အခန်း (၁၅၉)
Vol. 13 Ch. 159
ထိုသူ ၅ ဦး၏ မျက်လုံးများမှာ အရောင်တောက်ပသွားကြပြီး “တကယ်လား။ ကျေးဇူးတင်ပါတယ် ဗိုလ်ချုပ်ကြီး။ ကျွန်တော်တို့ကို အခုလို ပံ့ပိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
အခြားသော သူများကလည်း သူတို့ကို မနာလိုဖြစ်စွာဖြင့် ဂုဏ်ပြုလိုက်ကြသည်။
“ဂုဏ်ယူပါတယ်... တကယ်ကို ဂုဏ်ယူပါတယ်”
“မင်းတို့အားလုံးအတွက် ဂုဏ်ယူပါတယ်”
“ရာထူးတိုးသွားရင်လည်း ငါတို့ကို မေ့မသွားကြနဲ့ဦး”
အခြားသော စစ်စခန်းကြီးများမှလည်း ထူးချွန်သော စစ်အရာရှိအချို့ကို ရွေးချယ်ကာ မြို့တော်သို့ ပညာသင်လွှတ်ခဲ့ကြသည်။ မကြာမီမှာပင် မဟာရှ၏ စစ်တက္ကသိုလ် ဖွင့်လှစ်သည့်နေ့သို့ ရောက်ရှိလာခဲ့သည်။
ထိုနေ့တွင် ကျောင်းအုပ်ကြီး လင်းပိုင်ဖန် ကိုယ်တိုင် တက်ရောက်၍ ကျောင်းကို ဖွင့်လှစ်ပေးခဲ့သည်။ လင်းပိုင်ဖန် ရှိနေသဖြင့် အခြားသော စစ်ဘက်၊ အရပ်ဘက် အရာရှိကြီးများကလည်း သဘာဝအတိုင်း လိုက်ပါလာကြရာ ဖွင့်ပွဲနေ့မှာ အလွန်ပင် စည်ကားသိုက်မြိုက်လှသည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် လင်းပိုင်ဖန်က အရေးကြီးသော မိန့်ခွန်းတစ်ခုကို ပြောကြားခဲ့သည်။
“ငါတို့နိုင်ငံမှာ စစ်ရေးအရည်အချင်းရှိသူတွေ ရှားပါးနေတဲ့အတွက်ကြောင့် မဟာရှအတွက် ထူးချွန်တဲ့ စစ်ခေါင်းဆောင်တွေ မွေးထုတ်ပေးနိုင်ဖို့ ဒီစစ်တက္ကသိုလ်ကို အထူးတည်ထောင်ခဲ့တာ ဖြစ်တယ်။ ဘာမှ ဖုံးကွယ်မထားဘဲ ပြောရရင် ဒီမဟာရှစစ်တက္ကသိုလ်ဟာ စစ်သူကြီးတွေ မွေးထုတ်ပေးရာ နေရာတစ်ခု ဖြစ်လာလိမ့်မယ်။ ဒီနေရာကနေ နိုင်ငံတော်ကို အကျိုးပြုပြီး နယ်စပ်ဒေသတွေကို ကာကွယ်ပေးမယ့် ထူးချွန်တဲ့ ဗိုလ်ချုပ်တွေ အများကြီး ထွက်ပေါ်လာလိမ့်မယ်လို့လည်း ငါကိုယ်တော် မျှော်လင့်တယ်”
တစ်ခွင်လုံးတွင် လက်ခုပ်သံများက မိုးကြိုးပစ်သံကဲ့သို့ ဟိန်းထွက်သွားတော့သည်။ ဖွင့်ပွဲအခမ်းအနား ပြီးဆုံးပြီးနောက် ပုံမှန်အတန်းများ စတင်လေသည်။
ဒါဟာ ပထမဆုံးအကြိမ် ကျောင်းသားလက်ခံမှု ဖြစ်တာကြောင့် လူ ၃၀ သာ လက်ခံခဲ့ပြီး လေ့ကျင့်ရေးကာလကို ယာယီအားဖြင့် တစ်လ သတ်မှတ်ထားသည်။ ထို့နောက် လေ့ကျင့်ရေး ရလဒ်များကို ပြန်လည်သုံးသပ်ပြီး ကာလကို တိုးမည် သို့မဟုတ် လျှော့မည်ကို ဆုံးဖြတ်မည်ဖြစ်သည်။
