ထူးခြားသည့် ကျောက်လှိုဏ်ဂူ
Vol. 6 Ch. 51
တညတာ တောင်ပတ်လမ်းတနေရာ၌ ကုန်ဆုံးပြီးနောက် ယန်ချန်လည်း တောင်ပေါ်ဆက်၍ တက်ပြန်သည်။ တောင်တက်လမ်းက တောင်ပေါ်သို့ရောက်ခါနီးလေ ကျယ်ပြန့်လေဖြစ်ကာ လမ်းတချပ်စီရှိ အပင်ငယ်များ ခြုံများလည်း တစတစ လျော့ပါးသွားသည်ကို သတိပြုမိလိုက်သည်။
ထိုအရာက တောင်ပေါ်၌ မြေပြန့်တခုရှိနေသည့် လက္ခဏာဖြစ်ပြီး ယခင်က တောင်ပေါ်သို့ အခြားသူများ အကြိမ်ရေတော်တော်များများ တက်ရောက်ခဲ့လိမ့်မည်ဟု ခန့်မှန်းမိသည်။
နောက်ထပ် တနာရီကျော်ခန့်ကြာပြီးနောက် တောင်ရဲ့သုံးပုံနှစ်ပုံနီးပါး ရောက်ရှိလာကာ အပေါ်သို့လမ်းကြည့်လိုက်လျှင် တောင်ထိပ်ရှိသစ်ပင်ကြီးအနည်းငယ်၏ ထိပ်ဖျားအား မြင်တွေ့ရလေသည်။
“ငါတို့ နေမဝင်ခင် တောင်ထိပ်အရောက်တက်ကြမယ် ဒီညတော့ တောင်ထိပ်မှာ နားကြတာပေါ့”
ယန်ချန်က ထိုသို့ပြောပြီးနောက် ရှေ့မှဦးဆောင်၍ အလျင်မြန်ဆက်တက်သွားသည်။ ယခင်ဘဝဆိုလျင် တောင်တက်ခရီးစဥ်က ခရီးသွားလုပ်ငန်းများ၏ ငွေဝင်လမ်းတခုဖြစ်သည်။
မွန်းလွဲပိုင်းရောက်ချိန်၌ တောင်ထိပ်ပေါ်သို့ အောင်အောင်မြင်မြင်ရောက်ရှိသွားခဲ့ပြီး မူလက တွေးထားသည့်အတိုင်းပင် တောင်ထိပ်၌ အရိပ်ရအပင်ကြီးအချို့ရှိနေခဲ့သည်။ ထို့အပြင် ကျယ်ပြန်သည့် မြေကွက်လပ်ကြီးတခုနဲ့အတူ တောင်ထိပ်၏ အခြားထောင့်တနေရာ၌ အခြားတောင်ထိပ်နဲ့ထူးခြားစွာဆက်စပ်နေဟန်ရှိသည့် လှိုဏ်ဂူအပေါက်ဝတခုအား တွေ့လိုက်ရသည်။
(သဘာဝလှိုဏ်ဂူလား ဒါမှမဟုတ် လူလုပ်လှိုဏ်ဂူလား)
ယန်ချန်က မြေကွက်လပ်နေရာအနှံ့ သွားလာပြီးနောက် သစ်ပင်ကြီးများကိုလည်း အနီးကပ်စစ်ဆေးကြည့်သည်။ သစ်ပင်ကြီးများ၏ သက်တမ်းက အနည်းဆုံး နှစ်ထောင်ဂဏန်းထိရှိနိုင်ပြီး ပင်စည်လုံးပတ်များက အတော်လေးကြီးမားသည်ကို တွေ့နိုင်သည်။
“ယန်ပိုင် ပတ်ဝန်းကျင်ကို စစ်ဆေးလိုက် ငါတို့ လှိုဏ်ဂူထဲမှာ အနားယူကြမယ်”
ယန်ချန့်စကားကိုကြားလျင် ယန်ပိုင်က တောင်ထိပ်အနှံ့ လျင်မြန်စွာစစ်ဆေးနေပြီး ယန်ချန်နဲ့တောဝက်အိုကြီးတို့ကတော့ ကျောက်လှိုဏ်ဂူအတွင်း ဝင်ရောက်သွားတော့သည်။
