← Chapters

မင်ယုရှန်းအား ကုသခြင်း

Vol. 6 Ch. 60

မင်ယုရှန်းအား ကုသခြင်း

Vol. 6 Ch. 60

“ကျမကို ယုရှန်းလို့ ခေါ်နိုင်ပါတယ်”

သူမက ကုတင်ပေါ် သက်တောင့်သက်သာဟန်ဖြင့် လှဲလျောင်းရင်း ယန်ချန်အား ပြောသည်။ ယန်ချန် အနည်းငယ်ပြုံးလိုက်မိသည်။ မည်သည့်သေမျိုးက ဧကရီတပါးအား အမည်တပ်ခေါ်ရဲမည်နည်း။ သို့သော် တဖက်လူမှ ကြည်ကြည်ဖြူဖြူ ခွင့်ပြုလာသည့်အတွက် ဆက်ဆံရေးပိုနီးကပ်စေရန် ထိုအခွင့်ရေးအား ယန်ချန်လက်လွှတ်ခံမည် မဟုတ်ချေ။

“ကောင်းပါပြီ ကျတော့်ကိုလည်း ယန်ချန်လို့ပဲ ခေါ်နိုင်ပါတယ်”

“မဟုတ်တာ ရှင့်ရဲ့ဆေးပညာအရဖြစ်စေ တခြားကိစ္စတွေကြောင့်ဖြစ်စေ အမည်တပ်ခေါ်ဖို့က အဆင်မပြေပါဘူး”

ယန်ချန်တယောက် ခေါင်းယမ်းလိုက်မိသည်။ သူမက အနည်းငယ် ခေါင်းမာပုံရသည်။

“ကိစ္စမရှိပါဘူး ဒါတွေက သူတို့သက်မှတ်ထားတာတွေပါ ကျတော့်အတွက် အရေးမပါ ပါဘူး ဒါနဲ့ အပေါ်ရုံကို ချွတ်ပေးလို့ရမလား”

ယန်ချန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သော်လည်း ဧကရီမကြီးခမျာ မျက်နှာလေး ရဲသွားကာ အနေခက်သွားရသည်။ သို့သော်လည်း ဆေးကုသရန် လိုအပ်သည့်အတွက် အနည်းငယ်အံကျိတ်ကာ သူမ၏ အပေါ်ရုံအား ဖြည်းညင်းစွာ ချွတ်ချလိုက်တော့သည်။

ဖြူမွေးဝင်းမွတ်နေသည့် ပုခုံးသားလေးများ ဆင်စွယ်ကဲ့သို့ ဖြောင့်စင်းသည့် လက်နှစ်ဖက်အပြင် ညှပ်ရိုးများဖြင့် သွယ်လျသည့် လည်တိုင်တို့က အနုပညာလက်ရာမြောက် ပန်းပုရုပ်တခုနှယ် လှပနေကာ ဖြူဖျော့နေသော်လည်း စိုပြေသည့်အသားအရေက အသက်ရှုမှားချင်စရာ ဖြစ်သည်။ ယန်ချန်တယောက် နှာခေါင်းအား မသိမသာပွတ်လိုက်ရသည်။

(နှာခေါင်းသွေးတော့ မလျှံလောက်ဘူးမလား)

ယန်ချန်အနည်းငယ် တုန့်ဆိုင်းနေသည်ကိုမြင်လျင် မင်ယုရှန်းတယောက် ပို၍ရှက်သွားကာ ဖြူဖွေးသည့်လည်တိုင်တလျှောက် သွေးရည်ပတ်ဖြန်းလိုက်သလို နီမြန်းသွားသည်။ သူအနည်းငယ်ရဲတင်းသွားသည်ကို သတိပြုမိသည့်အခါမှာတော့ ချောင်းအနည်းငယ်ဟန့်ကာ ကုသရန်အာရုံစိုက်လိုက်တော့သည်။

ယန်ချန့်ရဲ့လက်များက အဓိကသွေးကြောများဆီ လျင်မြန်စွာလှုပ်ရှားနေပြီး ကျွမ်းကျင်မှုကြောင့် အပ်တချောင်းစိုက်လိုက်သည်ကိုပင် မင်ယုရှန်းတယောက် မခံစားမိပေ။ ခန္ဓာကိုယ်တခုလုံးအား အပ်စိုက်ရန် မိနစ်ဝက်သာကြာမြင့်လေသည်။

အပ်စိုက်ပြီးနောက် သွေးကြောများထဲမှ သွေးစီးဆင်းမှုကို အာရုံခံစမ်းသပ်ကြည့်သည်။ သွေးကြောနေရာအများစု ပျက်စီးနေပြီး အချို့နေရာများ၌ သွေးများပျစ်ခဲနေခြင်းကြောင့် သွေးလည်ပတ်မှုက မကောင်းမွန်ချေ။ အဆိုပါနေရာများအား ဆေးရည်စိမ်ထားသည့် အပ်မှ ဆေးရည်များက အပ်ပေါက်မှတဆင့် အတွင်းထိတိုးဝင်ကာ သွေးကြောများထံ ရောက်သွားချိန်မှာတော့ စတင်အလုပ်လုက်လာသည်။