အားလုံးက အလွန်ပင် အာရုံစိုက်၍ နားထောင်နေကြသည်။ အလေးအနက် မထားလို့လည်း မရပေ၊ အကြောင်းမှာ ပထမဆုံးသင်ခန်းစာကို လင်းပိုင်ဖန် ကိုယ်တိုင် သင်ကြားခြင်းကြောင့် ဖြစ်သည်။
လင်းပိုင်ဖန် အနေဖြင့် အနည်းငယ်သာ ပြောမည်ဟု အားလုံးက ထင်ထားကြသော်လည်း သူ စကားစပြောလိုက်သည်နှင့် လူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်။
“စစ်မက်ရေးရာဆိုတာ နိုင်ငံတော်အတွက် အလွန်အရေးကြီးတဲ့ ကိစ္စရပ်ဖြစ်တယ်။ ဒါဟာ အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်း၊ ရှင်သန်ခြင်းနဲ့ ပျက်စီးခြင်းတို့ရဲ့ အဆုံးအဖြတ်လမ်းကြောင်းဖြစ်လို့ အလွန်ဂရုတစိုက် စူးစမ်းလေ့လာရမယ်”
လင်းပိုင်ဖန်က ကျောင်းသားတစ်စုကို ပြုံးလျက် ကြည့်ကာ “အားလုံးပဲ... ဒီစကားရဲ့ အဓိပ္ပာယ်ကို နားလည်ကြသလား” ဟု မေးလိုက်သည်။
“ကျွန်တော်မျိုးတို့ မသိပါဘူး အရှင်မင်းကြီး၊ ကျေးဇူးပြုပြီး ရှင်းပြပေးပါ” ဟု လူအုပ်ကြီးက သိနေလျှင်ပင် မသိသယောင် ဟန်ဆောင်ကာ တညီတညွတ်တည်း ဖြေကြသည်။
“ကောင်းပြီ၊ ငါကိုယ်တော် အခု ပြောပြမယ်။ ဒီစကားရဲ့ အဓိပ္ပာယ်ကတော့ စစ်ဆိုတာ ကလေးကစားစရာ မဟုတ်ဘူး။ ဒါဟာ စစ်သည်တွေနဲ့ အရပ်သားတွေရဲ့ အသက်ဘေး၊ နိုင်ငံတော်ရဲ့ တည်မြဲမှုနဲ့ ပျက်သုဉ်းမှုတို့နဲ့ သက်ဆိုင်နေတဲ့ နိုင်ငံတော်ရဲ့ ကြီးလေးတဲ့ ကိစ္စရပ်ဖြစ်တယ်။ ဒါကြောင့် အလေးအနက်ထားပြီး သတိကြီးကြီးထား ကိုင်တွယ်ရမယ်”
“ဒီအချက်ကြောင့်ပဲ မောင်မင်းတို့ကို စစ်ဗျူဟာတွေ သင်ပေးဖို့ ဒီအတန်းတွေကို ငါကိုယ်တော် စတင်ခဲ့တာပဲ။ မောင်မင်းတို့သင်ယူခဲ့တဲ့ စစ်ပရိယာယ်တွေကို အသုံးပြုပြီး ပဋိပက္ခတွေကို ဖြေရှင်းဖို့၊ စစ်သည်တွေနဲ့ အရပ်သားတွေရဲ့ အသေအပျောက်ကို လျှော့ချဖို့နဲ့ ငါတို့ရဲ့ မိခင်မြေကို ကာကွယ်ဖို့ မျှော်လင့်တယ်။ ဒါကို နက်နက်ရှိုင်းရှိုင်း နားလည်မှသာ စစ်ပညာကို ကျွမ်းကျင်ပြီး နိုင်ငံတော်ကို ထိထိရောက်ရောက် အကျိုးပြုနိုင်မှာ ဖြစ်တယ်”
