← Chapters

ကျန်းမုန့်လောင်တော့ သေပြီပဲ

Vol. 44 Ch. 660

ကျန်းမုန့်လောင်တော့ သေပြီပဲ

Vol. 44 Ch. 660

"နောက်ဆုံးတစ်ယောက်..."

ကျန်းမုန့်လောင်က ဆက်သွယ်ရေးလိုင်းကတစ်ဆင့် နောက်ဆုံးကျန်ရစ်ခဲ့သော လေယာဉ်မှူးကို ပြောလိုက်သည်။

"မင်းရဲ့အသက်ကိုတော့ ငါ ချမ်းသာပေးလိုက်မယ်။ မင်းကို အမိန့်ပေးတဲ့လူကို သွားပြောလိုက်။ ငါဆိုတဲ့ ကျန်းမုန့်လောင်က စိတ်ရှည်ပေမဲ့ အခုလိုဆက်တိုက်စိတ်တိုအောင်တော့ လုပ်လို့မရဘူးလို့။ ဒါက နောက်ဆုံးသတိပေးချက်ပဲ။ အခုချက်ချင်းထွက်သွားတော့"

ထိုလေယာဉ်မှူးခမျာ ထိတ်လန့်တုန်လှုပ်သွားချေသည်။ သူ့ပတ်ပတ်လည်တွင် အမြောက်ပျံတစ်ရာကျော်လောက် ဝိုင်းထားပြီး မည်းနက်နက်ပြောင်းဝကြီးများဖြင့် ချိန်ထားကြသဖြင့် သူ့လည်ပင်းကို ဓားတစ်လက်ဖြင့် ရွယ်ထားသလို ခံစားလိုက်ရသည်။

သူ့ရဲဘော်များမှာမူ ကျန်းမုန့်လောင်၏အမြောက်ပျံများက သူတို့၏ဆီတိုင်ကီကို ပစ်မှတ်ထား၍ တိုက်ခိုက်ခဲ့သဖြင့် ၅၉ယောက်လုံး အကုန်တိုက်ပွဲကျကုန်သည်။

ဤသည်မှာ အလွန်လွယ်ကူလှသော တိုက်ပွဲတစ်ခုဟု သူတို့ ထင်ထားခဲ့မိသည်။ တိုက်ပွဲက တကယ်လည်း လွယ်ကူခဲ့ပါသည်။ သို့သော် ရက်ရက်စက်စက်အသတ်ခံခဲ့ရသူများမှာ သူတို့ကိုယ်တိုင်ပင်။

ဤဟွာရှားလူမျိုးက အေတီစက်ကွင်း၊ ဆိုလာမီးပြင်းဖိုနှင့် အမြောက်ပျံတို့ကို တီထွင်ထားလိမ့်မည်ဟု မည်သူကများ ထင်ထားမည်နည်း။ ဤအရာများက ဂြိုလ်သားများဆီက ရထားခြင်းလေလား။ ယခုအချိန်တွင် တစ်စုံတစ်ယောက်က ကမ္ဘာကူးတံခါးများ ကျိုးပျက်သွားပြီဟု ပြောလာလျှင် သူတို့ ယုံကြည်မိမည်။

သူ့ခမျာ တစ်ကိုယ်လုံးတုန်ယင်လျက် ငရဲမှလွတ်မြောက်လာသည့်အလား သုတ်ခြေတင်၍ ပြေးပါတော့သည်။

...

"မုန့်...မုန့်လောင်.. မင်း လူသတ်လိုက်တာလား"

လူတိုင်းက ငြိမ်းချမ်းသောခေတ်တွင် နေထိုင်လာကြသူများပင်။ စစ်ပွဲမြင်ကွင်းမျိုးကို မြင်ဖူးဖို့ မဆိုထားနှင့်။ ကလေးချင်းရန်ဖြစ်သည်ကိုပင် တွေ့ခဲလှသည်။ သို့ဖြစ်လေရာ ဤမျှသွေးပျက်ဖွယ်ကောင်းသော မြင်ကွင်းမျိုးကို သူတို့ ဘယ်မြင်ဖူးမည်နည်း။

