်လိုလုပ်ပြီး အေးအေးဆေးဆေးနေနိုင်တာလဲ။ ဒါက တိုက်လေယာဉ်၁၂စင်းနော်။ တိုက်လေယာဉ်တွေကွ"
ကျန်းမုန့်လောင်၏ စီနီယာအစ်ကိုများမှာ တုန်လှုပ်နေကြသည်။
သူတို့က အသက်နှစ်ဆယ်အရွယ်မျှသာ ရှိသေးသဖြင့် အရွယ်လည်းကောင်းပြီး အနာဂတ်ကလည်း တောက်ပနေသေးသည်။ ယခုမူ ဒုံးကျည်တစ်စင်းကပင် သူတို့၏ဘဝကို အဆုံးသတ်ပစ်နိုင်သည်။ လွန်ခဲ့သည့်မိနစ်ပိုင်းကမှ ခရီးသွားရသည့် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေခဲ့သော်ငြား နောက်တစ်စက္ကန့်တွင်မူ စိတ်ပျက်အားငယ်မှုအနန္တချောက်နက်ထဲသို့ ကျဆင်းသွားသလို ခံစားရသည်။
"ဆင်းတော့။ မြေပြင်ကို မြန်မြန်ဆင်းတော့။ ငါတို့ အခုချက်ချင်းဆင်းပြီး ပင်လယ်ထဲမှာ ပုန်းနေလိုက်ရင်တောင် အခွင့်အရေးရှိသေးတယ်"
"ဟုတ်တယ်။ ပင်လယ်ထဲကို အရေးပေါ်ဆင်းသက်ရအောင်။ ခုနတုန်းက အသက်ကယ်ကိရိယာတွေအများကြီးကို ငါတွေ့လိုက်တယ်။ တိုက်လေယာဉ်တွေက ပင်လယ်ပြင်ပေါ်မှာဆိုရင် သိပ်အစွမ်းထက်မှာမဟုတ်ဘူး"
"အားလုံးပဲ မလန့်ကြပါနဲ့"
ကျန်းမုန့်လောင်က စိတ်အေးအေးထားရန် ဖျောင်းဖျလိုက်သည်။
"ကျွန်တော်ပြောပြီးပြီလေ။ ဒီလေယာဉ်ကို ငွေကြေးကုန်ကျခံပြီး ပြုပြင်ထားတာပါလို့။ တိုက်လေယာဉ်၁၂စင်းတည်းလား။ လေယာဉ်တင်သင်္ဘော၁၂စင်းလာရင်တောင် နာလန်မထူနိုင်အောင် ဆုံးမပြနိုင်တယ်"
"ဒုံးကျည်တွေ လာနေပြီ"
ထိုအချိန်မှာပင် မြင်ကွင်းကျယ်စနစ်မှတစ်ဆင့် မီးတောက်များအတန်းလိုက်ကပ်ပါလာသော ဒုံးကျည်နှစ်စင်းက သူတို့ဆီသို့ ဦးတည်လာကြောင်း မြင်လိုက်ရသည်။ ဤအမြင့်ပေတွင်သာ ဒုံးကျည်ဖြင့် အပစ်ခံရပါက အလောင်းပင်ရှာမရဘဲ အသက်ပျောက်ရမည်မှာ မြေကြီးလက်ခတ်မလွဲပေ။
"အား"
လုရီယောင်ကလွဲ၍ လေယာဉ်ပေါ်ရှိ ကျန်မိန်းကလေးများမှာ အော်ဟစ်နေကြလေတော့သည်။
ကျန်းမုန့်လောင်ဖန်တီးထားသည့် လေယာဉ်၏ပြုပြင်မွမ်းမံမှုများအကြောင်း လုရီယောင် အသေးစိတ်မသိသော်ငြား သူ့တွင် ဝှက်ဖဲတစ်ချပ်ရှိကြောင်းကိုမူ သေချာပေါက်သိသည်။ ထို့ပြင် ဤသည်မှာ သာမန်လေယာဉ်တစ်စီးဖြစ်နေလျှင်ပင် ယဲ့ရင်က သူတို့အား တိတ်တဆိတ်ကာကွယ်ပေးနေပေသည်။
ထို့ကြောင့် သူတို့အနေနှင့် ထိတ်လန့်နေရန်မလိုပေ။
