← Chapters

အခန်း (၁၅၂)

Vol. 13 Ch. 152

အခန်း (၁၅၂)

Vol. 13 Ch. 152

​နန်းတော်မှ ထွက်ခွာလာချိန်တွင် မိုးချုပ်နေပြီဖြစ်သဖြင့် လီလင်းဖူသည် အိမ်ပြန်၍ အနားယူရန် ဆုံးဖြတ်လိုက်သည်။

​ အိမ်သို့ ရောက်သည်နှင့် အိမ်တော်ထိန်းက "သခင်ကြီး... အပြင်မှာ တွေ့ခွင့်တောင်းနေတဲ့သူ တစ်ယောက်ရှိပါတယ်။ ဒါက သူပေးခဲ့တဲ့ ကတ်ပါ" ဟု သတင်းပို့လေသည်။ လီလင်းဖူသည် ထိုကတ်ကို ဖွင့်ကြည့်လိုက်ရာ မျက်ခုံးများ အနည်းငယ် မြင့်တက်သွားသည်။ ၎င်းမှာ လီ မျိုးရိုးအမည်ရှိသော ကြီးမြတ်သော မျိုးနွယ်စုထံမှ ဖြစ်သည်။

​ ယခင်ကလည်း သူတို့ တစ်ခါလာဖူးပြီး နောင်ကျင်းပမည့် နန်းတွင်းစာမေးပွဲ မေးခွန်းများအကြောင်း စုံစမ်းရန် ငွေတေး နှစ်သောင်း တန်ဖိုးရှိ လက်ဆောင်များ ယူဆောင်လာခဲ့ဖူးသည်။ ထိုစဉ်ကမူ သူသည် ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ပြီး အိမ်ပြင်သို့ပင် မောင်းထုတ်ခိုင်းခဲ့သည်။

​ မမျှော်လင့်ဘဲ အရှက်မရှိ ဇွဲကောင်းလှတဲ့ ထိုသူတို့ တစ်ဖန် ပြန်ရောက်လာကြပြန်ပြီ။ လင်းပိုင်ဖန်၏ စကားများကို ပြန်လည်အမှတ်ရရင်း လီလင်းဖူ အတန်ကြာ စဉ်းစားပြီးနောက် "သူတို့ကို အထဲပေးဝင်လိုက်" ဟု ပြောလိုက်သည်။

​ "ဟုတ်ကဲ့ပါ သခင်ကြီး" အိမ်စေလည်း ဆုတ်ခွာသွားတော့သည်။

​ လက်ဖက်ရည်တစ်ဝက်ခန့် သောက်သည့် အချိန်ခန့်လောက် ကြာပြီးနောက်တွင် ဝဝဖြိုးဖြိုး အလယ်အလတ်အရွယ် အမျိုးသားတစ်ဦးသည် သေတ္တာများ သယ်ဆောင်လာသော အစေခံနှစ်ဦးနှင့်အတူ ပြုံးရွှင်စွာ ဝင်လာပြီး ဂါရဝပြုကာ " နိမ့်ကျလှတဲ့ အရပ်သား လီဖူရန်က ယဥ်ကျေးမှုဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီး ဝန်ကြီးလီကို ဂါရဝပြုပါတယ်" ဟု ဆိုလိုက်သည်။

​ ဝန်ကြီးလီက ခေါင်းညိတ်ပြလိုက်ကာ "အင်း... ငါက ရုံးလုပ်ငန်းတွေနဲ့ အလုပ်ရှုပ်နေတာဆိုတော့ အပိုစကားတွေ ပြောဖို့ အချိန်မရှိဘူး။ ပြောစရာရှိတာကို တည့်တည့်ပဲ ပြောပါ"

​ "ဟုတ်ကဲ့ပါ ဝန်ကြီး"

​ လီဖူရန်သည် သေတ္တာသယ်လာသော အစေခံနှစ်ဦးကို အပြင်ထွက်ခိုင်းလိုက်ပြီး အခန်းထဲကို သတိထားကြည့်ကာ ဝန်ကြီးလီ၏ ဘေးတွင်ရှိသော အိမ်စေကို ကြည့်ရင်း အနည်းငယ် တုံ့ဆိုင်းနေသည်။ "ဒါက..."

