အခန်း (၁၅၄)
Vol. 13 Ch. 154
ခဏအကြာတွင် လီလင်းဖူသည် ဆင့်ခေါ်ချက်အရ အပြေးအလွှား ရောက်ရှိလာလေသည်။
"အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ"
"ဝန်ကြီး အခမ်းအနားတွေ လုပ်မနေနဲ့တော့"
လင်းပိုင်ဖန်က လေးနက်သောမျက်နှာထားဖြင့် "တော်ဝင်စာမေးပွဲကိစ္စက အလွန်အရေးကြီးတယ်၊ အခု ကျောင်းသားတစ်ယောက်က မောင်မင်းကို အဂတိ လိုက်စားတယ်၊ စာမေးပွဲမေးခွန်းတွေ ပေါက်ကြားအောင် လုပ်တယ်ဆိုပြီး ငါကိုယ်တော်ကို တိုင်တန်းထားတယ်၊ ဒါတွေက အမှန်ပဲလား" ဟု မေးလိုက်သည်။
လီလင်းဖူသည် လင်းပိုင်ဖန်ကို မော့ကြည့်ကာ အလွန်တည်ငြိမ်စွာဖြင့် "လုံးဝမဟုတ်ပါဘူး အရှင်မင်းကြီး။ အရှင်မင်းကြီးရဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်းနဲ့ ဆုံးဖြတ်ပေးဖို့ ကျွန်တော်မျိုး တောင်းဆိုပါတယ်" ဟု လျှောက်တင်လိုက်သည်။
"အရှင်မင်းကြီး သူပြောတာတွေက အဓိပ္ပာယ်မရှိတဲ့ စကားတွေပါ၊ ယုံကြည်လို့မရပါဘူး" မြေပြင်ပေါ်တွင် ဝပ်တွားနေသော ပညာရှိကျောင်းသားက အော်ဟစ်လိုက်သည်။
လီလင်းဖူက သူ၏အင်္ကျီလက်ကို ခါလိုက်ကာ အလွန်မကျေမနပ်ဖြင့် "မင်းက ငါပြောတာ အဓိပ္ပာယ်မရှိဘူးလို့ ပြောနေတာလား။ ငါကတော့ မင်းဟာ အလိမ်အညာတွေပြောပြီး သစ္စာရှိသူကို အပုပ်ချနေတာလို့ ပြောရလိမ့်မယ်"
ကျောင်းသားက "ခင်ဗျား ဒါကို မလုပ်ခဲ့ဘူးလို့ ရဲရဲပြောရဲလား။ ခင်ဗျား ဘယ်လာဘ်လာဘမှ မယူခဲ့ဘူးလို့ ရဲရဲပြောရဲလား" ဟု ပြန်အော်လိုက်သည်။
"မယူခဲ့ဘူး…၊ လုံးဝမယူခဲ့ဘူး။ ငါ နန်းတွင်းမှာ အမှုထမ်းကတည်းက အရှင်မင်းကြီးအပေါ် သစ္စာရှိဖို့နဲ့ ပြည်သူတွေအတွက် အကျိုးဆောင်ဖို့ ကိုယ့်ကိုယ်ကိုယ် တင်းတင်းကျပ်ကျပ် ထိန်းသိမ်းခဲ့တာ။ ဒီလို ယုတ်ညံ့တဲ့အလုပ်မျိုးကို ငါ ဘယ်လိုလုပ်မလဲ"
"ခင်ဗျားလို လူယုတ်မာကတော့ စကားပြောလိုက်ရင် နန်းတွင်းကချေသည်တွေ သီချင်းဆိုတာထက်တောင် နားဝင်ချိုနေဦးမှာပဲ"