လှိုဏ်ဂူ၏ဝင်ပေါက်က ဆယ်ပေအမြင့်ခန့်သာရှိပြီး အကျယ်ကလည်း ၈ပေခန့်သာရှိ၍ သေးငယ်သည်ဟု ဆိုနိုင်သည်။ သို့သော် ယန်ချန်မှင်သက်သွားရသည်က ကျောက်ဂူ၏အတွင်းဘက် အကျယ်မှာ ပေ၅၀ နီးပါးရှိနေပြီး အလင်းရောင်ကောင်းစွာ ရနေခြင်းဖြစ်သည်။
ယန်ချန်က လှိုဏ်ဂူရဲ့နံရံများအား ထိခေါက်ကြည့်သည်။ မာကြောသည့် စကျင်ကျောက်သားကဲ့သို့ အရောင်ဆင်းနှင့် မာကြောမှုကိုခံစားလိုက်ရပြီး တမူထူးခြားသည့် အေးစက်စက်ခံစားမှုကိုလည်း ရလိုက်သေးသည်။
တခဏကြာ ယန်ပိုင်ပြန်ရောက်လာသည်။ ယန်ပိုင်ရဲ့ တည်ငြိမ်နေဟန်ကိုကြည့်၍ မည်သည့်အန္တရာယ်မှ မရှိနိုင်သည်ကို ယန်ချန်သတိပြုမိလိုက်ကာ စိတ်သက်သာရာရစွာဖြင့် အနားယူရန်ပြင်ဆင်တော့သည်။
တောင်တက်ခြင်းက အလေ့ကျင့်မရှိသူများအတွက် အလွန်ပင်ပန်းသည့် လုပ်ငန်းစဥ်ဖြစ်သည်။ ထို့ကြောင့် အနည်းငယ်ညောင်းညာသလို ခံစားနေရသည့် ခြေထောက်အစုံအား အနားပေးရန် ဆုံးဖြတ်လိုက်ရသည်။
ညနေစာအတွက် အသင့်ပြင်ထားတဲ့အသားခြောက်တချို့ ထုတ်ယူကာ မီးဖိုပေါ်တင်၍ ဆူပွက်သည်ထိ ပြုတ်လိုက်သည်။ ပြီးနောက် အရွက်အနည်းငယ်ထပ်ဖြည့်ပြီး ညနေစာအဖြစ် အသားခြောက်အရွပ်စွပ်ပြုတ်ကိုသာ စားသောက်လိုက်တော့သည်။
အလင်းရောင်ရနေခြင်းကြောင့် မီးဖိုအား မီးအရှိန်မြင့်ထားရန်မလိုပေ။ ထိုအတွက် မီးစာအနည်းငယ်လျော့ချလိုက်ပြီးနောက် အနားယူရန်လှဲချလိုက်စဥ် အေးစက်သည့်အငွေ့သက်တခု ဖြတ်သန်းသွားသည်။
တဖက်ရှိ ယန်ပိုင်လည်း အမွှေးများထောင်ထသွားခဲ့ပြီး သူ့ပုံစံက အန္တရာယ်ရှိသည့် တစုံတရာအား အာရုံခံမိသကဲ့သို့ ဖြစ်သွားသည်။
(ဘာဖြစ်တာလဲ သရဲခြောက်တာလား)
ယန်ချန်ရဲ့ပထမဆုံးအတွေးက သရဲခြောက်ခံရခြင်းဖြစ်ပြီး တဆက်တည်း ကျင့်ကြံရေးလောက၌ ဝိဉာဥ်များတည်ရှိသည်ကို သူသိထားခြင်းကြောင့် လက်ရှိအခြေနေက အနည်းငယ်ထိတ်လန့်ဖွယ်ကောင်းသည်ဟု ခံစားလိုက်ရသည်။
“ဘာလဲ မင်းကသရဲကြောက်လို့လား”
ယန်ချန်က ထောင့်တနေရာ၌ အမွှေးများထောင်ထကာ သတိကြီးကြီးထားနေသည့် ယန်ပိုင်ကို လှမ်းစသည်။
ဟူးး.