“နားလည်ပါပြီ အရှင်မင်းကြီး၊ သင်ခန်းစာ ရလိုက်ပါပြီ” ဟု လူအုပ်ကြီးက ပြန်လည်ဖြေကြားသည်။
အနည်းငယ် ထပ်မံပြောကြားပြီးနောက် ချောင်ချောင် က ပုံမှန်သင်ခန်းစာများကို စတင်သင်ကြားခဲ့သည်။ လင်းပိုင်ဖန်သည် ပရိသတ်ကြားတွင် ထိုင်ကာ နားထောင်နေရင်း ချောင်ချောင်သည် ငယ်ရွယ်သော်လည်း အလွန်ဗဟုသုတ ကြွယ်ဝကြောင်း တွေ့ရှိလိုက်ရသည်။ အကယ်၍ သူသာ စစ်တပ်ကို ဦးဆောင်ကာ တိုက်ပွဲဝင်လျှင် အရည်အချင်းရှိတဲ့ ဗိုလ်ချုပ်တစ်ဦး ဖြစ်လာပေလိမ့်မည်။
လင်းပိုင်ဖန်မှာ နန်းတော်သို့ ပြန်၍ တရားဝင် လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရန် ရှိနေသဖြင့် သင်ခန်းစာ တစ်ခုလုံး ပြီးအောင် မစောင့်နိုင်ခဲ့ပေ။
ရက်အနည်းငယ်အကြာတွင် ဟီးရှန်းသည် ဝမ်းသာအားရဖြင့် လင်းပိုင်ဖန်ထံ ရောက်လာခဲ့သည်။
“အရှင်မင်းကြီးကို အစီရင်ခံပါတယ်။ သင်္ဘောတည်ဆောက်သူတွေကို စုဆောင်းဖို့ လွှတ်လိုက်တဲ့ အဖွဲ့ ပြန်ရောက်ပါပြီ။ ဒီခရီးစဉ်မှာ အတွေ့အကြုံရှိတဲ့ သင်္ဘော ဆောက်လုပ်ရေး ပညာရှင် စုစုပေါင်း ၁,၂၄၁ ဦးကို စုဆောင်းနိုင်ခဲ့ပြီး အရှင်မင်းကြီး ပေးအပ်တဲ့ တာဝန်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့ပါတယ်”
လင်းပိုင်ဖန်မှာ အလွန်ဝမ်းသာသွားပြီး “ကောင်းတယ်။ သူတို့တွေအားလုံးဟာ အရည်အချင်းရှိတဲ့ သူတွေပဲ”
“အရှင်မင်းကြီး၊ ကျွန်တော်မျိုးနောက် လိုက်ခဲ့ပါ”
အမွှေးတိုင် တစ်တိုင်စာခန့် အကြာတွင် လင်းပိုင်ဖန် သည် မြို့တံခါးသို့ ရောက်ရှိသွားပြီး သင်္ဘော ဆောက်လုပ်ရေး အဖွဲ့ကြီး၏ ခမ်းနားစွာ ပြန်လာမှုကို မြင်တွေ့လိုက်ရသည်။ လူပေါင်း ငါးထောင် ခြောက်ထောင်ခန့် ရှိပုံရပြီး ဟီရှန်း အစီရင်ခံထားသည်ထက် များစွာ ပိုနေသည်။
အကြောင်းမှာ အများစုမှာ သူတို့၏ မိသားစုများကို တစ်ပါတည်း ခေါ်ဆောင်လာကြသောကြောင့် ဖြစ်သည်။ ကျွမ်းကျင်ပညာရှင်တစ်ဦးက မိသားစုဝင်အချို့ကို ခေါ်လာခြင်းမှာ ပုံမှန်ပင်ဖြစ်သည်။ သူတို့သည် အသက်မွေးဝမ်းကျောင်း ပြုရန်အတွက် နယ်မြေသစ်သို့ ရောက်ရှိလာခြင်းဖြစ်ရာ အနည်းငယ် ကြောက်ရွံ့နေပုံ ရသည်။
