အခန်း (၁၅၈)
Vol. 13 Ch. 158
အမှန်အတိုင်း ပြောရလျှင် မဟာရှနိုင်ငံတွင် စစ်တပ်ကို ဦးဆောင်ကာ တိုက်ပွဲဝင်နိုင်စွမ်းရှိသော စစ်သူကြီး အရေအတွက်မှာ အမှန်တကယ်ပင် နည်းပါးလှသည်။
ခြုံငုံကြည့်လျှင် စုစုပေါင်း သုံးဦးသာ ရှိသည်။ တစ်ဦးမှာ စစ်သူကြီးချုပ်ဟောင်း ချိုင်ယူလန်ဖြစ်ပြီး၊ နောက်တစ်ဦးမှာ သူ၏သမီး ချိုင်ယွီရှင်းဖြစ်ကာ၊ နောက်ဆုံးတစ်ဦးမှာ မကြာသေးမီကမှ မဟာရှထံ သစ္စာခံလာသည့် ဝမ်ကျင်းဟိုင် ဖြစ်သည်။
စစ်သူကြီးချုပ်ဟောင်း ချိုင်ယူလန်မှာ သူ၏ ဘဝတစ်ဝက်ကျော်ကို တိုက်ပွဲများအတွင်း ဖြတ်သန်းခဲ့ပြီး၊ စစ်သည်များကို ကွပ်ကဲနိုင်စွမ်းမှာလည်း စစ်မြေပြင်ရှိ မရေမတွက်နိုင်သော တိုက်ပွဲငယ်များမှတစ်ဆင့် ပွတ်တိုက် အရောင်တင်ထားခြင်း ဖြစ်သည်။ ဝမ်ကျင်းဟိုင်သည်လည်း ထို့အတူပင်၊ သူသည် မဟာရှနှင့် မပူးပေါင်းမီက နှစ်ပေါင်းများစွာ တိုက်ပွဲများ ဆင်နွှဲခဲ့ဖူးသူ ဖြစ်သည်။ ချိုင်ယွီရှင်းမှာမူ သူမ၏ဖခင်ထံမှ သင်ယူခဲ့သည့်အတွက် သူမ၏ စစ်ရေးစွမ်းရည်မှာ မိသားစုမျိုးရိုးစဉ်ဆက်မှ ဆင်းသက်လာခြင်း ဖြစ်သည်။
ဤသုံးဦးမှလွဲ၍ ကျန်ရှိသူများထဲတွင် စစ်သူကြီးဟု ခေါ်ဆိုထိုက်သူ အမှန်တကယ်ပင် မရှိတော့ပေ။ မူလက အန်လုရှန် နှင့် ရှီစစ်မင်တို့ ရှိခဲ့သော်လည်း ကံမကောင်းစွာဖြင့် ထိုနှစ်ဦးမှာ ပုန်ကန်ခဲ့ကြသဖြင့် ကွပ်မျက်ခြင်း ခံခဲ့ရသည်။
ထို့ကြောင့် မဟာရှနိုင်ငံတစ်ခုလုံးတွင် စစ်သူကြီး သုံးဦးသာ ကျန်ရှိတော့ပြီး ၎င်းတို့သည် သန်းနှင့်ချီသော စစ်သည်တော်များကို ကွပ်ကဲနေရသည်။ ဤတာဝန်၏ ခက်ခဲမှုမှာ အလွန်ပင် ကြီးမားလှသဖြင့် တစ်ခါတစ်ရံတွင် အကြပ်အတည်းနှင့် ရင်ဆိုင်ရခြင်းမှာ မလွဲဧကန်ပင်။
ထို့ကြောင့် မဟာရှအတွက် စစ်ရေးပါရမီရှင်များသည် အခြားမည်သည့် အရည်အချင်းရှိသူများထက်မဆို ပို၍ပင် လိုအပ်နေတော့သည်။ သို့သော် စစ်ရေးပါရမီရှင်ဆိုသည်မှာ အလွယ်တကူ မွေးထုတ်ပေးနိုင်သည့် အရာမျိုး မဟုတ်ပေ။
