← Chapters

ထောင်ချောက်ထဲက ထောင်ချောက်

Vol. 6 Ch. 59

ထောင်ချောက်ထဲက ထောင်ချောက်

Vol. 6 Ch. 59

အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် အချိန်အနည်းငယ်ကြာတော့ မင်ယုရှန်းတယောက် အသိဝင်ကာ ယန်ချန့်အား လေးလေးနက်နက် ကျေးဇူးတင်စကား ပြောလိုက်တော့သည်။

ယန်ချန့်သာမကူညီပါက သူမအနေဖြင့် ဝိဉာဥ်သားရဲတောအုပ်ဆီ သွားရန်လိုအပ်နေပြီး နှစ်တထောင်သက်တမ်းရှိသည့် ယန်သစ်မြစ်ကိုပါ ရှာဖွေရန်လိုအပ်နေသည်။ ထိုကဲ့သို့ အခက်ခဲများက ယန်ချန့်အကူညီတခုဖြင့် ပြီးပြည့်စုံသွားမည် မဟုတ်လော။

“မနက်ဖန်ကစပြီး ကုသမှုပေးပါမယ် အကြီးကဲလီတို့ကို ကုသမှုအတွက် လိုအပ်တာတွေ ဒုက္ခပေးရတော့မယ်”

လီဖူယွဲ့ကလည်း ပါးနပ်သူဖြစ်၍ ထိုစကားကြားသည်နှင့် မင်ယုရှန်းအတွက် တတိယထပ်၌ အခန်းတခုထပ်ယူကာ စီစဥ်ပေးသည်။ မူလက ကျင်းလုံ၏နန်းတွင်း၌ တိတ်တဆိတ်ကုသပေးဖို့ ကျင်းလုံကအကြံပြုသော်လည်း ထိုအစီစဥ်အား အကြောင်းပြချက်တချို့ကြောင့် ငြင်းပယ်လိုက်ရသည်။

လီဖူယွဲ့တို့ ပြန်လည်ထွက်သွားချိန်၌ ယင်ယင်လေးက ကုတင်ထက် နှစ်ခြိုက်စွာအိပ်ပျော်နေချေပြီ။ ယန်ချန်က ခရီးပန်းလာသည်ကို ဖြေဖျောက်ရန် ရေအနည်းငယ်ချိုးကာ အနားယူရန်ပြင်ရတော့သည်။

“ကျမတို့ ဒီညစုဝေးမှုမှာ အပြောင်းလဲတချို့ ထပ်လုပ်ရလိမ့်မယ် ပြိုင်ပွဲနေရာကို အတတ်နိုင်ဆုံး မြို့တော်နဲ့ခပ်ကွာကွာထားပြီး သခင်​လေးယန် စိတ်အနှောင့်ယှက် ဖြစ်စေလို့မရဘူး”

စုလဲ့က လေးနက်စွာပင်ပြောလာသည်။ ယန်ချန်က ကျင့်ကြံသူများ၏ အရေးကိစ္စများအား ရောထွေးချင်သူမဟုတ်မှန်း သိထားသည့်အတွက် ထိုသို့စီစဥ်လိုက်ရခြင်း ဖြစ်သည်။

“ကောင်းပြီ ဒါဆို ညကျ စည်းဝေးပြီးတိုင်ပင်ကြတာပေါ့”

မကြာမီ ညအချိန်ရောက်ရှိလာကာ ဧကရာဇ်ကျင်း၏ နန်းဆောင်တခုအတွင်း၌ လျှို့ဝှက်တွေ့ဆုံမှုတခု ပြုလုပ်နေကြလေသည်။ ထိုတွေ့ဆုံမှု၌ ဗုဒ္ဓဂိုဏ်းမှ ဂိုဏ်းချုပ်ကိုယ်တော်ရန်ကျင်း သူတော်စင်နတ်မြတ်ဂိုဏ်းမှ ဂိုဏ်းချုပ်ဖေးလု မဟူရာနတ်ဂိုဏ်းမှ ဂိုဏ်းချုပ်ကြီး တုံစန်းအပြင် ပန်းကိုးပွင့်ဂိုဏ်းမှ အကြီးကဲကိုးဦးနှင့် အခြားဂိုဏ်းအချို့မှ ထိပ်တန်းဂိုဏ်းချုပ်များ မဟာအကြီးကဲများစွာပါဝင်ကြသည်။

“ကျမအနေနဲ့ ဒီတကြိမ် ထပ်မံစုဝေးလိုက်ရတဲ့ကိစ္စမှာ အကြောင်းရင်း၂ခု ရှိပါတယ် ပထမတခုက ကျမတို့ရဲ့အစီစဥ်ကို အနည်းငယ်ပြောင်းလဲရပါမယ်”

