အခန်း (၁၅၇)
Vol. 13 Ch. 157
တစ်ဖက်တွင် လင်းပိုင်ဖန်၏ အသုံးမကျသော ဧကရာဇ်ဟူသည့် နာမည်ဆိုးမှာ ပို၍ပင် ကျော်ကြားလာခဲ့သည်။ သို့သော် လင်းပိုင်ဖန်ကမူ ဂရုမစိုက်ဘဲ သူအလိုရှိသလိုသာ ဆက်လက်နေထိုင်ခဲ့သည်။ နေ့ဘက်တွင် တိုင်းရေးပြည်ရေးတွေကို စီမံပြီး ညဘက်တွင်မူ ကြင်ယာတော်နှင့်အတူ အချိန်ကုန်ဆုံးလေ့ရှိသည်။
ထိုစဉ် ဆည်းလည်းသံကဲ့သို့ သာယာကြည်လင်လှသော အသံလေးတစ်ခု ထွက်ပေါ်လာသည်။
" ငတုံးဧကရာဇ်လေး... မတွေ့တာကြာပြီ။ ရှင်ကတော့ အရင်အတိုင်းပဲ ထင်ရာစိုင်းနေတုန်းပဲလား"
လင်းပိုင်ဖန် လှမ်းကြည့်လိုက်ရာ ယောင်ယောင် ရောက်ရှိနေသည်ကို တွေ့လိုက်ရသဖြင့် အလွန်ဝမ်းသာသွားသည်။ သူမသည် အမြဲတမ်းလိုပင် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ကိုလည်း နှစ်ခွဖုထုံးထားကာ တံတိုင်းပေါ်တွင် ထိုင်ရင်း ခြေထောက်လေးနှစ်ဖက်ကို ရှေ့နောက်ယိမ်းခါနေသည်။ ကြည့်ရသည်မှာ အလွန်ချစ်စရာကောင်းပြီး ဆိုးနွဲ့တတ်သော ပုံစံလေးပင် ဖြစ်သည်။
"ယောင်ယောင်... မတွေ့တာကြာပြီပဲ။ ငါတို့မတွေ့ဖြစ်တဲ့ အတောအတွင်း မင်း ငါ့ကို သတိရနေလား"
‘ဝှစ်’ခနဲအသံနှင့်အတူ ယောင်ယောင်သည် လင်းပိုင်ဖန်၏ ရှေ့မှောက်သို့ ရောက်ရှိလာသည်။ ခေါင်းလေးကို အနည်းငယ်မော့ကာ စောင်းငဲ့ကြည့်ရင်း သူမက ဆိုလိုက်သည်။
"နည်းနည်းတော့ သတိရတာပေါ့... ၊ မဟုတ်ရင် ရှင့်ဆီကို ဘယ်လာမလဲ"
"နည်းနည်းပဲလား။ လိမ်ညာတာက ကလေးကောင်းတစ်ယောက်ရဲ့ အလေ့အထ မဟုတ်ဘူးနော်" ဟု လင်းပိုင်ဖန်က စနောက်လိုက်သည်။
"နည်းနည်းဆိုတာနဲ့ မလုံလောက်သေးဘူးလား။ ဘယ်လောက်တောင် သတိရစေချင်တာလဲ။ ကျွန်မ၊ ယောင်ယောင်က အလုပ်တွေအများကြီးနဲ့ အလုပ်ရှုပ်နေတာနော်...။ ရှင့်အကြောင်း တွေးပေးဖို့ အချိန်နည်းနည်းဖယ်ပေးနိုင်တာတောင်မှ တော်တော်ဟုတ်နေပြီ။ ကျေးဇူးမကန်းနဲ့" ယောင်ယောင်က ပြန်ပြောလိုက်သည်။
"ကောင်းပါပြီလေ" လင်းပိုင်ဖန်က စိတ်မကောင်းဟန်ဖြင့် သက်ပြင်းချလိုက်သည်။
ယောင်ယောင်က မျှော်လင့်ချက်အပြည့်ဖြင့် မေးလိုက်သည်။
"ငတုံး ဧကရာဇ်လေး... ဒီလောက်ကြာတဲ့အထိ ရှင်ရော ကျွန်မကို သတိရရဲ့လား။ ရှင့်ရဲ့ နှလုံးသားထဲမှာရော ကျွန်မကို ထားရဲ့လား။ အမှန်အတိုင်းဖြေနော်၊ လိမ်လို့မရဘူး"
လင်းပိုင်ဖန်က ခေါင်းခါပြကာ -"မထားဘူး"
ယောင်ယောင် စိတ်တိုသွားပြီး - "တကယ်လား။ ရှင် ကျွန်မကို သတိမရဘူးပေါ့"
လင်းပိုင်ဖန်က "ငါ မင်းကို သတိရရုံတင်မဟုတ်ဘူး၊ မင်းနဲ့အတူ အိပ်စက်ဖို့အထိပါ တွေးနေတာ"
ယောင်ယောင် - "..."
