← Chapters

တစ်စင်းပဲချန်ထား

Vol. 44 Ch. 659

တစ်စင်းပဲချန်ထား

Vol. 44 Ch. 659

"မုန့်လောင်... မင်းတို့တွေ ဘယ်လိုရန်ငြိုးတွေများ ရှိနေကြလို့လဲ။ မင်းကိုအသေသတ်ဖို့ တိုက်လေယာဉ်အစင်း၆၀တောင် လွှတ်ထားတယ်ပေါ့"

"ကျွန်တော်လည်း ဘာပြောရမှန်းမသိတော့ဘူး။ သူတို့ဆီက ဒေါ်လာ၄၅ထရီလီယံလောက်လေး ရထားရုံလေးပဲကို။ ဒီလောက်အထိလုပ်ဖို့ လိုလို့လား"

ကျန်းမုန့်လောင်က ပခုံးတွန့်ပြရင်း ပြောလိုက်သည်။

"ပြီးတော့ ကျွန်တော်က သူတို့ပိုက်ဆံကို အတင်းသွားလုထားတာလည်း မဟုတ်ဘူး။ သူတို့ဘာသာ သူတို့ လာကြွားပြီး ကံဆိုးသွားတာလေ။ အဲ့ဒါက ကျွန်တော့်အပြစ်လား"

"၄၅ထရီလီယံ..."

လုရီယောင်၏ စီနီယာအစ်မများခမျာ နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားချေသည်။

ယနေ့ခေတ်လူ့အဖွဲ့အစည်းကြီးတွင် ယွမ်ထောင်ဂဏန်းရာဂဏန်းမျှဖြင့် လူတွေဟာ အသက်ကိုပင် ရင်းတတ်ကြသည်။ စစ်မက်ဖြစ်ပွားနေသာ နိုင်ငံများတွင် ဒေါ်လာသန်းအနည်းငယ်ပေးလိုက်ရုံမျှဖြင့် သင့်အတွက် အသက်ပေးမည့် လူမိုက်တစ်သိုက်ကို အသာလေးရှာနိုင်သည်။

၄၅ထရီလီယံပါသွားမှတော့ သူတို့ဘက်က သတ်ဖြတ်ရန် နည်းလမ်းပေါင်းစုံကို မကြံစည်ဘဲ နေမည်လား။

သို့သော် ယခုမူ ဤလူမျာမှာ ကျန်းမုန့်လောင်ကို သတ်ဖြတ်နိုင်စွမ်းရှိပုံမရပေ။

"အေတီစက်ကွင်းကို ပိတ်လိုက်တော့။ GNအမှုန်တွေရဲ့ဖြန့်ကြက်မှုကို မြှင့်တင်လိုက်။ GNဒိုင်းကို ချဲ့လိုက်"

ကျန်းမုန့်လောင်က နားမလည်နိုင်သော အသုံးအနှုန်းများကို ပြောလိုက်သည်။

လေယာဉ်ပတ်ပတ်လည်ရှိ ရွှေရောင်စွမ်းအင်စက်ကွင်းက ပျောက်ကွယ်သွားပြီးနောက် ဝင်ရိုးစွန်းအလင်းတန်းများနှင့် ဆင်တူလှသော တဖျတ်ဖျတ်လက်နေသည့် အစိမ်းရောင်စွမ်းအင်စက်ကွင်းတစ်ခုက အစားထိုးဝင်ရောက်လာသည်။

သို့သော် ဤအမှုန်များမှာ သံလိုက်စက်ကွင်းနှင့် လျှပ်စစ်သံလိုက်လှိုင်းများကို အပြင်းအထန်ထိခိုက်စေနိုင်သည့် အလွန်အစွမ်းထက်လှသော လုပ်ဆောင်နိုင်စွမ်းများကို ပိုင်ဆိုင်ထားသည့် ဖိုတွန်အမှုန်များပင်။

ဤအခင်းအကျင်းအရ ဤနည်းပညာမှာ လက်ရှိခေတ်ထက် အနည်းဆုံးနှစ်ပေါင်းနှစ်ရာလောက် ရှေ့ပြေးနေသည်။

