← Chapters

အခန်း (၁၅၆)

Vol. 13 Ch. 156

အခန်း (၁၅၆)

Vol. 13 Ch. 156

​ကျောင်းတော်သားတစ်ဦးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "ဝန်ကြီးလီကို တိုင်ကြားပါရစေ၊ ဒီဂုဏ်ထူးဆောင်စာရင်းမှာ ပြဿနာရှိနေပါတယ်”

​ လီလင်းဖူက "ဘာပြဿနာလဲ" ဟု မေးမြန်းလိုက်သည်။

​ ထိုကျောင်းတော်သားက ဒေါသတကြီးဖြင့် "ကျွန်တော်မျိုးဟာ ၁၈ နှစ်ပတ်လုံး စာအုပ်တွေကြားမှာ ပင်ပင်ပန်းပန်း ကြိုးစားခဲ့ရတယ်၊ ကျမ်းစာကြီး ၄ စောင်နဲ့ ကျမ်းစာဟောင်း ၅ စောင်ကို ကျွမ်းကျင်သလို၊ စောင်း၊ စစ်တုရင်၊ ကဗျာနဲ့ ပန်းချီမှာလည်း နှံ့စပ်သူဖြစ်ပါတယ်။ ပြိုင်ဘက်ကင်း ပါရမီရှင်လို့ မဆိုလိုပေမဲ့ အောင်စာရင်းဝင်ဖို့ကတော့ လက်တစ်ကမ်းမှာပဲ ရှိရမှာပါ။ ဒါဆို ဘာဖြစ်လို့ ကျွန်တော်မျိုးရဲ့ နာမည်က စာရင်းထဲမှာ မပါရတာလဲ" ဟု မေးခွန်းထုတ်လိုက်သည်။

​ လူအုပ်ကြီးသည် တရားမျှတမှုအတွက် တောင်းဆိုကာ တစ်ဖန်ဆူညံသွားပြန်သည်။

​ "မှန်ပါတယ်၊ ကျွန်တော်ရဲ့ ပညာအရည်အချင်းနဲ့ဆိုရင် မင်းဆက်တစ်ခုရဲ့ တော်ဝင်စာမေးပွဲကို ဖြေဆိုရင်တောင် အောင်မြင်နိုင်သူပါ။ အခုတော့ သာမန် မဟာအဆင့်တောင် မအောင်ဘူးဆိုတာက ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဒီစာရင်းမှာ အမှားတစ်ခုခု ရှိနေရမယ်။ ဝန်ကြီးလီအနေနဲ့ စုံစမ်းစစ်ဆေးပေးဖို့ ကျွန်တော်မျိုးတို့ တောင်းဆိုပါတယ်။ ကျွန်တော်မျိုးတို့ ကျောင်းသားတွေဘက်က မားမားမတ်မတ် ရပ်တည်ပေးပါခင်ဗျာ" ဟု ပြောဆိုကြသည်။

​ "အားလုံး ငြိမ်ငြိမ်နေကြစမ်း" ဟု လီလင်းဖူက အော်ဟစ်လိုက်သည်။

​ လီလင်းဖူက မျက်မှောင်ကြုတ်ကာ- "မင်းတို့နာမည် စာရင်းထဲမှာ မပါဘူးဆိုရင် အဖြေက ရှင်းနေတာပဲ၊ မင်းတို့ စာမေးပွဲကျလို့ပေါ့။ စာအုပ်တွေ အများကြီးဖတ်ထားရုံ၊ အကြာကြီး လေ့လာထားရုံနဲ့ ရွှေစာရင်းမှာ အလိုအလျောက် နာမည်ပါပြီး နိုင်ငံတော်ကို အကျိုးပြုခွင့်ရမယ်လို့ ထင်နေတာလား။ အဲဒီလောက် ရိုးရှင်းနေမယ်ဆိုရင် စာအုပ်အများဆုံး ဖတ်တဲ့သူကိုပဲ ရွေးပြီး အရာရှိခန့်လိုက်မှာပေါ့၊ တော်ဝင်စာမေးပွဲတွေ ကျင်းပနေဖို့ ဘာလိုတော့မှာလဲ" ဟု ​ပြောလိုက်သည်။