လင်းပိုင်ဖန်က လက်ကာပြလိုက်ပြီး "တော်ကြတော့၊ အငြင်းမပွားကြနဲ့တော့။ ဒီကိစ္စကို ငါကိုယ်တော်တိုင် တရားမျှတစွာ ဆုံးဖြတ်မယ်"
လင်းပိုင်ဖန်၏ အသံအဆုံးတွင် နှစ်ဖက်စလုံး နှုတ်ဆိတ်သွားကြသည်။
လင်းပိုင်ဖန်က ဆက်လက်၍ "တော်ဝင်စာမေးပွဲကိစ္စဟာ ငါတို့နိုင်ငံ အစိုးရရဲ့ အခြေခံအုတ်မြစ်ပဲ၊ ဘယ်သူပဲဖြစ်ဖြစ် အဂတိလိုက်စားမယ်၊ လိမ်လည်တယ်ဆိုရင် ထောင်ထဲကို ရောက်အောင်ပို့ပြီး သူတို့ရဲ့ လောဘအတွက် ထိုက်တန်တဲ့ ပေးဆပ်မှုကို ရစေရမယ်"
ထိုစကားကြောင့် ရောက်ရှိနေကြသော စာမေးပွဲဖြေဆိုသူတွေအားလုံး ဟေးခနဲ အော်ဟစ်အားပေးလိုက်ကြသည်။
"ဒါပေမဲ့ တခြားသူတွေရဲ့ အပုပ်ချစကားကြောင့် ငါကိုယ်တော်ရဲ့ စိတ်က ယိမ်းယိုင်မှာမဟုတ်သလို၊ ငါကိုယ်တော်ရဲ့ သစ္စာရှိတဲ့ အမှုထမ်းတွေကိုလည်း အကောက်ကြံခံရမှာ အခွင့်မပြုနိုင်ဘူး။ ဝန်ကြီးလီဟာ နန်းတွင်းကို စဝင်ကတည်းက ငါကိုယ်တော်အပေါ် အလွန်သစ္စာရှိပြီး မမောမပန်း အမှုထမ်းခဲ့သူဖြစ်တယ်၊ ဒါကြောင့် သူ ဒီလိုကိစ္စမျိုး လုပ်လိမ့်မယ်ဆိုတာ ငါကိုယ်တော် တကယ်မယုံကြည်နိုင်ဘူး"
"အရှင်မင်းကြီးဟာ အလွန်ပညာရှိလှပါပေတယ်" လီလင်းဖူက ကျယ်လောင်စွာ ချီးမွမ်းလိုက်သည်။
"ဒါကြောင့် ကျီဖျင်၊ မောင်မင်းရဲ့စွပ်စွဲချက်တွေက အမှန်ဖြစ်တယ်ဆိုတာ သက်သေပြဖို့ မောင်မင်းမှာ ဘာသက်သေရှိလဲ"
ကျီဖျင်မှာ ထိုကျောင်းသား၏ အမည်ဖြစ်သည်။
"အရှင်မင်းကြီး ကျွန်တော်မျိုးမှာ သက်သေရှိပါတယ်။ သက်သေတွေအများကြီးရှိပါတယ်" ကျောင်းသားက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"ဘာသက်သေလဲ၊ အခုချက်ချင်း တင်ပြစမ်း" လင်းပိုင်ဖန်က အမိန့်ပေးလိုက်သည်။
"ကျွန်တော်မျိုးပြောတဲ့ သက်သေတွေအားလုံးက လီလင်းဖူရဲ့ အိမ်ထဲမှာ ရှိနေပါတယ်"