"အမြင့်ဆုံးလုပ်ပိုင်ခွင့်ကို ဖွင့်လိုက်။ အေတီစက်ကွင်းကို အသက်သွင်းလိုက်"
ကျန်းမုန့်လောင်က မည်သူ့ကို မည်သည့်စကားများ ပြောနေသလဲဆိုသည်ကို သူတို့ မသိရပေ။
"အသံလှိုင်းစစ်ဆေးမှု အောင်မြင်ပါတယ်။ ကြိုဆိုပါတယ် လေးစားရပါသော မစ္စတာကျန်း.. အေတီစက်ကွင်းကို သင့်အတွက် ဖြန့်ကြက်ပေးနေပါပြီ"
စက်ရုပ်အသံ၏အဆုံးတွင် ဒုံးကျည်နှစ်စင်းက သူတို့ရှေ့တည့်တည့်သို့ ရောက်လာသည်။ သို့သော် လေယာဉ်အတွင်းခန်းနှင့် တစ်မီတာအကွာမှာပင် တစ်ခုခုကို တိုက်မိသွားသည့်အလား ပြင်းထန်စွာ ပေါက်ကွဲသွားချေသည်။
၎င်းမှာ ယခုလက်ရှိအချိန်အထိ အစွမ်းအထက်ဆုံးဝေဟင်ပစ်ဒုံးကျည်နှစ်စင်းပင်။
တချို့က မျက်လုံးမှိတ်လျက် သေရမည့်အချိန်ကို စောင့်ဆိုင်းနေကြသော်ငြား ဘာမှဖြစ်မလာပေ။ တုန်ခါမှုအနည်းငယ် သို့မဟုတ် တီးတိုးသံတစ်သံပင် ထွက်မလာပေ။
"ဘာဖြစ်တာလဲ"
ကျန်းမုန့်လောင်၏စီနီယာအစ်ကိုတချို့က မျက်လုံးဖွင့်ကြည့်လိုက်လေရာ သူတို့၏လေယာဉ်မှာ ဘေးမသီရန်မခရှိနေကြောင်း မြင်လိုက်ရ၏။ သူတို့နောက်ရှိ မလှမ်းမကမ်းတစ်နေရာတွင်မူ မှိုပွင့်သဏ္ဍာန်ရှိသည့် အနက်ရောင်မီးခိုးလုံးကြီးတစ်ခု လွင့်မျောနေချေသည်။ ထိုပေါက်ကွဲမှုကား စင်စစ်ပြင်းထန်လွန်းလှသည်။
သို့သော် ဤပေါက်ကွဲမှုကြောင့် သူတို့ လုံးဝမထိခိုက်ခဲ့ချေ။ မမြင်ရသော အင်အားတစ်ရပ်က လေယာဉ်၏အပြင်ဘက်တွင် တားဆီးထားသလိုပင်။
ထိုအခိုက်ဝယ် လေယာဉ်ပတ်ပတ်လည်တွင် ရွှေရောင်အလင်းတန်းနံရံတစ်ခုကို မြင်လိုက်ရသည်။
"အေတီစက်ကွင်းလား။ မုန့်လောင်.. မင်း အေတီစက်ကွင်းလို့ ပြောလိုက်တာလား"
animeပရိသတ်များဖြစ်ကြသော ကျန်းမုန့်လောင်၏ စီနီယာအစ်ကိုများက ဂန်တမ်ကလွဲလျှင် အီဗန်ဂါလီယွန်က အကြီးကျယ်ဆုံးဖြစ်ကြောင်း ကောင်းကောင်းသိကြသည်။
ကျန်းမုန့်လောင်ပြောလိုက်သည့် အေတီစက်ကွင်းဆိုသည်မှာ ထိုanimeစီးရီးထဲရှိ နည်းပညာတစ်မျိုးကို ရည်ညွှန်းထားပြီး ပကတိအကာအကွယ်ကို ဆိုလိုခြင်းပင်။
အေတီစက်ကွင်းက ရွှေရောင်ဗဟုဂံပုံစံ အကာအကွယ်နံရံကြီးတစ်ခုအဖြစ် ပေါ်လာပြီး ရုပ်ပိုင်းဆိုင်ရာသက်ရောက်မှုများနှင့် စွမ်းအင်မြင့်၊ အပူချိန်မြင့်ပေါက်ကွဲမှုများအပါအဝင် သာမနလက်နက်အားလုံးကို တားဆီးပေးနိုင်သည်။