​ ဝန်ကြီးလီက လက်ကာပြလိုက်ပြီး- "ဒီမှာ လူစိမ်းမရှိဘူး၊ စိတ်ထဲရှိတာကို ပြောနိုင်တယ်"

​ "ကောင်းပါပြီ၊ ဒါဆိုရင် ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောပါတော့မယ်"

​ လီဖူရန်သည် သုံးလှမ်းခန့် အနားတိုးလာပြီး တိုးတိုးလေးပြောသည်။ " ဝန်ကြီးလီ... ဒီတစ်ခါ မဟာရှရဲ့ နန်းတွင်းစာမေးပွဲကို ဝန်ကြီးက ကြီးကြပ်ရမယ်လို့ ကြားသိရပါတယ်။ စာမေးပွဲကိစ္စက အရေးကြီးတယ်ဆိုတာကို ကျွန်တော် ကောင်းကောင်း သိပါတယ်။ ဒါပေမဲ့ ဥပဒေဆိုတာ လူ့လောကရဲ့ စာနာမှုနဲ့ ကင်းကွာလို့မရပါဘူး။ ကျွန်တော်တို့လို စာမေးပွဲ ဖြေဆိုမယ့်သူတွေက အဝေးကနေ ခက်ခဲပင်ပန်းစွာ လာခဲ့ကြရတာပါ။ ဒါကြောင့် သူတို့ရဲ့ ပင်ပန်းဆင်းရဲမှုကို စာနာပြီး အဆင်ပြေအောင် တစ်ခုခု လုပ်ပေးနိုင်မလားလို့ပါ..."

​ ထိုသို့ပြောရင်း သူသည် သေတ္တာကိုဖွင့်ကာ အတွင်းရှိ ရတနာများကို ထုတ်ပြလေသည်။

​ "ဝန်ကြီးလီ... ဒါက ရွှေစင်နဲ့ သွန်းလုပ်ထားတဲ့ ရွှေရုပ်တု ဖြစ်ပါတယ်။ နာမည်ကြီး ပညာရှင်က ထုလုပ်ထားတာဖြစ်ပြီး သက်ဝင်လှပလွန်းပါတယ်၊ ငွေတေး ၃,၅၀၀ တန်ဖိုးရှိပါတယ်"

​ "ဝန်ကြီးလီ... ဒါကတော့ ပင်လယ်နက်ထဲမှာပဲ တွေ့နိုင်တဲ့ နဂါးမျက်လုံးပုလဲ ၁၀ လုံးပါ။ တစ်လုံးကို ငွေတေး ၃၀၀ တန်ပါတယ်"

​ "ဝန်ကြီးလီ... ဒါကတော့ ပန်းချီဆရာကြီး ထန်ယန်ရဲ့ လက်ရာစစ်စစ်ဖြစ်တဲ့ 'တောင်ပေါ်က ဆင်းလာတဲ့ ကျား' ပန်းချီကားပါ။ လက်ရှိပေါက်ဈေး ငွေတေး ၅,၀၀၀ တန်ပါတယ်"

​ "ဝန်ကြီးလီ... ဒါကတော့ ကျောက်မီးခိုး မင်သွေးကျောက် ဖြစ်ပါတယ်..."

​ အဖိုးတန် ရတနာများကို တစ်ခုပြီးတစ်ခု ထုတ်ပြနေခဲ့သည်။ လီလင်းဖူ၏ နှလုံးခုန်သံတွေ မြန်လာပြီး စိတ်လှုပ်ရှားလာခဲ့သည်။ လီမိသားစုသည် သူ့ကို လာဘ်ထိုးရန် အားလုံး ပုံအောထားလိုက်ပြီဖြစ်သည်။ အကယ်၍သာ သေမှာကို ကြောက်တဲ့ စိတ်နှင့် အာဏာကို မက်မောစိတ်သာ မရှိခဲ့လျှင် သူကိုယ်တိုင်ပင် ထိန်းချုပ်နိုင်မည် မဟုတ်ပေ။

​ "ဒီရတနာတွေအားလုံး ပေါင်းလိုက်ရင် ငွေတေး ၃၀,၀၀၀ ခန့် တန်ဖိုးရှိပါတယ်။ ဝန်ကြီးလီ... ဒါက မိတ်ဆက်လက်ဆောင် သက်သက်ပါပဲ။ အလုပ်သာ အောင်မြင်သွားရင် ဒီထက်မကတဲ့ လက်ဆောင်တွေ ထပ်လာဦးမှာပါ" လီဖူရန်က ပြုံးရွှင်စွာဖြင့် ပစ္စည်းများကို ဝန်ကြီးလီဘက်သို့ တွန်းပေးလိုက်သည်။