ကျောင်းသားက စိတ်လှုပ်ရှားစွာ ဆက်ပြောလိုက်သည် "တော်ဝင်စာမေးပွဲမတိုင်ခင်ကတည်းက လီလင်းဖူဟာ နယ်ပယ်အသီးသီးက လူတွေနဲ့ ခဏခဏတွေ့ဆုံပြီး လာဘ်ထိုးလာတဲ့ ငွေတွေကို ယူနေခဲ့တာပါ။ သူ စုဆောင်းထားတဲ့ ငွေက ငွေတေးတန်ဖိုး သန်းနဲ့ချီ ရှိနိုင်တယ်လို့ ကျွန်တော်မျိုး ခန့်မှန်းရပါတယ်"
လမ်းမတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။
"သူ တကယ်ပဲ သန်းနဲ့ချီပြီး လာဘ်ယူခဲ့တာလား"
"အရမ်းလောဘကြီးတာပဲ၊ သူက တကယ်ကို အဂတိလိုက်စားတဲ့ အရာရှိပဲ"
"အရှင်မင်းကြီးအနေနဲ့ သူ့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့ ကျွန်တော်မျိုးတို့ တောင်းပန်ပါတယ်။ ဒီလိုအပြုအမူမျိုးကို သည်းမခံနိုင်ပါဘူး"
"အရှင်မင်းကြီး မယုံကြည်ဘူးဆိုရင် လီအိမ်တော်ကို ဝင်ရောက်ရှာဖွေနိုင်ပါတယ်။ ဒါဆိုရင် ကျွန်တော့်မျိုးတို့ရဲ့ စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိတာ မဟုတ်ဘူးဆိုတာ ချက်ချင်း သိရပါလိမ့်မယ်"
လင်းပိုင်ဖန်က လီလင်းဖူဘက်သို့ လှည့်ကာ ကျယ်လောင်စွာ မေးလိုက်သည်- "ဝန်ကြီး… မောင်မင်းမှာ ဘာပြောစရာရှိလဲ"
"အရှင်မင်းကြီး… ကျွန်တော်မျိုးမှာ ဘာမှပြောစရာမရှိပါဘူး"
လီလင်းဖူက ဦးညွှတ်ကာ "ဖြောင့်မတ်တဲ့သူဟာ အရိပ်ကောက်မှာကို ကြောက်စရာမလိုပါဘူး။ ကျွန်တော်မျိုးဟာ အစကနေ အဆုံးအထိ အပြစ်ကင်းစင်သူပါ။ အရှင်မင်းကြီး မယုံကြည်ဘူးဆိုရင် ကျွန်တော်မျိုးရဲ့ နေအိမ်ကို လူလွှတ်ပြီး ရှာဖွေနိုင်ပါတယ်" ဟု လျှောက်တင်လိုက်သည်။
လင်းပိုင်ဖန်က "ကောင်းပြီ ဒါဆိုရင် ငါတို့အားလုံး ဝန်ကြီးလီရဲ့အိမ်တော်ကိုသွားပြီး သေချာရှာဖွေကြမယ်။ အမှားအမှန်ကို အများရှေ့မှာ ဆုံးဖြတ်လိုက်ရင် ရှင်းသွားလိမ့်မယ်" ဟု ကြေညာလိုက်သည်။
ထို့ကြောင့် လင်းပိုင်ဖန်သည် နောက်လိုက် အများအပြားနှင့်အတူ လီလင်းဖူ၏ အိမ်တော်သို့ ထွက်ခွာခဲ့သည်။