animeထဲရှိ ဇာတ်လမ်းတည်ဆောက်ပုံအရ အခြားအေတီစက်ကွင်းတစ်ခုနှင့် ဓာတ်ပြယ်မှုမပြုခင်အထိ ဘယ်အင်အားကမှ သူ့အတွင်းဘက်ရှိ အရာများကို ထိခိုက်အောင်မလုပ်နိုင်ပေ။ ထို့ကြောင့်လည်း သူ့ကို ပကတိအကာအကွယ်ဟု ခေါ်ဆိုကြခြင်းပင်။
သို့သော် ဤသည်မှာ animeထဲရှိ နည်းပညာတစ်ခုဖြစ်၏။ တစ်နည်းဆိုရသော် စိတ်ကူးယဉ်ကမ္ဘာထဲတွင်သာ ရှိသည့် အရာတစ်ခုပင်။ လူသားများအနေနှင့် ထိုနည်းပညာကို ဖန်တီးနိုင်ရန်အတွက် ရာစုနှစ်မဟုတ်လျှင်ပင် ဆယ်စုနှစ်လောက်တော့ စောင့်ရနိုင်သည်။
"ဘယ်လိုလဲ။ လန်းတယ်မလား"
ကျန်းမုန့်လောင် ပြုံးလိုက်လေသည်။
"သူတို့ရဲ့ဒုံးကျည်တွေက အဆတစ်ရာလောက် ပိုအားကောင်းနေရင်တောင် အေတီစက်ကွင်းကို ဖောက်ထွင်းပြီး ကျွန်တော်တို့ကို အန္တရာယ်ပြုဖို့ လုံးဝမဖြစ်နိုင်ဘူး။ ဒီတော့ စိတ်အေးအေးထားကြပါ"
"မင်း ဒါကို ဘယ်လိုလုပ်လိုက်တာလဲ"
ကျူးမုန့်ချောင်က တအံ့တဩရေရွတ်လိုက်သည်။ သူတို့နိုင်ငံ၏စစ်လက်နက်နည်းပညာက ဤနှစ်အတွင်း လျင်မြန်စွာတိုးတက်လာခဲ့ပါသော်ငြား ဤအတိုင်းအတာအထိတော့ မထုတ်လုပ်နိုင်သေးဘူးမဟုတ်လား။
"ဟန်ဆောင်မနေတော့ဘူး။ ဝန်ခံရမဲ့အချိန်ကို ရောက်လာပြီ"
ကျန်းမုန့်လောင်က သူ့အိတ်ကပ်ထဲရှိ အနီရောင်မှတ်စုစာအုပ်လေးကို ထုတ်လိုက်သည်။
ထိုစာအုပ်တွင် စာလုံးအနည်းငယ်ကို ရေးသားထားသည်။
"ဟွာရှားနိုင်ငံ အထူးလက်နက်အကြီးတန်းအကြံပေးပညာရှင် - ကျန်းမုန့်လောင်"
"မင်း... မင်းက နိုင်ငံတော်အဆင့် စီနီယာလက်နက်အကြံပေးပညာရှင်လား"
ကျူးမုန့်ချောင်နှင့် အခြားလူများမှာ ဤရာထူး၏အဓိပ္ပာယ်ကို ကောင်းကောင်းမသိကြသော်ငြား ဤရာထူးက စင်စစ်ထိတ်လန့်ဖွယ်ကောင်းလှသည်။ ကျန်းမုန့်လောင်က ရူပဗေဒ၊ ဓာတုဗေဒနှင့် သင်္ချာဘာသာရပ်တွင် အလွန်ဗဟုသုတကြွယ်ဝကြောင်း သူတို့ သိထားသည်။ သို့သော် သူသည် ဘယ်အချိန်တုန်းကများ လက်နက်များအကြောင်း ဤမျှကျွမ်းကျင်သွားရလေသလဲ။
"အစ်ကိုတို့ကတော့ သိချင်မှသိလိမ့်မယ်။ ဒီတစ်ခေါက် ကျွန်တော်တို့နိုင်ငံက ထုတ်လုပ်လိုက်တဲ့ လုံယင်တိုက်လေယာဉ်က ကျွန်တော့်ဒီဇိုင်းကို အခြေခံထားတာ"
ကျန်းမုန့်လောင် ရှင်းပြလိုက်လေသည်။