​ "ဒါပေမဲ့ ကျွန်တော့်ရဲ့ ပါရမီနဲ့ ပညာအရည်အချင်းအရ မအောင်မြင်ဖို့ဆိုတာ မဖြစ်နိုင်တာ" ဟု ကျောင်းသားတစ်ဦးက ဆိုလိုက်သည်။

​ "လူငယ်လေး၊ မင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေပြီ။ ကောင်းကင်ထက်မှာ ကောင်းကင်၊ လူထက်မှာ လူ အမြဲရှိနေတယ်ဆိုတာ မှတ်ထားပါ။ တခြားသူတွေ အောင်ပြီး မင်းတို့ဘာလို့ ကျတာလဲ။ ဒါဟာ မင်းတို့ရဲ့ အသိပညာ လိုအပ်ချက်ရှိနေသေးတယ်ဆိုတဲ့ ထင်ရှားတဲ့ လက္ခဏာပဲ မဟုတ်ဘူးလား"

​ လီလင်ဖူက လေးလေးနက်နက် ဆက်ပြောသည်။ "ဒီတစ်ခေါက် မအောင်တာ ကိစ္စမရှိပါဘူး။ ပြန်သွားပြီး ဆက်ကြိုးစားပါ၊ နောက်တစ်ခေါက် ပြန်လာခဲ့ကြ။ ငါတို့ရဲ့ မဟာရှ နိုင်ငံတော်ဟာ အင်တိုက်အားတိုက် ဖွံ့ဖြိုးတိုးတက်နေချိန်ဖြစ်လို့ တိုင်းပြည်အတွက် အရည်အချင်းရှိတဲ့သူတွေကို အလွန်ကို လိုအပ်နေတယ်။ ကဲ တခြားကိစ္စမရှိရင် အားလုံး လူစုခွဲနိုင်ပြီ"

​ "ဝန်ကြီးလီ ထွက်မသွားပါနဲ့ဦး၊ ဒီစာရင်းမှာ တစ်ခုခုမှားနေတာ သေချာပါတယ်။ ကျွန်တော်တို့ ကျောင်းသားတွေဘက်က ရပ်တည်ပေးပါဦး။ အပြစ်မဲ့သူတွေကို မတရားခံရအောင် မလုပ်ပါနဲ့" ဟု အော်ဟစ်နေကြသည်။

​ ကျောင်းသားတစ်စုက ဆက်တိုက်ငြင်းခုံနေသည်ကို မြင်သောအခါ လီလင်ဖူ ဒေါသထွက်လာပြီး "တော်တော့၊ အောင်မြင်သူစာရင်းမှာ ဘာပြဿနာမှ မရှိဘူးလို့ ငါ ရှင်းပြပြီးပြီ။ မင်းတို့က တော်ဝင်စာမေးပွဲရဲ့ တရားမျှတမှုကို ဆက်ပြီး အော်ဟစ် မေးခွန်းထုတ်နေဦးမယ်ဆိုရင်တော့ ငါလည်း ယဉ်ကျေးနေမှာ မဟုတ်ဘူး" ဟု ဟိန်းဟောက်လိုက်သည်။

​ ထိုသို့ပြောပြီး သူသည် မကျေမနပ်ဖြင့် ထွက်ခွာသွားရာ ကျောင်းတော်သားတစ်စုမှာ ကြောင်အမ်းကာ ကျန်ရစ်ခဲ့သည်။

​ "ဒါ လီလင်းဖူ လုပ်တာပဲ ဖြစ်ရမယ်၊ သူ ငါတို့ကို လက်စားချေနေတာ" ဟု တစ်ဦးက ဆိုလိုက်သည်။