အထူးသဖြင့် စာမေးပွဲဖြေဆိုသူများသည် စာမေးပွဲပြီးကာစဖြစ်၍ ရလဒ်ကို စောင့်ဆိုင်းရင်း ပျင်းရိနေကြသဖြင့် ဤစိတ်လှုပ်ရှားစရာကိစ္စတွင် လိုက်ပါလာကြသည်။ မြင့်မြတ်သော မိသားစုများမှ လူငယ်များလည်း နောက်ကွယ်မှ ပါလာကြသည်။
သူတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြကာ ကျေနပ်နေကြသည်။
"လီလင်းဖူ… မင်းတော့ သွားပြီ"
"ငါတို့ပိုက်ဆံကို မက်မောရဲတယ်ပေါ့"
"မင်းရဲ့ အသက်နဲ့ ပြန်ပေးဆပ်စေရမယ်"
အမွှေးတိုင်တစ်ဝက်စာလောက် လောင်ကျွမ်းချိန်တွင် အားလုံး လီအိမ်တော်သို့ ရောက်ရှိလာကြသည်။
"အရှင်မင်းကြီး..၊ ဒါ ကျွန်တော်မျိုးရဲ့ နေအိမ်ပါ"
လင်းပိုင်ဖန်က လက်ဝေ့ယမ်းကာ "ရှာကြစမ်း၊ တစ်လက်မမှ မကျန်အောင် ရှာကြ" ဟု အမိန့်ပေးလိုက်သည်။
လင်းပိုင်ဖန်၏ စကားအဆုံးတွင် ဘေးရှိ တော်ဝင် ကိုယ်ရံတော်များသည် လီအိမ်တော်အတွင်းသို့ အလျင်အမြန်ဝင်ရောက်ကာ အနှံ့အပြား ရှာဖွေကြသည်။
"အရှင်မင်းကြီးကို အစီရင်ခံပါတယ် အနောက်ဘက်ဆောင်မှာ ဘာမှမရှိပါဘူး"
"အရှင်မင်းကြီးကို အစီရင်ခံပါတယ် အရှေ့ဘက်ဆောင်မှာ ဘာမှမရှိပါဘူး"
"အရှင်မင်းကြီးကို အစီရင်ခံပါတယ် အိပ်ဆောင်မှာလည်း ဘာမှမရှိပါဘူး"
ကိုယ်ရံတော် တစ်ယောက်ပြီးတစ်ယောက် လက်ဗလာဖြင့် ပြန်လာသောအခါ ကျောင်းသားမှာ ကြောင်အသွားပြီး "ဘာလို့ ဘာမှမရှိတာလဲ" ဟု ရေရွတ်လိုက်သည်။
လီလင်းဖူက လက်ကိုဖြန့်ကာ အပြုံးဖြင့် "ငါက အဂတိမလိုက်စားဘူး၊ လာဘ်လည်း မစားဘူး၊ ဥပဒေကိုလည်း မချိုးဖောက်ဘူးလေ။ ဘယ်ကသက်သေကို တွေ့ပါ့မလဲ"
ထိုစဉ် တစ်စုံတစ်ယောက်က သေတ္တာတစ်လုံးကို သယ်ထုတ်လာသည်။
ဖွင့်ကြည့်လိုက်သောအခါ အားလုံး အံ့အားသင့်သွားခဲ့ကြသည်။ ထိုသေတ္တာထဲတွင် ရွှေ၊ ငွေနှင့် ကျောက်သံပတ္တမြားများ ပြည့်နှက်နေသောကြောင့် ဖြစ်သည်။
"အရှင်မင်းကြီး ဒါကို စာကြည့်တိုက်ထဲမှာ တွေ့တာပါ။ စုစုပေါင်း ငွေတေး တန်ဖိုး ၂ သိန်းလောက် ရှိပါတယ်" ကျောင်းသားက အားရပါးရ ရယ်မောကာ ဂုဏ်ယူဝင့်ကြွားစွာ အော်လိုက်သည်။