ပထမအချက်မှာ သစ္စာရှိမှုပင် ဖြစ်သည်။ အကယ်၍ လုံလောက်စွာ သစ္စာမရှိပါက မည်သူက အင်အားကြီးမားတဲ့ စစ်တပ်ကြီးတစ်ခုကို ယုံကြည်စိတ်ချစွာဖြင့် အပ်နှင်းရဲမည်နည်း။ ဒုတိယအချက်မှာ စွမ်းဆောင်ရည် ဖြစ်သည်။ စစ်မြေပြင်တွင် စစ်သည်များကို ဦးဆောင်နိုင်စွမ်းဆိုသည်မှာ စစ်သည်များကို ကွပ်ကဲခြင်းနှင့် တိုက်ပွဲဝင်ခြင်းတို့၌ နှစ်ပေါင်းများစွာ ကိုယ်တိုင်ကိုယ်ကျ အတွေ့အကြုံမရှိဘဲ မရရှိနိုင်သည့် လက်တွေ့ကျသော စွမ်းရည်တစ်ခု ဖြစ်သည်။ ယခုအခါတွင်မူ ထိုကဲ့သို့သော စွမ်းရည်ရှိသူ မည်မျှရှိသည်က စဉ်းစားစရာပင် ဖြစ်သည်။
ထို့ကြောင့် ဤပြဿနာနှစ်ခုကို မဖြေရှင်းနိုင်ဘဲ မှန်ကန်တဲ့ ပါရမီရှင်ကို ရှာတွေ့နိုင်မည် မဟုတ်ချေ။
"ဝန်ကြီးချောင်... သင်ပြောတာက အင်မတန်မှ မှန်လှတယ်။ ငါကိုယ်တော်တို့ရဲ့ မဟာရှမှာ စစ်ရေးပါရမီရှင်တွေ အမှန်တကယ် လိုအပ်နေပြီး၊ ဒါဟာ မဟာရှစစ်တပ်ရဲ့ တိုးတက်မှုကိုပါ ကန့်သတ်နေပြီလို့ ငါကိုယ်တော်လည်း ခံစားမိတယ်။ ဒါပေမဲ့ ဒီကိစ္စကို မောင်မင်းတင်ပြလာကတည်းက မောင်မင်းမှာ အဖြေတစ်ခုခု ရှိနေပြီပဲ မဟုတ်လား။ အသေးစိတ်ကို ငါကိုယ်တော် သိချင်တယ်"
လင်းပိုင်ဖန်က အာရုံစိုက် နားထောင်နေဟန် ပြလိုက်သည်။
ချောင်ချောင်၏ နှလုံးသားထဲတွင် ဝမ်းသာသွားသည်။ ဧကရာဇ်က လက်ခံနားထောင်နေသရွေ့ အရာအားလုံးက ပိုမိုလွယ်ကူသွားမည် ဖြစ်သည်။ ( အရင်က ချောင်ချောင်း လို့ ဘာသာပြန်ထားပေမယ့် အခု ချောင်ချောင် လို့ ပြင်ထားပါတယ်)
"အရှင်မင်းကြီး... ကျွန်တော်မျိုးမှာ နည်းလမ်းတစ်ခု ရှိပါတယ်။ ကျွန်တော်မျိုးတို့ နိုင်ငံမှာ စစ်ရေးပါရမီရှင် ရှားပါးနေတာကို ထည့်တွက်ရင် အပြင်ကနေ ရှာဖွေဖို့ဆိုတာ လက်တွေ့မကျပါဘူး။ ဒါကြောင့် ကျွန်တော်မျိုးရဲ့ အကြံပြုချက်ကတော့ ကိုယ်တိုင် မွေးထုတ်ဖို့ပဲ ဖြစ်ပါတယ်"
"ကျွန်တော်မျိုးတို့ရဲ့ စစ်တပ်ထဲက ထူးချွန်ပြီး သစ္စာရှိတဲ့ လူငယ်တွေကို ရွေးချယ်ပြီး သူတို့ကို အထူးသင်တန်းတွေ ပေးရပါမယ်။ သူတို့ကို စစ်သည်တွေကို ဘယ်လို လေ့ကျင့်ပေးရမလဲဆိုတာနဲ့ တိုက်ပွဲမှာ ဘယ်လိုဦးဆောင်ရမလဲဆိုတာကို သင်ကြားပေးရမှာပါ"
"ဒီနည်းနဲ့ဆိုရင် ကျွန်တော်မျိုးတို့အတွက် အရည်အချင်းပြည့်ဝတဲ့ စစ်သူကြီး အမြောက်အမြားကို အချိန်တိုအတွင်း မွေးထုတ်ပေးနိုင်မှာပါ"