လင်းပိုင်ဖန်က ဆက်ပြောလိုက်သည်။ "မင်းကို ငါ့နှလုံးသားထဲမှာ မထားဘူး၊ အဲဒီအစား ငါ့ရဲ့ခုတင်ပေါ်မှာပဲ ထားချင်တာ"
ယောင်ယောင် - "..."
ခဏအကြာတွင်...
လင်းပိုင်ဖန် - "အား.... နာတယ်"
ခဏကြာပြီးနောက် ယောင်ယောင်သည် သူမ၏ လက်ကလေးများဖြင့် လင်းပိုင်ဖန်ကို သွေးလည်ပတ်မှုကောင်းအောင်နှင့် အညိုအမည်း စွဲနေသည်များကို ပျောက်အောင် ပွတ်သပ်ပေးရင်း ဒေါသတကြီး ပြောလိုက်သည်။
"နောက်ကျရင် အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောဦးမလား ကြည့်ကြသေးတာပေါ့"
လင်းပိုင်ဖန်က မတရားသလို ခံလိုက်ရပြီး- "မင်းကိုယ်တိုင်ပဲ အမှန်အတိုင်းဖြေဆို။ အမှန်အတိုင်းပြောတော့လည်း မင်းက ငါ့ကို ဆိတ်တာပဲ"
ယောင်ယောင်က ခါးထောက်လျက် " ရှင်က မတရားခံလိုက်ရတယ်လို့ ထင်နေတာလား "
လင်းပိုင်ဖန်က " အဲ့ဒီလိုပဲ ဖြစ်နေတာပဲလေ၊ မဟုတ်ဘူးလား"
"ဒါဆိုရင် နောက်တစ်ကြိမ်လောက် ထပ်ပြီး အောင့်ခံထားလိုက်ဦး"
လင်းပိုင်ဖန် - "အား... အား... အား"
ယောင်ယောင် ဇဝေဇဝါဖြစ်သွားကာ " ကျွန်မ ရှင့်ကို မဆိတ်ရသေးဘူးလေ"
လင်းပိုင်ဖန်က လက်ယမ်းပြရင်း " ဆိတ်ပြီးသွားပြီလို့ပဲ သဘောထားလိုက်ပါတော့"
ယောင်ယောင် တဟားဟား ရယ်မောကာ- "ငတုံးဧကရာဇ်လေး... ကျွန်မတော့ ရှင့်ကို တကယ်ပဲ လက်မြှောက်အရှုံးပေးပါတယ်"
ထို့နောက် သူတို့နှစ်ဦးသည် မကြာသေးမီက ကျင်းပခဲ့သော နန်းတွင်းစာမေးပွဲအကြောင်းကို အာလာပသလ္လာပ ပြောဖြစ်ကြသည်။
ယောင်ယောင်က စိတ်အနှောက်အယှက် ဖြစ်စွာဖြင့် ဆိုလိုက်သည်။
"ကြီးမြတ်တဲ့ မိသားစုက လူတွေကို အလုပ်မခန့်ဖို့ ကျွန်မပြောတုန်းက ရှင် သဘောတူခဲ့တယ်လေ။ ဒါပေမဲ့ အခုတော့ 'ကြီးမြတ်တဲ့ မိသားစုဝင်တွေနဲ့ ခွေးတွေကို မဟာရှနိုင်ငံတော်ထဲကို ဝင်ခွင့်မရှိစေရ' ဆိုပြီး ကြေညာချက်ထုတ်လိုက်တော့ တစ်လောကလုံးက ကြီးမြတ်တဲ့မိသားစုတွေကို ရန်သူလုပ်လိုက်သလို ဖြစ်သွားပြီ။ ခေါင်းမာချင်ရင်တောင် ပစ်မှတ်ကိုတော့ ရွေးပါဦး။ မိသားစုအနည်းငယ်ကို ရန်သူလုပ်တာက ပြဿနာမရှိပေမဲ့ အားလုံးကို ရန်သူလုပ်လိုက်ရင် နောင်တစ်ချိန် မဟာရှနိုင်ငံ တိုးတက်ဖို့ ဘယ်လိုလုပ်မလဲ"