စုလဲ့က မည်သည့်နှုတ်ဆက်စကားမှ မဆိုတော့ပဲ ရက်အနည်းငယ်အတွင်း ကျင်းပတော့မယ့် ပြိုင်ပွဲအကြောင်းကိုသာ တိုက်ရိုက်စတင် ပြောဆိုလိုက်သည်။

“ဂိုဏ်းချုပ်စုက ဘာကိုဆိုလိုတာလဲ အစီစဥ်တွေက အကုန်ဆွဲထားပြီးသား မဟုတ်လား”

ဖေးလုက အနည်းငယ် မှင်သက်နေဟန်ဖြင့် မေးသည်။ ကိုယ်တော်ရန်ကလည်း

“အမှန်ပဲ အနားကပ်မှ အရေးပေါ်အစီစဥ်ပြောင်းစေတဲ့ ကိစ္စကြီးက ဘာများလဲ ဒကာမလေးစု”

အခြားသူများရဲ့ အကြည့်များက စုလဲ့ဆီရောက်နေကြပြီး မည်သည့်အခြေနေကြောင့် အစီစဥ်အချို့ ပြောင်းလဲရမည်ဆိုခြင်းအား သိလိုကြသည်။ စုလဲ့က အခန်းတွင်းရှိ ထိပ်သီးကျင့်ကြံသူများအား တချက်ဝေ့ကြည့်လိုက်သည်။ ပြီးနောက် တည်ငြိမ်တဲ့လေသံဖြင့်

“ကျမတို့ရဲ့ မူလအစီစဥ်မှာ သွေးဝိဉာဥ်ဂိုဏ်းရဲ့ လှုပ်ရှားမှုကို ထောင်ဖမ်းဖို့ပါတယ်ဆိုတာ အားလုံးသိကြတယ် အဲ့အတွက်လည်း ကျမတို့မြို့တော်အတွင်း အပြင်သာမကပဲ ပြိုင်ပွဲပြုလုပ်မယ့် တောင်ကြားနေရာကိုပါ ထည့်စဥ်းစားထားကြတယ် မဟုတ်လား”

စုလဲ့ရဲ့မေးခွန်းအား အခြားကျင့်ကြံသူအားလုံးမှ သိပြီးသားအကြောင်းရာများ ပြန်လည်ပြောဆိုနေရသလား ဟူသည့် စိတ်မရှည်တဲ့အကြည့်များဖြင့် ကြည့်လာကြသည်။

ထိုစဥ် စုလဲ့ဘေး၌ ထိုင်နေသည့် ကျင်းလုံက

“ဂိုဏ်းချုပ်စု လိုရင်းကိုသာပြောလိုက်ပါ”

ကျင်းလုံက အများရှေ့၌ စုလဲ့နဲ့သူ့ကြားပက်သက်မှုအား ထုတ်ဖော်ရန် ဆန္ဒမရှိပဲ ဂိုဏ်းချုပ်စုဟုသာ တလေးတစား ခေါ်ဝေါ်လေသည်။

“ကောင်းပြီ ပထမအချက်ကို ဖြစ်စေတာကတော့ သခင်လေးယန်ပဲ”

စုလဲ့ရဲ့စကားက ကိုယ်တော်ရန် ဖေးလု တုံစန်းတို့သာမက ကျင်းလုံထံမှ အကူညီတွက် ဆေးရည်အနည်းငယ် ရထားသည့် ပန်းကိုးပွင့်ဂိုဏ်းမှ အကြီးကဲများနဲ့ အခြားကျင့်ကြံသူအချို့တို့ပါ တုန်လှုပ်သွားစေသည်။

“ဂိုဏ်းချုပ်စု ခဗျားပြောတာ သခင်လေးယန် ဟုတ်လား”

“သခင်လေးယန်လို့ ပြောလိုက်တာလား”

ကိုယ်တော်ရန်သာမက တည်ငြိမ်သည့် ဖေးလုနဲ့ တုံစန်းတို့ပါ မှင်သက်သွားကြခြင်းဖြစ်သည်။ သခင်လေးယန်ဆိုသည်ကာ အံ့မခန်းဆေးရည်အား ဖော်စပ်ပေးသူ ထိပ်သီးကျင့်ကြံသူများထက် နှိုင်းဆမရအောင် အဆင့်မြင့်မားသူဟု သူတို့ကြား တိတ်တဆိတ်သက်မှတ်ထားသည် မဟုတ်လား။ ထိုကဲ့သို့ ပုဂ္ဂိုလ်မျိုးက သူတို့တိတ်တဆိတ် စီစဥ်ထားသည့် ကိစ္စနှင့် မည်ကဲ့သို့ ပက်သက်လာရသနည်း။

