အခန်း (၁၅၀)
Vol. 13 Ch. 150
မဟာရှ တပ်မတော်သည် တိုက်ခိုက်သိမ်းပိုက်မှုများကို ဆက်တိုက်ပြုလုပ်နေခြင်းကြောင့် မဟာရှနိုင်ငံ၏ အင်အားသည် ပေါက်ကွဲထွက်မတတ် တိုးတက်လာခဲ့သည်။
အင်ပါယာ မြေပုံ (အလယ်အလတ်အဆင့်)
နယ်မြေဧရိယာ: ၁.၈ သန်း စတုရန်းလီ (စိုက်ပျိုးနိုင်သောမြေ ၁.၁ သန်း စတုရန်းလီ)
ပြည်တွင်းအရင်းအမြစ်: ငွေတေး ၃၆၉ သန်း (ရွှေတွင်း ၃ ခု၊ ငွေတွင်း ၃ ခု၊ ကြေးနီတွင်း ၅ ခု၊ သံတွင်း ၈ ခု)
လူဦးရေ: ၉.၉၈ သန်း ( လူချမ်းသာ ၂%၊ သာမန်လူတန်းစား ၄၄%၊ ဆင်းရဲသား ၅၄%)
စစ်အင်အား: ၉၀၀,၀၀၀ ( ချီဖွဲ့တည်ခြင်းအဆင့် ၉ ဦး၊ ခန္ဓာကိုယ် လေ့ကျင့်ခြင်းအဆင့် ၄၅၀ ဦး)
စုစုပေါင်း နိုင်ငံတော်အင်အား: ၂၂၀၀ (မဟာနိုင်ငံကြီးအဆင့်)
နယ်မြေဧရိယာနှင့် ပြည်တွင်းအရင်းအမြစ်များမှာ နှစ်ဆနီးပါး တိုးတက်လာခဲ့ပြီး ရလဒ်အနေဖြင့် ဖြစ်ပေါ်လာသော တိုးတက်မှုမှာ အလွန်ပင် ကြီးမားလှသည်။
လင်းပိုင်ဖန်သည် အလွန်ပင် ကျေနပ်အားရနေမိသည် - "စစ်ပွဲဆိုတာ အမြဲတမ်း အမြတ်အစွန်းအများဆုံး ရတဲ့ စီးပွားရေးပဲ"
“ဒင်၊ ကစားသမား၏ နိုင်ငံတော်အင်အား တိုးတက်လာမှုကြောင့် သင်၏ ခွန်အားသည်လည်း တိုးတက်လာပြီး ဆုလာဘ်အနေဖြင့် သင်၏ သိုင်းပညာ နယ်ပယ်ကို 'ကောင်းကင်အဆင့်' အထိ တိုးမြှင့်ပေးလိုက်သည်”
ထိုအခိုက်အတန့်တွင် ပြင်းထန်သော အားအင်တစ်ခုက လင်းပိုင်ဖန်၏ တစ်ကိုယ်လုံးသို့ စီးဝင်သွားခဲ့သည်။ ၎င်းသည် ကမ္ဘာဦးအစ ဖန်တီးမှုတစ်ခုကို စတင်နေသကဲ့သို့ပင်။ သူ၏ ကိုယ်အတွင်းရှိ သမုဒ္ဒရာကဲ့သို့ ကျယ်ပြောလှသော 'ချီ' များမှာ နျူကလီးယား ပေါက်ကွဲမှုတစ်ခုကဲ့သို့ ပေါက်ကွဲထွက်မတတ် တိုးပွားလာခဲ့သည်။
တစ်ချိန်တည်းမှာပင် ဉာဏ်အလင်းပွင့်သွားသကဲ့သို့ သူသင်ယူခဲ့ဖူးသော သိုင်းပညာအားလုံးသည် သူ၏စိတ်ထဲတွင် တရဟော ပြန်လည် ထင်ဟပ်လာခဲ့သည်။
‘ မူလစွမ်းအင်သို့ သုံးပိုင်းပြန်လည်ခြင်း”
သူသည် ထိုပညာရပ်များကို စိတ်ထဲတွင် ပြန်လည်ခွဲခြမ်းစိတ်ဖြာကာ ပေါင်းစပ်လိုက်၊ တစ်ဖန် ပြန်လည်ခွဲခြမ်းလိုက်နှင့် ထပ်ခါထပ်ခါ ပြုလုပ်နေခဲ့သည်။ ထိုသို့ ပြုလုပ်လေလေ သူ၏ ထိုသိုင်းပညာတွေအပေါ် နားလည်မှုမှာ ပိုမိုနက်ရှိုင်းလာလေလေ ဖြစ်သည်။