"သက်ရောက်မှုပြင်းတဲ့ ဒြပ်ပစ္စည်း၊ ဆွဲငင်အားဆန့်ကျင်ရေးအင်ဂျင်တွေနဲ့ အိုင်းယွန်းအမြောက်တွေက သီအိုရီအရရော နည်းပညာအရပါ ကျွန်တော် ထောက်ပံ့ပေးထားတာ"
"အေတီစက်ကွင်းက ကျွန်တော် မကြာသေးခင်ကမှ ဖော်ထုတ်နိုင်ခဲ့တဲ့နည်းပညာလေ။ ပမာဏအများကြီး မထုတ်လုပ်နိုင်သေးပေမဲ့ ကျွန်တော့်ရဲ့ကိုယ်ပိုင်လေယာဉ်တွေမှာတော့ စမ်းသပ်ထားတယ်။ ဒါပေမဲ့ ကြည့်ရတာတော့ အကျိုးသက်ရောက်မှုက မဆိုးပါဘူး"
"မင်းက မကောင်းဆိုးဝါးတစ်ကောင်ပဲ"
ကျူးမုန့်ချောင်ခမျာ ကျန်းမုန့်လောင်က လူသားရော ဟုတ်ရဲ့လားဟုပင် သံသယဖြစ်နေမိချေပြီ။ သူသည် animeထဲက နည်းပညာကို အမှန်တကယ်ဖြစ်လာအောင် လုပ်နိုင်ခဲ့သည်မဟုတ်လား။
အကယ်၍ ဤအရာကို ဟွာရှားစစ်တပ်တွင် အသုံးပြုမည်ဆိုပါက ဟွာရှားနိုင်ငံ၏ စစ်လက်နက်များမှာ ကမ္ဘာပေါ်တွင် ပြိုင်ဘက်ကင်းသွားလိမ့်မည်။ သက်ရောက်မှုပြင်းသော ဒြပ်ပစ္စည်း၏ အင်အားကို မဆိုထားနှင့်။ အဆင့်အမြင့်ဆုံးဝေဟင်ပစ်ဒုံးကျည်များကို သုံးလျှင်ပင် အရာတစ်ချက်ထင်မည်မဟုတ်။
"အားလုံးပဲ မလန့်ကြပါနဲ့။ အေတီစက်ကွင်းရဲ့အင်အားနဲ့ဆိုရင် ငါတို့လေယာဉ်က သူတို့တိုက်လေယာဉ်ကို ဝင်တိုက်မိသွားရင်တောင် သူတို့တိုက်လေယာဉ်ပဲ ပျက်စီးမှာ"
ကျူးမုန့်ချောင်က ယခုမူ ယုံကြည်မှုအပြည့်ဖြင့် အားပေးစကားပြောလိုက်သည်။
မိန်းကလေးများမှာ အေတီစက်ကွင်းအကြောင်း မကြားဖူးသော်လည်း ကျူးမုန့်ချောင်နှင့် ကျန်းမုန့်လောင်တို့ ယုံကြည်မှုပြည့်ဝနေသည်ကို မြင်သောအခါ စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်မိသည်။
...
"ဘာဖြစ်တာလဲ။ သူတို့ကို ဘာလို့ပစ်ချလို့မရသေးတာလဲ"
ကီလိုမီတာပေါင်းများစွာအကွာရှိ တိုက်လေယာဉ်မှူးတစ်ယောက်က ကျန်းမုန့်လောင်၏လေယာဉ်သည် ရေဒါထဲတွင် ရှိနေဆဲဖြစ်ကြောင်း သတိပြုမိလိုက်သည်။
"ဒုံးကျည်ရဲ့ချို့ယွင်းချက်ဖြစ်လောက်တယ်။ ထပ်လုပ်ရအောင်"
"ဒီတစ်ခေါက် အမှားအယွင်းမရှိအောင် အကုန်လုံးကို တစ်ခါတည်းပစ်ကြစို့"
"ဝှစ် ဝှစ် ဝှစ်"
ဒုံးကျည်၂၄စင်းမှာ ကျန်းမုန့်လောင်၏ လေယာဉ်ဆီသို့ တစ်ဟုန်ထိုးပြေးဝင်လာပြန်သည်။
"အေတီစက်ကွင်းကို အဆုံးအထိ ချဲ့လိုက်"
"ဟုတ်တယ်။ အေတီစက်ကွင်း"
ချက်ချင်းဆိုသလိုပင် ရွှေရောင်ဒိုင်းကာကြီးက လေယာဉ်ပတ်ပတ်လည်တွင် အချင်းဝက်ခြောက်မီတာနှုန်းဖြင့် ပြန့်ကားသွားသည်။