လင်းပိုင်ဖန် အတွက်မူ ၎င်းတို့အားလုံးမှာ ရတနာများ ဖြစ်သည်။ အကယ်၍ ကောင်းမွန်စွာ အသုံးချနိုင်ပါက မဟာရှ၏ သင်္ဘောတည်ဆောက်ရေး လုပ်ငန်းမှာ လျင်မြန်စွာ တိုးတက်လာမည်ဖြစ်သည်။
“အရှင်မင်းကြီး ကြွလာပြီ၊ ဘာလို့ လာပြီး အလေးမပြုကြတာလဲ” ဟု တစ်စုံတစ်ယောက်က အော်လိုက်သည်။
သူတို့က အပြေးအလွှား ဒူးထောက်ကာ “အရှင်မင်းကြီးကို ဂါရဝပြုပါတယ်၊ အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ” ဟု တညီတညွတ်တည်း ဆိုကြသည်။
လင်းပိုင်ဖန်က ပြုံးလျက် “အားလုံးပဲ ထကြပါ။ ဝေးလံတဲ့အရပ်ကနေ လာရောက်ကြတဲ့ သင်္ဘော ဆောက်လုပ်ရေး ပညာရှင်တွေနဲ့ မိသားစုဝင်တွေကို နွေးထွေးစွာ ကြိုဆိုပါတယ်။ မဟာရှကို ကူညီဖို့ အခုလို ဝေးဝေးလံလံကနေ လာပေးကြတာကို ငါကိုယ်တော် အလွန်ပဲ ဝမ်းသာပီတိ ဖြစ်ရတယ်။ အခု ငါကိုယ်တော် အလေးအနက် ကတိပေးတယ်”
လင်းပိုင်ဖန်၏ မျက်နှာမှာ လေးနက်သွားပြီး “သင်္ဘော ဆောက်လုပ်ရေး ပညာရှင် တစ်ယောက်ချင်းစီကို ဘိလပ်မြေအိမ် တစ်လုံးစီ ချီးမြှင့်မယ်။ ဒါ့အပြင် အခုရောက်နေတဲ့ ပညာရှင် တစ်ယောက်ချင်းစီကို အခြေချစရိတ်အဖြစ် ငွေ ၁၀ တေးစီ ပေးမယ်”
“အဲဒီအပြင် မောင်မင်းတို့ရဲ့ အလုပ်သမားခကိုတော့ တစ်လကို ၅၀၀ ဝမ် ပေးမယ်။ သင်္ဘောကြီး တစ်စင်း တည်ဆောက်ပြီးရင်လည်း မောင်မင်းတို့အတွက် ဆုလာဘ်တွေ ထပ်ရှိဦးမယ်။ အတိုချုပ်ပြောရရင် မောင်မင်းတို့ အလုပ်များများလုပ်လေ များများရလေပဲ၊ ငါကိုယ်တော် မောင်မင်းတို့ကို မတရား ဆက်ဆံမှာမဟုတ်ဘူး”
ထိုသူများမှာ ဝမ်းသာအားရဖြင့် “ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး” ဟု ဆိုလိုက်ကြသည်။
လင်းပိုင်ဖန်က ရယ်လိုက်ကာ “ကျေးဇူးတင်နေဖို့ မလိုပါဘူး၊ ဒါဟာ မောင်မင်းတို့ ရသင့်ရထိုက်တာတွေပဲ။ အခုကစပြီး ငါကိုယ်တော် အတွက် သင်္ဘောတွေ ဆောက်ပေးဖို့ကိုပဲ အာရုံစိုက်ကြတော့”
“ဟီရှန်း၊ သူတို့ အခြေချဖို့က မောင်မင်းရဲ့ တာဝန်ပဲ။ သူတို့ကို လစ်ဟင်းမှုမရှိစေနဲ့၊ နားလည်လား” ဟု လင်းပိုင်ဖန်က အလေးအနက် ညွှန်ကြားလိုက်သည်။