ဤလုပ်ငန်းစဉ်သည် အချိန်အတော်ကြာအောင် ဆက်တိုက်ဖြစ်ပေါ်နေခဲ့ပြီး မိုးသောက်အလင်းရောင် ရောက်လာချိန်မှသာ ပြီးဆုံးသွားခဲ့သည်။
လင်းပိုင်ဖန် မျက်လုံးဖွင့်လိုက်ချိန်တွင် သူ့ခန္ဓာကိုယ်တွင် သိသိသာသာ ပြောင်းလဲသွားသည်ကို တွေ့ရှိလိုက်ရသည်။ ယခင်က 'ဒန်ထျန်' ထဲတွင်သာ ရှိနေသော ‘ချီ’ တွေသည် ယခုအခါ ဆဲလ်တစ်ခုချင်းဆီသို့ ပျံ့နှံ့သွားပြီး ဆဲလ်တစ်ခုချင်းစီကို 'ချီ' သိုလှောင်ရာ ဒန်ထျန်အဖြစ် ပြောင်းလဲပေးလိုက်သည်။
ရလဒ်အနေဖြင့် 'ချီ' သိုလှောင်နိုင်မှုပမာဏမှာ ယခင်ကထက် ဆယ်ဆမက တိုးပွားသွားခဲ့သည်။ တစ်ကိုယ်လုံးသည်လည်း နုပျိုသန်စွမ်းလာပြီး တက်ကြွသော အင်အားများဖြင့် ပြည့်နှက်နေသည်။ သိုင်းပညာကို အသုံးမပြုလျှင်ပင် သူ၏အရေပြားမှာ အခြားသူများ လှီးဖြတ်၍မရနိုင်လောက်အောင် မာကျောနေပြီဖြစ်သည်။
ထို့အပြင် ယခင်က သင်ယူခဲ့သော သိုင်းပညာပေါင်းစုံမှာလည်း ယခုအခါ တစ်သားတည်း ပေါင်းစပ်သွားပြီး မိမိလက်မောင်းကို လှုပ်ရှားသကဲ့သို့ပင် သဘာဝကျကျ အလိုလို တတ်မြောက်သွားခဲ့သည်။
"ကောင်းကင်အဆင့်၊ ငါ အခု ကောင်းကင်အဆင့်ကို ရောက်သွားပြီ" လင်းပိုင်ဖန် အလွန်အမင်း စိတ်လှုပ်ရှားသွားသည်။
ဂိုဏ်းတစ်ခုကို တည်ထောင်နိုင်သူများကိုသာ 'ကောင်းကင်အဆင့်' ဟု ခေါ်ဝေါ်ကြခြင်းဖြစ်သည်။ ယခုအခါ သူသည် ကိုယ်ပိုင်ဂိုဏ်းတစ်ခုကို တည်ထောင်ပြီး တပည့်တွေကို သင်ကြာနိုင်သည့် အစွမ်းနှင့် အခြေခံ ရှိသွားပြီဖြစ်သည်။
ကောင်းကင်အဆင့်တစ်ဦးသည် ကမ္ဘာပေါ်တွင် ထိပ်တန်းအင်အားစုတစ်ခုအဖြစ် သတ်မှတ်ခံရသည်။ အင်အားကြီးမားလှသော အင်ပါယာကြီးများတွင်ပင် ကောင်းကင်အဆင့်ရှိသူမှာ အနည်းငယ်သာ ရှိသည်။ သူတို့၏ အဓိက ရည်ရွယ်ချက်မှာ နျူကလီးယား လက်နက်ကဲ့သို့ပင် အခြားသူများ မကျူးကျော်ရဲအောင် ဟန့်တားရန်ဖြစ်သည်။
ယနေ့ ကောင်းကင်အဆင့် ခွန်အားဖြင့် သူသည် ပိုမိုခိုင်မာသော ယုံကြည်ချက်ကို ရရှိလိုက်သည်။ နောင်တွင် အင်ပါယာကြီးများနှင့် ရင်ဆိုင်ရပါက သူသည် ရဲရဲဝံ့ဝံ့ ယှဉ်ပြိုင်နိုင်တော့မည်ဖြစ်သည်။