“ဂိုဏ်းချုပ်စု ခဗျားပြောတာ သခင်လေးယန်နော် သေချာရဲ့လား သခင်လေးယန်က ကျင့်ကြံရေးလောက အရှုပ်ထွေးကြား မပက်သက်ဘူးမဟုတ်လား”

တုံစန်းက သိလိုဟန်ဖြင့်မေးသည်။ တုံစန်းရဲ့အမေးကို စုလဲ့က အနည်းငယ်သက်ပြင်းချကာ ပြန်ဖြေလိုက်သည်။

“ဟုတ်တယ် ကိစ္စတွေက ကျမထိန်းချုပ်နိုင်တာကနေ နည်းနည်းကျော်လွန်သွားတယ်”

စုလဲ့က စကားစအားအနည်းငယ်ရပ်တန့်လိုက်သည်။ ပြီးနောက် တိုးညင်းတဲ့လေသံဖြင့် “သခင်လေးယန် မြို့တော်ကိုရောက်လာမယ်လို့ မထင်ထားခဲ့ဘူး”

သူမစကားအဆုံး၌ အခန်းတွင်းလေထုက အုံကြွလာကာ အခန်းတွင်းရှိ ကျင့်ကြံသူများ မျက်လုံးများက တောက်ပသွားကြတော့သည်။ ထိုသို့ ပုဂ္ဂိုလ်ကြီးထံမှ သေးငယ်သည့် စေတနာလေးကပင် ငါးကြင်းမှ နဂါးဖြစ်စေသည်ကို ကျန်းရင်ရင်မှ သက်သေပြပြီးသား ဖြစ်ပေသည်။

“အခု သခင်လေးယန်က မြို့ထဲမှာဆိုတော့..”

အကုန်လုံးက ပါးနပ်ကြသူများဖြစ်၍ စုလဲ့မူလက ပြောလိုတဲ့ကိစ္စအား ဆက်စပ်မိသွားကြသည်။

“သခင်လေးယန်က ဘာအတွက်ရောက်လာတာလဲ မေးလို့ရမလား”

ကျင့်ကြံသူတဦးရဲ့အမေးကို ကျင်းလုံက

“အလည်ပတ်သီးသန့်လို့ သခင်လေးက ပြောတယ် ကျုပ်တို့ကိစ္စတွေကို သူဝင်မပါဘူး ဒါပေမယ့် သူမြို့တော်မှာရှိနေသရွေ့ သူ့ကိိုစိတ်အနှောင့်ယှက်ဖြစ်စေမယ့် ကိစ္စတွေကို ကျုပ်တို့သတိပြုရလိမ့်မယ်”

ကျင်းလုံရဲ့စကားကို ဖေးလု တုံစန်းတို့ကပါ ထောက်ခံလေသည်။

“ဟုတ်တယ် သေချာပေါက် မြို့တော်ကိုအစီစဥ်ထဲကနေ ဖယ်ထုတ်ရမယ်”

“သခင်လေးယန်ရှိနေတယ်ဆိုတော့ အစီစဥ်ပြောင်းရမှာပေါ့”

ထိုမြေခွေးအိုကြီးများ မည်သည့်ကိစ္စအား တွေးနေသည်ကို စုလဲ့က ကောင်းစွာသိနေသည်။ သူမနှင့် ကျင်းလုံတို့ပင် မကြာသေးမီကပဲ ယန်ချန့်ဆီမှ အခွင့်လမ်းကြီးကြီးမားမား ရခဲ့သေးသည်မဟုတ်လား။ ထိုအချက်အား အမြဲတစေ မဖုံးကွယ်ထားနိုင်သလို ကျင်းတိုင်းပြည်တိုးတက်မှုအတွက် အခြားအင်အားစုများ တိုးတက်ရန် လက်တွဲခေါ်ဆောင်ရမှာ ဖြစ်သည်။

“ဒါဆို နောက်တချက်ကတော့ ဒီရက်ပိုင်းအတွင်း မြို့တော်ထဲအဝင်ထွက် အရမ်းများနေတယ် ကျမတို့ရဲ့စောင့်ကြည့်မှုက မလုံလောက်ဘူးလို့ ခံစားနေရတဲ့အတွက် ပိုပြီးတင်းတင်းကျပ်ကျပ် ကိုင်တွယ်ကြဖို့ မှာချင်တယ် တခုခုအမှားယွင်းဖြစ်ခဲ့ရင် ကျမတို့အားလုံး နောင်မှာ သခင်လေးယန်ကို တွေ့ဖို့ မျက်နှာရှိကြမှာမဟုတ်ဘူး”

