အခန်း (၁၅၃)
Vol. 13 Ch. 153
သုံးရက်အကြာတွင် မဟာရှ၏ ပထမဆုံးအကြိမ်မြောက် စာမေးပွဲကြီး စတင်လေတော့သည်။
ဝေးလံသောဒေသအသီးသီးမှ လာရောက်ကြသည့် ရေတွက်၍ မကုန်နိုင်သော ကျောင်းတော်သားတို့သည် အရာရှိများ၏ တင်းကျပ်သော စောင့်ကြည့်မှုတွေအောက်တွင် အရာရှိရာထူးများ ရရှိရန်နှင့် ၎င်းတို့၏ စွမ်းဆောင်ရည်များကို ပြသရန်အတွက် စာမေးပွဲခန်းမအတွင်းသို့ အသီးသီး ဝင်ရောက်လာခဲ့ကြသည်။
အထူးသဖြင့် စာမေးပွဲမေးခွန်းများကို လျှို့ဝှက်ရရှိထားပြီး အသေအချာ ပြင်ဆင်လာကြသည့် မျိုးနွယ်စုဝင် လူငယ်များသည် အောင်နိုင်သူအလား ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုများ အပြည့်ရှိနေကြသည်။
"ဒီစာမေးပွဲကို ငါတို့ပဲ လက်ဝါးကြီးအုပ်နိုင်မှာ အသေအချာပဲ"
"ငါတို့ နန်းတွင်းမှာ တာဝန်ထမ်းဆောင်ခွင့် ရတာနဲ့ ငါတို့မျိုးနွယ်စုတွေရဲ့ အရှိန်အဝါကို သုံးပြီး ရာထူးတွေ တိုးအောင်လုပ်မယ်၊ အရာရှိကြီးတွေ ဖြစ်လာအောင် လုပ်မယ်။ ပြီးရင်တော့ အဲဒီ အသုံးမကျတဲ့ ဧကရာဇ်ကို တဖြည်းဖြည်း ချည့်နဲ့သွားအောင် လုပ်ပြီး အာဏာအားလုံး သိမ်းပိုက်ရမယ်"
"မဟာရှဟာ နောက်ဆုံးမှာ ငါတို့ မှူးမတ်မျိုးနွယ်စုတွေရဲ့ လက်ထဲကိုပဲ ကျရောက်လာမှာပဲ"
ထိုစဉ် အဝေးမှ စူးရှသောအသံတစ်ခု ထွက်ပေါ်လာခဲ့သည် - "အရှင်မင်းကြီး ကြွချီတော်မူလာပြီ၊ ဘာကြောင့် အလျင်အမြန် ဦးမတိုက်ဘဲ နေကြသနည်း"
ဖြေဆိုသူများ လှည့်ကြည့်လိုက်သောအခါ လူများစွာ ခြံရံပြီး ဖြည်းညင်းစွာ လျှောက်လှမ်းလာသော လင်းပိုင်ဖန် ကို မြင်တွေ့လိုက်ရသည်။
"အရှင်မင်းကြီးအား ဂါရဝပြုပါတယ်၊ အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ" လူတိုင်း ဒူးထောက်၍ ဦးညွှတ် အလေးပြုလိုက်ကြသည်။
လင်းပိုင်ဖန်က လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ထခိုင်းလိုက်ရင်း ပြုံးကာ - "ဝေးလံတဲ့အရပ်ကနေ လာကြတဲ့ ကျောင်းတော်သားတို့၊ ထကြပါ။ ငါကိုယ်တော်ရဲ့ မဟာရှနိုင်ငံမှာ စာမေးပွဲလာဖြေပြီး အမှုထမ်းဖို့ ဆန္ဒရှိကြတာကို ငါကိုယ်တော် အလွန်ဝမ်းမြောက်မိတယ်။ မောင်မင်းတို့အားလုံး ဒီစာမေးပွဲမှာ အစွမ်းကုန် ကြိုးစားပြီး အောင်မြင်မှုတွေ ရရှိကြလိမ့်မယ်လို့ ငါကိုယ်တော် မျှော်လင့်တယ်"