လူငယ်တစ်ဦးက အံကြိတ်ကာ - "သူ ငါတို့ဆီက ပိုက်ဆံတွေကို ယူထားပြီးတော့ အခု ငါတို့ အရာရှိဖြစ်လာပြီး သူ့ကို ပြန်ဆန့်ကျင်မှာ ကြောက်နေတာ၊ ဒါကြောင့် ငါတို့ကို စာမေးပွဲကျအောင် လုပ်လိုက်တာပဲ။ ဒီလိုလုပ်နိုင်တဲ့ အာဏာမျိုးက သူ့မှာပဲရှိတာ"

​ "ဟုတ်တယ်၊ သူပဲ ဖြစ်ရမယ်။ အဲဒီလူက အရမ်းကောက်ကျစ်တာ၊ သူပဲ ဒီလိုလုပ်နိုင်တာ။ သူ့အကျိုးစီးပွားအတွက် သူက မတရား စိတ်ထင်တိုင်း လုပ်နေတာပဲ။ အခု ငါတို့ ဘာလုပ်ကြမလဲ။ သူ့ကို ဒီအတိုင်း လွှတ်ထားကြမှာလား"

​ ထိုလူငယ်က ကျယ်လောင်စွာြဖင့်- "အားလုံးပဲ ဧကရာဇ်မင်းမြတ်ဆီ သွားတိုင်ကြမယ်၊ ကိစ္စကို အကြီးအကျယ်ဖြစ်အောင်လုပ်ပြီး အရှင်မင်းမြတ်ကို ဖြေရှင်းခိုင်းမယ်။ ဒီတစ်ခါတော့ သူ့ကို ရာထူးက မဖြုတ်ချနိုင်ဘူးဆိုတာ ငါ မယုံဘူး"

​ "မှန်တယ်၊ အားလုံး စုပေါင်းပြီး တိုင်တန်းကြမယ်" ဟု အော်ဟစ်ခဲ့ကြသည်။

​ ထိုသို့ဖြင့် ကျောင်းတော်သား တစ်ထောင်ကျော်သည် နန်းတော်တံခါးဝတွင် စုရုံးကာ တစ်ညီတစ်ညွတ်တည်း အော်ဟစ်ကြတော့သည်။

​ "အဂတိလိုက်စားတဲ့ အရာရှိတွေက လိမ်လည် လှည့်ဖြားနေကြတယ်၊ ဥပဒေကို အလွဲသုံးစား လုပ်နေကြတယ်၊ တော်ဝင်စာမေးပွဲဟာ မတရားပါဘူး။ လီလင်းဖူဟာ သူ့ရဲ့ တစ်ကိုယ်ကောင်းဆန္ဒအတွက် ပြိုင်ဘက်တွေကို ဖယ်ရှားပြီး ပါရမီရှင် ကျောင်းသားပေါင်းများစွာကို စာမေးပွဲကျရှုံးအောင် တမင် လုပ်ခဲ့ပါတယ်။ အကျင့်ပျက်အရာရှိတွေ အာဏာရနေလို့ အစိုးရဟာ ပရမ်းပတာ ဖြစ်နေပြီ၊ သူတို့ကို ရာထူးက ဖယ်ရှားရမယ်။ အရှင်မင်းမြတ်၊ ကျွန်တော်မျိုးတို့ ကျောင်းသားတွေအတွက် တရားမျှတမှုကို ဖော်ဆောင်ပေးပါ" ဟု အော်ဟစ်နေကြသည်။