သွေးတစ်စက်မှ မမြင်ရသော်လည်း လေယာဉ်များ ထိုသို့ပေါက်ကွဲသွားသည်ကို ကြည့်လျှင် အတွင်းရှိလူများလည်း မလွတ်မြောက်နိုင်သည်မှာ သေချာသည်။ ကျန်းမုန့်လောင်၏လုပ်ရပ်က ကိုယ့်ကိုယ်ကိုယ်ကာကွယ်မှုမြောက်သော်လည်း သူတို့အတွက်တော့ လက်ခံရခက်ခဲနေဆဲပင်။

အစောတုန်းက ကျန်းမုန့်လောင်၏အမိန့်က အလွန်ကြမ်းတမ်းခက်ထန်လှလေရာ ယခင်က သူတို့သိခဲ့သည့် ကျန်းမုန့်လောင်ဆိုသည်မှာ သူ့တစ်ဖက်ခြမ်းဖြစ်ပြီး ယခုမူ အခြားတစ်ဖက်ခြမ်းကို မြင်လိုက်ရသလို ခံစားမိသည်။

"ဂျူနီယာလေးတွေ.. ငါ့ကို လူသတ်သမားလို့ ထင်နေကြတာမလား"

သူတို့၏တုံ့ပြန်မှုကို ကျန်းမုန့်လောင်ကတော့ မအံ့ဩမိပေ။

ယဲ့ရင်၏လူသတ်မှုကို ပထမဆုံးအကြိမ် မြင်ခဲ့ရစဉ်က သူကိုယ်တိုင်လည်း အော့အန်ချင်သလို ခံစားရသည်။ သို့သော် ထိုစိတ်ပိုင်းဆိုင်ရာအတားအဆီးကို ကျော်ဖြတ်ပြီးလျှင် ဤသည်မှာ လက်မခံနိုင်စရာကိစ္စတော့မဟုတ်ပေ။

လူတိုင်းက တိတ်ဆိတ်နေကြသော်ငြား ကျန်းမုန့်လောင်၏အကြည့်ကိုတော့ ရှောင်နေကြသည်။

"ဂျူနီယာလေးတွေ.. မင်းတို့ကို တစ်ခုမေးမယ်။ လွန်ခဲ့တဲ့ဆယ်စုနှစ်တွေတုန်းက စစ်ပွဲတစ်ခုမှာ တစ်စုံတစ်ယောက်က ငါတို့နိုင်ငံကို လုယက်ဖျက်ဆီးနေတာကိုမြင်ရင် မင်းတို့ ဘာလုပ်မလဲ"

"လက်နက်ဆွဲကိုင်ပြီး သူသေကိုယ်သေတိုက်ခိုက်ပစ်မှာပေါ့"

ကျူးမုန့်ချောင်က ဝင်ပြောလိုက်သည်။

"ဒါပေမဲ့ မုန့်လောင်.. ဒါက မတူဘူးလေ။ သူတို့က ငါတို့ရဲ့စီးပွားရေးကိုပဲ တိုက်ခိုက်တာလေ။ ပြီးတော့ အသက်၅၉ချောင်းနော်။ သူတို့..."

"စီနီယာ... ကျွန်တော်ကတော့ အတူတူပဲလို့ ထင်တာပဲ"

ကျန်းမုန့်လောင်က ဆို၏။

"တကယ်လို့ သူတို့သာ အောင်မြင်သွားခဲ့ရင် ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေးက ဘယ်လောက်တောင်ထိခိုက်သွားမလဲ"

"တွက်ပြမယ်နော်"

ကျန်းမုန့်လောင်က ဆက်ပြောလိုက်၏။

"၁၉၂၉နဲ့ ၁၉၃၃ကြားမှာ ကမ္ဘာ့စီးပွားပျက်ကပ်ဖြစ်တုန်းက အမေရိကမှာ မူမမှန်တဲ့သေဆုံးမှုတွေ ခုနစ်သန်းအထိ ရှိခဲ့တယ်။ ပုံမှန်ဆိုရင် တစ်သိန်းနှစ်သိန်းအထိပဲ ရှိရမှာ။ ဒါကြီးက ငါးဆတောင်ကွာသွားတာ"