"ကျေးဇူးကြီးမြတ်လှပါသည် အရှင်မင်းကြီး" လူအများက တညီတညွတ်တည်း ပြန်လည်ဖြေကြားလိုက်ကြသည်။
"ဝန်ကြီး လီ...တော်ဝင်စာမေးပွဲ စတင်ဖို့ အားလုံး အဆင်သင့်ဖြစ်ပြီလား" လင်းပိုင်ဖန်က လီလင်းဖူကို မေးမြန်းလိုက်သည်။
"အရှင်မင်းကြီးအား လျှောက်တင်ပါတယ်၊ ဖြေဆိုသူအားလုံး အခု အထဲကို ရောက်နေပါပြီ။ နောက်ထပ် အမွှေးတိုင်တစ်ဝက်စာ အချိန်မှာ စာမေးပွဲကို တရားဝင် စတင်ပါတော့မယ်။ အခု လောလောဆယ် စာမေးပွဲမေးခွန်းလွှာတွေ ဝေဖို့ ပြင်ဆင်နေပါတယ်" ဟု လီလင်းဖူက ဖြေကြားလိုက်သည်။
"ကောင်းပြီ၊ ငါကိုယ်တော် အချိန်ကိုက် ရောက်လာတာပဲ"
လင်းပိုင်ဖန်က ပြုံးရင်း ဆက်ပြောလိုက်သည် - "ငါကိုယ်တော် မေးခွန်းတွေကို သိပြီးသားပါ။ ဒါပေမဲ့ ပြန်စဉ်းစားကြည့်တော့ အဲဒီမေးခွန်းတွေမှာ ပြဿနာတစ်ချို့ ရှိနေတာကို သတိထားမိလိုက်တယ်။ ဒါကြောင့် ငါကိုယ်တော် မေးခွန်းခေါင်းစဉ်ကို ပြောင်းလဲချင်တယ်"
"အရှင်မင်းကြီးဟာ လောကတစ်ခုလုံးရဲ့ အရှင်သခင်ဖြစ်ပြီး အရှင်မင်းကြီးရဲ့ စကားဟာ အမိန့်တော်ပါပဲ။ အရှင်မင်းကြီး အလိုရှိသလို ပြောင်းလဲနိုင်ပါတယ်။ ဒါပေမဲ့ အရှင်မင်းကြီး... ဘယ်လို ခေါင်းစဉ်မျိုးကို စိတ်ကူးထားပါသလဲ" ဟု လီလင်းဖူက မေးလိုက်သည်။
လင်းပိုင်ဖန်က ချောင်းတစ်ချက်ဟန့်လိုက်ပြီး ကျယ်လောင်စွာ ကြေညာလိုက်သည် - "ဖြေဆိုသူအားလုံး အာရုံစိုက်ပြီး နားထောင်ကြ။ နောက်ထပ် တော်ဝင်စာမေးပွဲရဲ့ ခေါင်းစဉ်ကို ငါကိုယ်တော်ကိုယ်တိုင် သတ်မှတ်ပေးမယ်။ ငါတို့ရဲ့ ခေါင်းစဉ်ကတော့ 'နိုင်ငံတော်နှင့် ပြည်သူကို အင်အားတောင့်တင်းစေခြင်း' ပဲ ဖြစ်တယ်။ ဒီခေါင်းစဉ်အတိုင်း ဖြေဆိုကြပါ"
"အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး" လူတိုင်းက တညီတညွတ်တည်း ပြန်လည်ဖြေကြားလိုက်ကြသော်လည်း ကြီးမြတ်သော မျိုးနွယ်စုဝင် လူငယ်များမှာမူ မှင်သက်သွားကြလေတော့သည်။
"ဒီ အသုံးမကျတဲ့ ဧကရာဇ်က... စာမေးပွဲခေါင်းစဉ်ကို ရုတ်တရက်ကြီး ပြောင်းလိုက်တာလား"
"ပြီးတော့ ဒါက ငါတို့အရင် သိထားတဲ့ ခေါင်းစဉ်နဲ့ လုံးဝ တခြားစီပဲမဟုတ်လား"
"ဒါဆို ငါတို့ ကြိုတင်ပြင်ဆင်ထားသမျှ အရာအားလုံး အလဟဿ ဖြစ်သွားပြီပေါ့"
"ငါတို့ သုံးစွဲခဲ့တဲ့ ငွေတေးပေါင်း သိန်းချီကရော အလကား ဖြစ်သွားတော့မှာလား?"