ကျန်းမုန့်လောင်ကိုယ်တိုင်လည်း ဤအရာကို ဖန်တီးရန်အတွက် အလွန်အားစိုက်ထုတ်ထားရသည်။ ဤဆိုလာမီးပြင်းဖိုဖြင့်သာဆိုလျှင် ကျန်းမုန့်လောင်၏ကိုယ်ပိုင်လေယာဉ်မှာ လောင်စာဆီမလိုဘဲ ပျံသန်းနိုင်သည့်အပြင် ကောင်းကင်မှာ ငြိမ်ငြိမ်လေးဝဲနေဖို့လည်း မခက်ခဲလှပေ။ ဤအရာမှာ ဆွဲငင်အားဆန့်ကျင်ရေးစက်ပစ္စည်းများထက်ပင် နှစ်ပေါင်း၁၅၀လောက် ပိုအဆင့်မြင့်သည်။

ဆိုလာမီးပြင်းဖိုကို ဖွင့်လိုက်သည့်အချိန်မှာပင် လေယာဉ်အင်ဂျင်၏တုန်ခါမှုက ရပ်တန့်သွားပြီး မြေပြင်ညီပေါ်တွင် ရပ်နေသည့်အလား ငြိမ်သက်သွားသည်။

"ကောင်းပြီ။ အဲဒီလူတွေကို စိတ်ထဲမထားနဲ့တော့။ သူတို့ဘက်က နျူကလီးယားလက်နက်ထုတ်မသုံးသရွေ့ ကျွန်တော့်အကာအကွယ်ဒိုင်းကို မဖောက်နိုင်ဘူး"

"ဖြောင်း"

ကျန်းမုန့်လောင်၏ ဂျူနီယာညီလေးတစ်ယောက်က သူ့မျက်နှာသူ ခပ်ကြမ်းကြမ်းရိုက်ချလိုက်သည်။

"ဂျူနီယာလေး.. မင်း ဘာလို့ကိုယ်ပါးကိုယ်ရိုက်နေတာလဲ။ ရူးသွားပြီလား"

"စီနီယာ.. ကျွန်တော် အိပ်မက်မက်နေတာလားလို့"

ကျန်းမုန့်လောင်၏ ဂျူနီယာလေးခမျာ ငိုမဲ့မဲ့ဖြစ်နေချေသည်။

"ကျွန်တော်က ပညာမတတ်လို့ဆိုပြီး လာမလိမ်နဲ့နော်။ အေတီစက်ကွင်းတို့ ဆိုလာမီးပြင်းဖိုတို့ GNအမှုန်တို့ဆိုတာ Animeထဲက ပစ္စည်းတွေ မဟုတ်ဘူးလား။ ကျွန်တော် အိပ်ပျော်နေတုန်းထင်တယ်"

"ဟုတ်တယ်။ စီနီယာ.. သေလိုက်ပါတော့... ကျွန်တော် ရူပဗေဒကို လေ့လာနေတာ ဆယ်စုနှစ်တစ်ခုကျော်သွားပြီ။ဒီလိုအရာမျိုးက သီအိုရီတောင်ထုတ်လို့မရသေးဘူးလေ။ အခု စီနီယာက ဒါကြီးကို ထုတ်ပြလိုက်ပြီဆိုတော့ ကျွန်တော့်ရဲ့လောကအမြင်တွေ အကုန်ဇောက်ထိုးမိုးမျှော်ဖြစ်ကုန်ပြီ"

"မင်းက ဒီပစ္စည်းကိုထုတ်ပြပြီး ဒီကမ္ဘာပေါ်မှာ စူပါပါဝါတွေနဲ့ မှော်ပညာဆိုတာ တကယ်ရှိတယ်လို့ ပြောနေသလိုပဲ"

"စူပါပါဝါနဲ့ မှော်ပညာဆိုတာ တကယ်ရှိတယ်"

ကျန်းမုန့်လောင် နှုတ်ခမ်းတင်းတင်းစေ့လိုက်သည်။ သို့သော် လူတိုင်း မှင်တက်နေကြသဖြင့် သူတို့၏လောကအမြင်များကို ထပ်မဖျက်ဆီးဖို့ ဆုံးဖြတ်လိုက်သည်။

...