"ယွီရှင်းနဲ့ တခြားသူတွေက ငါ့အတွက် တကယ့်ကို အောင်မြင်မှုကြီးတစ်ခု ရအောင်လုပ်ပေးခဲ့တာပဲ။ သူတို့ ပြန်လာရင် ငါ သူတို့ကို ရက်ရက်ရောရော ဆုချရမယ်"
ထိုအချိန်တွင် မဟာယွဲ့ နိုင်ငံသို့ ရောက်ရှိနေသော မဟာရှတပ်မတော်သည် မဟာယွဲ့နိုင်ငံတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး ရွှေ၊ ငွေ၊ ရတနာများစွာနှင့် သယ်ဆောင်နိုင်သမျှ ရိက္ခာမှန်သမျှကို သိမ်းကျုံးယူငင်ခဲ့ကြသည်။
မဟာယွဲ့နိုင်ငံမှ စစ်သူကြီးများသည် မဟာရှ တပ်မတော်က သူတို့၏ မြို့တော်ကို လုယက်ဖျက်ဆီးနေသည်ကို ကြည့်ပြီး ဒေါသထွက်လွန်း၍ ရင်ကွဲမတတ် ခံစားနေရသည်။ သို့သော်လည်း သူတို့၏ ဧကရာဇ်နှင့် အိမ်ရှေ့စံမင်းသားတို့မှာ ရန်သူ့လက်ထဲတွင် ရှိနေသောကြောင့် တုံ့ပြန်ရန် အစွမ်းမရှိခဲ့ကြပေ။
"အခု မင်းတို့ ငါတို့ မဟာယွဲ့ဆီကနေ အကုန်လုယက်ပြီးပြီဆိုတော့ ငါတို့ ဧကရာဇ်နဲ့ အိမ်ရှေ့စံမင်းသားကို လွှတ်ပေးလို့ရပြီမလား" မေးမြန်းလိုက်သည်။
"ဒါပေါ့၊ ဒါပေမဲ့ အချိန်က မကျသေးဘူး"
ချိုင်ယွီရှင်းက ပြုံးလျက် ပြောလိုက်သည်။ "ငါတို့ရဲ့ တပ်တွေ မဟာယွဲ့ကနေ လုံးဝ ဆုတ်ခွာပြီးတာနဲ့ မင်းတို့ရဲ့ ဧကရာဇ်နဲ့ အိမ်ရှေ့စံကို ပြန်ပေးမှာပါ"
"မင်းတို့ ကတိတည်မယ်လို့ မျှော်လင့်ပါတယ်။ မဟုတ်ရင် ငါတို့ အသက်နဲ့လဲပြီး မင်းတို့ကို အသေ တိုက်ခိုက်ရလိမ့်မယ်" ဟု မဟာယွဲ့နိုင်ငံမှ မိန်းမစိုးအိုကြီးက ဒေါသတကြီးဖြင့် ပြောလိုက်သည်။
ချိုင်ယွီရှင်းက လက်ဝှေ့ယမ်းလိုက်ပြီး "စစ်သည်တို့... ငါတို့ရဲ့ တာဝန်က အောင်မြင်စွာ ပြီးဆုံးသွားပြီ၊ အခု တပ်ဆုတ်လို့ရပြီ"
စစ်သူကြီး၏ အမိန့်ဖြင့် တပ်မတော်တစ်ခုလုံးသည် ခန့်ညားထည်ဝါစွာ ဆုတ်ခွာခဲ့ကြသည်။
မဟာရှနိုင်ငံ၏ နယ်မြေအတွင်းသို့ လုံးဝ ရောက်ရှိသွားချိန်မှသာ ချိုင်ယွီရှင်းသည် မဟာယွဲ့ဧကရာဇ်နှင့် အိမ်ရှေ့စံကို လွှတ်ပေးခဲ့ပြီး တည်ငြိမ်စွာ ထွက်ခွာသွားခဲ့သည်။