ထိုအချိန်တွင် လင်းပိုင်ဖန်က လက်ယမ်းပြလိုက်ကာ - "ကဲ... မေးခွန်းလွှာတွေ ဝေလို့ရပြီ။ အချိန်စတာနဲ့ တရားဝင် စတင်ဖြေဆိုကြတော့"
"အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး"
ထို့နောက် မေးခွန်းလွှာများကို ဝေငှလိုက်သည်။ ခေါင်းလောင်းသံ မြည်လာသည်နှင့်အမျှ တော်ဝင်စာမေးပွဲကြီး တရားဝင် စတင်လေတော့သည်။
ကြီးမြတ်သော မျိုးနွယ်စုဝင် လူငယ်များသည် လင်းပိုင်ဖန်၏ လုပ်ရပ်ကြောင့် အငိုက်မိသွားသော်လည်း ၎င်းတို့မှာ အသိပညာ ကြွယ်ဝသော ကျောင်းတော်သားများ ဖြစ်ကြသဖြင့် မထိတ်လန့်ဘဲ အလေးအနက် စတင်ဖြေဆိုခဲ့ကြသည်။
စာမေးပွဲ ဒုတိယနေ့တွင်လည်း လင်းပိုင်ဖန် ထပ်မံရောက်ရှိလာပြီး အရင်နေ့နှင့်မတူသော မေးခွန်းအသစ်ကို ပေးခဲ့ပြန်သည်။ တတိယနေ့တွင်လည်း ထိုနည်းအတိုင်းပင် ဖြစ်ပြန်သည်။
ရလဒ်အနေဖြင့် မူလ စာမေးပွဲမေးခွန်းဟောင်းများမှာ လုံးဝ အသုံးမဝင်တော့ဘဲ အမှိုက်ကဲ့သို့ ဖြစ်သွားလေတော့သည်။
ကြီးမြတ်သော မျိုးနွယ်စုဝင် လူငယ်များမှာ ရင်ထဲတွင် အလွန် ခါးသီးနာကျင်နေကြရသည်။ သူတို့ အကြာကြီး ပြင်ဆင်လာခဲ့သမျှ အလကား ဖြစ်သွားရသည့်အပြင် အဓိကအချက်မှာ သူတို့ ပေးခဲ့ရသော ငွေများမှာ ဘာအတွက်မှ အသုံးမဝင်ဘဲ ဆုံးရှုံးသွားရခြင်းပင် ဖြစ်သည်။
ထို့ကြောင့် တော်ဝင်စာမေးပွဲပြီးဆုံးသောအခါ ကြီးမြတ်သော မျိုးနွယ်စုဝင်များသည် တရားမျှတမှု ရှာရန် လီလင်းဖူထံသို့ လူလွှတ်၍ ချက်ချင်း စုံစမ်းခိုင်းကြတော့သည်။
ပထမဆုံး ရောက်လာသူမှာ လီဖူရန်ပင် ဖြစ်သည်။
လီလင်းဖူက လက်နှစ်ဖက်ကို ဖြန့်ပြကာ သူလည်း မတတ်နိုင်ကြောင်း ပြသလိုက်သည် - "မင်းတို့ရဲ့ အခြေအနေကို ငါနားလည်ပါတယ်။ ဒါပေမဲ့ အရှင်မင်းကြီးက နောက်ဆုံးမိနစ်ကျမှ မေးခွန်းတွေကို ပြောင်းပစ်တာ ငါက ဘာလုပ်နိုင်မှာလဲ၊ ငါက ဧကရာဇ်ရဲ့ အမိန့်ကို ဆန့်ကျင်လို့ မရဘူးလေ၊ ဟုတ်တယ်မလား"
လီဖူရန်က လက်ကမ်းလိုက်ပြီး - "မင်း မကူညီနိုင်ခဲ့ရင်လည်း ငွေတွေကိုတော့ ပြန်ပေးသင့်တာပေါ့"