ယန်ချန်တယောက် အပ်များအား ထုတ်ယူခြင်း ဆေးအနည်းငယ်စိမ်၍ ပြန်လည်စိုက်ခြင်းတို့ အထပ်ထပ်ပြုလုပ်နေခဲ့ရကာ နှစ်နာရီနီးပါး ကြာပြီးနောက် သွေးကြောများက စတင်ချိတ်ဆက်လာပြီး ပျစ်ခဲနေတဲ့သွေးခဲများက စတင်အရည်ပျော်လာသည်။ ထိုဖြစ်စဥ် စတင်ချိန်မှာတော့ မင်ယုရှန်းတယောက်နာကျင်မှုအား စတင်ခံစားလာရတော့သည်။

“နည်းနည်းနာမယ် သည်းခံပေးပါ သွေးကြောတွေပြန်ဆက်တဲ့ကိစ္စက ထင်ထားတာထက်ပိုခက်ခဲပါတယ် သွေးခဲတွေကိုတော့ ဒီနေ့အကုန် ပျောက်ကင်းအောင် ကျတော်လုပ်ပေးမယ်”

သွေးခဲများ ချေဖျက်ခြင်းက နာရီအနည်းငယ်သာ လိုပါသည်။ သွေးကြောများပြန်ဆက်ခြင်းကသာ အချိန်ယူရမည် ဖြစ်သည်။ မင်ယုရှန်းတယောက် ထူးခြားသည့်ဆေးရည်အချို့ သွေးကြောများထံ တိုးဝင်လာပြီး မကြာခင်မှာပဲ တုန်လှုပ်စပြုလာသည်။ သူမ၏မူလသွေးကြောများ စတင်ပျောက်ဆုံးသွားကာ အဆိုပါနေရာများ၌ ပိုကြီးပြီး ပိုထူသည့်သွေးကြောများ အသစ်ထပ်မံထွက်ပေါ်လာနေခြင်းဖြစ်သည်။

(သွေးကြောအသစ်တွေလား ပြီးတော့ ငါ့ရဲ့အရင်သွေးကြောတွေထက်တောင် ပိုကောင်းပြီး ပိုပြည့်စုံနေသေးတယ်)

မင်ယုရှန်းတယောက် အပ်စိုက်ရာ၌ အလေးနက်ဖြစ်နေသည့် ယန်ချန့်အား ခိုးကြည့်လိုက်သည်။ ဤလူကား မည်သူနည်း။

သိထားရမည်မှာ သွေးကြောများကို လုံးဝပြောင်းလဲပစ်ရန်ဆိုသည်မှာ ကောင်းကင်သို့တက်လှမ်းသည်ထက်ပင် ခက်ခဲပြီး ဖြစ်စဥ်ရဲနာကျင်မှုကိုလည်း သေချာပေါက် သူမတောင့်ခံနိုင်မည် မဟုတ်ပေ။ ယခု ဖြစ်စဥ်ကတော့ သူမခံနိုင်ရည်အတွင်းသာ ဆက်ရှိနေပြီး သွေးကြောများ ပို၍ထင်ထင်ရှားရှား ဖြစ်လာချိန်မှာတော့ သူမရဲ့တုန်လှုပ်မှုက ပို၍ တိုးလာတော့သည်။

ယန်ချန်တယောက် ထိုအပြုအမူများအား သတိမပြုမိပေ။ အပ်များအား ဆေးရည်စိမ်ခြင်း သွေးကြောနေရာများစစ်ဆေးခြင်း အပ်များထုတ်ယူခြင်း ပြန်စိုက်ခြင်းတို့၌သာ အချိန်ကုန်နေခဲ့ပြီး နဖူးပြင်ပေါ်၌ ချွေးစက်များသီးနေလေသည်။

ဟူးး

(အာရုံစိုက်ရလွန်းတော့ တကယ်ပင်ပန်းတာပဲ)

တနေ့တာ ကုန်ဆုံးသွားပြီးနောက် ရှုယင်တို့သားအမိ ပြန်လည်ရောက်ရှိလာမှသာ ကုသမှုဖြစ်စဥ်အား အဆုံးသတ်လိုက်သည်။

“နောက်ထပ်ရက်အနည်းငယ် ထပ်ကုပေးဖို့လိုမယ် ယုရှန်း ကောင်းကောင်းအနားယူပါ”

ယန်ချန်က နွေးထွေးစွာပြုံးပြလိုက်ပြီးနောက် မင်ယုရှန်းအား နှုတ်ဆက်ကာ အခန်းထဲမှ ထွက်လာခဲ့လေသည်။ သူ့အနေဖြင့် အဘယ့်ကြောင့် ထိုမျှအပင်ပန်းခံ ကုသနေရသနည်း။ မထင်မှတ်စွာဖြင့် ရှောင်ရှန်းရှန်းပုံရိပ်က သူ့အားလွှမ်းမိုးနေခဲ့ကာ သူကိုယ်တိုင်၌လည်း မင်ယုရှန်းအပေါ် ခံစားချက်အချို့ ဖြစ်နေခဲ့လေသည်။

(မြင်မြင်ချင်း စိတ်ဝင်စားမိတာလား ဒါက နည်းနည်းတော့ ရယ်စရာကောင်းတယ်)

ယန်ချန်တယောက် ထိုသို့တွေးရင် နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသည်အထိ ပြုံးလိုက်မိသည်။ တဆက်တည်း ဝမ်းဗိုက်ကလည်း အလွန်ဆာလောင်လာသည်ကို သတိပြုမိလိုက်တော့သည်။

………………………………………………..

All Chapters