ဒုံးကျည်များတ တိုက်မိချိန်တွင် မှိုပွင့်သဏ္ဌာန် မီးခိုးလုံးကြီးများ ဖြစ်ပေါ်လာသော်လည်း လေယာဉ်ကမူ တစ်စုံတစ်ရာထိခိုက်မှုမရှိခဲ့ပေ။
"သေစမ်း။ သူ့လေယာဉ်က တစ်ခုခုထူးဆန်းနေတယ်"
ပထမတိုက်ခိုက်မှုက လွဲကောင်းလွဲသွားနိုင်သော်ငြား ဤတစ်ခေါက်ပစ်လိုက်သော ဒုံးကျည်အမြောက်အများက လွဲချော်ရန် မဖြစ်နိုင်ပေ။ အကြောင်းမှာ ရေဒါထဲရှိ အချက်အလက်များမှာ သူတို့၏ပျံသန်းရေးလမ်းကြောင်းကို မပြောင်းလဲထားကြောင်း ပြသနေသည်။ သူတို့အနေနှင့် ဤမျှလွယ်ကူလှသော ပစ်မှတ်လေးကိုမှ ထိအောင်မပစ်နိုင်လျှင် သူတို့အနေနှင့် ထိပ်သီးလေတပ်ဟုခေါ်ဆိုရန် မထိုက်တန်တော့ပေ။
ရုတ်ခြည်းပင် ဟွာရှားနိုင်ငံမှ လုံယင်တိုက်လေယာဉ်သည် ဤကဲ့သို့အင်အားကြီးလှသော ခုခံရေးစွမ်းအားမျိုးကို ပြသဖူးကြောင်း သူတို့ အမှတ်ရလိုက်သည်။
ကျန်းမုန့်လောင်၏လေယာဉ်က သက်ရောက်မှုပြင်းထန်သော ဒြပ်ပစ္စည်းများဖြင့် ပြုလုပ်ထားခြင်းလေလား။
ကျန်းမုန့်လောင်၏စွမ်းဆောင်ရည်နှင့် စည်းစိမ်ဥစ္စာတို့ကို ကြည့်ခြင်းအားဖြင့် ဤသည်မှာ ဖြစ်နိုင်ခြေရှိပေသည်။ သူသည် အလွန်ချမ်းသာကြွယ်ဝလှသည်ဖြစ်ရာ သူ့အသက်ကိုလည်း အလွန်တန်ဖိုးထားပေလိမ့်မည်။
"ငါတို့ ကြိုပြင်ဆင်လာလို့ တော်သေးတယ်"
"အီလက်ထရောနစ်ဒုံးကျည် ပြင်ထား"
ပြီးခဲ့သည့်တစ်ခေါက်က အားပြင်းဒြပ်ပစ္စည်း၏ စွမ်းအားကိုမြင်တွေ့ခဲ့ရပြီးနောက် သိပ္ပံပညာရှင်များမှာ ထိုအရာကိုဖျက်ဆီးရန် နေ့မနားညမအား နည်းလမ်းရှာဖွေခဲ့ကြသည်။ ၎င်းမှာ အမှုန်တုန်ခါမှုကို ဖြစ်စေပြီး အီလက်ထရွန်များဖြင့် ပစ်ခတ်ကာ အမှုန်များအကြားရှိ အင်အားမျှခြေကို ပျက်ပြားစေသည့် နည်းလမ်းပင်။
သို့သော် ဤတစ်ခေါက်တွင် သူတို့ အတွက်မှားသွားခဲ့သည်။ ကျန်းမုန့်လောင်၏ လေယာဉ်မှာ ထိုထက်ပိုမြင့်မားသော ကာကွယ်ရေးနည်းပညာကို သုံးထားခြင်းဖြစ်၏။ အီလက်ထရွန်နစ်ဒုံးကျည်များ၏ စွမ်းအင်မြင့်တိုက်ခိုက်မှုကပင် အေတီစက်ကွင်းကို လုံးဝမဖောက်ထွင်းနိုင်ပေ။
"အမလေး"
အနားသို့ ချဉ်းကပ်လာသော တိုက်လေယာဉ်၁၂စင်းကိုကြည့်ရင်း ကျန်းမုန့်လောင် ခေါင်းခါယမ်းလိုက်မိသည်။
"သေမျိုးတစ်သိုက်ပါလား"