​ "အိုး... မင်းတို့က အရာရှိ ရာထူးတွေအတွက် တကယ်ပဲ အားထုတ်ကြတာပဲ" ဟု လီလင်းဖူက လှောင်ပြောင်သည်လား၊ ချီးကျူးသည်လား မသဲကွဲသော လေသံဖြင့် ပြောလိုက်သည်။

​ "ကျွန်တော်တို့ရဲ့ ရိုးသားမှုကို ဝန်ကြီးလီ နားလည်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဟု လီဖူရန်က မျက်နှာမပျက်ဘဲ ပြန်ပြောခဲ့သည်။

​ "အမှန်အတိုင်းပြောရရင် ဒီလောက်လေးနဲ့တော့ ငါ့အတွက် အခက်တွေ့စေတယ်" လီလင်းဖူသည် ရွှေရုပ်တုကို ကောက်ကိုင်ကာ စိတ်ပျက်သည့်ဟန် ပြုမူနေသည်။

​ လီဖူရန် ဇဝေဇဝါဖြစ်သွားကာ "ဝန်ကြီးလီ... ဘာကို ဆိုလိုတာပါလဲ"

​ "ငါဆိုလိုတာက..." ဝန်ကြီးလီက အေးစက်စွာ ပြုံးရင်း "ဒီလောက် ငွေလေးနဲ့ ငါ့လည်ပင်းကို အလောင်းအစား လုပ်မယ်လို့ မင်းထင်နေသလား၊ ပြန်သွားပြီး မင်းနောက်ကွယ်က လူကို ပြောလိုက်၊ ဂုဏ်ထူးဆောင်စာရင်းထဲ ပါချင်ရင် ထိုက်တန်တဲ့ ဈေးပေးရမယ်လို့၊ ဧည့်သည်ကို ပြန်ပို့လိုက်တော့"

​ ထိုသို့ဖြင့် လီဖူရန်သည် နောက်တစ်ကြိမ် အိမ်ပြင်သို့ အပို့ခံလိုက်ရပြန်သည်။

​ သူပြန်ရောက်သောအခါ စိုးရိမ်နေသော သခင်လေးက ချက်ချင်းမေးသည် "အခြေအနေ ဘယ်လိုလဲ၊ ဝန်ကြီးလီ သဘောတူလား"

​ လီဖူရန်က ဂါရဝပြုကာ "သခင်လေးကို တင်ပြရရင် ဝန်ကြီးလီက သဘောမတူသေးသလို၊ လုံးဝလည်း ငြင်းမလွှတ်ပါဘူး။ သူပြောတာက ဂုဏ်ထူးဆောင်စာရင်းထဲ ပါချင်ရင် ထိုက်တန်တဲ့ ဈေးပေးရမယ်တဲ့"

​ "ငါတို့ ဒီလောက်ပေးထားတာတောင် သူက မလောက်သေးဘူးတဲ့လား"

"သူက လောဘဇောတက်နေတဲ့ လူပဲ"

"သူ့မျက်လုံးထဲမှာ ငွေပဲ မြင်နေတာ သိသာတယ်"

ကျန်တဲ့လူတွေကလည်း ဒေါသထွက်ကုန်ကြသည်။

​ သို့သော် သခင်လေးက အေးအေးဆေးဆေးပင် ပြုံးကာ "သူ လောဘကြီးတာကို ငါမကြောက်ဘူး၊ လောဘမကြီးမှာကိုပဲ ကြောက်တာ။ ငါတို့ပေးတာကို သူမျိုချသရွေ့တော့ တစ်နေ့နေ့မှာ အတိုးနဲ့တကွ ပြန်အန်ထုတ်စေရမယ်။ နောက်ထပ် ပိုများတဲ့ လက်ဆောင်တစ်ခု ပြင်လိုက်ကြ"

​ ထိုသို့ဖြင့် သူတို့သည် တန်ဖိုး ငွေတေး ၅၀,၀၀၀ ခန့်ရှိသော လက်ဆောင်များကို ထပ်မံပြင်ဆင်ကြပြန်သည်။