လီလင်းဖူက မျက်တောင်တခတ်ခတ်ဖြင့် - "ဘယ်ငွေကို ပြန်ပေးရမှာလဲ၊ ငါ မင်းဆီကနေ ဘယ်တုန်းက ငွေယူခဲ့လို့လဲ"
လီဖူရန်မှာ ဒေါသထွက်လွန်း၍ မျက်နှာ ပုံပျက်သွားပြီး - "ဝန်ကြီးလီ... မင်း ငါတို့ငွေတွေကို အလွဲသုံးစားလုပ်ပြီး အခုတော့ မယူဘူးလို့ ငြင်းနေတာလား"
လီလင်းဖူ၏ မျက်နှာထား ချက်ချင်းပြောင်းသွားကာ - "လူကောင်းတစ်ယောက်ကို မစွပ်စွဲပါနဲ့။ ငါက တစ်သက်လုံး ရိုးရိုးသားသား နေလာတာ၊ ဘယ်တုန်းက မင်းဆီက ငွေယူခဲ့လို့လဲ၊ မင်း အခု ချက်ချင်း တောင်းပန်လိုက်တာ ကောင်းလိမ့်မယ်။ မဟုတ်ရင် အသရေဖျက်မှုနဲ့ ငါ မင်းကို တရားစွဲရလိမ့်မယ်"
သူ၏ စကားလုံးများမှာ အလွန်ပင် ဖြောင့်မတ် မှန်ကန်သည့် အသွင်ဆောင်နေသည်။ အမှန်တကယ်ပင် သူသည် ငွေအားလုံးကို အရှင်မင်းကြီးထံ အပ်နှံခဲ့ပြီးဖြစ်၍ အဲ့ဒီ ငွေများမှာ အစိုးရ သိမ်းဆည်းလိုက်သကဲ့သို့ ဖြစ်သွားခြင်းပင် ဖြစ်ချေသည်။ သူသည် တစ်ပြားတစ်ချပ်မှ ကိုယ်ကျိုးအတွက် အလွဲသုံးစား မလုပ်ခဲ့သောကြောင့် သူ့ကိုယ်သူ ယုံကြည်မှု အပြည့်ရှိနေသည်။
လီဖူရန်မှာ တစ်ကိုယ်လုံး တုန်ယင်နေအောင် ဒေါသထွက်နေခဲ့ပြီး နောက်ဆုံးတွင် ဒေါသတကြီး ထွက်ခွာသွားရတော့သည်။
"လီလင်းဖူ... မင်း ကိုယ့်ကိုယ်ကိုယ် သတိထားနေပေတော့"
"လိုက်မပို့တော့ဘူးးး"
ပြန်ရောက်သောအခါ လီဖူရန်က သခင်လေးထံ ချက်ချင်း သတင်းပို့ခဲ့သည်။
သခင်လေး၏ မျက်နှာမှာ မည်းမှောင်သွားပြီး - "လီလင်းဖူက တကယ်ပဲ အဲဒီလို ပြောတာလား၊ တစ်ပြားမှ ပြန်မပေးဘူးလို့ ပြောလိုက်တာလား"
"ဟုတ်ကဲ့ သခင်လေး၊ အဲဒီအချိန်က သူ ဘယ်လောက်တောင် ရိုင်းရိုင်းစိုင်းစိုင်း လုပ်ခဲ့သလဲဆိုတာ သခင်လေး မသိပါဘူး။ ကျွန်တော်တို့ရဲ့ ငွေတွေကို ယူထားပြီး လုံးဝကို ငြင်းနေတာ၊ စဉ်းစားမိတိုင်း ဒေါသထွက်ရပါတယ်" ဟု လီဖူရန်က ပြောလိုက်သည်။