​ ဤကိစ္စသည် သဘာဝကျစွာပင် လင်းပိုင်ဖန်ဆီသို့ ရောက်ရှိသွားသည်။

​ လင်းပိုင်ဖန်က လေးနက်သော မျက်နှာထားဖြင့် နန်းတော်ထဲမှ ထွက်လာပြီး- "ဒါဟာ နန်းတော်ရဲ့ အဝင်ဝပဲ။ မောင်မင်းတို့ ဘာဖြစ်လို့ ဒီမှာ ဆူညံပွက်လောရိုက်နေကြတာလဲ။ ခိုင်လုံတဲ့ အကြောင်းပြချက် မပေးနိုင်ရင် မောင်မင်းတို့ကို ငါ အပြစ်ပေးရလိမ့်မယ်" ဟု မေးမြန်းလိုက်သည်။

​ "အရှင်မင်းမြတ်ကို တိုင်ကြားပါရစေ၊ ကျွန်တော်မျိုးတို့ အခုလို ဆူညံမိတာဟာ တကယ်ကို မတတ်သာလို့ပါ" ဟု လျှောက်တင်လိုက်ကြသည်။

​ အထက်တန်းလွှာ လူငယ်တစ်ဦးက ဒေါသတကြီးဖြင့် ဒူးထောက်ကာ- "အရှင်မင်းမြတ်၊ ကျွန်တော်မျိုးတို့ အားလုံးဟာ ဒီနှစ် တော်ဝင်စာမေးပွဲ ဖြေဆိုသူတွေပါ။ ကျွန်တော်မျိုးတို့ဟာ မျှော်လင့်ချက်တွေ၊ စိတ်အားထက်သန်မှုတွေနဲ့အတူ အောင်စာရင်းမှာ နာမည်ပါပြီး တိုင်းပြည်ကို အကျိုးပြုဖို့ လာခဲ့ကြတာပါ" ဟု ဆိုလိုက်သည်။

​ "ဒါပေမဲ့ တော်ဝင်စာမေးပွဲကို ကြီးကြပ်တဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ဒု-ဝန်ကြီး လီလင်းဖူဟာ သူ့ရဲ့ တစ်ကိုယ်ကောင်းဆန္ဒအတွက် သူ့ကို ဆန့်ကျင်သူတွေကို ဖယ်ရှားခဲ့ပါတယ်၊ ဒါကြောင့် ပါရမီရှင် ကျောင်းသားပေါင်းများစွာဟာ အသိအမှတ်ပြုမခံရဘဲ တိုင်းပြည်ကို အကျိုးပြုခွင့် ဆုံးရှုံးလိုက်ရမယ်လို့ ဘယ်သူက ထင်ထားမှာလဲ" ဟု လျှောက်တင်လိုက်သည်။

​ "ကျွန်တော်မျိုးတို့ဟာ တကယ်ပဲ တခြားနည်းလမ်းမရှိလို့ အရှင်မင်းမြတ်ဆီ လာပြီး အသနားခံရတာပါ၊ တရားမျှတမှု ရဖို့အတွက် အရှင်မင်းမြတ်ကို တောင်းပန်ပါတယ်"

​ "အရှင်မင်းမြတ်၊ ကျွန်တော်မျိုးတို့ကို တရားမျှတမှု ပေးသနားတော်မူပါ" ဟု လူအုပ်ကြီးက တစ်ညီတစ်ညွတ်တည်း အော်ဟစ်လိုက်ကြသည်။

​ လင်းပိုင်ဖန်က ခေါင်းညိတ်လိုက်ပြီး- "ငါကိုယ်တော် နားလည်ပြီ။ ဒါပေမဲ့ စာမေးပွဲဖြေဆိုသူတွေရဲ့ စာရင်းနဲ့ အဖြေလွှာတွေကို ငါကိုယ်တော်ကိုယ်တိုင် စစ်ဆေးပြီးပြီ၊ ဘာပြဿနာမှ မရှိဘူးလို့ ငါကိုယ်တော် ပြောနိုင်တယ်။ ဒါဆို ဘယ်နေရာမှာ မတရားတာ ရှိနေလို့လဲ" ဟု မေးလိုက်သည်။