"တကယ်လို့ ကျွန်တော်တို့ငွေကြေးစနစ် ပြိုလဲသွားပြီး ငွေကြေးတန်ဖိုးကျဆင်းသွားရင် ဘာဆက်ဖြစ်မလဲဆိုတာ တွေးကြည့်ဖူးလား။ ကားချေးငွေတွေ အိမ်ချေးငွေတွေ မဆပ်နိုင်လို့ လူဘယ်နှယောက်လောက် သတ်သေကြမလဲ။ မိသားစုဘယ်နှစုလောက် ပျက်စီးသွားမလဲ။ တစ်နှစ်မှာ မူမမှန်သေဆုံးမှုတွေ ဘယ်နှခုလောက်ရှိတယ်လို့ထင်လဲ။ သူတို့က ကျွန်တော်တို့ရဲ့စီးပွားရေးကို ဖျက်ဆီးရုံတင်မကဘူး။ ကျွန်တော်တို့လူမျိုးတွေကိုပါ သတ်နေတာ"

"ကျွန်တော်က ရက်စက်တယ်လို့ထင်နေတာလား"

ကျန်းမုန့်လောင် ဆက်ပြောလိုက်သည်။

"ကျွန်တော့်မှာ ဒီနည်းပညာတွေရှိနေလို့ သူတို့ ကျွန်တော့်ကို မထိနိုင်ဘူး။ ဒီလေယာဉ်ကို ဘာမှမလုပ်နိုင်ဘူး။ ဒါကြောင့် သူတို့ကို သတ်စရာမလိုဘူးလို့ ထင်နေကြတာမလား"

ဤစကားကြောင့် လူတိုင်း တိတ်ဆိတ်သွားကြသည်။ သူတို့ အမှန်တကယ်ပင် ထိုသို့တွေးမိကြသည်။ သူတို့တွင် ဘာအန္တရာယ်မှ မရှိသည့်အတွက် မောင်းထုတ်လိုက်ရုံမျှဖြင့် အဆင်မပြေဘူးလား။ သူတို့ကို ဘာလို့သတ်ပစ်ရမည်နည်း။ ထို့ပြင် သူတို့တွင်လည်း မိသားစုများ ရှိကြသည်။ သူတို့သာ ဆုံးပါးသွားလျှင် မိသားစုဝင်ဘယ်နှယောက်များ ဝမ်းနည်းပူဆွေးလိုက်ကြလေမလဲ။

"ဒါပေမဲ့ စဉ်းစားကြည့်လိုက်။ တကယ်လို့ ကျွန်တော်က ဒီနေ့ သာမန်လေယာဉ်တစ်စင်းနဲ့ ခရီးထွက်လာပြီး သူတို့နဲ့ထိပ်တိုက်တွေ့ခဲ့တယ်ဆိုရင် ဘာဆက်ဖြစ်သွားမလဲ"

ကျန်းမုန့်လောင်က မေးလိုက်သည်။

"ကျွန်တော်က ဘာအန္တရာယ်မှ မပေးနိုင်ပါဘူးဆိုပြီး သူတို့က အလွတ်ပေးမှာတဲ့လား။ ကျွန်တော့်မှာလည်း မိသားစုရှိတယ်ဆိုပြီး သူတို့က သနားမှာလား"

"ဒီတော့ အဲဒီလိုလူတွေအတွက် သနားညှာတာမှုဆိုတာ အဓိပ္ပာယ်မရှိဘူး"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"အခုက ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းဆိုရင်တောင် ကျောက်ခေတ်ပဲဖြစ်ဖြစ် ခေတ်သစ်ပဲဖြစ်ဖြစ် အင်အားကြီးသူကသာ ရှင်သန်နိုင်တယ်ဆိုတဲ့ နိယာမကတော့ ထာဝရအမှန်တရားဖြစ်နေမှာ"

"မုန့်လောင် တောင်းပန်ပါတယ်။ ခုနတုန်းက.."

"ဟားဟားဟား တောင်းပန်စရာမလိုပါဘူး"

ကျန်းမုန့်လောင်က ဆို၏။

"တကယ်တော့ ကျွန်တော်ကသာ တောင်းပန်ရမှာ။ ကျွန်တော့်ကြောင့်သာမဟုတ်ရင် ဒီနေ့ အခုလိုကြုံရမှာမဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့လေယာဉ်ဆိုက်တာနဲ့ ကျွန်တော်တို့ကို ဘယ်သူကမှ လာနှောင့်ယှက်ရဲမှာမဟုတ်ဘူးဆိုတာ အာမခံရဲပါတယ်"

ထိုအချိန်မှာပင် လေယာဉ်က အိန္ဒိယသမုဒ္ဒရာထဲက ကျော်လာခဲ့ပြီး သူတို့အောက်တွင်မူ ကျယ်ပြောလှသော အာဖရိကတိုက်ကြီး ရှိနေပေသည်။

"ကဲ စီနီယာဂျူနီယာတို့... ဘွဲ့နှင်းသခင်ခရီးစဉ်ကို စလိုက်ကြရအောင်"

"ပထမမှတ်တိုင်ကတော့ တောင်အာဖရိကဖြစ်ပါတယ်"

...