"သေစမ်း။ ဒါကြီးက ဘာကြီးလဲ"

တိုက်လေယာဉ်အစင်းခြောက်ဆယ်ရှိ လေယာဉ်မှူးများမှာ အတော်အတန်စိတ်ဓာတ်ကျနေလေပြီ။

သူတို့မှာ ယခုမှ မျှော်လင့်ချက်ရောင်ခြည်သမ်းခါစရှိသေးသည်။ လျှို့ဝှက်ဆန်းကြယ်လှသော ဤအစိမ်းရောင်အလင်းတန်းက လေယာဉ်ထဲက ထွက်ပေါ်လာသဖြင့် သူတို့၏အီလက်ထရောနစ်ပစ္စည်းများမှာ ပျက်စီးကုန်လေရာ ပုံမှန်စနစ်ဖြင့်သာ တိုက်ခိုက်ရတော့သည်။

စနစ်၏အကူအညီမပါသော်ငြား သူတို့ဟာ လူရည်ချွန်များဖြစ်သဖြင့် ပစ်မှတ်ကို ထိမှန်အောင် ပစ်နိုင်ဆဲပင်။ ထိုအချိန်တွင် သူတို့၏စွမ်းဆောင်ရည်များကို အကုန်ထုတ်သုံးထားသဖြင့် ဒုံးကျည်တစ်စင်းကမှ လွဲချော်မသွားပေ။

သို့သော် ဤမျှအထိ မရပ်မနားဗုံးကြဲတိုက်ခိုက်နေပါသည့်တိုင် ကျန်းမုန့်လောင်ကိုတော့ ဘာမှမလုပ်နိုင်ခဲ့ပေ။ ယခုဆိုလျှင် တိုက်လေယာဉ်ပေါ်ရှိ သူတို့၏ဒုံးကျည်များလည်း ကုန်သွားပြီး စက်သေနတ်ကျည်ဆန်များလည်း ကုန်သလောက်နီးနီးဖြစ်နေချေပြီ။ သူတို့၏တိုက်လေယာဉ်များမှာ သာမန်လေယာဉ်နှင့် မခြားတော့ပေ။

"ဘယ်ဘက်က သူငယ်ချင်းတို့.. ညာဘက်က သူငယ်ချင်းတို့... အထက်က သူငယ်ချင်းတို့.. အောက်က သူငယ်ချင်းတို့.. တိုက်ခိုက်မှုကို ဘာလို့ရပ်လိုက်တာလဲ"

ကျန်းမုန့်လောင်က ဆက်သွယ်ရေးလိုင်းကတစ်ဆင့် ပြောင်ပြောင်တင်းတင်းသရော်လိုက်သည်။

သူတို့ခမျာ ပြန်ဆဲချင်ပါသော်ငြား သူတို့၏ကိရိယာများမှာ ပျက်စီးနေသဖြင့် ကျန်းမုန့်လောင်ပြောသမျှကိုသာ နားထောင်နေရသည်။ ဘာမှလည်း ပြန်မပြောနိုင်ကြပေ။

"ခင်ဗျားတို့ဒုံးကျည်တွေက အားမပါလိုက်တာ။ ကျုပ်ကို ဒါလေးတွေနဲ့ သတ်ချင်တာပေါ့။ ခင်ဗျားတို့ရဲ့သုတေသနအဖွဲ့ကို သွားပြောလိုက်။ ဒီလောက်အသုံးမကျတဲ့လက်နက်တွေအတွက်နဲ့ ပိုက်ဆံတွေထိုင်ဖြုန်းနေတာလားလို့"

"ဘာလို့ရပ်နေတာလဲ။ ဒီလောက်ပဲ တတ်နိုင်တာလား။ ယောကျ်ားဆိုတာ ဒီလောက်မမြန်ရဘူးလေ။ ဆေးရုံတစ်ခုလောက် ညွှန်းပေးရမလား။ အဲဒီဆေးရုံတွေက ကျုပ်မိသားစုပိုင်ဆေးရုံတွေနော်။ ခင်ဗျားတို့ကို ကြာကြာခံနိုင်အောင် အားအင်ပြည့်လာအောင် လုပ်ပေးလိမ့်မယ်"

"အခု ခင်ဗျားတို့ပုံစံက ဘယ်လိုဖြစ်နေပြီလဲ။ ကျုပ်ကို လိုက်ပါစောင့်ကြပ်ပေးနေတာလား။ ခေါက်လိုက်တော့။ ခင်ဗျားတို့က ကိုယ့်ကိုယ်ကိုယ်အရှက်ခွဲနေကြတာပဲ"

...