ဟီရှန်းက ပြုံးလျက် ဦးညွှတ်ကာ “အရှင်မင်းကြီး စိတ်ချပါ၊ ကျွန်တော်မျိုး အားလုံး စီစဉ်ပြီးပါပြီ။ ဘိလပ်မြေအိမ်တွေ အဆင်သင့်ရှိသလို အထဲမှာ စားပွဲ၊ ခုတင်နဲ့ စောင်တွေလည်း ပြင်ဆင်ပြီးပါပြီ။ သူတို့ အခုချက်ချင်း ပြောင်းရွှေ့ နေထိုင်နိုင်ပါတယ်”
“ကောင်းတယ်။ ဝန်ကြီး၊ မောင်မင်းရဲ့ အလုပ်လုပ်ပုံကို ငါကိုယ်တော် အမြဲ ယုံကြည်တယ်”
ထို့နောက် ဝေးလံသော အရပ်မှ လာကြသော ထိုသင်္ဘောတည်ဆောက်သူများသည် မဟာရှတွင် အခြေချခဲ့ကြသည်။ သုံးရက်ခန့် အသားကျအောင် နေထိုင်ပြီးနောက် သင်္ဘောများကို စတင်တည်ဆောက်ခဲ့ကြသည်။ အရာအားလုံး အဆင်ပြေပါက မဟာရှမှ ထွက်ပေါ်လာမည့် ပထမဆုံး သင်္ဘောကို သုံးလအတွင်း ရေချနိုင်မည်ဖြစ်သည်။
လင်းပိုင်ဖန်၏ စီမံမှုအောက်တွင် မဟာရှ တစ်နိုင်ငံလုံးမှာ စနစ်တကျ ဖွံ့ဖြိုးတိုးတက်နေသည်။
ထိုအချိန်တွင် ရိုးရှင်းသော အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးသည် မဟာရှ၏ မြို့တော်သို့ ရောက်ရှိလာသည်။ သူမသည် နေရောင်ဒဏ်ကို ကာကွယ်ရန် ပိတ်ပါးဦးထုပ်ကို ဆောင်းထားပြီး မျက်နှာကိုလည်း ပိတ်ပါးစဖြင့် အုပ်ထားသဖြင့် သူမ၏ ရုပ်ရည်ကို ဖုံးကွယ်ထားသည်။ သို့သော် သူမ၏ ကျော့ရှင်းသော ကိုယ်ဟန်အနေအထားအရ သူမသည် အလွန်လှပသော အမျိုးသမီးတစ်ဦး ဖြစ်ကြောင်း သိသာလှသည်။
ယခုအချိန်တွင် သူမသည် မဟာရှမြို့တော်၏ လမ်းမများပေါ်တွင် လမ်းလျှောက်နေရင်း အမြဲမပြတ် စီးဆင်းနေသော လူအုပ်ကြီးကို ကြည့်ကာ မိမိဘာသာ ရေရွတ်မိလိုက်သည်။
“ငါ အဲဒီ စုန်းမလေးနောက်ကို အကြိမ်ကြိမ် လိုက်ခဲ့တာ၊ သူက ဘာလို့ ဒီကိုပဲ ခဏခဏ လာနေတာလဲ။ ဒီနေရာမှာ တစ်ခုခု လျှို့ဝှက်ချက် ရှိနေတာလား။ ဒါမှမဟုတ် သူ ဒီမှာ တစ်ခုခုများ စီစဉ်ထားတာလား။ ကောင်းပြီ၊ ဒီနေ့တော့ ငါ သေချာ စုံစမ်းရမယ်”
သူမ လမ်းလျှောက်ရင်း မြို့တော်၏ နေရာအနှံ့အပြားကို လေ့လာကြည့်ခဲ့သည်။ သို့သော် ကြည့်လေလေ သူမ ပို၍ ဇဝေဇဝါ ဖြစ်လေလေပင် ဖြစ်သည်။
“သတင်းတွေအရဆိုရင် ဒါဟာ အသုံးမကျတဲ့ ဧကရာဇ် လင်းပိုင်ဖန် အုပ်ချုပ်တဲ့ နယ်မြေပဲ။ သူ့လက်ထက်မှာ ပြည်သူတွေဟာ ဒုက္ခရောက်ပြီး စိတ်ဓာတ်တွေ ကျနေကြတယ်လို့ ဆိုကြတယ်။ ဘာလို့ ဒီနေရာက ပြင်ပက ပြောနေကြတဲ့ ပုံပြင်တွေနဲ့ လုံးဝ ခြားနားနေရတာလဲ”