သခင်လေးက စားပွဲကို ထုပြီး မတ်တပ်ရပ်လိုက်သည် - "ကောင်းပြီ! သူက အကြွေးကို မဆပ်ချင်ဘူးဆိုမှတော့ နာကျင်မှုဆိုတာ ဘာလဲသိရအောင် ပြရတော့မှာပေါ့"
ထို့နောက် အခြား မျိုးနွယ်စုတွေကလည်း လူလွှတ်ခဲ့သော်လည်း မည်သူမျှ ရလဒ်ကောင်း မရခဲ့ကြချေ။ ထို့ကြောင့် လူတိုင်းက လီလင်းဖူကို ပြင်းထန်သော သင်ခန်းစာပေးရန် လျှို့ဝှက် ကြံစည်ကြလေတော့သည်။
နှစ်ရက်အကြာတွင် လင်းပိုင်ဖန်က သတ္တုတွင်းများကို စစ်ဆေးရန် ထွက်လာစဉ် ကျောင်းတော်သား တစ်ဦးက လင်းပိုင်ဖန်၏ ရထားလုံးရှေ့တွင် ပိတ်ရပ်လိုက်သည်။
"အရှင်မင်းကြီး... အသနားခံစာ တင်ပြပါရစေ။ ကျွန်တော့်မျိုးအတွက် တရားမျှတမှုကို ဖော်ဆောင်ပေးပါ"
"အသနားခံတာလား၊ ဘာအကြောင်းအရာလဲ?" ဟု လင်းပိုင်ဖန်က တည်ကြည်သော မျက်နှာထားဖြင့် မေးလိုက်သည်။
ထိုသူက ကျယ်လောင်စွာ ဖြေကြားလိုက်သည် - "အရှင်မင်းကြီးအား လျှောက်တင်ပါတယ်၊ ယဥ်ကျေးမှုဝန်ကြီးဌာနက ဒု-ဝန်ကြီး လီလင်းဖူကို ကျွန်တော်မျိုး စွပ်စွဲလိုပါတယ်။ သူဟာ မကြာသေးမီက တော်ဝင်စာမေးပွဲမှာ အဂတိလိုက်စားမှုတွေ လုပ်ခဲ့ပြီး စာမေးပွဲမေးခွန်းတွေကို ပေါက်ကြားအောင် လုပ်ခဲ့ပါတယ်။ ဒါကြောင့် စာမေးပွဲက မမျှတပါဘူး။ အရှင်မင်းကြီးအနေနဲ့ ဒီကိစ္စကို စုံစမ်းစစ်ဆေးပေးပါ"
ဒါကို ကြားလိုက်ရသောအခါ လူတိုင်း အံ့အားသင့်သွားခဲ့ကြသည်။
တော်ဝင်စာမေးပွဲသည် နိုင်ငံတော်အတွက် မည်မျှ အရေးကြီးသည်ကို လူတိုင်းသိကြသည်။ အကယ်၍ တစ်ဦးတစ်ယောက်သည် စာမေးပွဲတွင် မရိုးမသား ပြုမူခဲ့ပါက ပြင်းထန်သော ပြစ်ဒဏ်ကို ရင်ဆိုင်ရမည် ဖြစ်သည်။ အနည်းဆုံး ခေါင်းဖြတ်ခံရမည်ဖြစ်ပြီး အဆိုးဆုံးမှာ တစ်မိသားစုလုံး သတ်ဖြတ်ခံရနိုင်သည်။ မည်မျှပင် မျက်နှာသာပေးခံရသူ ဖြစ်ပါစေ၊ မည်မျှပင် အောင်မြင်မှုများ ရှိပါစေ၊ အကာအကွယ် ရနိုင်မည် မဟုတ်ပေ။
အခြေအနေကို သိရှိသော ကျောင်းတော်သားများ ချက်ချင်း စုဝေးလာကြသည်။ မှူးမတ်မျိုးနွယ်စုဝင် လူငယ်များသည်လည်း ထိုမြင်ကွင်းကို လျှို့ဝှက်ကြည့်ရှုရင်း ပြုံးပျော်နေကြသည်။