လင်းပိုင်ဖန်က တည်ငြိမ်စွာြဖင့်- "ရန်သူဖြစ်သွားတော့ ဘာဖြစ်လဲ။ ငါ့ရဲ့ မဟာရှနိုင်ငံတော်ကိုကြည့်လိုက်။ ကြီးမြတ်တဲ့ မိသားစုတွေရဲ့ ထောက်ပံ့မှုမပါဘဲလည်း အင်တိုက်အားတိုက် တိုးတက်နေတာပဲ မဟုတ်လား။ အဲဒီမိသားစုတွေက စာမေးပွဲလာဖြေကြတာဟာ မဟာရှနိုင်ငံတော် တိုးတက်နေတာကို မြင်လို့ အခွင့်အရေးလာယူကြတာပဲ"
"သမိုင်းကြောင်းတွေအရ ဘယ်နိုင်ငံမှာမဆို ကြီးမြတ်တဲ့ မိသားစုဝင်တွေ များလာပြီး အာဏာရလာပြီဆိုရင် အဲဒီနိုင်ငံဟာ ပျက်သုဉ်းဖို့ပဲ ရှိတော့တယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ နိုင်ငံရဲ့ ကပ်ပါးရပ်ပါးတွေပဲ။ အများအကျိုးထက် ကိုယ့်မိသားစုအကျိုးကိုပဲ ကြည့်ကြတာ။ နိုင်ငံ ဘာဖြစ်ဖြစ် သူတို့အကျိုးစီးပွားမထိခိုက်ရင် ပြီးတာပဲဆိုတဲ့ သူတွေ"
"ဒါကြောင့် ငါကတော့ ငါ့နိုင်ငံမှာ သူတို့ကို ရာထူးတွေ ပေးမှာမဟုတ်ဘူး။ အမြဲတမ်း သူတို့ကို စောင့်ကြည့်နေရမယ့်အစား အစကတည်းက လမ်းဖြတ်ထားတာက ပိုကောင်းတယ်"
"ရှင်ပြောတာကလည်း အကျိုးအကြောင်းတော့ ရှိသားပဲ"
ယောင်ယောင်က ခေါင်းလေးကို စောင်းလိုက်ကာ "ဒါပေမဲ့ ရှင် ဆက်ပြီး တိုးတက်ချင်တယ်ဆိုရင် ပြင်ပလောကနဲ့ စီးပွားရေးလုပ်ဖို့ လိုအပ်လိမ့်မယ်။ ပြင်ပလောကရဲ့ စီးပွားရေး ၃၀ ရာခိုင်နှုန်းကျော်ကို အဲဒီမိသားစုတွေက ထိန်းချုပ်ထားတာ။ သူတို့နဲ့ အဆက်အသွယ်ဖြတ်လိုက်ရင် တိုးတက်ဖို့ ခက်ခဲလိမ့်မယ်နော်"
လင်းပိုင်ဖန်က ဂရုမစိုက်ဟန်ဖြင့် လက်ကာပြလိုက်ကာ-"မလိုဘူး။ ငါ့ရဲ့ မဟာရှနိုင်ငံမှာ လုံလောက်တဲ့ လူဦးရေနဲ့ သယံဇာတတွေ ရှိပြီးသား။ သယံဇာတတွေ လိုအပ်လာရင်လည်း စစ်တိုက်ပြီး အမြန်ဆုံးဖြေရှင်းလို့ရတယ်"
ဒါကတော့ လင်းပိုင်ဖန်၏ ယုံကြည်ချက်ပင်။ သူ၏ မဟာရှနိုင်ငံတော်တွင် သယံဇာတ အလျှံပယ်ရှိပြီး လူသန်းပေါင်းများစွာကို ထောက်ပံ့ပေးနိုင်သည်။ အကယ်၍ မလုံလောက်ပါက စစ်တိုက်ရုံသာရှိသည်။ သူ၏ စစ်တပ်ကို မည်သည့်နိုင်ငံက ခုခံနိုင်မည်နည်း။
ထို့ကြောင့် သူသည် ကြီးမြတ်သော မိသားစုများ၏ ခြိမ်းခြောက်မှုကို လုံးဝဂရုမစိုက်ပေ။ သူတို့ လာရောက်နှောင့်ယှက်မည် ဆိုပါကလည်း ကြိုဆိုနေမည်သာ ဖြစ်သည်။