​ "အရှင်မင်းမြတ်ကိုယ်တိုင်ဟာ လူယုတ်မာတွေရဲ့ လှည့်ဖြားမှုကို ခံနေရတာပါ" ဟု ပြန်လျှောက်တင်လိုက်လေသည်။

​ ထိုလူငယ်က ဒေါသတကြီး ဆက်ပြောလိုက်သည်။ "ကျွန်တော်မျိုးကိုပဲ ဥပမာထားကြည့်ပါ။ ငယ်စဉ်ကတည်းက ကဗျာနဲ့ စာပေတွေထဲမှာ နစ်မြုပ်နေခဲ့တာပါ၊ ကျမ်းစာကြီး ၄ စောင်နဲ့ ကျမ်းစာဟောင်း ၅ စောင်ကို အကုန်အာဂုံဆောင်နိုင်သလို၊ ပညာရှိတွေရဲ့ စာစုတွေကိုလည်း နှံ့စပ်ပါတယ်။ ကဗျာစပ်တာနဲ့ စာစီစာကုံး ရေးတာဟာ ကျွန်တော်မျိုးအတွက် အသက်ရှူရသလို လွယ်ကူပြီး၊ ငယ်စဥ်ကတည်းက ပါရမီရှင်အဖြစ် လူသိများခဲ့တာပါ။ အသက် ၁၂ နှစ်မှာ မြို့နယ်အဆင့် အောင်မြင်ပြီး၊ ပါရမီရှင် ကလေးငယ် ဖြစ်လာခဲ့ပါတယ်။ ၁၆ နှစ်မှာ အကယ်ဒမီအဆင့် အောင်ပြီး ပညာရှိဖြစ်ခဲ့တယ်။ အသက် ၂၀ မှာတော့ ပြည်နယ်အဆင့်ကို အောင်မြင်ခဲ့ပါတယ်"

​ "သာမန် ကျောင်းတော်သားအဆင့်တွေတောင် စာရင်းထဲမှာ ပါနေခဲ့ပေမဲ့၊ ပြည်နယ်အဆင့် အောင်ထားတဲ့ ကျွန်တော်မျိုး ဘာလို့ မပါရတာလဲ။ ဒါကြောင့် တစ်စုံတစ်ယောက်က ကြားထဲက ဖျက်ဆီးနေတာ သေချာပါတယ်၊ အဲဒီလူက ဒု-ဝန်ကြီး လီလင်းဖူကလွဲလို့ တခြားသူ မဖြစ်နိုင်ပါဘူး။ အရှင်မင်းမြတ်၊ ဒါကို သိမြင်တော်မူပြီး ကျွန်တော်မျိုးတို့ဘက်က ရပ်တည်ပေးပါ" ဟု လျှောက်တင်လိုက်သည်။

​ "အရှင်မင်းမြတ်၊ သိမြင်တော်မူပြီး ကျွန်တော်မျိုးတို့ဘက်က ရပ်တည်ပေးပါ" ဟု လူအုပ်ကြီးက ထပ်မံအော်ဟစ်ကြသည်။

​ လင်းပိုင်ဖန်က ရှေ့ကလူကို ကြည့်လိုက်ပြီး- "မောင်မင်းက စကားပြောကောင်းပြီး သာမန်မိသားစုက မဟုတ်ဘူးလို့ ငါကိုယ်တော် မြင်နေရတယ်" ဟု ဆိုလိုက်သည်။

​ ထိုလူငယ်က ချက်ချင်းပြန်ဖြေသည်။ "အရှင်မင်းမြတ်၊ ကျွန်တော်မျိုးက ထိုက်ယွမ် ဒေသ လီ မိသားစုက လီအန်တုပါ"