အာဖရိကအခြေစိုက်စခန်းတစ်ခုတွင် လူတစ်စ်စုမှာ ရုံးခန်းတစ်ခန်းထဲတွင် စုဝေးနေကြသည်။ လွတ်မြောက်လာသည့် တိုက်လေယာဉ်မှ ဖမ်းယူထားသည့် ဗီဒီယိုမှတ်တမ်းကို ကြည့်နေကြသည်။

သူတို့ခမျာ ဗီဒီယိုကိုကြည့်ရင်း အမူအရာများ ပိုလေးနက်လာသည်။

"အေတီစက်ကွင်း၊ ဆိုလာမီးပြင်းဖို၊ အမြောက်ပျံတွေ.."

"ဒီပစ္စည်းတွေကို ဟွာရှားလူမျိုးတွေ တီထွင်ထားတယ်ဆိုတာ ယုံတောင်မယုံနိုင်ဘူး"

"ကျုပ်မှတ်မိသလောက်ဆိုရင် သူတို့ရဲ့လုံယင်တိုက်လေယာဉ်တွေမှာ ဒီပစ္စည်းတွေ မပါသေးဘူးမလား"

"ကျုပ် အရင်ကတော့ ပါရမီရှင်ဆိုတာကို မယုံခဲ့ဘူး။ အခုတော့ ယုံသွားပြီ။ တခြားလူတွေကို ပါရမီရှင်လို့ ခေါ်မဲ့အစား ကျန်းမုန့်လောင်ဆိုတဲ့ အသုံးအနှုန်းမျိုးနဲ့ တင်စားတာက ပိုမှန်လိမ့်မယ်ထင်တယ်"

သို့တိုင် ဤအချက်များမှ ကျန်းမုန့်လောင်အပေါ်ထားသော သူတို့၏သတ်ဖြတ်လိုစိတ်ကို မပြောင်းလဲသွားစေပေ။

"သူသာမသေသေးဘူးဆိုရင် ဟွာရှားနိုင်ငံက ကမ္ဘာ့အချမ်းသာဆုံးနဲ့ အင်အားအကြီးဆုံးနိုင်ငံ ဖြစ်လာလိမ့်မယ်"

"သူ အခုချက်ချင်းသေမှဖြစ်မယ်။ ဘယ်လိုနည်းပဲသုံးရသုံးရ သူ့ကို ဟွာရှားကို ပြန်ခွင့်ပေးလို့မဖြစ်ဘူး"

"ဒါပေမဲ့ ခင်ဗျားလည်း မြင်လိုက်တာပဲ။ ကျုပ်တို့လက်နက်တွေက သူ့ကို လုံးဝမတိုက်ခိုက်နိုင်ဘူး။ သာမန်လက်နက်တွေရော စွမ်းအင်လက်နက်တွေရောပဲ။ သူ့စက်ကွင်းနဲ့တွေ့ရင် အဲဒီလက်နက်တွေက အယားပြေအောင် ကုတ်ပေးနေသလိုပဲ"

"ဒါဆို ဘာလုပ်ကြမလဲ။ သူ မာန်တက်နေတာကို ဒီအတိုင်းထိုင်ကြည့်နေရမှာလား။ လွန်ခဲ့တဲ့တစ်လတုန်းက သူ့ကို နှိမ်နင်းဖို့ကျရှုံးခဲ့တယ်။ အခု ကျုပ်တို့မှာ ရွေးချယ်စရာမရှိတော့ဘူး။ ဆက်တိုက်ရုံပဲရှိတော့တယ်။ သူသာ ကျုပ်တို့ကို လက်တုံ့ပြန်ပြီဆိုရင် ကျုပ်တို့တွေ ခံနိုင်ရည်ရှိမှာမဟုတ်ဘူး"

"အမှန်ပဲ။ အရင်တစ်ခေါက်တုန်းက ကျုပ်တို့က သူ့စည်းစိမ်ကို လိုချင်ခဲ့တာ။ ဒီတစ်ခေါက် သူ့အသက်ကိုလိုချင်တာ။ ဒါကိုသာ သည်းခံနေမယ်ဆိုရင် သူက ကျန်းမုန့်လောင်မဟုတ်တော့ဘူး"