လင်းပိုင်ဖန်က ကျေနပ်စွာဖြင့် " အမှန်ပဲ။ မောင်မင်းရဲ့ အဆိုပြုချက်ကို ငါကိုယ်တော် သဘောတူတယ်"
"ငါတို့ နိုင်ငံအတွက် စစ်ရေးပါရမီရှင်တွေကို အစဉ်တစိုက် မွေးထုတ်ပေးနိုင်ဖို့ စစ်တက္ကသိုလ်တစ်ခု ဘာလို့ မတည်ထောင်ရမှာလဲ။ ဒါဆိုရင် နောင်အနာဂတ်အတွက် စိုးရိမ်စရာ ရှိတော့မှာ မဟုတ်ဘူး"
"အရှင်မင်းကြီးဟာ အလွန်ပဲ ပညာရှိလှပါတယ်၊ ကျွန်တော်မျိုး အပြည့်အဝ ထောက်ခံပါတယ်" ဟု ချောင်ချောင်က တုံ့ပြန်လိုက်သည်။
လင်းပိုင်ဖန်က ပြုံးကာ "ဒီတာဝန်ကို မောင်မင်းကိုပဲ အပ်နှင်းလိုက်မယ်။ အကယ်၍ မောင်မင်းက ဒါကိုသာ ကောင်းကောင်း လုပ်ဆောင်နိုင်ရင် မောင်မင်းကို ရာထူးတိုးမြှင့်ပေးပြီး မြို့စားအဆင့်အထိ ချီးမြှင့်ပေးမယ်" ဟု ပြောလိုက်သည်။
"အမိန့်တော်အတိုင်း နာခံပါ့မယ်"
သူ့အတွက်မူ ဤတာဝန်မှာ အခွင့်အလမ်းဖြစ်သလို၊ စိန်ခေါ်မှုလည်း ဖြစ်သည်။ သို့သော် ဤအရာကို အောင်မြင်အောင် လုပ်ဆောင်နိုင်မည်ဟု သူယုံကြည်နေသည်။
"ကဲ... စစ်တက္ကသိုလ်ကို ဘယ်လို စနစ်တကျ တည်ထောင်မလဲဆိုတာ စဉ်းစားလိုက်ကြရအောင်"
လင်းပိုင်ဖန်က စိတ်အားထက်သန်လာပြီး "ပထမဆုံးက ဆရာတွေကိစ္စပဲ။ ကျောင်းဆိုတာ ဆရာမရှိလို့ မရဘူး၊ ဒီပြဿနာကို မောင်မင်းဘယ်လို ဖြေရှင်းဖို့ စီစဉ်ထားသလဲ" ဟု မေးလိုက်သည်။
ချောင်ချောင်က ဦးညွှတ်ကာ "အရှင်မင်းကြီးကို တင်ပြရလျှင်... ကျွန်တော်မျိုးတို့အနေနဲ့ စစ်သူကြီးချုပ်ဟောင်း ချိုင်ယူလန်၊ စစ်သူကြီး ချိုင်ယွီရှင်းနဲ့ စစ်သူကြီး ဝမ်ကျင်းဟိုင်တို့ကို ဆရာတွေအဖြစ် ဖိတ်ကြားပြီး သင်တန်းသားတွေကို ပုံမှန်ဖြစ်စေ၊ အခါအားလျော်စွာဖြစ်စေ ဟောပြောပို့ချပေးဖို့ စီစဉ်နိုင်ပါတယ်။ ဒါ့အပြင် ကျွန်တော်မျိုးဟာလည်း စွမ်းရည်အဆင့်အတန်း မမြင့်မားလှပေမဲ့ စစ်ရေးကိစ္စတွေမှာ ဗဟုသုတ အနည်းငယ်ရှိတဲ့အတွက် အခြေခံစစ်ရေး အသိပညာတွေကို အခက်အခဲမရှိ သင်ကြားပေးနိုင်ပါတယ်"
လင်းပိုင်ဖန်က ဆက်မေးလိုက်သည်။ "သင်ရိုးညွှန်းတမ်းတွေကော ဘယ်လိုလဲ"
"အရှင်မင်းကြီးကို တင်ပြရလျှင်... ကျွန်တော်မျိုးဟာ လက်ရှိခေတ်မှာရှိတဲ့ စစ်ရေးကျမ်းပေါင်းစုံကို စုဆောင်းပြီး အနှစ်သာရတွေကို ထုတ်ယူကာ လက်တွေ့ကျပြီး ထိရောက်တဲ့ စစ်ရေး သဘောတရားတွေကို သင်တန်းသားတွေကို သင်ကြားပေးနိုင်ဖို့ ပြုစုသွားမှာပါ"