ငါးရက်အကြာတွင် သူတို့သည် မဟာရှ မြို့တော်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ နန်းတွင်း၌ ချိုင်ယွီရှင်းသည် တက်ကြွစွာဖြင့် စစ်အောင်မြင်မှုများကို အစီရင်ခံခဲ့လိုက်သည်။
"အရှင်မင်းကြီး... ကျွန်မတို့ရဲ့ မြောက်ပိုင်း စစ်ဆင်ရေးဟာ မကြုံစဖူး အောင်မြင်မှုကြီး ရရှိခဲ့ပါတယ်"
"စစ်သည် ၂၀,၀၀၀ အောက်သာ အကျအဆုံးရှိပြီး မဟာယွဲ့နိုင်ငံရဲ့ နယ်မြေတွေ အားလုံးကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ရွှေ၊ ငွေ၊ ရတနာတွေရဲ့ စုစုပေါင်း တန်းဖိုး တေး ၁၁ သန်း နဲ့ မြောက်များလှတဲ့ ရိက္ခာတွေကို သိမ်းဆည်းနိုင်ခဲ့သလို မဟာယွဲ့ဧကရာဇ်နဲ့ အိမ်ရှေ့စံကိုလည်း ဖမ်းဆီးနိုင်ခဲ့ပါတယ်"
လင်းပိုင်ဖန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်ကာ - "တကယ့်ကို ခမ်းနားတဲ့ စစ်ပွဲပဲ၊ ငါတို့ မဟာရှရဲ့ ခွန်အားကို ပြသနိုင်ခဲ့ရုံတင်မကဘဲ ကြွယ်ဝတဲ့ ချမ်းသာမှုတွေကိုလည်း ယူဆောင်လာနိုင်ခဲ့တယ်။ ငါကိုယ်တော် တကယ့်ကို ဝမ်းသာမိတယ်။ စစ်သူကြီး ချိုင်ယွီရှင်း... ငါကိုယ်တော်ရဲ့ အမိန့်ကို နာခံစေ"
"လက်အောက်ငယ်သား ရှိနေပါတယ်" ချိုင်ယွီရှင်းက အကျယ်ကြီး ပြန်ထူးလိုက်သည်။
"ငါကိုယ်တော် မောင်မင်းကို 'ဖုန်းဝူနယ်စား' ဘွဲ့ကို ခန့်အပ်ပြီး ငွေ တေး ၁၀,၀၀၀၊ နန်းတွင်းထုတ် အကောင်းဆုံး အရက်အိုး ၁၀ လုံးနဲ့ အကောင်းဆုံး ပိုးထည် ၁၀ လိပ်ကို ဆုချီးမြှင့်လိုက်တယ်"
ဆက်တိုက်ဆိုသလို ရက်ရောသော ဆုလာဘ်တွေကို ချီးမြှင့်ခဲ့လိုက်သည်။ ချိုင်ယွီရှင်းက ဝမ်းသာအားရဖြင့် "ကျေးဇူးတော်ကြီးမားလှပါတယ် အရှင်မင်းကြီး"
"စစ်သူကြီး ဝမ်၊ မောင်မင်းရဲ့ ဘွဲ့ထူးကို လက်ခံဖို့ ရှေ့ကို တက်လာခဲ့"
"ရောက်ရှိနေကြောင်းပါ အရှင်မင်းကြီး" ဝမ်ကျင်းဟိုင်က စိတ်လှုပ်ရှားစွာဖြင့် ထွက်လာခဲ့သည်။
"မောင်မင်းကို မြောက်ပိုင်းကာကွယ်ရေး တတိယအဆင့် ဗိုလ်ချုပ်အဖြစ် ခန့်အပ်ပြီး မြောက်ပိုင်းနယ်စပ်ကို စောင့်ရှောက်ဖို့ စစ်သည် ၃၀၀,၀၀၀ ကို ကွပ်ကဲစေမယ်။ ထပ်ပြီးတော့ ငွေ တေး ၁၀,၀၀၀ နဲ့ အကောင်းစား အရက်အိုး ၁၀ လုံး ဆုချီးမြှင့်လိုက်တယ်"
