အခန်း (၁၅၁)
Vol. 13 Ch. 151
ထိုအချိန်တွင် နန်းတွင်းစာမေးပွဲ ကျင်းပမည့် အငွေ့အသက်များမှာ တဖြည်းဖြည်း မြင့်တက်လာပြီး မြို့တော်အတွင်း၌လည်း စာပေပညာရှင် မျက်နှာသစ်များစွာ ပေါ်ပေါက်လာခဲ့သည်။
၎င်းတို့သည် ဤနန်းတွင်းစာမေးပွဲတွင် နာမည်ရကာ ထင်ပေါ်ကျော်ကြားရန် မျှော်လင့်ချက်ဖြင့် အရပ်ရပ်မှ ရောက်ရှိလာကြခြင်း ဖြစ်သည်။
မြို့တော်ရှိ အရက်ဆိုင်အသီးသီးတွင်လည်း ၎င်းတို့၏ ပုံရိပ်များကို နေရာအနှံ့ တွေ့မြင်နေရပြီး အားတက်သရော ဆွေးနွေးနေကြသည်မှာ -
"မဟာရှနိုင်ငံက နန်းတွင်းစာမေးပွဲ ကျင်းပတော့မယ်ဟေ့။ ဒီတစ်ခေါက် ဝန်ကြီးဌာန (၆) ခုနဲ့ အဆင့်မြင့်ရုံးတော် (၉) ခုအပြင် အုပ်ချုပ်ရေး ရုံးတွေမှာလည်း ခန့်ဖို့ လူပေါင်း ၃၀၀ တောင် ခေါ်မယ်လို့ ကြားတယ်။ ဒါဟာ ငါတို့လို စာပေသမားတွေအတွက် တကယ့် သတင်းကောင်းပဲ"
"ဟုတ်ပါ့၊ အရာရှိနေရာတွေ ဒီလောက်များနေတာ အောင်ဖို့ အခွင့်အရေးက အတော်များတယ်။ ငါ စာမေးပွဲကျတာ သုံးခေါက်ရှိပြီ၊ ဒီတစ်ခါတော့ အောင်မြင်ဖို့ မျှော်လင့်မိတာပဲ"
"ပြိုင်ဘက်တွေ နည်းသွားတယ်ဆိုပေမဲ့ အရှင်မင်းကြီးက ပုံမှန်အတိုင်း လုပ်လေ့မရှိဘူးလို့ ငါကြားမိတယ်။ မနှစ်က ခေါ်တုန်းက မေးတဲ့မေးခွန်းတွေက အရမ်းထူးဆန်းပြီး အမျိုးမျိုးဖြစ်နေလို့ လူဘယ်နှစ်ယောက်တောင် ဒုက္ခရောက်သွားလဲ မသိဘူး။ ဒါကြောင့် ဒီစာမေးပွဲက ဘယ်လောက်အထိ ချောချောမွေ့မွေ့ ဖြစ်မလဲဆိုတာ မသေချာဘူး"
"ငါလည်း အဲဒီအကြောင်း ကြားဖူးတယ်၊ ဘာပြဿနာမှ မရှိဖို့ပဲ ဆုတောင်းရမှာပဲ"
စားသောက်ဆိုင်တစ်ခု၏ သီးသန့်ခန်းထဲတွင် လူငယ်အချို့သည် လက်ဖက်ရည်သောက်ရင်း ထိုအကြောင်းများကို ဆွေးနွေးနေကြသည်။ ၎င်းတို့သည် အဖိုးတန်အဝတ်အစားများကို ဝတ်ဆင်ထားပြီး ထူးခြားသော အရှိန်အဝါများ ရှိနေကြသည်။ အပြင်ဘက်ရှိ စာပေပညာရှင်များ၏ စကားသံများကို နားထောင်ရင်း ၎င်းတို့၏ မျက်လုံးများတွင် အထင်အမြင်သေးသည့် အရိပ်အယောင်များ ပေါ်လာလေသည်။
"သူတို့လိုလူတန်းစာတွေကများ နန်းတွင်းစာမေးပွဲကို အောင်ချင်နေတာလား၊ တကယ့်ကို စိတ်ကူးယဉ်နေတာပဲ"
"အမှန်ပဲ၊ ငါတို့လို မျိုးနွယ်စုတွေကပဲ ဒီစာမေးပွဲကို လွှမ်းမိုးထားနိုင်တာ။ ကျန်တဲ့လူတွေကိုတော့ အကြွင်းအကျန်လေးတွေပဲ ပေးလိုက်ပေါ့"