"လီလင်းဖူ... မင်း အခု ဘယ်လို ရှင်းမလဲ ကြည့်ရသေးတာပေါ့"
"ဒါဟာ ငါတို့ငွေတွေကို မက်မောခဲ့တဲ့ အကျိုးဆက်ပဲ"
လင်းပိုင်ဖန်က တည်ငြိမ်စွာဖြင့် - "ငါ့ရဲ့ ဝန်ကြီးလီက မေးခွန်းတွေ ပေါက်ကြားအောင် လုပ်ပြီး အဂတိလိုက်စားခဲ့တယ်လို့ မောင်မင်း စွပ်စွဲနေတာလား၊ ဒါ အမှန်တကယ် ဖြစ်ခဲ့ရင် ငါကိုယ်တော် သူ့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးပြီး ဖြေဆိုသူအားလုံးအတွက် တရားမျှတမှု ဖော်ဆောင်ပေးမယ်။ ဒါပေမဲ့ အဲဒီမတိုင်ခင်... ဧကရာဇ်ထံကို အခြေအမြစ်မရှိတဲ့ စွပ်စွဲချက် တင်ပြရင် ဘယ်လို အပြစ်ဒဏ် ခံရမလဲဆိုတာ မောင်မင်းသိလား"
ထိုသူ၏ မျက်နှာ ဖြူလျော်သွားကာ - "ကျွန်... ကျွန်တော်မျိုး သိပါတယ်"
"သိရင် ကောင်းပြီ"
လင်းပိုင်ဖန်က လက်ယမ်းပြလိုက်ကာ - "အစောင့်တွေ... သူ့ကို သစ်သားတုတ်နဲ့ အချက် ၃၀ ရိုက်စမ်း။ သူ အသက်ရှင်နေသေးရင် လီလင်းဖူရဲ့ အဂတိလိုက်စားမှုကိစ္စကို ငါကိုယ်တော် စုံစမ်းမယ်"
"အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး"
ချက်ချင်းပင် လူသုံးယောက် ရှေ့ထွက်လာခဲ့သည်။ နှစ်ယောက်က ထိုသူ၏ လက်မောင်းများကို ချုပ်ထားပြီး ကျန်တစ်ယောက်က နောက်မှနေ၍ ထူထဲလေးလံသော သစ်သားတုတ်ဖြင့် ပြင်းထန်စွာ ရိုက်နှက်လေတော့သည်။ ထိုသူ၏ နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။
အချက် ၃၀ ရိုက်နှက်ပြီးနောက်တွင် ထိုသူမှာ သေလုမျောပါး ဖြစ်သွားခဲ့သည်။
"ကဲ... အပြစ်ဒဏ်ပေးတာ ပြီးပြီ။ မောင်မင်း လီလင်းဖူကို အဂတိလိုက်စားမှုနဲ့ ဆက်ပြီး စွပ်စွဲချင်သေးသလား" ဟု လင်းပိုင်ဖန်က မေးလိုက်သည်။
"ဟုတ်... ဟုတ်ကဲ့၊ အရှင်မင်းကြီး... ကျွန်တော်မျိုးအတွက် တရားမျှတမှုကို ဖော်ဆောင်ပေးပါ" ဟု ထိုသူက ဖြူဖျော့နေသော မျက်နှာဖြင့် ပြောလိုက်သည်။
"ကောင်းပြီ၊ ယဥ်ကျေးမှုဝန်ကြီးဌာန ဒု-ဝန်ကြီး လီလင်းဖူကို ဆင့်ခေါ်လိုက်"