လင်းပိုင်ဖန်က ထပ်မံမေးမြန်းလိုက်သည်။ "တက္ကသိုလ်တစ်ခုမှာ စီမံခန့်ခွဲမယ့်သူ၊ ဒါမှမဟုတ် ကျောင်းအုပ်ကြီး တစ်ယောက် လိုအပ်တယ်။ ဒီရာထူးအတွက် ဘယ်သူက သင့်တော်မယ်လို့ မောင်မင်းထင်သလဲ"
ချောင်ချောင်သည် မိမိကိုယ်ကိုယ်သာ အသင့်တော်ဆုံးဟု အကြံပြုရန် ပြင်လိုက်သည်။ သူသည် ကျောင်းအုပ်ကြီး အမှန်တကယ် ဖြစ်ချင်နေခဲ့သည်။ ဒါကသာ ဂုဏ်သိက္ခာကို ဆောင်ယူပေးနိုင်မည် ဖြစ်သည်။ ဤကျောင်းသားများ ဘွဲ့ရသွားကြပြီး အောင်မြင်မှုတွေ အသီးသီး ရလာသည့်အခါ ကျောင်းအုပ်ကြီးအဖြစ် သူ၏အဆင့်အတန်းသည်လည်း လိုက်ပါ မြင့်တက်လာမည်ဖြစ်သည်။
သို့သော် သူ၏ အောင်မြင်မှုတွေနဲ့ အာဏာမှာ ကန့်သတ်ချက် ရှိနေသဖြင့် အခြားသူတွေရဲ့ လေးစားမှုကို မရရှိနိုင်မည်ကို စိုးရိမ်မိသည်။ ထို့ကြောင့်...
"ကျွန်တော်မျိုး ယုံကြည်တာကတော့ မဟာရှနိုင်ငံ တစ်ခုလုံးမှာ အရှင်မင်းကြီး တစ်ပါးတည်းသာ ကျောင်းအုပ်ကြီးဖြစ်ဖို့ အရည်အချင်း ပြည့်မီပါတယ်"
"ဘာကြောင့်လဲ" လင်းပိုင်ဖန်က ပြုံးကာ မေးလိုက်သည်။
ချောင်ချောင်က မြှောက်ပင့်သော လေသံဖြင့် "ဘာကြောင့်လဲဆိုတော့ ဒီကျောင်းဟာ မဟာရှအတွက် စစ်ရေးပါရမီရှင်တွေကို မွေးထုတ်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ သူတို့တွေ ဘွဲ့ရသွားတဲ့အခါ နန်းတော်က သူတို့ကို သင့်တော်သလို အသုံးပြုမှာဖြစ်သလို ရာထူးကြီးတွေ ရရှိပြီး မြို့စား၊ နယ်စားတွေတောင် ဖြစ်လာကြမှာပါ။ ဒီလို စစ်သူကြီးတွေရဲ့ ကျောင်းအုပ်ကြီးအဖြစ် ဆောင်ရွက်ဖို့အတွက် အရှင်မင်းကြီးကလွဲလို့ ကျန်တဲ့သူတွေဆိုရင် ကန့်ကွက်မှုတွေ ရှိလာနိုင်ပါတယ်"
"အကယ်၍ တခြားသူတစ်ယောက်က ကျောင်းအုပ်ဖြစ်ခဲ့ရင် စစ်သူကြီးတွေဟာ ကန့်ကွက်မှုတွေ ရှိနိုင်ပြီး သင်ကြားမှု အရည်အသွေးကို ထိခိုက်နိုင်ပါတယ်။ ဒါ့အပြင် အဲဒီလူက မကောင်းတဲ့ စိတ်ထားရှိပြီး ကိုယ်ကျိုးအတွက် လူစု ဖွဲ့စည်းတာမျိုး လုပ်လာခဲ့ရင် စစ်တပ်ရဲ့ အုတ်မြစ်ကိုတောင် ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အရှင်မင်းကြီးသာလျှင် ကျောင်းအုပ်ကြီး ရာထူးအတွက် အသင့်တော်ဆုံးလို့ ကျွန်တော်မျိုး ယုံကြည်ပါတယ်"