​ ဒီတစ်ကြိမ်တွင်မူ လီလင်းဖူ မငြင်းတော့ပေ။ အားလုံးကို လက်ခံလိုက်ပြီး စကားတစ်လုံးတည်းကိုသာ ပြောလိုက်သည်။

"​ပြည်သူလူထု"

​ လူငယ်သခင်လေးသည် သူရရှိလာသော စာလုံးကို ကြည့်ကာ "ဒီတစ်ခါ စာမေးပွဲခေါင်းစဉ်က လူထုနဲ့ သက်ဆိုင်နေတာပဲ။ ဒါက ဟို မိုက်မဲတဲ့ ဧကရာဇ်ရဲ့ စိတ်ကူးနဲ့ ထပ်တူကျနေတာပဲ။ သူနန်းတက်ကတည်းက မိုက်မဲတဲ့ကိစ္စတွေ အများကြီး လုပ်ခဲ့ပေမဲ့ သူ့ရဲ့ အာရုံက အမြဲတမ်း ပြည်သူလူထုအပေါ်မှာပဲ ရှိနေခဲ့တယ်။ သူက တိုင်းပြည်ဘဏ္ဍာ အားနည်းသွားပါစေဦးတော့၊ ပြည်သူတွေ ဆင်းရဲတာကို မကြည့်ရက်တဲ့သူပဲ"

​ "အမှန်ပဲ၊ သူနဲ့ ဘာမှမဆိုင်တဲ့ အရပ်သားတွေအတွက် ကိုယ့်ရဲ့ စည်းစိမ်တွေကို စတေးတယ်ဆိုတာ တကယ့်ကို ဖြုန်းတီးတာပဲ။ အရင်းအမြစ်တွေသာ မတောင့်တင်းရင် မဟာရှက ပျက်စီးတာ ကြာလှပြီ" ဟု တစ်ဦးက မထီမဲ့မြင် ပြောလိုက်သည်။

​ "ဟုတ်တယ်၊ အရပ်သားတွေဆိုတာက ထပ်ခါထပ်ခါ ရိတ်သိမ်းလို့ရတဲ့ ကောက်ပဲသီးနှံတွေလိုပဲ၊ ဘယ်လောက်ပဲသေသေ နောက်ထပ် အများကြီး ရှိသေးတာပဲ။ ငါသာဆိုရင်တော့ ဂရုစိုက်နေမှာ မဟုတ်ဘူး"

​ "ဧကရာဇ်တစ်ပါးဖြစ်ပြီး ဒီလောက် စိတ်ပျော့လို့ မရဘူး"

​ "ဒီစာလုံးတစ်လုံးတည်းနဲ့တော့ အချက်အလက်က နည်းလွန်းသေးတယ်။ မလုံလောက်ဘူး"

​ လူငယ်သခင်လေးက ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။ "နောက်ထပ် လက်ဆောင်တွေ ထပ်ပြင်စမ်း၊ ပိုပြီး တိကျတဲ့ အချက်အလက်တွေ ငါတို့ လိုအပ်တယ်"

​ "ဟုတ်ကဲ့ပါ သခင်လေး" လီဖူရန် ဂါရဝပြုကာ ထွက်ခွာသွားသည်။

​ ထို့နောက် လီဖူရန်သည် ငွေတေး ၅၀,၀၀၀ တန်ဖိုးရှိသော ရွှေငွေရတနာများကို ယူဆောင်ကာ လီလင်းဖူထံ ထပ်မံရောက်ရှိလာပြန်သည်။ သူပြန်လာသောအခါ နောက်ထပ် စာလုံးတစ်လုံး ထပ်ရလာသည်။

​ "ချမ်းသာကြွယ်ဝမှု၊ ပြည်သူတွေ ချမ်းသာဖို့၊ ပြည်သူတွေ ကြွယ်ဝဖို့... အဲဒီ မိုက်မဲတဲ့ ဧကရာဇ်ကတော့ ပြည်သူတွေအရေးကို တကယ်ပဲ အသည်းစွဲနေတာပဲ"

​ လူငယ်သခင်လေးက ရယ်မောကာ "ဒီစာလုံးနှစ်လုံး ရပြီဆိုရင် ငါတို့ ဘယ်အပိုင်းကို အဓိကထားရမလဲ သိပြီ။ ဒါပေမဲ့ နောက်ထပ် လက်ဆောင်တစ်ခု ထပ်ပြင်ဦး၊ စာမေးပွဲမေးခွန်းတွေကိုပါ ရအောင် ယူရမယ်"