ဝမ်ကျင်းဟိုင်လည်း အလွန်ဝမ်းသာသွားပြီး "ကျေးဇူးတော်ကြီးမားလှပါတယ် အရှင်မင်းကြီး"
လင်းပိုင်ဖန်က ပြုံးလျက် ခေါင်းခါပြလိုက်ကာ "ကျေးဇူးတင်ဖို့ မလောပါနဲ့ဦး၊ မောင်မင်းအတွက် နောက်ထပ်တစ်ခု ရှိသေးတယ်"
မိန်းမစိုးငယ်လေးတစ်ဦးက ကျောက်စိမ်းသေတ္တာလေးတစ်လုံးကို လာရောက်ဆက်သသည်။ လင်းပိုင်ဖန်က "ဒါက ကိုးမျက်လုံး ကျောက်ဖြူကြာပန်းထဲက ကြာစေ့တစ်စေ့ပဲ၊ ဒါကို စားသုံးပြီးရင် မောင်မင်းရဲ့ သိုင်းပညာတွေ တိုးတက်လာပြီး မဟာရှကို ဆက်လက် အလုပ်အကျွေးပြုနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်"
ဝမ်ကျင်းဟိုင်မှာ အလွန်အမင်း ဝမ်းသာသွားပြီး သေတ္တာကို နှစ်လက်ဖြင့် ကိုင်မြှောက်ကာ မြေကြီးပေါ် ဒူးထောက်လိုက်ပြီး - "ကျေးဇူးတော် ကြီးမားလှပါတယ် အရှင်မင်းကြီး၊ ကျွန်တော်မျိုးအနေနဲ့ အသက်နဲ့လဲပြီး အရှင်မင်းကြီးရဲ့ ကျေးဇူးကို ဆပ်ပါ့မယ်"
ထို့နောက် လင်းပိုင်ဖန်က ဆုလာဘ်တွေကို ဆက်လက်ပေးသနားခဲ့သည်။ နန်းတွင်းရှိ အမှုထမ်းသူတွေမှာ ရာထူးတိုးခြင်းနှင့် ဘွဲ့ထူးတွေ ရရှိကြသည်။ အရက်ဓားအင်မော်တယ် နှင့် လက်ဗလာဆရာြကီးကဲ့သို့ နန်းတွင်းမှာ အမှုမထမ်းတဲ့ သူတွေကိုလည်း အခြားသော ပစ္စည်းတွေကို ဆုချခဲ့သည်။ စစ်သည် ၄၀၀,၀၀၀ ကိုလည်း တစ်ဦးလျှင် ငွေ ၂ တေးစီနှင့် ကျဆုံးသွားသော စစ်သည်များ၏ မိသားစုတွေအတွက် နစ်နာကြေး ငွေတေး ၂၀ စီ ပေးအပ်ခဲ့သည်။
ဤစစ်ဆင်ရေးကြောင့် လင်းပိုင်ဖန် တစ်ဦးတည်းသာမက လူတိုင်းပင် ချမ်းသာကြွယ်ဝသွားကြသည်ဟု ဆိုနိုင်သည်။
ထိုအချိန်တွင် ချင်ဟွေ့က ရှေ့သို့ ထွက်လာကာ - "အရှင်မင်းကြီးကို တင်ပြစရာ ရှိပါတယ်။ သစ္စာဖောက် အန်လုရှန် နဲ့ ရှီစစ်မင်တို့ဟာ မနေ့ညက သေဆုံးသွားပါပြီ၊ အန်လုရှန်ဟာ အသားကိုလွှာပြီး သတ်တဲ့ အပြစ်ဒဏ်ကို ၁၉,၈၀၀ ချက်အထိ ခံယူခဲ့ရပြီး ၂၃ ရက်ကြာမှ သေဆုံးသွားတာပါ။ ရှီစစ်မင်ကတော့ ၆,၉၂၀ ချက် ခံယူခဲ့ရပြီး ၂၃ ရက်အကြာမှာပဲ သေဆုံးသွားပါတယ်"
"သူတို့ရဲ့ အလောင်းတွေကို အရှင်မင်းကြီး စစ်ဆေးနိုင်ဖို့ ရေခဲတိုက်ထဲမှာ သိမ်းဆည်းထားပါတယ်"