"ဒါပေမဲ့ ပညာရှင်တွေကရော။ နိုင်ငံကို စီမံဖို့ ပညာရှင်တွေ လိုအပ်တယ်လေ။ အခု ရှင့်ရဲ့ နာမည်ဆိုးကြောင့် ကြီးမြတ်တဲ့မိသားစုတွေက ပညာရှင်တွေကို ရှင့်ဆီမှာ အလုပ်မလုပ်ဖို့ စည်းရုံးနေကြပြီ။ ပညာရှင်အသစ်တွေရှာဖို့ ခက်ခဲလိမ့်မယ်နော်"
လင်းပိုင်ဖန်က ရယ်မောလျက်- "ဒါကလည်း တကယ်တော့ ပြဿနာမဟုတ်ပါဘူး။ ကြီးမြတ်တဲ့ မိသားစုတွေမှာ ပညာရှင်တွေ ရှိတာမှန်ပေမဲ့၊ သာမန်လူတန်းစားထဲမှာလည်း ထူးချွန်တဲ့ ပညာရှင်တွေ အများကြီး ရှိတယ်"
"အရင်က အဲ့ဒီကြီးမြတ်တဲ့မိသားစုတွေက နန်းတွင်းကို ထိန်းချုပ်ထားလို့ သာမန်ပညာရှင်တွေ နေရာမရခဲ့ကြဘူး။ အခု ငါက သူတို့အတွက် အခွင့်အရေးကြီးတစ်ခု ပေးထားတာပဲ။ ငါက ကြီးမြတ်တဲ့ မိသားစုက ပညာရှင်တွေကို မလိုချင်ဘူးဆိုတော့ သာမန်လူတွေအတွက် လမ်းပွင့်သွားတာပေါ့။ သူတို့သာ ဉာဏ်ပညာရှိရင် မဟာရှနိုင်ငံတော်ကို လာပြီး စာမေးပွဲဖြေကြမှာပဲ။ အဲဒီအခါ ငါလိုချင်တဲ့ ပညာရှင်တွေ ရလာလိမ့်မယ်"
"ထားပါတော့... ကျွန်မကတော့ ဒါတွေကို နားမလည်ဘူး။ ရှင့်ဘာသာရှင်ပဲ စီမံတော့။ ဒါပေမဲ့ အကူအညီလိုရင်တော့ ကျွန်မကို ပြောလို့ရတယ်၊ ကျွန်မရဲ့ နောက်ကွယ်က အင်အားစုတွေနဲ့ ရှင့်ကို ကူညီပေးမယ်" ယောင်ယောင်က ရင်ဘတ်ကို ပုတ်ကာ ကတိပေးလိုက်သည်။
လင်းပိုင်ဖန် အလွန်စိတ်လှုပ်ရှားသွားပြီး ယောင်ယောင်၏ လက်ကလေးကို ဆုပ်ကိုင်ကာ "ယောင်ယောင်... မင်းက ငါ့အပေါ် သိပ်ကောင်းတာပဲ"
ယောင်ယောင်မှာ ထိတ်လန့်သွားပြီး ပါးပြင်လေးများ နီရဲလာကာ- "ဘာလို့ ငါ့လက်ကို ကိုင်တာလဲ။ လွှတ်စမ်း"
"ယောင်ယောင်... ဒီနေ့တော့ မပြန်နဲ့တော့"
"ကျွန်မ မပြန်ရင် ဘယ်သွားရမှာလဲ..."
လင်းပိုင်ဖန်က တိုးတိုးလေး ကပ်ပြောလိုက်သည်။ "ဒီည ငါ့ရဲ့ အိပ်ဆောင်ကို လာခဲ့ပါလား၊ ငါတို့ ဘဝအကြောင်းတွေ၊ အိပ်မက်တွေအကြောင်းတွေ ဆွေးနွေးကြတာပေါ့။ ပြီးတော့ အချိန်အခါသင့်ရင်လည်း ငါတို့မှာ ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက် ရလာနိုင်တာပေါ့... မကောင်းဘူးလား"
ယောင်ယောင် - "..."