​ ဒီတစ်ကြိမ်တွင်မူ လီဖူရန်သည် ငွေတေး ၁ သိန်းတန်ဖိုးရှိသော ငွေစက္ကူများကို တိုက်ရိုက်ယူသွားတော့သည်။ နောက်ဆုံးတွင် လီလင်းဖူ၏ နှုတ်ကို ဖွင့်နိုင်ခဲ့ပြီး စာမေးပွဲမေးခွန်း၏ အကြောင်းအရာအတိအကျကို ရရှိခဲ့သည်။

​ သို့သော်လည်း ခါးသီးသော အမှန်တရားတစ်ခုကိုသာ သိလိုက်ရသည်။ စာမေးပွဲတွင် မေးခွန်း သုံးခုရှိပြီး တစ်ရက်လျှင် တစ်ခုဖြေရမည်ဖြစ်ရာ သူတို့ ယခုရရှိထားသည်မှာ တစ်ခုသာ ရှိသေးသည်။

​ လူငယ်သခင်လေးသည် ဤမျှ အကုန်အကျများပြီးမှ မေးခွန်းတစ်ခုတည်းသာ ရခဲ့သဖြင့် စိတ်ပျက်သွားသည်။

"သခင်လေး... ကျွန်တော်တို့ ဆက်လုပ်ရဦးမလား" ဟု တစ်ဦးက မေးသည်။

​ ထိုသခင်လေးက အံကြိတ်ကာ "ဆက်လုပ်ရမှာပေါ့။ သူ့နှုတ်ကို ခက်ခက်ခဲခဲ ဖွင့်ထားရတာ၊ ဒီအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ရမယ်။ လက်ဆောင်တွေ ထပ်ပြင်၊ ကျန်တဲ့ မေးခွန်းနှစ်ခုကိုပါ ရအောင်ယူမယ်"

​ ထို့ကြောင့် ဒီတစ်ကြိမ်တွင် သူတို့သည် ငွေတေး ၃ သိန်းကို ပြင်ဆင်ပြီး လီလင်းဖူထံ သွားခဲ့ကြပြန်သည်။ နောက်ဆုံးတွင် ကျန်ရှိနေသော မေးခွန်းနှစ်ခုစလုံးကို ရရှိခဲ့သည်။

​ ယခုအခါ သူတို့သည် စာမေးပွဲအတွက် အလွန်ယုံကြည်မှု ရှိနေပြီဖြစ်သည်။ ပထမ သုံးယောက်စာရင်းထဲ ပါ၊ မပါ မသေချာသော်လည်း ထိပ်သီး ၁၀ ယောက်စာရင်းထဲ ပါရန်မှာ လုံးဝ ပြဿနာမရှိတော့ပေ။ သို့သော်လည်း စုစုပေါင်း ငွေတေး ၅ သိန်းခန့် ကုန်ကျသွားသည်ကို တွေးမိသောအခါ ရင်ထဲမှာ နာကျင်သွားခဲ့ရသည်။

​ "အဲဒီ လီလင်းဖူက အတော်လေး လောဘကြီးတာပဲ။ နောက်မှ သူ့ကို စာရင်းရှင်းရမယ်၊ ငါတို့ မိသားစုတွေထဲက တခြားသူတွေကိုလည်း စာမေးပွဲမှာ ဝင်ဖြေခိုင်းလိုက်ဦး။ ငါတို့ အရင်းအနှီးတွေ အများကြီး စိုက်ထားတာ၊ အတိုးနဲ့တကွ ပြန်ရအောင် လုပ်ရမယ်"

​ "ဟုတ်ကဲ့ပါ သခင်လေး"

​ တစ်ချိန်တည်းမှာပင် အခြားသော ကြီးမြတ်သော မျိုးနွယ်စုများကလည်း ဝန်ကြီးလီကို လာဘ်ထိုး၍ မေးခွန်းများရရန် အစွမ်းကုန် ကြိုးစားနေကြသည်။