​ လင်းပိုင်ဖန်က ရုတ်တရက် သဘောပေါက်သွားကာ- "အော် မောင်မင်းက ထိုက်ယွမ် လီမိသားစုကကိုး၊ မောင်မင်း စာမေးပွဲမအောင်တာ မဆန်းပါဘူး" ဟု ဆိုလိုက်သည်။

​ "ဗျာ၊ ကျွန်တော်မျိုး မအောင်တာ မဆန်းဘူး ဟုတ်လား" ဟု လူငယ်မှာ ဇဝေဇဝါ ဖြစ်သွားသည်။

​ "ဒါပေါ့၊ မှန်တာပေါ့" ဟု လင်းပိုင်ဖန်က ပြုံးကာ ပြောလိုက်သည်။

​ "ဘာလို့လဲဆိုတော့ ကြီးမြတ်သောမျိုးနွယ်က မိသားစုဝင်တွေကို ဘယ်တော့မှ အလုပ်မခန့်ရ လို့ ငါကိုယ်တော်ကိုယ်တိုင် အမိန့်ထုတ်ထားလို့ပဲ။ မောင်မင်းက ထိုက်ယွမ် လီမိသားစုကဆိုတော့ အဲဒီအမိန့်နဲ့ အတိအကျ ကိုက်ညီနေတာပေါ့။ မောင်မင်း စာမေးပွဲကျတာက ပုံမှန်ပဲ၊ အောင်သွားမှသာ မူမမှန်တာ" ဟု ဆိုလိုက်သည်။

​ ရှိသမျှ ကျောင်းသားအားလုံး ဆွံ့အသွားကြသည်။ ဒီကိစ္စရဲ့ နောက်ကွယ်မှာ ဧကရာဇ်ကိုယ်တိုင် ရှိနေလိမ့်မယ်လို့ သူတို့ လုံးဝ မထင်ထားခဲ့ကြပေ။

​ ထိုလူငယ်မှာ စိုးရိမ်တကြီး ဖြစ်လာပြီး- "အရှင်မင်းမြတ်၊ ဘာဖြစ်လို့ ကြီးမြတ်သော မျိုးနွယ်စုက မိသားစုဝင်တွေကို အလုပ်မခန့်ချင်ရတာလဲ" ဟု မေးလိုက်သည်။

​ လင်းပိုင်ဖန်က ဂုဏ်ယူစွာဖြင့် "ဘာအကြောင်းပြချက်မှ မရှိဘူး။ ငါကိုယ်တော်က မောင်မင်းတို့ကို ကြည့်မရလို့ အလုပ်မခန့်ချင်ရုံပဲ။ ဒါဟာ ငါကိုယ်တော်ရဲ့ တိုင်းပြည်၊ ငါကိုယ်တော် ခန့်ချင်တဲ့သူကို ခန့်မယ်၊ ဖြုတ်ချင်တဲ့သူကို ဖြုတ်မယ်။ ဒီရှင်းပြချက်ကို မောင်မင်းတို့ ကျေနပ်ရဲ့လား" ဟု ဆိုလိုက်သည်။

​ ​ကြီးမြတ်သော မိသားစုဝင်တွေအားလုံး ကြောင်အမ်းကုန်ကြသည်။ သူတို့က အကြောင်းပြချက် ပေါင်း သန်းချီပြီး စဉ်းစားထားခဲ့ကြပေမဲ့ အခုလို ဖြစ်နေမယ်လို့ မမျှော်လင့်ထားခဲ့ချေ။

​ ထိုအချိန်တွင် လင်းပိုင်ဖန်က လက်ကာပြလိုက်ပြီး- "ကဲ တခြားကိစ္စ မရှိရင် ထွက်သွားကြတော့။ ငါကိုယ်တော်ရဲ့ မြေပေါ်မှာ လာမနေကြနဲ့၊ မောင်မင်းတို့ကို မြင်ရတာနဲ့တင် ငါကိုယ်တော် စိတ်ညစ်တယ်" ဟု ပြောလိုက်သည်။