ခဏအကြာတွင်...
လင်းပိုင်ဖန် - "အား... အား... အား"
"ဟွန့်။ ခွေးပါးစပ်က နတ်စကားထွက်လာဖို့ ငါ တကယ် မမျှော်လင့်သင့်ဘူး၊ သွားပြီ" ယောင်ယောင်သည် မျက်နှာနီမြန်းလျက် ထွက်ပြေးသွားတော့သည်။
ထိုအချိန်တွင် နန်းတွင်းစာမေးပွဲမှ ရွေးချယ်ထားသော ကျောင်းတော်သား ၃၀၀ တို့သည် နောက်ထပ်အဆင့်မြင့် စာမေးပွဲတစ်ခုကို ထပ်မံဖြေဆိုကြရပြီး အတော်ဆုံးသူများကို ထပ်မံရွေးချယ်ခဲ့သည်။ နောက်ဆုံးတွင် ကျွမ်းယွမ် (ပထမ)၊ ပန်းယန် (ဒုတိယ)၊ ထန်ဟွား (တတိယ) နှင့် အခြားသော ပညာရှင်များကို ရွေးချယ်နိုင်ခဲ့သည်။
ထို့နောက် သူတို့၏ အရည်အချင်းအလိုက် ဝန်ကြီးဌာန ခြောက်ခုနှင့် ရုံးဌာနအသီးသီးတွင် ရာထူးများ ခန့်အပ်ခဲ့သည်။ ဤနည်းဖြင့် နန်းတွင်းယန္တရားသည် စတင်လည်ပတ်လာခဲ့သည်။
ဤစာမေးပွဲများ ကျင်းပစဉ်အတွင်း ယဥ်ကျေးမှုဌာနရဲ့ ဒုဝန်ကြီး လီလင်းဖူသည် အလွန်ထူးချွန်စွာ ဆောင်ရွက်ခဲ့သည်။ သူသည် ကျောင်းတော်သားများကို ရှာဖွေပေးရုံသာမက လင်းပိုင်ဖန်အတွက် စည်းစိမ်ဥစ္စာများကိုပါ ရရှိအောင် ကူညီပေးခဲ့သည်။ ထို့ကြောင့် လင်းပိုင်ဖန်က သူ့ကို ယဥ်ကျေးမှုဌာနရဲ့ ဝန်ကြီးအဖြစ် ရာထူးတိုးမြှင့်ပေးခဲ့သည်။
ထိုစဉ် စစ်မှုရေးရာဝန်ကြီး ချောင်ချောင်း ရောက်ရှိလာပြီး "အရှင်မင်းကြီး...၊ အရှင်မင်းကြီး အမိန့်ပေးထားတဲ့အတိုင်း စစ်သည် ၃၀၀,၀၀၀ ကို စုဆောင်းပြီးပါပြီ။ ဒါပေမဲ့ အခု မဟာရှနိုင်ငံတော်မှာ စစ်အင်အား တောင့်တင်းလာပေမဲ့ အလေးအနက်ထား စဉ်းစားရမယ့် ပြဿနာတစ်ခု ရှိနေပါတယ်"
"ဘာပြဿနာများလဲ" လင်းပိုင်ဖန်က မေးလိုက်သည်။
"အရှင်မင်းကြီး... ကျွန်တော်မျိုးတို့ မဟာရှနိုင်ငံမှာ စစ်မြေပြင်ကို ကွပ်ကဲနိုင်တဲ့ ထူးချွန်တဲ့ စစ်သူကြီးတွေ အလွန်နည်းပါးနေပါတယ်။ စစ်တပ်အင်အား နည်းပါးစဉ်က ပြဿနာမရှိပေမဲ့ စစ်အင်အား များလာတဲ့အခါမှာတော့ ဦးဆောင်မယ့် စစ်သူကြီးတွေ မရှိရင် အခက်အခဲတွေ အများကြီး ကြုံတွေ့ရနိုင်ပါတယ်"
လင်းပိုင်ဖန်က ထိုအချက်ကို အလေးအနက် ထောက်ခံဟန်ဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။