"အား.. ဒီဟွာရှားလူမျိုးကတော့.. ငါ သူ့ကို သတ်ပစ်ချင်နေပြီ"

တိုက်လေယာဉ်မှူးများမှာ ဒေါသကြောင့် ရူးမတတ်ဖြစ်ကုန်ကြသည်။ ဤမျှစော်ကားနေခြင်းကို မည်သူက သည်းခံနိုင်မည်နည်း။ သူတို့ တိုက်လေယာဉ်မောင်းလာသည့်တစ်လျှောက်လုံး ကိုယ်ပိုင်လေယာဉ်တစ်စင်းထံမှ လှောင်ပြောင်ခံရခြင်းမှာ ပထမဆုံးအကြိမ်ပင်။

"ငတုံး.. မင်းက သူ့ကို တိုက်နိုင်မယ်များ ထင်နေတာလား။ ငါတို့ဒုံးကျည်တွေကတောင် သူ့ကိုထိခိုက်အောင် မလုပ်နိုင်တာ။ မင်း အဲဒီအစိမ်းရောင်အလင်းတန်းကိုမြင်လား။ မင်းသာ ရှေ့ကိုဝင်တိုးသွားရင် တစ်စစီဖြစ်သွားမှာ"

"ဒါပေမဲ့ သူတို့က အိန္ဒိယသမုဒ္ဒရာကို ကျော်တော့မယ်လေ။ အဲဒီအချိန်ကျမှ သွားတိုက်ခိုက်နေရင် တခြားနိုင်ငံတွေက သတိပေးချက်ထုတ်လာလိမ့်မယ်"

"ဒါပေမဲ့ ညီအစ်ကိုရေ.. ငါတို့မှာ ကျည်ကုန်သွားပြီလေ။ အိန္ဒိယသမုဒ္ဒရာထဲက ထွက်သွားရင်တောင် ငါတို့ ဘာမှမလုပ်နိုင်တော့ဘူး"

...

"မုန့်လောင်.. သူတို့တွေ ငါတို့နောက်ကို ဆက်တိုက်လိုက်နေတာကြီးက အဆင်မပြေဘူးနော်"

လုရီယောင်က ဆို၏။ သူ(မ)က ကျန်းမုန့်လောင်အလား အန္တရာယ်ကို မကြောက်ရွံသော်ငြား ပြဿနာများကိုတော့ မုန်းတီးသည်။

"ငါတို့ခရီးစဉ်က ချောချောမွေ့မွေ့ဖြစ်မှာမဟုတ်ဘူးလို့ ခံစားရတယ်"

အကယ်၍ သူတို့နှစ်ယောက်တည်း အပျော်ခရီးထွက်လာခြင်းဆိုလျှင် ကိစ္စမရှိပေ။ ယခုမူ စီနီယာများနှင့် ဂျူနီယာများလည်း ပါလာသည်။ သူတို့အနေနှင့် လူတိုင်း၏လုံခြုံရေးကို အာမခံနိုင်ပါသော်ငြား သူတို့အတွက် စိတ်အနှောင့်အယှက်တစ်ခုဖြစ်သွားမည်မှာ အမှန်ပင်။

ဤသည်မှာ ဘွဲ့နှင်းသဘင်မတိုင်ခင် ပျော်ပျော်ပါးပါးထွက်ခဲ့ကြသော ခရီးတစ်ခုပင်။ သို့သော် ခရီးစထွက်ကတည်းက တိုက်လေယာဉ်အစင်းခြောက်ဆယ်၏ ဗုံးကြဲတိုက်ခိုက်ခြင်းကို ခံရလျှင် မည်သူက မကြောက်ဘဲ ရှိမည်နည်း။

ကျန်းမုန့်လောင်နှင့် လုရီယောင်တို့ကို အားနာသောကြောင့်သာ မည်သူကမှ မပြောကြခြင်းပင်။ ကြောက်တတ်သူတချို့မှာ စိတ်ထဲတွင် ပြိုလဲနေလောက်ပြီဖြစ်၏။ လူတိုင်းက စိတ်ဓာတ်ခိုင်မာကြသည်မဟုတ်ပေ။

"ဟုတ်တယ်"

ကျန်းမုန့်လောင်လည်း ခေါင်းတညိတ်ညိတ်လုပ်လိုက်မိသည်။

"ပြန်မတိုက်ဘဲ တိုက်ခိုက်ခံနေရတာက ငါ့စတိုင်လ်မဟုတ်ဘူး။ အဲဒါက ပြဿနာတွေပဲ ပိုများလာမှာ။ ဒီတော့ သူတို့ကို သတိပေးဖို့အချိန်ကျပြီ"

"ဉာဏ်ရည်တုလက်ထောက်.. ပျံသန်းရေးအမြောက်စနစ်ကို ဖွင့်လိုက်"

ကျန်းမုန့်လောင်၏အမိန့်ကြောင့် လေယာဉ်ကိုယ်ထည်မှ သိုလှောင်ခန်းတစ်ခု ပွင့်လာပြီး စိတ်ကူးယဉ်ဝတ္ထုများထဲမှ ဓားပျံနှင့်တူသော အရာများ ကောင်းကင်ထက်သို့ လွင့်မျောသွားပေသည်။