"နိမ့်ပါးတဲ့ အလွှာက လူတွေကတော့ အဲဒီအတိုင်းပဲ၊ သူတို့က သူတို့ရဲ့ အဆင့်ထက် ပိုမြင့်မြင့်တက်ဖို့ကို ဘယ်တော့မှ စိတ်မကူးသင့်ဘူး"
"ကဲပါ... အပြင်က အောက်တန်းစားတွေအကြောင်း မပြောကြနဲ့တော့"
ခေါင်းဆောင်ဟု ထင်ရသော လူငယ်တစ်ဦးက သူ၏ယပ်တောင်ကို ဖြန့်လိုက်ကာ ရယ်မောရင်း - "ငါတို့ရဲ့ တကယ့်ပြိုင်ဘက်တွေက တခြား မျိုးနွယ်ကြီးတွေရဲ့ မျိုးဆက်တွေပဲ။ ဒါနဲ့ အခု မျိုးနွယ်စု ဘယ်နှစ်ခုက ကိုယ်စားလှယ်တွေ ပို့ထားပြီလဲ"
"သခင်လေး... အခုအထိ တင်၊ ချန်၊ စွန်း၊ ကျိုး စတဲ့ မျိုးနွယ်စုပေါင်း ၂၂ ခုက ကိုယ်စားလှယ်တွေ စာမေးပွဲဖြေဖို့ ရောက်နေပါပြီ"
လူငယ်က စဉ်းစားဟန်ဖြင့် ခေါင်းကို စောင်းလိုက်ကာ - "လျို၊ ကျောက် နဲ့ ကျူး မိသားစုတွေက ဘယ်သူမှ မလွှတ်ကြဘူးလား"
ထိုအခါ ကျန်လူများက ဝိုင်းရယ်ကြသည်။
"သူတို့က မလာရဲကြတော့တာပါ။ သူတို့က မဟာရှကို အကြီးအကျယ် စော်ကားမိထားတာလေ၊ တကယ်လို့ လာခဲ့ရင်တောင် ပြန်ထွက်သွားနိုင်မှာ မဟုတ်ဘူး"
"သူတို့က မဟာရှကို အနိုင်ကျင့်လို့ လွယ်မယ်လို့ ထင်နေတာ၊ လှုပ်ရှားလိုက်တိုင်း သူတို့ပဲ ခံနေရပြီး ချီဖွဲ့တည်ခြင်းအဆင့်တွေ အများကြီး ဆုံးရှုံးခဲ့ရတယ်။ အခုတော့ သူတို့က မျိုးနွယ်စုတွေကြားမှာ ရယ်စရာ ဖြစ်နေပြီ"
"သူတို့အကြောင်း ထားလိုက်ပါတော့၊ မဟာရှက ဒီလောက် ကြောက်စရာကောင်းမယ်လို့ ဘယ်သူထင်မှာလဲ၊ တစ်နှစ်အတွင်းမှာပဲ နိုင်ငံငယ်လေးကနေ အနီးနားကနိုင်ငံတွေ ကြောက်ရတဲ့ နိုင်ငံကြီးအဖြစ် တိုးတက်လာတာ တကယ့်ကို ထိတ်လန့်စရာပဲ"
"သူတို့ရဲ့ မာနအတွက် တန်ဖိုးပေးလိုက်ရတာပေါ့... ဟားဟား"
"လျို၊ ကျောက် နဲ့ ကျူး မိသားစုတွေကတော့..." ထိုသခင်လေးက အထင်အမြင်သေးစွာဖြင့် ပြောလိုက်သည်။ "သူတို့က သူတို့အင်အားနဲ့ မလိုက်ဖက်တာကို လုပ်ချင်ခဲ့လို့ အခုလို ဝဋ်လည်တာပဲ။ မျိုးနွယ်စုကြီးတွေဆိုတာ အစဉ်အလာကို ဦးစားပေးပြီး အရိပ်ထဲမှာပဲ တိတ်တိတ်လေး တိုးတက်နေသင့်တာ"
"အခု ငါတို့ လုပ်နေသလိုမျိုးပေါ့... စာမေးပွဲကို အပတ်တကုတ်ဖြေပြီး ရာထူးတွေယူမယ်၊ ပြီးရင် အုပ်ချုပ်ရေးယန္တရားထဲဝင်ပြီး အာဏာကို တဖြည်းဖြည်း သိမ်းပိုက်မယ်။ နောက် ဆယ်စုနှစ်အနည်းငယ်ဆိုရင် ဒီမဟာရှနိုင်ငံဟာ ငါတို့လက်ထဲ ရောက်လာမှာပဲ မဟုတ်ဘူးလား?"