ဆေးရည်ကို သူမမည်ကဲ့သို့ရခဲ့သနည်း။ လီဖူယွဲ့တို့အား အနီးကပ်တိုက်ခိုက်ရေး သင်ကြားပေးခြင်း ကျင့်ကြံဆင့်တိုးတက်ရန် ကူညီပေးခြင်းတို့အတွက် ယန်ချန်က သူမဆီမှ မည်သည့်အရာမှ တောင်းဆိုခြင်းမရှိခဲ့ချေ။ သို့သော် သူမသိနေသည်က သေမျိုးဘဝရှင်သန်နေသည့် ယန်ချန့်စိတ်ထဲ၌ သေမျိုးများ၏ အခန်းကဏ္ဍာက အလွန်အရေးကြီးနေမည်ဖြစ်သည်။

ထို့ကြောင့်လည်း သားရဲကပ်ဘေးအကြောင်းပြု၍ ယန်ချန့်ဆီမှ အကူညီများဆက်တိုက်ရနေခြင်းဖြစ်ကာ သွေးဝိဉာဥ်ဂိုဏ်းအား ထောင်ဖမ်းမည့်ကိစ္စသာ သူမတို့ကျရှုံးပါက ကျင်းတိုင်းပြည်ရှိ သေမျိုးများ၏ ဘဝမှာ တွေးလို့ပင်မရနိုင်ချေ။ သန်းနဲ့ချီတဲ့ ပြည်သူများ သေဆုံးရမည်မှာ မြေကြီးလက်ခတ်မလွဲပေ။

နောက်ထပ် နာရီအချို့ ထပ်မံကြာမြင့်ပြီးချိန်မှာတော့ စုဝေးမှုက တိတ်ဆိတ်စွာပင် ပြီးဆုံးသွားခဲ့ပြီး အစီစဥ်များ ပြည့်ပြည့်စုံစုံ အောင်မြင်ပြီးပါက ယန်ချန်နှင့် တွေ့ဆုံခွင့်ရရန် မျှော်လင့်နေကြလေသည်။

နောက်တနေ့မနက်၌ ယန်ချန်က ရှုယင်တို့နဲ့အတူ မနက်စာ စားသောက်ပြီးနောက် ရှုယင်တို့သားအမိအား အလည်ပတ်ထွက်စေသည်။ မူလက ယန်ချန်မပါလျင် မထွက်တော့ဟု ငြင်းဆိုနေသည့် ရှုယင်မှာ ယင်ယင်လေး၏ တက်ကြွနေမှုက တကြောင်း ပါးနပ်လွန်းသည့် ကျင်းလုံက အစောင့်ရှောက်စီမံပေးခြင်းတို့ကြောင့် အဆုံး၌ အလျှော့ပေးလိုက်ရလေသည်။ ဧကရာဇ်မျက်စိအောက်၌ ဧကရာဇ်အစောင့်ရှောက်ဝန်းရံထားသည့် သူမအား ကျင်းတိုင်းပြည်တခုလုံးတွင်ပင် ရန်ရှာရဲမည့်သူ မရှိနိုင်ပေ။

ယန်ချန်က အပ်စိုက်ကုထုံးအတွက် ဆေးအပ်များပြင်ဆင်ခြင်း ဆေးရည်အချို့ဖော်စပ်က ဆေးအပ်များစိမ်ထားခြင်း သွေးကြောများပြန်လည်အားဖြစ်စေရန် အထူးသွေးကြောအားဖြည့်ဆေးရည်များ ဖော်စပ်ခြင်းတို့အား လျင်မြန်စွာလုပ်ဆောင်လိုက်ပြီး နာရီအချို့ကြာပြီးနောက်မှာတော့ မင်ယုရှန်းရှိရာ အခန်းရှေ့သို့ရောက်သွားတော့သည်။

“ဧကရီမင်..”

ယန်ချန်က သိနားလည်စွာပင် တံခါးခေါက်လိုက်သည်။ အထဲမှ တိုးညင်းသော်လည်း ပြတ်သားသည့် အသံတခုတုန့်ပြန်လာသည်။

“ဝင်ခဲ့ပါ သခင်လေး”

ယန်ချန်အထဲရောက်သွားချိန်မှာတော့ ထူးခြားသည့် ရနံ့တခု အခန်းတွင်းပျံ့နေသည်ကို သတိပြုမိလိုက်သည်။ သို့သော်လည်း လာရင်းကိစ္စကိုသာ အာရုံစိုက်ရန် ဆုံးဖြတ်ကာ ဆေးပစ္စည်းများအား နေရာချကာ မင်ယုရှန်းအား ကုတင်ပေါ်၌ နေရာယူစေသည်။

………………………………………………..

All Chapters