ဤစကားကို ကြားလိုက်ရတဲ့အခါ နန်းတွင်းရှိ အမတ်တွေအားလုံး ကျောချမ်းသွားခဲ့ကြသည်။ ထိုသစ္စာဖောက်နှစ်ဦးမှာ ထောင်နှင့်ချီသော အသားလွှာဒဏ်ရာတွေကို ရက်ပေါင်း ၂၀ ကျော်ကြာ ခံစားခဲ့ရခြင်းမှာ ကြောက်စရာကောင်းလွန်းလှသည်။ နောင်တွင် သစ္စာမဖောက်ရဲအောင် ကိုယ့်ကိုယ်ကိုယ် ပြန်လည် သတိပေးနေကြသည်။
ဧကရာဇ် လင်းပိုင်ဖန်မှာ အလွန်ကျေနပ်သွားပြီး- "အမတ်ချင်၊ မောင်မင်း တကယ်ကောင်းကောင်း လုပ်ခဲ့တာပဲ၊ နိုင်ငံတော်ကို သစ္စာဖောက်တဲ့သူတွေကို အပြင်းထန်ဆုံး အပြစ်ပေးရမယ်။ ဒါမှ တခြားသူတွေ နမူနာယူပြီး မှားယွင်းတဲ့လမ်းကို မလိုက်မှာ"
"အမတ်ချင်၊ မောင်မင်းရဲ့ ရာထူးကို တစ်ဆင့်တိုးပေးပြီး ငွေတေး ၁,၀၀၀ ဆုချီးမြှင့်လိုက်တယ်။ သူတို့အလောင်းတွေကိုတော့ ငါကိုယ်တော် မကြည့်တော့ဘူး၊ မောင်မင်းပဲ စီစဉ်လိုက်တော့"
"မှန်လှပါ အရှင်မင်းကြီး" ချင်ဟွေ့က အမိန့်ကို နာခံလိုက်သည်။
"အခု ငါတို့ မဟာရှဟာ ပုန်ကန်သူတွေကို နှိမ်နင်းနိုင်ခဲ့သလို မဟာယွဲ့ကိုလည်း အောင်နိုင်ခဲ့ပြီ။ ငါတို့နိုင်ငံရဲ့ အင်အားဟာ အရပ်ရပ်ကို တုန်လှုပ်စေနိုင်ခဲ့ပြီ၊ ဒါပေမဲ့ စစ်ပွဲတွေကြောင့် ငါတို့ရဲ့ စစ်အင်အား လျော့နည်းသွားတယ်။ ဒါကြောင့် စစ်သည်သစ်တွေ ထပ်မံစုဆောင်းရမယ်။ စစ်ရေးဝန်ကြီးဌာနက ချောင်ချောင်း ဘယ်မှာလဲ"
"ကျွန်တော်မျိုး ရှိပါတယ်" ချောင်ချောင်း ထွက်လာခဲ့သည်။
လင်းပိုင်ဖန်က အကျယ်ကြီး ကြေညာလိုက်ကာ - "ငါကိုယ်တော် မောင်မင်းကို မဟာရှရဲ့ တပ်မတော်အတွက် စစ်သည် ၃၀၀,၀၀၀ ထပ်မံစုဆောင်းဖို့ အမိန့်ပေးလိုက်တယ်"
ချောင်ချောင်းမှာ အလွန်စိတ်လှုပ်ရှားသွားခဲ့သည်။ စစ်ရေးဝန်ကြီးဌာနမှာ ကြာမြင့်စွာ နေခဲ့ပြီးမှ ယခုအခါ အရေးကြီးသော တာဝန်တစ်ခုကို ရရှိခဲ့ခြင်းဖြစ်သည်။ "စိတ်ချပါ အရှင်မင်းကြီး၊ ကျွန်တော်မျိုး ဒီတာဝန်ကို အမြန်ဆုံး ပြီးမြောက်အောင် ဆောင်ရွက်ပါ့မယ်"
"ကောင်းပြီ၊ မောင်မင်းကို ငါကိုယ်တော် ယုံကြည်တယ်"
ထို့နောက် လင်းပိုင်ဖန် သည် အခြားသော ကိစ္စရပ်များကို စီစဉ်ပြီးနောက် ညီလာခံကို ရုပ်သိမ်းလိုက်လေသည်။