"သခင်လေး ပြောတာ အမှန်ပဲ" အားလုံးက ခေါင်းညိတ် ထောက်ခံကြသည်။
ထိုအချိန်တွင် သခင်လေးက ယပ်ခတ်နေရင်း ဘေးနားရှိ လူတစ်ဦးကို မေးလိုက်သည်။ "ဒါနဲ့ မင်းကို ယဉ်ကျေးမှုဝန်ကြီးဌာန ဒု-ဝန်ကြီး 'လီလင်းဖူ' ဆီ သွားခိုင်းထားတာ ဘယ်လိုဖြစ်သွားလဲ"
"သခင်လေး... ကျွန်တော် လက်ဆောင် အမြောက်အမြားနဲ့ သွားခဲ့ပေမဲ့ သူက စိတ်မလှုပ်ရှားတဲ့အပြင် ကျွန်တော့်ကို အပြင်ကိုတောင် နှင်ထုတ်လိုက်ပါတယ်။ သခင်လေး... ဒီလမ်းကတော့ မဖြစ်နိုင်ဘူးထင်ပါတယ်၊ တခြားနည်းလမ်း စဉ်းစားသင့်ပါတယ်"
"မဟုတ်ဘူး၊ ငါတို့ ဆက်လုပ်ရမယ်"
ထိုသခင်လေးက အေးစက်စွာ ပြုံးရင်း ဝင့်ကြွားစွာ ပြောလိုက်သည်။ "အဲဒီ လီလင်းဖူ ဆိုတာက နှုတ်ချိုသလောက် စိတ်ပုပ်တဲ့လူမျိုးပဲ၊ အထက်က လူကြီးတွေကို ဖားပြီး အောက်ကလူတွေကို နှိပ်စက်တဲ့လူ။ သူ ဘာမှမလုပ်တာက ငါတို့ပေးတဲ့ ပမာဏက မလောက်သေးလို့ပဲ ဖြစ်ရမယ်။ ဒါကြောင့် လက်ဆောင်တွေ ထပ်ပို့ရမယ်၊ အများကြီးကို ပို့ရမှာ၊ တန်ဖိုးကြီးတာတွေပို့ပြီး ငါ သူ့ရဲ့ ခံစစ်ကို မဖောက်နိုင်ဘူးဆိုတာ မယုံဘူး"
"အမိန့်အတိုင်းပါ သခင်လေး"
ထို့နောက် နောက်ထပ် တန်ဖိုးကြီး လက်ဆောင်တစ်ခုကို လီလင်းဖူ၏ အိမ်သို့ ပို့ရန် ပြင်ဆင်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် လူအများအပြားကလည်း လီလင်းဖူထံ သွားရောက်ရန် လက်ဆောင်များ ပြင်ဆင်နေကြသည်။
သို့သော် လီလင်းဖူကတော့ အိမ်တွင်မရှိဘဲ နန်းတော်အတွင်း၌ လင်းပိုင်ဖန်ထံ အစီရင်ခံစာ တင်ပြနေသည်။
"အရှင်မင်းကြီး... နန်းတွင်းစာမေးပွဲအတွက် စာရင်းပေးသွင်းသူ အရေအတွက်ဟာ ၁,၂၄၂ ဦးအထိ ရှိလာပါပြီ။ ဒီတစ်ခေါက် စာမေးပွဲကို အလျင်အမြန် ပြင်ဆင်ခဲ့ရတာကြောင့် စာရင်းပေးသူ အရေအတွက်က မျှော်မှန်းသလောက် မရှိခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော်မျိုးက ကန့်သတ်ချက်တချို့ကို လျှော့ပေါ့ပေးပြီး ပညာရှင်တွေကိုပါ စာရင်းပေးခွင့်ပြုထားပါတယ်။ ဒါမှသာ လူတော်တွေထဲက အတော်ဆုံးဆိုတဲ့လူတွေကို ရွေးချယ်နိုင်မှာပါ"