သူမသည် မင်းဆက်များစွာ၏ မြို့တော်များနှင့် စည်ကားသော မြို့ကြီးများစွာကို ရောက်ဖူးသော်လည်း ထိုမြို့များမှ ပြည်သူများသည် ဤနေရာရှိ လူများကဲ့သို့ အေးချမ်းပျော်ရွှင်ကာ ရွှင်လန်းတက်ကြွပြီး မျှော်လင့်ချက် ပြည့်ဝနေပုံမျိုး မရှိကြပေ။
ပို၍ အံ့သြစရာကောင်းသည်မှာ ဤနေရာရှိ လူတိုင်းနီးပါးသည် အဝတ်အစားသစ်တွေနှင့် ဖိနပ်သစ်များ ဝတ်ဆင်ထားကြပြီး ဖာထေးထားသော အဝတ်အစား ဝတ်ထားသူမှာ အလွန်နည်းပါးလှသည်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်လျှင်လည်း လမ်းများပေါ်တွင် ချမ်းသာသူများဖြင့် ပြည့်နှက်နေသကဲ့သို့ ဖြစ်နေပြီး ဆင်းရဲသားတစ်ဦးကို ရှာတွေ့ရန်ပင် ခက်ခဲလှသည်။ အင်ပါယာတစ်ခု၏ မြို့တော်တွင်ပင် နိုင်ငံသား ၁၀ ဦးလျှင် ၄ ဦးခန့်မှာ ဆင်းရဲကြသည်မှာ ပုံမှန်ပင် ဖြစ်သည်။
သို့သော် ဒီနေရာတွင် ဆင်းရဲသား တစ်ယောက်တည်းကိုပင် ရှာရန် မလွယ်ကူလှပေ။ လမ်းပေါင်းများစွာကို လျှောက်ခဲ့သော်လည်း တောင်းရမ်းစားသောက်သူ တစ်ဦးတစ်ယောက်မျှ မတွေ့ရပေ။
အမှန်ဆိုလျှင် အသုံးမကျသော ဧကရာဇ် အုပ်ချုပ်သည့် မြို့တွင် ပြည်သူများ ဆင်းရဲစွာ နေထိုင်ကြရမည်ဖြစ်သော်လည်း ဤနေရာမှာ လုံးဝ ကွဲပြားနေပြီး သူမ၏ နားလည်မှုကို ပြောင်းပြန်လှန်ပစ်လိုက်သဖြင့် တကယ်ကို ထူးဆန်းနေလေသည်။
“တကယ်ပဲ... ဒီမဟာရှက လျှို့ဝှက်ချက်တွေ ရှိနေတာပဲ”
သူမသည် ဤနေရာကို သေချာစွာ စူးစမ်းရန် ဆုံးဖြတ်လိုက်သည်။ ဒေသခံ အစိုးရက မြို့ထဲရှိ သန်မာသော အမျိုးသား အားလုံးနီးပါးကို သတ္တုတွင်းတူးခြင်း၊ အိမ်ဆောက်ခြင်းနှင့် လမ်းဖောက်ခြင်း လုပ်ငန်းများတွင် ခိုင်းစေထားသည်ကို တွေ့ရသောအခါ သူမ၏ မျက်နှာတွင် မကျေနပ်သော အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့သည်။
“ဒီလောက် အင်အားသုံး ခိုင်းစေနေတာက... တကယ်ကို အသုံးမကျတဲ့ ဧကရာဇ်ရဲ့ လုပ်ရပ်ပဲ”
“ ပြည်သူတွေကို ဒီလို ခေါင်းပုံဖြတ်ပြီး ဥစ္စာဓနတွေကို ဖြုန်းတီးနေတာ၊ ပြည်သူတွေက ဘယ်လိုလုပ် ပျော်ရွှင်နိုင်မှာလဲ။ ဒီလိုပုံစံအတိုင်း သွားနေရင် နိုင်ငံ မပျက်စီးဘဲ နေတာကမှ ထူးဆန်းဦးမယ်”