လင်းပိုင်ဖန်သည် ချောင်ချောင်ကို ဂရုမစိုက်သလို တစ်ချက် ကြည့်လိုက်သည်။
ဤလူသည် ဧကရာဇ်ကို အသုံးချ၍ အခြားသူများကို မည်ကဲ့သို့ အမိန့်ပေးရမည်ကို သိနေပြီဖြစ်သည်။ ဧကရာဇ်ကို ကျောင်းအုပ်အဖြစ် ထားရှိခြင်းဖြင့် ဤစစ်မှုရေးရာ ကျောင်းတော်၏ လုပ်ငန်းစဉ်များသည် အဟန့်အတားမရှိ ချောမွေ့စွာ လည်ပတ်နိုင်မည် ဖြစ်သည်။ ဒီကိစ္စကို တာဝန်ယူထားသော ချောင်ချောင်သည်လည်း ဧကရာဇ်ကိုယ်စား အာဏာကို အသုံးချနိုင်ပြီး စစ်တပ်အတွင်း၌ ကြီးမားသော သြဇာအာဏာကို ရရှိနိုင်မည်ဖြစ်သည်။
သမိုင်းဝင် ထင်ပေါ်ကျော်ကြားသူများထဲတွင် မည်သူမျှ ကိုင်တွယ်ရ မလွယ်ကူလှပေ။
"ဝန်ကြီးချောင် ပြောတာက ကျိုးကြောင်းဆီလျော်လှတယ်။ ဒါကြောင့် စစ်တက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီးအဖြစ် ငါကိုယ်တော် တာဝန်ယူလိုက်မယ်။ ဒါပေမဲ့ ငါကိုယ်တော်က နိုင်ငံတော် အရေးတွေနဲ့ မအားမလပ်ဖြစ်နေတဲ့အတွက် ကျောင်းတော်ရဲ့ တာဝန်ဝတ္တရား အများစုက မောင်မင်းအပေါ်မှာပဲ ကျရောက်လိမ့်မယ်။ မောင်မင်းရဲ့ အလုပ်တွေ ပိုမိုအဆင်ပြေစေဖို့ မောင်မင်းကို တက္ကသိုလ်ရဲ့ ဒုတိယကျောင်းအုပ်ကြီးအဖြစ် ခန့်အပ်လိုက်မယ်"
"ကျေးဇူးတော် ကြီးမားလှပါတယ်၊ အရှင်မင်းကြီး" ချောင်ချောင် အလွန်ဝမ်းသာသွားသည်။
လင်းပိုင်ဖန်၏ ထောက်ခံမှုဖြင့် ချောင်ချောင်သည် စစ်တက္ကသိုလ်ကို တည်ထောင်ရန် သူ၏ ကြီးမားသော ရည်မှန်းချက်ကို စတင်ခဲ့တော့သည်။
ပထမဦးစွာ သူသည် စစ်တက္ကသိုလ်အတွက် သင်ကြားမည့်နေရာကို ရွေးချယ်ခဲ့သည်။ ထို့နောက် ချိုင်ယူလန်၊ ချိုင်ယွီရှင်းနှင့် အခြားသူများထံ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကာ ကျောင်းတွင် ဆရာများအဖြစ် ဆောင်ရွက်ရန် စည်းရုံးခဲ့သည်။ ၎င်းမှာ အခက်အခဲ မရှိခဲ့ပေ၊ အကြောင်းမှာ ဧကရာဇ်၏ ထောက်ခံချက် ပါရှိနေသောကြောင့် သူတို့အားလုံးက အလွယ်တကူ သဘောတူခဲ့ကြသည်။