လင်းပိုင်ဖန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး "ကောင်းပြီ၊ တစ်ခါတလေမှာ စာအုပ်ကြီးအတိုင်း ဖတ်နေရုံနဲ့ အလုပ်ကို ကောင်းကောင်းလုပ်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် အခြေအနေတချို့ကို လျှော့ပေါ့ပေးပြီး အရည်အချင်းရှိတဲ့သူတွေကို တိုင်းပြည်အတွက် အမှုထမ်းခွင့်ပေးတာက သင့်တော်တယ်"
"အရှင်မင်းကြီးရဲ့ အမိန့်က မှန်ကန်လှပါတယ်၊ ကျွန်တော်မျိုး စဉ်းစားထားတာလည်း အဲဒီအတိုင်းပါပဲ" လီလင်းဖူက ဦးညွှတ်လိုက်သည်။
လင်းပိုင်ဖန်က စားပွဲကို ခေါက်ရင်း မေးလိုက်သည်။ "ဝန်ကြီးလီ... မောင်မင်းရဲ့အိမ်ကို အခုတလော လူတွေအများကြီး လာကြတယ်လို့ ငါကိုယ်တော် ကြားမိတယ်"
လီလင်းဖူ၏ နဖူးတွင် ချွေးစများ ထွက်လာပြီး "အရှင်မင်းကြီး... အဲဒါ တကယ်ပါပဲ"
လင်းပိုင်ဖန်က ပြုံးကာ - "သူတို့တွေ လက်ဆောင်တွေလည်း အများကြီး ပြင်ထားကြတယ်လို့လည်း ငါကိုယ်တော် ကြားတယ်"
လီလင်းဖူ၏ နဖူးတွင် နောက်ထပ် ချွေးစများ ထွက်လာပြန်သည်။ "ဟုတ်... ဟုတ်ပါတယ် အရှင်မင်းကြီး"
လင်းပိုင်ဖန်က မျက်လုံးမှေးကျဥ်းလိုက်ကာ ပြုံးလျက် "သူတို့က မောင်မင်းကို စာမေးပွဲမေးခွန်းတွေ ပေါက်ကြားအောင် လုပ်ခိုင်းနေတာလား"
လီလင်းဖူက ဒူးထောက်ချလိုက်ပြီး "အရှင်မင်းကြီးကို တင်ပြရရင် အဲဒါ တကယ်ပါပဲ၊ ဒါပေမဲ့ ကျွန်တော်မျိုးဟာ နန်းတွင်းစာမေးပွဲရဲ့ အရေးကြီးပုံကို သိတာကြောင့် အရှင်မင်းကြီးရဲ့ ဂုဏ်ကျေးဇူးကို မစော်ကားလိုပါဘူး။ ဒါကြောင့် မေးခွန်းတွေကို ပေါက်ကြားအောင် မလုပ်ခဲ့ပါဘူး။ အရှင်မင်းကြီး အမှန်တရားကို ခွဲခြားသိမြင်ပေးပါ"
သူ ပြောသည်မှာ အမှန်ပင် ဖြစ်သည်။ ၎င်းသည် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ ရောက်ရှိပြီးနောက် သူတာဝန်ယူရသည့် ပထမဆုံးနှင့် အရေးအကြီးဆုံး အလုပ်ဖြစ်သည်။ နန်းတွင်းစာမေးပွဲ၏ အရေးကြီးပုံကို လူတိုင်းသိကြသည်။ ကောင်းကောင်းမွန်မွန်သာ စီမံနိုင်လျှင် ရာထူးတက်မည်ဖြစ်သော်လည်း မဟုတ်ပါက ရာထူးပြုတ်ရုံသာမက ခေါင်းပါ ပြတ်နိုင်သည် မဟုတ်ပါလား။