"တခြားနည်းလမ်းတွေကိုအသာထား။ သူ့မှာ လုံယင်တိုက်လေယာဉ်တစ်တပ် ရှိတယ်လို့လာပြောရင်တောင် ကျုပ်အံ့ဩမှာမဟုတ်ဘူး"

"ဒါဆို အခု ကျုပ်တို့မှာ ရွေးစရာတစ်ခုပဲရှိတယ်"

"ဘာလဲ"

"ဒုတိယကမ္ဘာရဲ့စွမ်းအားကို သုံးရမယ်"

"ဒါပေမဲ့ ကျန်းမုန့်လောင်ကို ကာကွယ်ပေးနေတဲ့ လူတစ်ယောက်ရှိလားဆိုတာ မသိနိုင်ဘူးလေ"

တစ်စုံတစ်ယောက်က ချက်ချင်းဝင်ပြောလာသည်။

"ခင်ဗျားတိုလည်း မြင်တာပဲ။ ဒီတစ်ခေါက် ကျန်းမုန့်လောင်က အကွက်အသစ်တွေထုတ်ပြခဲ့တယ်နော်။ ကျုပ်တို့ဘက်က သေချာတဲ့အစီအစဉ်တစ်ခုမရှိဘူးဆိုရင် အသေခံခိုင်းသလိုပဲ ဖြစ်သွားလိမ့်မယ်"

"မပူနဲ့။ ဒီတစ်ခေါက် ကျုပ်ပြင်ဆင်ထားတယ်"

ဘရူတက်စ်က ပြောလိုက်သည်။

"သူ့ဘက်က ထျန်းယွမ်အဆင့်လောက်ပဲရှိတာမလား။ ကျုပ်မှာ အဲဒီလိုအဆင့်ရှိတဲ့လူတွေ အများကြီးရှိတယ်။

"ဘာ... ခင်ဗျားရဲ့စိတ်စွမ်းအားရှင်တွေက အဆင့်တက်သွားပြီလား"

"မဟုတ်ဘူး"

ဘရူတက်စ်က ခေါင်းခါပြလိုက်သည်။

"ခင်ဗျား နိဗ္ဗာန်ကျွန်းကို ကြားဖူးလား"

"နိဗ္ဗာန်ကျွန်း ဟုတ်လား"

"ကြားဖူးတယ်။ ပစိဖိတ်သမုဒ္ဒရာထဲက လျှို့ဝှက်ဆန်းကြယ်တဲ့ ကျွန်းကိုပြောတာလား"

"အဲဒီကျွန်းမှာ အမတတွေ ကျင့်ကြံနေကြတယ်လို့ ကြားဖူးတယ်။ ဒါပေမဲ့ အခုအချိန်အထိ ဘယ်သူမှ အဲဒီကျွန်းကို ရှာမတွေ့ကြဘူး"

"အဲဒါက လျှို့ဝှက်ဆန်းကြယ်တဲ့ နေရာတစ်ခုတော့ဟုတ်ပါတယ်။ ဒါပေမဲ့ အဲဒီမှာ အမတွေမရှိဘူး။ ရှေးဟောင်းသိုင်းပညာရှင်တွေပဲ ရှိတာ"

ဘရူတက်စ်က ရှင်းပြလိုက်သည်။

"တလောတုန်းက နိဗ္ဗာန်ကျွန်းမှာ ဖရိုဖရဲတွေဖြစ်ပြီး ဂိုဏ်းတွေအကုန်ကွဲကုန်ကြတယ်။ အဲဒီထဲက သိုင်းပညာရှင်တစ်ယောက်က ကျုပ်ဆီကိုရောက်လာပြီး ကျုပ်တို့ရဲ့ စွမ်းအားရှင်အဖွဲ့အစည်းထဲကို ဝင်လာကြတယ်"

"သူတို့က ဘယ်လောက်တောင်အစွမ်းထက်တာလဲ"

"ထျန်းယွမ်အဆင့်ခြောက်နှစ်ယောက်... ထျန်းယွမ်အဆင့်ငါးနှစ်ယောက်"

"ဟားဟားဟား.. ကောင်းကင်ဘုံက ကျုပ်တို့ကို ကူညီနေတာပဲ"

"ကျန်းမုန့်လောင် မင်းတော့သေပြီပဲ"

All Chapters