နောက်တစ်ဆင့်အနေဖြင့် သူသည် လေ့ကျင့်ရေးနှင့် ပညာပေးရေးတွင် အသုံးပြုရန် သင်ရိုးညွှန်းတမ်းအချို့ကို ပြင်ဆင်ခဲ့သည်။ နောက်ဆုံးတွင် သူသည် တပ်ရင်းအသီးသီးမှ ပထမအသုတ် ကျောင်းသားများကို စတင် စုဆောင်းခဲ့လေသည်။
မြောက်ပိုင်းတွင် စစ်သူကြီး ဝမ်ကျင်းဟိုင်သည် စစ်ဆေးမှုများကို အပြီးသတ်ပြီးနောက် "မင်းတို့ ငါးယောက်၊ ရှေ့ကို ထွက်ခဲ့" ဟု အမိန့်ပေးလိုက်သည်။
ထိုလူငါးဦးသည် အမြန်ရှေ့ထွက်လာကာ "စစ်သူကြီး၊ ဘာများ အမိန့်ရှိပါသလဲ" ဟု မေးလိုက်သည်။
စစ်သူကြီး ဝမ်ကျင်းဟိုင်က လေးနက်စွာဖြင့် "မင်းတို့ရဲ့ ပစ္စည်းတွေကို အခုချက်ချင်း သိမ်းပြီး မြို့တော်ကို ပြန်ကြ" ဟု ဆိုလိုက်သည်။
"ဗျာ... ပစ္စည်းသိမ်းပြီး ပြန်ရမယ်" သူတို့အားလုံး ထိတ်လန့်သွားကြသည်။
"စစ်သူကြီး၊ ကျွန်တော်တို့ ဘာလို့ ပြန်ရမှာလဲ"
"ကျွန်တော်တို့ကို မလိုချင်တော့ဘူးလား"
"ကျွန်တော်တို့ တစ်ခုခု အမှားလုပ်မိလို့လား။ ပြောပြပါ၊ ကျွန်တော်တို့ ပြုပြင်ပါ့မယ်"
"ကျွန်တော်တို့ကို ပြန်မလွှတ်ပါနဲ့ဗျာ၊ တောင်းပန်ပါတယ်"
နောက်ဆုံးတွင် ဝမ်ကျင်းဟိုင်က မနေနိုင်တော့ဘဲ အားရပါးရ ရယ်လိုက်ကာ "မင်းတို့ ဘာတွေ တွေးနေကြတာလဲ။ မင်းတို့က ငါ အယုံကြည်ရဆုံး စစ်သည်တွေပဲ၊ ငါက မင်းတို့ကို မလိုချင်ဘဲ နေပါ့မလား။ မင်းတို့ကို ပြန်လွှတ်ရတဲ့ အကြောင်းရင်းက မင်းတို့က ကံကောင်းခြင်းတွေနဲ့ ကြုံရတော့မှာမို့လို့ပဲ" ဟု ဆိုလိုက်သည်။
"ကံကောင်းခြင်းလား" သူတို့တွေအားလုံး ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။
"ဒါဟာ တကယ်ကို ကောင်းတဲ့အရာပဲ၊ ဘာလို့လဲဆိုတော့ 'မဟာရှက စစ်တက္ကသိုလ်' ဖွင့်လှစ်လိုက်ပြီလေ။ အဲဒီကျောင်းဟာ အရှင်မင်းကြီးရဲ့ တိုက်ရိုက်ကြီးကြပ်မှုအောက်မှာ နိုင်ငံတော်အတွက် စစ်ရေးပါရမီရှင်တွေ မွေးထုတ်ဖို့ တည်ထောင်ထားတဲ့ ကျောင်းပဲ"
"အင်မတန်မှ ထူးချွန်ပြီး သစ္စာရှိတဲ့ စစ်သူကြီးတွေပဲ အဲဒီမှာ ပညာသင်ခွင့် ရမှာ။ ပညာသင်ကြားပြီး ပြန်လာတဲ့အခါ နန်းတော်က သူတို့ကို အလေးထား ဆောင်ရွက်မှာပဲ။ မင်းတို့က အဆင့်မြင့်ပညာတွေကို သင်ဖို့ ငါရွေးချယ်လိုက်တဲ့ ပထမဆုံး ပါရမီရှင်တွေပဲ"
"ပြောစမ်း... ဒါက ကြီးမားလှတဲ့ ကံကောင်းခြင်းပဲ မဟုတ်ဘူးလား"