သူသည် မိမိ၏ အနာဂတ်နှင့် အသက်ကို လောင်းကြေးမထပ်ရဲပေ။ ထို့ကြောင့် သူသည် အခြားသူများ၏ လာဘ်ထိုးမှုများကို ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့သည်။
"ဝန်ကြီးလီ... စိတ်အေးအေးထားပါ၊ ငါကိုယ်တော် မင်းကို ယုံပါတယ်။ ဒါပေမဲ့ သိပ်မအရေးကြီးတဲ့ ကိစ္စတချို့ကိုတော့ မောင်မင်း သူတို့ကို ပြောပြလို့ရပါတယ်။ အဲဒီအတွက် မောင်မင်းကို ငါကိုယ်တော် ခွင့်လွှတ်တယ်"
လီလင်းဖူ ဇဝေဇဝါ ဖြစ်သွားကာ "အရှင်မင်းကြီး... ဘာကို ဆိုလိုတာပါလဲ"
"ငါ့ရည်ရွယ်ချက်က သူတို့က ပိုက်ဆံပေးနေမှတော့ မောင်မင်းဘာလို့ မယူဘဲ နေမှာလဲ" လင်းပိုင်ဖန်က ပြုံးရင်း ပြောလိုက်သည်။ "ဒီလောက် တန်ဖိုးကြီးတဲ့ လက်ဆောင်တွေ ပေးနိုင်တဲ့သူတွေက မျိုးနွယ်စုကြီးတွေပဲ။ ငါကိုယ်တော်က အဲဒီ မျိုးနွယ်စုကြီးတွေကို ဘယ်တုန်းကမှ သဘောမကျခဲ့ဘူး။ ဒါကြောင့် ငါကိုယ်တော် ဘာကို ဆိုလိုသလဲဆိုတာ မောင်မင်းသိမှာပါ..."
လီလင်းဖူ ချွေးပြန်သွားသည်။ အရှင်မင်းကြီးသည် ထိုမျိုးနွယ်စုကြီးတွေကို ထောင်ချောက်ဆင်ရန် ကြံစည်နေခြင်းပင်ဖြစ်သည်။
"အရှင်မင်းကြီး... အဲဒါက တကယ်ပဲ အဆင်ပြေပါ့မလား" လီလင်းဖူသည် သူ့မျက်နှာမှ ချွေးများကို သုတ်ရင်း - "ကျွန်တော်မျိုး သိသလောက်ဆိုရင် အခု စာမေးပွဲဖြေဖို့ စာရင်းပေးထားတဲ့ မျိုးနွယ်စုဝင်ပေါင်း ၂၀၀ ကျော်ရှိပြီး မျိုးနွယ်စုကြီး ၂၀ ကျော် ပါဝင်နေပါတယ်။ တကယ်လို့ သူတို့အားလုံးကို စော်ကားမိရင်..."
လင်းပိုင်ဖန်က ဂရုမစိုက်ဟန်ဖြင့် လက်ဝှေ့ယမ်းပြလိုက်ကာ - "စော်ကားမိတော့ ဘာဖြစ်လဲ၊ ဘာကြောက်စရာ ရှိလို့လဲ၊ သူတို့က နန်းတော်ထဲဝင်လာပြီး ငါကိုယ်တော်ကို သတ်ရဲမယ်လို့ ထင်နေလို့လား"
လီလင်းဖူမှာ မချိပြုံး ပြုံးလိုက်မိသည်။ အမှန်ပင် သူတို့သည် အရှင်မင်းကြီးကို မသတ်ရဲကြသော်လည်း... ကျွန်တော်မျိုးကိုတော့ သတ်ရဲကြတယ်လေ!!!