​ နှစ်ပတ်ခန့် အချိန်ကုန်လွန်သွားသောအခါ လီလင်းဖူ၏ အိမ်သို့ ကြီးမြတ်သော မျိုးနွယ်စုတွေ အားလုံးနီးပါး ရောက်လာခဲ့ကြပြီး သူသည် အလွန်အမင်း ချမ်းသာကြွယ်ဝသွားတော့သည်။ သို့သော်လည်း ထိုရွှေငွေများကို ကြည့်ရင်း သူသည် ၎င်းတို့ကို သေမိန့်စာများကဲ့သို့ ခံစားနေရသဖြင့် မက်မောစိတ် မရှိတော့ပေ။

​ သူသည် ထိုရတနာများကို နန်းတော်သို့ ညတွင်းချင်း သယ်ဆောင်သွားပြီး ဧကရာဇ်ကို ဝင်ရောက်တွေ့ဆုံခဲ့သည်။

​ "အရှင်မင်းကြီး... ဒီရွှေငွေရတနာတွေဟာ မျိုးနွယ်စုတွေဆီက လာဘ်ထိုးထားတဲ့ အရာတွေ ဖြစ်ပါတယ်။ စုစုပေါင်း တန်ဖိုးက ငွေတေး ၁၃.၅ သန်း ရှိပါတယ်။ ကျွန်တော်မျိုးဟာ ဒါတွေကို သိမ်းထားဖို့ မဝံ့ရဲတာကြောင့် အရှင်မင်းကြီးထံ အားလုံး ဆက်သလိုက်ပါတယ်"

​ လင်းပိုင်ဖန်သည် ရွှေငွေရတနာများ ပြည့်နှက်နေသော မြင်းလှည်းများကို ကြည့်ကာ လျှာကိုသပ်လိုက်ရင်း "ဒီမျိုးနွယ်စုတွေက တကယ်ပဲ ချမ်းသာကြတာပဲ၊ ငါကိုယ်တော်ရဲ့ နည်းဗျူဟာကြောင့်သာ ဒီလောက် ငွေတွေ ထွက်လာနိုင်တာ။ ဝန်ကြီးလီ... မောင်မင်း အလုပ်ကို ကောင်းကောင်းလုပ်နိုင်ခဲ့တယ်၊ ငါကိုယ်တော် အရမ်းကျေနပ်တယ်"

​ "ဒါတွေအားလုံးက အရှင်မင်းကြီးရဲ့ ဂုဏ်ကျေးဇူးတွေကြောင့်ပါ၊ ကျွန်တော်မျိုးမှာ ဂုဏ်ယူစရာ မရှိပါဘူး" ဟု လီလင်းဖူက နှိမ့်ချစွာ လျှောက်တင်လိုက်သည်။

​ လင်းပိုင်ဖန်က မြင်းလှည်းပေါ်မှ ရတနာသေတ္တာတစ်လုံးကို ယူ၍ လီလင်းဖူကို ပေးကာ "ဝန်ကြီး... ဒါက မောင်မင်းအတွက် ငါကိုယ်တော်ရဲ့ ဆုလာဘ်ပဲ။ ဒါ့အပြင် စာမေးပွဲ ပြီးသွားတာနဲ့ မောင်မင်းရဲ့ ရာထူးကို တိုးမြှင့်ပေးမယ်"

​ လီလင်းဖူမှာ အလွန်ကိူဝမ်းသာသွားသည်။ သူသည် ယဥ်ကျေးမှုဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး ဖြစ်နေပြီဖြစ်ရာ ရာထူးတိုးလျှင် ယဥ်ကျေးမှုငှာနရဲ့ ဝန်ကြီး ဖြစ်လာနိုင်ပေသည်။ ၎င်းမှာ သူသည် အရှင်မင်းကြီး၏ အလိုတော်အတိုင်း အတိအကျ လုပ်ဆောင်ခဲ့ကြောင်း သက်သေပြနေခြင်းပင် ဖြစ်ချေသည်။

​ လီလင်းဖူက ကျယ်လောင်စွာ "အရှင်မင်းကြီးရဲ့ ကြီးမားလှတဲ့ ဂုဏ်ကျေးဇူးအတွက် ကျေးဇူးတင်ရှိပါတယ်၊ ကျွန်တော်မျိုးဟာ အသက်ထက်ဆုံး အရှင်မင်းကြီးအတွက် အစွမ်းကုန် အမှုထမ်းပါ့မယ်"

All Chapters