"လီလင်းဖူ…၊ အိုး.. လီလင်းဖူ ခင်ဗျား အဂတိမလိုက်စားဘူးလို့ ပြောရဲသေးလား။ လာဘ်မစားဘူး၊ ဥပဒေမချိုးဖောက်ဘူးလို့ ပြောရဲသေးလား။ ငါသိသလောက် ခင်ဗျား အရာရှိဖြစ်တာ တစ်နှစ်တောင်မပြည့်သေးဘူး။ ခင်ဗျားရဲ့ လစာအားလုံးပေါင်းရင်တောင် ငွေတေး ၁ သောင်း မပြည့်ဘူး။ အခု ဒီငွေ ၂ သိန်းက ဘယ်ကရတာလဲ ရှင်းပြစမ်း"
လီလင်းဖူက တစ်ဖက်လူကို အေးစက်စွာ ကြည့်လိုက်ရုံမှလွဲ၍ ဘာမှ ပြန်မပြောပေ။
ကျောင်းသားက ပို၍ မောက်မာလာကာ "ပြောလေ ဘာလို့ နှုတ်ဆိတ်နေတာလဲ။ ဒီပိုက်ဆံတွေ ဘယ်ကရလဲ၊ ရှင်းပြ။ ခင်ဗျား မရှင်းပြနိုင်ရင် ခင်ဗျားမှာ အပြစ်ရှိတာ သေချာပြီ"
ထိုအချိန်တွင် လင်းပိုင်ဖန်က မျက်နှာသေဖြင့် "တော်ပြီ ဘာမှ ထပ်မပြောနဲ့တော့။ ဒီပိုက်ဆံတွေက ငါကိုယ်တိုင် ဝန်ကြီးလီကို ပေးထားတဲ့ ဆုလာဘ်တွေပဲ" ဟု ပြောလိုက်သည်။
ကျောင်းသားမှာ ဆွံ့အသွားကာ "ဒီပိုက်ဆံတွေက အရှင်မင်းကြီး ပေးတဲ့ ဆုလာဘ်တွေ ဟုတ်လား" ဟု မေးလိုက်သည်။
လင်းပိုင်ဖန်က ခေါင်းညိတ်ပြကာ "မှန်တယ်"
ကျောင်းသားက ဆက်မေးလိုက်ကာ "အရှင်မင်းကြီး၊ သူ့ကို ဘာလို့ ဒီလောက်များတဲ့ ပိုက်ဆံတွေ ဆုချရတာလဲ"
လင်းပိုင်ဖန်က ပြုံးကာ - "ဘာလို့လဲဆိုတော့ ဝန်ကြီးလီဟာ ငါကိုယ်တော်ရဲ့ကိစ္စတွေအတွက် မမောမပန်း အမှုထမ်းပေးနေလို့ပဲ။ သူ ပိုက်ဆံတွေ ဘယ်လောက်တောင် သုံးစွဲခဲ့ရသလဲဆိုတာ ဘယ်သူမှ မသိဘူး။ ဒါကြောင့် ငါကိုယ်တော်စိတ်ထဲမှာ မနေနိုင်လို့ သူ့ကို ငွေ ၂ သိန်း ဆုချလိုက်တာပဲ။ တစ်ဖက်က ဝန်ကြီးအတွက် ဆုလာဘ်ဖြစ်သလို၊ နောက်တစ်ဖက်ကတော့ သူ့ရဲ့ ငွေရေးကြေးရေး အခက်အခဲတွေကို ပြေလျော့စေဖို့ ငါကိုယ်တော် မျှော်လင့်တယ်"
"အရှင်မင်းကြီးရဲ့ ကျေးဇူးတော်က အလွန်ကြီးမားလှပါတယ်။ ကျွန်တော်မျိုး အလွန်ကျေးဇူးတင်ပါတယ်" လီလင်းဖူက မျက်ရည်တွေကိုသုတ်ရင်း ချီးမွှမ်းစကား ဆိုလိုက်သည်။
ကျောင်းသားမှာ ပို၍ပင် ကြောင်အသွားသည်။