​ ထိုခဏ၌ ကြီးမြတ်သော မိသားစုဝင်များစွာတို့သည် အရာအားလုံးကို သဘောပေါက်သွားကြသည်။

​ သူတို့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား လီလင်းဖူကို ဘာလို့ ရာထူးက မဖြုတ်ချနိုင်ရတာလဲဆိုတော့ သူဟာ အစကတည်းက ဧကရာဇ်နဲ့ တစ်ဖွဲ့တည်း ဖြစ်နေလို့ပင် ဖြစ်သည်။ လင်းပိုင်ဖန်က သူ့ကို ကျောထောက်နောက်ခံ ပေးထားလို့သာ လီလင်းဖူဟာ သူတို့ပိုက်ဆံတွေကို လိမ်ယူတာ၊ သူတို့ရဲ့ အနာဂတ်ကို ဖျက်ဆီးတာတွေကို ရဲရဲတင်းတင်း လုပ်ရဲတာဖြစ်ပြီး၊ သူတို့မှာ တရားစွဲစရာ နေရာမရှိ ဖြစ်နေခဲ့ရတာဖြစ်သည်။ အဆုံးမှာတော့ သူတို့ဟာ အလှည့်စားခံလိုက်ရတဲ့ လူပြက်တွေသာ ဖြစ်ခဲ့ကြသည်။

​ ထိုလူငယ်များမှာ ဒေါသတကြီးဖြင့်- "အရှင်မင်းမြတ်၊ ကိုယ့်ရဲ့ စိတ်ထင်တိုင်း ရမ်းကားတဲ့ လုပ်ရပ်တွေကို တစ်ကမ္ဘာလုံးက ပညာရှိတွေက ရွံရှာကြပါလိမ့်မယ်" ဟု ကျယ်လောင်စွာ ဆဲဆိုလိုက်ကြသည်။

​ လင်းပိုင်ဖန်ကလည်း လှောင်ပြောင်လိုက်ကာ- "မောင်မင်းတို့က ကမ္ဘာပေါ်က ပညာရှိတွေကို ကိုယ်စားပြုနိုင်တာကျလို့။ မင်းတို့မရှိတာဟာ ပညာရှိတွေအတွက် ကောင်းချီးတစ်ခုပဲ"

​ "မိုက်မဲတဲ့ ဧကရာဇ်၊ ကိုယ်ရဲ့ မဆင်မခြင် လုပ်ရပ်တွေက နောက်ဆုံးမှာ ကိုယ့်ဆီပဲ အပြစ်ပြန်ရောက်လာလိမ့်မယ်။ တိုင်းပြည်ဟာလည်း ကိုယ်ရဲ့ လက်ထဲမှာပဲ ပျက်စီးသွားရလိမ့်မယ်။ မင်းဟာ သမိုင်းတစ်လျှောက် နာမည်ဆိုးနဲ့ ကျန်ရစ်ပြီး ထာဝရ ကမ္ပည်းတင်ခံရလိမ့်မယ်" ဟု ကြီးမြတ်သော မိသားစုဝင်များက ဆဲဆိုလိုက်ကြသည်။

​ လင်းပိုင်ဖန်က ဒေါသထွက်သွားကာ "ကောင်းပြီ၊ မောင်မင်းတို့က ငါကိုယ်တော်ကို လူပုံအလယ်မှာ စော်ကားပြီး ဧကရာဇ်ကို မလေးမစား လုပ်ရဲတယ်ပေါ့။ အစောင့်တွေ ဒီကောင်တွေကို တစ်ယောက်ကို ကြိမ်ဒဏ် ၃၀ စီ ရိုက်ပြီး တခြားသူတွေအတွက် သတိပေးချက်ဖြစ်အောင် ရိုက်ကြစမ်း" ဟု အမိန့်ပေးလိုက်သည်။