အမြောက်ပျံများမှာ ဂန်ဒမ်စီးရီးထဲမှ လက်နက်များပင်။ ကိုယ်ပိုင်အင်ဂျင်တပ်ဆင်ထားသော ကြိုးမဲ့အဝေးထိန်းစနစ်၊ အလင်းတန်းပုံရိပ်သုံးစနစ်များ၊ လေဆာအမြောက်များနှင့် ထိန်းချုပ်ရေးစနစ်တို့ပင်။

ရှင်းရှင်းပြောရလျှင် ဤသည်မှာ တိုက်ခိုက်ရေးလက်နက်များကို တပ်ဆင်ထားသည့် မောင်းသူမဲ့ဒရုန်းလေးများသာ။ အသုံးပြုပုံကား သာမန်လေယာဉ်မှူးများ မထိန်းချုပ်နိုင်အောင် တင်းကျပ်လှသည်။ သို့သော် ကျန်းမုန့်လောင်က အဆင့်မြင့်ဉာဏ်ရည်တုကို တပ်ဆင်ထားသောကြောင့် ထိုအရာများမှာ သူတို့ဘာသာ တိုက်ခိုက်နိုင်သည်။

"ဝှစ် ဝှစ် ဝှစ်"

အမြောက်ပျံရာဂဏန်းလောက်က ကောင်းကင်တစ်ခုလုံးအနှံ့ ပျံ့နှံ့သွားသည်။ သူတို့၏အရှိန်က လေယာဉ်များထက်ပင် သာလွန်ပြီး မြင့်မားလှသော ထိန်းချုပ်နိုင်စွမ်းကြောင့် ကြောက်မက်ဖွယ်ကောင်းလှသည့် အကွေ့အဝိုက်များကိုလည်း လုပ်ဆောင်နိုင်သည်။

"အမြောက်ပျံတွေ... တစ်စင်းတည်းပဲချန်ထားပြီး ကျန်တာအကုန်ပစ်ချလိုက်"

...

"အဲ..အဲဒါက ဘာကြီးလဲ"

"အဲဒါက မောင်းသူမဲ့ဒရုန်းလား"

"ဘယ်လိုလုပ်ပြီး ဒီလောက်အများကြီးရှိနိုင်မှာလဲ။ ဒါက ဘယ်လိုနည်းပညာမျိုးလဲ"

"ဝှစ်"

လေယာဉ်မှူးများ အဖြေရှာမရဖြစ်နေချိန်မှာပင် အမြောက်ပျံတစ်ခုမှ အလင်းတန်းတစ်ခုသည် တိုက်လေယာဉ်တစ်စင်း၏ ဆီတိုင်ကီကို ထိုးဖောက်ပစ်လိုက်ပြီဖြစ်၏။

"ဘွန်း"

ထိုတိုက်လေယာဉ်လည်း ချက်ချင်းပင် ပေါက်ကွဲသွားလေရာ လေယာဉ်မှူးရော လေယာဉ်ပါ သေကြေပျက်စီးသွားသည်။

"အဲဒါက တိုက်ခိုက်ရေးလက်နက်ပဲ။ ရှောင်ကြ။ ရှောင်ကြ"

သို့သော် သူတို့၏ခုခံမှုမှာ အလကားပင်။ အမြောက်ပျံလေးများက သူတို့ထက် များစွာပိုမြန်ပြီး သူတို့၏အလင်းတန်းလက်နက်များ၏ အရှိန်ကလည်း နှစ်မက်ချ် သုံးမက်ချ်မျှသာရှိသော သူတို့၏လေယာဉ်များ မယှဉ်နိုင်ချေ။

စက္ကန့်ပိုင်းအတွင်းမှာပင် ကောင်းကင်တစ်ခုလုံးတွင် မီးပန်းများ ပေါက်ကွဲနေသလို ဖြစ်သွားချေသည်။

ကျန်းမုန့်လောင်ကမူ လပေါ်ကို လှမ်းကြည့်နေသည့်အလား နောက်ပြန်လှည့်ကြည့်လိုက်လေရာ ကောင်းကင်ထက်တွင် မီးခိုးလုံးကြီးတစ်ခုရှိကြောင်း မြင်လိုက်ရ၏။

"ဟမ့်... တစ်ယောက်မှအသုံးမကျဘူး"

All Chapters