သို့သော် သာမန်ပြည်သူများ၏ မျက်နှာအမူအရာတွေကို မြင်သောအခါ သူမ ဇဝေဇဝါ ဖြစ်သွားပြန်သည်။
“သူတို့ ဘာလို့ ဒီလောက် ကျေနပ်နေကြတာလဲ။ တော်လှန်ဖို့ မသိကြဘူးလား။ အဲဒီ အသုံးမကျတဲ့ ဧကရာဇ်က သူတို့ကို တစ်ခုခု တိုက်ကျွေးထားတာများလား”
ဤနေရာရှိ အမျိုးသမီးများမှာလည်း ရက်ကန်းခတ်ရန် အလုပ်အကိုင်များ ရရှိထားသည်ကို သူမ မြင်တွေ့ရပြန်သည်။ သူမ အလွန်ဒေါသထွက်သွားသည်။
“နုနယ်တဲ့ အမျိုးသမီးတွေကိုတောင် မချန်ဘူး၊ သူတို့ကိုတောင် ခေါင်းပုံဖြတ်နေတယ်။ သူက လူမှ ဟုတ်ရဲ့လား”
“အသုံးမကျတဲ့ ဧကရာဇ်။ တကယ်ကို အသုံးမကျတဲ့သူပဲ”
“တိရစ္ဆာန်ထက်တောင် ဆိုးသေးတယ်”
သို့သော် အမျိုးသမီးများ၏ မျက်နှာပေါ်ရှိ ပျော်ရွှင်သော အပြုံးများကို မြင်ရသောအခါ သူမ ထပ်မံ ဇဝေဇဝါ ဖြစ်ရပြန်သည်။
“အသုံးမကျတဲ့ ဧကရာဇ်က ဒီလို ခေါင်းပုံဖြတ်နေတာကို မင်းတို့က ဘာလို့ ဒီလောက် ပျော်နေရတာလဲ။ တကယ်ပဲ မင်းတို့က လိုလိုလားလား ရှိနေကြတာလား”
မသိလိုက်မသိဘာသာဖြင့် ညဦးပိုင်းသို့ ရောက်လာခဲ့သည်။ ဤနေရာတွင် ညမထွက်ရအမိန့် မရှိသည်ကို သူမ တွေ့ရှိလိုက်ရပြီး နေ့ခင်းဘက်ထက်ပင် ပို၍ စည်ကားလာသည်။ လမ်းမများပေါ်တွင် ဆိုင်ခန်းမျိုးစုံနှင့် ဈေးသည်များ ပြည့်နှက်နေသည်။ မီးရောင်များက တောက်ပနေပြီး ဈေးကွက်ကို လင်းထိန်စေကာ အလွန်စည်ကားလှပနေသည်။
မိသားစုတစ်ခုမှာ လက်ချင်းချိတ်ကာ လမ်းလျှောက်လာကြပြီး လိုက်တမ်းပြေးတမ်း ကစားနေကြကာ သူတို့၏ ရယ်မောသံများက လမ်းတစ်လျှောက် ပျံ့လွင့်နေလေသည်။ ကောင်းကင်ယံတွင်လည်း မီးရှူးမီးပန်းများ ပစ်လွှတ်လိုက်ရာ အလွန်ပင် လှပနေတော့သည်။
သူမသည် စည်ကားသိုက်မြိုက်နေသော ထိုမြင်ကွင်းကို ကြည့်ရင်း နောက်တစ်ကြိမ် ထပ်မံ၍ မိန်းမောသွားရပြန်သည်။ ဤစည်ကားသော မြင်ကွင်းမှာ သူမ၏ အိပ်မက်ထဲမှ ခမ်းနားထည်ဝါသော အင်ပါယာနှင့် အလွန်တူလှသည်။
သို့သော် ဤမြင်ကွင်းကို ဖန်တီးခဲ့သူမှာ သူမ စိတ်ကူးထားသည့် ပညာရှိမင်းတစ်ပါး မဟုတ်ဘဲ၊ အခြားသူများ ပြောနေကြသည့် နာမည်ကျော် အသုံးမကျသော ဧကရာဇ် ဖြစ်နေသည်။
“ကောင်းကင်ဘုံကများ ငါ့ကို နောက်ပြောင်နေတာလား”