"ဒါပေမဲ့ ငါကိုယ်တော် မမျှော်လင့်ထားတာက" လင်းပိုင်ဖန်က အံ့ဩစရာကောင်းအောင် ဆက်ပြောသည်မှာ "ငါကိုယ်တော် လူလွှတ်ပြီး အိမ်အနှံ့ ရှာခိုင်းတာတောင် ဒီရွှေငွေသေတ္တာတစ်လုံးပဲ တွေ့ရတာပဲ၊ တခြား အဖိုးတန်ပစ္စည်း တစ်ခုမှ မတွေ့ရဘူး"
လီလင်းဖူသည် စိတ်ထဲတွင် တိတ်တဆိတ် ကျေနပ်သွားသည်။
အမှန်စင်စစ် သူ၏နေအိမ်တွင် အဂတိလိုက်စားမှုမှရခဲ့သော အဖိုးတန်ပစ္စည်းများစွာ ရှိခဲ့သော်လည်း သူသည် ၎င်းတို့ကို ထုပ်ပိုးကာ အရှင်မင်းကြီးထံ ကြိုတင်ပို့ဆောင်ထားပြီးသား ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် သူ၏နာမည်ကို အပြည့်အဝ ဆေးကြောသန့်စင်ခဲ့ခြင်း ဖြစ်သည်။
"ဝန်ကြီး…၊ မောင်မင်း ကိုယ့်ကိုယ်ကိုယ် အရမ်း နှိပ်စက်လွန်းတယ်" ဟု လင်းပိုင်ဖန်က ပြောလိုက်သည်။
လီလင်းဖူက ဖြောင့်မတ်မှန်ကန်သူ ဟန်ပန်ဖြင့် "အရှင်မင်းကြီး ကျွန်တော်မျိုးက စည်းစိမ်ဥစ္စာ မက်မောတဲ့သူ မဟုတ်ပါဘူး။ အရှင်မင်းကြီးအပေါ် သစ္စာရှိရှိနဲ့ နေ့ညမပြတ် အမှုထမ်းနိုင်သရွေ့ ကျွန်တော်မျိုးဟာ ဝက်စာနဲ့ ရေပုပ်ပဲ သောက်ရသောက်ရ ကျေနပ်ပါတယ်"
လင်းပိုင်ဖန်ဟာ အလွန်ကို ထိရှသွားပြီး- "အလွန်ကောင်းတယ်၊ ငါကိုယ်တော်မှာ မောင်မင်းလို နိုင်ငံတော်ရဲ့ ဒေါက်တိုင်တွေ လိုအပ်နေတာ။ ဟေ့ ငါကိုယ်တော်ရဲ့ ကိုယ်ပိုင် ဘဏ္ဍာတိုက်ထဲကနေ ငွေတေး ၅ သောင်း ထပ်ထုတ်ပြီး ဝန်ကြီးလီကို ဆုချလိုက်စမ်း"
"အရှင်မင်းကြီးရဲ့ ကြီးမားလှတဲ့ ကျေးဇူးတော်အတွက် ကျေးဇူးတင်လှပါတယ်" လီလင်းဖူက ကျယ်လောင်စွာ ကျေးဇူးတင်လိုက်သည်။
လူအားလုံး ဆွံ့အသွားကြသည်။
သူတို့ လီအိမ်တော်ကို အထက်အောက်မကျန် ရှာဖွေခဲ့ကြပေမဲ့ သူ့မှာ အပြစ်ရှိကြောင်းကို သက်သေမပြနိုင်ရုံတင်မကဘဲ၊ အရှင်မင်းကြီးဆီက ဆုလာဘ်အကြီးကြီးပါ ရသွားစေခဲ့သည်။
ဒါ ဘယ်လိုမျိုး အလှည့်အပြောင်းကြီးလဲ…
ကိစ္စတွေက ဒီလိုဖြစ်မလာသင့်ဘူးလေ….