ဒေါသထွက်နေသော မျိုးနွယ်စုကြီးများမှာ အလွန်ကို ကြောက်စရာကောင်းသည်။ အသက်ပေါင်း တစ်ရာရှိလျှင်ပင် ၎င်းတို့၏ အမျက်ဒေါသကို ခံနိုင်မည်မဟုတ်ပေ။
"ဝန်ကြီး... ငါကိုယ်တော် မင်းကို ဒီအလုပ်ကို လွှဲအပ်လိုက်ပြီ၊ မောင်မင်း အစွမ်းကုန် ကြိုးစားပြီး သူတို့ဆီက ပိုက်ဆံတွေကို လိမ်ယူနိုင်သမျှ ယူရမယ်" လင်းပိုင်ဖန်က လီလင်းဖူ၏ ပခုံးကို ပုတ်ကာ အားပေးလိုက်သည်။ "ဒီကိစ္စကိုသာ ကောင်းကောင်း လုပ်နိုင်ရင် မောင်မင်းကို ငါကိုယ်တော် ဆုလာဘ်တွေ အများကြီး ဆုချမယ်"
လီလင်းဖူက တုံ့ဆိုင်းစွာဖြင့် "အရှင်မင်းကြီး... ဒါကို နောက်ထပ် ဆွေးနွေးလို့ ရမလား"
လင်းပိုင်ဖန်၏ မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွားပြီး- "ဝန်ကြီးလီ... မောင်မင်းက ငါကိုယ်တော်ရဲ့ စိုးရိမ်ပူပန်မှုတွေကို မဖြေဖျောက်ပေးချင်ဘူး ထင်တယ်။ ဒီလိုဆို မောင်မင်းကို တခြားရာထူးတစ်ခုမှာ ထားဖို့ ငါကိုယ်တော် စဉ်းစားရတော့မှာပေါ့"
လီလင်းဖူ၏ မျက်နှာ ဖြူလျော့သွားကာ "အရှင်မင်းကြီး... အဲဒီလို မဟုတ်ပါဘူး၊ ကျွန်တော်မျိုးဟာ အရှင်မင်းကြီးရဲ့ သစ္စာအရှိဆုံး အစေခံပါ၊ ဘယ်လို အန္တရာယ်ပဲဖြစ်ဖြစ် အရှင်မင်းကြီး ခိုင်းစေတာကို တွန့်ဆုတ်ခြင်းမရှိ လုပ်ဆောင်ပါ့မယ်"
လင်းပိုင်ဖန်က အလွန်ကျေနပ်သွားကာ - "အလွန်ကို ကောင်းတယ်၊ ငါတို့ မဟာရှနိုင်ငံတော်မှာ မောင်မင်းလို သစ္စာရှိတဲ့ တိုင်းပြည်ရဲ့ ဒေါက်တိုင်တွေ လိုအပ်နေတာပဲ"
"ဒါပေမဲ့ အရှင်မင်းကြီး... ဒီကိစ္စက အနည်းငယ် အန္တရာယ်ရှိတာကြောင့် ကျွန်တော်မျိုးရဲ့ ဘေးကင်းလုံခြုံရေးအတွက် တစ်စုံတစ်ယောက်ကို တာဝန်ပေးစေချင်ပါတယ်"
လင်းပိုင်ဖန်က ဟန်ပါပါဖြင့် အာမခံလိုက်သည်။ "ဝန်ကြီး... မောင်မင်းက ငါကိုယ်တော်အတွက် အမှုထမ်းနေတာပဲ၊ ငါကိုယ်တော်က မောင်မင်းကို အန္တရာယ်ဖြစ်အောင် ဘယ်လိုလုပ် ခွင့်ပြုမှာလဲ၊ မဟာရှနိုင်ငံရဲ့ နယ်နိမိတ်အတွင်းမှာ ရှိနေသရွေ့ မောင်မင်းရဲ့ လုံခြုံရေးကို ငါကိုယ်တော် အပြည့်အဝ အာမခံတယ်။ ယုံကြည်မှုရှိရှိနဲ့သာ သွားလုပ်ပါ"
"ကျေးဇူးတင်လှပါတယ် အရှင်မင်းကြီး၊ အရှင်မင်းကြီးရဲ့ စကားကြောင့် ကျွန်တော်မျိုး စိတ်အေးသွားရပါပြီ" လီလင်းဖူက ဦးညွှတ်လိုက်လေသည်။