​ နန်းတွင်းအစောင့်တပ်က ချက်ချင်းလှုပ်ရှားပြီး ဆူညံပွက်လောရိုက်နေတဲ့ ကျောင်းသားတွေကို ဖမ်းဆီးကာ ကြိမ်ဒဏ်ပေးတော့သည်။

​ ခဏချင်းမှာပဲ တစ်မြို့လုံး နာကျင်စွာ အော်ဟစ်သံတွေနဲ့ ဆူညံသွားတော့သည်။

​ လင်းပိုင်ဖန်က အေးစက်သော မျက်လုံးများဖြင့် ကြည့်ကာ- "ဒါဟာ ငါကိုယ်တော်ကို စော်ကားတဲ့သူတွေ ကြုံရမယ့် ကံကြမ္မာပဲ။ မောင်မင်းတို့ ရာထူးဂုဏ်ရှိန် ဘယ်လောက်ပဲရှိရှိ၊ ငါကိုယ်တော်ကို စော်ကားရင် ခြွင်းချက်မရှိ အပြစ်ပေးခံရမယ်။ ငါကိုယ်တော် စည်းမျဉ်းအသစ်တစ်ခု ထုတ်မယ်၊ အခုကစပြီး ကြီးမြတ်တဲ့ မိသားစုဝင်တွေနဲ့ ခွေးတွေ မဟာရှနိုင်ငံထဲ ဝင်ခွင့်မပြုရ" ဟု အမိန့်ထုတ်လိုက်သည်။

​ ဤဖြစ်ရပ်သည် အရှိန်အဟုန်ဖြင့် ပေါက်ကွဲသွားလေတော့သည်။

​ မဟာရှသည် တော်ဝင်စာမေးပွဲကို ကျင်းပသော်လည်း ကြီးမြတ်သော မိသားစုဝင်များကို လက်ခံရန် ငြင်းဆိုခဲ့ပြီး တရားမျှတမှု လာတောင်းသူများကိုပင် ရိုက်နှက်ခဲ့သည်။ ထို့အပြင် ကမ္ဘာသို့ ကြေညာခဲ့သည်မှာ " ကြီးမြတ်တဲ့ မိသားစုဝင်တွေနှင့် ခွေးတွေကို မဟာရှနိုင်ငံအတွင်း မဝင်ရ" ဟူ၍ ဖြစ်သည်။

​ ဒါဟာ ကြီးမြတ်တဲ့ မိသားစုတွေကို ခွေးတွေနဲ့ တန်းတူထားလိုက်တာဖြစ်ပြီး သူတို့အားလုံးကို အကြီးအကျယ် စော်ကားလိုက်ခြင်း ဖြစ်သည်။

​ ထိုကြီးမြတ်သော မိသားစုများမှာ အလွန်အမင်း ဒေါသထွက်သွားကြသည်။

​ "မိုက်မဲတဲ့ ဧကရာဇ်၊ ငါတို့ကို ဒီလောက်တောင် စော်ကားရဲတယ်ပေါ့။ မဟာရှကို ထာဝရ အဆက်အသွယ်ဖြတ်ကြ၊ သူတို့နဲ့ ဘယ်တော့မှ စီးပွားရေး မကူးသန်းကြနဲ့၊ စီးပွားရေးလမ်းကြောင်း အားလုံးကို ပိတ်လိုက်။ ပြီးတော့ တစ်ကမ္ဘာလုံးက ပညာရှိတွေကိုလည်း မဟာရှကို သပိတ်မှောက်ဖို့၊ အဲဒီမှာ အရာရှိ သွားမလုပ်ဖို့ တိုက်တွန်းကြ၊ သူတို့မှာ အသုံးချစရာ လူတော်မရှိအောင် လုပ်ပစ်ကြ။ သူ ဘယ်လောက်ကြာကြာ မာနထောင်လွှားနိုင်မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့" ဟု ကြုံးဝါးကြလေတော့သည်။

All Chapters