လီလင်းဖူ၏ ကျေနပ်နေသော မျက်နှာထားကိုကြည့်ကာ မြင့်မြတ်သော မိသားစုများမှ လူငယ်များသည် မျက်နှာများ ပုံပျက်သွားသည်အထိ ဒေါသထွက်နေကြသည်။
ထိုအချိန်တွင် လင်းပိုင်ဖန်က ကြောင်တောင်တောင် ဖြစ်နေသော ကျောင်းတော်သား ကျီဖျင်ဘက်သို့ လှည့်ကာ- "ကျီဖျင် အခုတော့ ဝန်ကြီးလီမှာ အပြစ်မရှိဘူးဆိုတာ သက်သေပြပြီးပြီ၊ မောင်မင်းမှာ ဘာပြောစရာရှိသေးလဲ။ ဒါမှမဟုတ် ငါကိုယ်တော်ရဲ့ ဝန်ကြီးမှာ အပြစ်ရှိတယ်ဆိုတာ သက်သေပြဖို့ တခြားဘာရှိသေးလဲ" ဟု မေးလိုက်သည်။
ကျောင်းသား ကျီဖျင်က စိတ်လှုပ်ရှားစွာြဖင့်- "အရှင်မင်းကြီး ဒီမှာ မတွေ့ဘူးဆိုရင် အဲဒီလူယုတ်မာက တစ်ခြားတစ်နေရာမှာ ဝှက်ထားတာ သေချာပါတယ်"
လင်းပိုင်ဖန်က မျက်နှာသေဖြင့် "ဒါဆို ပြောစမ်း သူ ဘယ်မှာဝှက်ထားတာလဲ"
"ဒါ…ဒါကတော့ ကျွန်တော် ကျွန်တော်မျိုး မသိပါဘူး"
ကျောင်းသားက အလျင်အမြန်ပင် "ဒါပေမဲ့ အရှင်မင်းကြီးအနေနဲ့ သူ့ကို ပြင်းပြင်းထန်ထန် စစ်ဆေးပြီး နှိပ်စက်ညှဉ်းပန်းမယ်ဆိုရင် အမှန်တရားက ပေါ်လာမှာပါ"
"အဓိပ္ပာယ်မရှိလိုက်တာ"
လင်းပိုင်ဖန်က မကျေမနပ်ဖြစ်သွားကာ "ဝန်ကြီးလီက အခုအချိန်မှာ အပြစ်မရှိသူဖြစ်တယ်။ ဒါကို မောင်မင်းက ပြင်းပြင်းထန်ထန် စစ်ဆေးဖို့နဲ့ နှိပ်စက်ဖို့အထိ ပြောနေသေးတယ်။ ဒါက အတင်းအဓမ္မ ဝန်ခံခိုင်းတာ မဟုတ်ဘူးလား။ ဒီနှစ်တွေမှာ မောင်မင်းဖတ်ခဲ့တဲ့ ပညာရှိစာအုပ်တွေက ဘယ်ရောက်ကုန်ပြီလဲ"
"အရှင်မင်းကြီး အမျက်တော် မရှပါနဲ့။ ကျွန်တော်မျိုး ခဏတာ စိတ်ရှုပ်သွားလို့ပါ"
"ဒါက မောင်မင်းရဲ့ ပထမဆုံး အမှားဖြစ်လို့ ငါကိုယ်တော် အရေးမယူတော့ဘူး။ အရင်မေးခွန်းကိုပဲ ပြန်သွားရအောင်။ ဝန်ကြီးလီမှာ အပြစ်ရှိတယ်ဆိုတဲ့ သက်သေ မောင်မင်းမှာ ရှိလား။ မောင်မင်းမှာ သက်သေမရှိရင် နန်းတွင်းအရာရှိတစ်ယောက်ကို အပုပ်ချတဲ့အတွက် ဖြစ်လာမယ့် နောက်ဆက်တွဲတွေကို မောင်မင်းစဉ်းစားထားရလိမ့်မယ်"
နောက်ဆုံးတွင် လင်းပိုင်ဖန်၏ လေသံမှာ ပြင်းထန်သွားသည်။
"ဒါ ဒါကတော့..." ကျောင်းတော်သား စကားမဆက်နိုင်ဘဲ ထစ်ငေါ့နေသည်။
သူ့မျက်လုံးများက တံခါးအပြင်ဘက်ရှိ မြင့်မြတ်သော မိသားစုမှ လူငယ်များဘက်သို့ တိတ်တဆိတ် လှည့်ကြည့်လိုက်ပြီး သူ့ကို ကူညီကြရန် မျှော်လင့်နေလေသည်။