နောက်ထပ်လေပြင်းတခု တိုက်သွားချိန်မှာတော့ ယန်ချန်တယောက် ဆတ်ခနဲ ထရပ်ကာ ကျောက်ဂူရဲ့အတွင်းဘက်အား စစ်ဆေးရန်ဆုံးဖြတ်လိုက်တော့သည်။ မည်သည့်အရာမှန်း မသိသည်ကို ထိုင်၍ စောင့်နေခြင်းထက် အရင်ရှာဖွေလိုက်ခြင်းက ပို၍ စိတ်သက်သာရာ ရစေသည်မဟုတ်လား။
ယန်ချန့်အနောက်မှ ယန်ပိုင်နဲ့တောဝက်ကြီးတို့ ကပ်၍ပါလာခဲ့ပြီး အံ့သြစရာပင် ကျောက်ဂူအတွင်း၌ အောက်ဘက်သို့ပြေဆင်းသွားသည့် လမ်းကြောင်းတခုရှိနေလေသည်။ အေးစက်သည့် လေများက လမ်းကြောင်းတလျှောက် တိုးဝင်လာပုံရသည်။
ယန်ချန်ရဲ့ခြေလှမ်းများ ဆတ်ခနဲရပ်တန့်သွားသည်။ တခဏကြာတုန့်ဆိုင်းပြီးနောက် ဆက်သွားရန်ဆုံးဖြတ်လိုက်သည်။ အောက်ဘက်သို့ ပြေဆင်းသွားသည့် လမ်းကြောင်းက အဆုံးမရှိသည့်ဟန်ဖြစ်နေပြီး အဆင်းလွယ်ကူပြီး သက်တောင့်သက်သာရှိသည့်အတွက် မည်မျှကြာအောင် ဆင်းမိခဲ့မှန်း ယန်ချန်မတွက်ဆမိချေ။ သူသတိထားမိချိန်မှတော့ လမ်းကြောင်းက ဆုံးလုနီးပါးဖြစ်ကာ လေများကပို၍ ပြင်းထန်စွာ တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။
(အောက်မှာတခုခုရှိနေတာများလား)
အလျင်မြန်ပဲ ဆက်၍ဆင်းသွားခဲ့ပြီး နောက်ထပ်တနာရီနီးပါး ထပ်မံကြာမြင့်သွားသည်။ လမ်းကြောင်းက ကျယ်လာကာ လေကပို၍ပြင်းပြင်းထန်ထန် တိုက်ခိုက်လာနေသည်။ ယန်ချန်က အင်ကျီရင်ဘတ်အား ခပ်တင်းတင်းဆွဲစေ့လိုက်ရသည်။
ထိုအချိန် စုန့်ပြည်နယ်မြို့တော်၏ တည်းခိုခန်းတခုအတွင်းမှာတော့ မင်ယုရှန်းတယောက် ဝိဉာဥ်သားရဲတောအုပ်၏ တည်နေရာအားစုံစမ်းသိရှိရပြီးနောက် ထွက်ခွာရန်ပြင်ဆင်နေခဲ့သည်။ သူမရဲ့ခရီးစဥ်က စုန့်ပြည်နယ် ကျင်းပြည်နယ် ပြီးနောက် ကျင်းခရိုင်ကြီးတခုထပ်မံဖြတ်သန်းကာ နောက်ထပ်စီရင်စုအချို့ ကျော်လွန်ပြီးနောက် ဝိဉာဥ်သားရဲတောအုပ်ဆီ ရောက်ရှိသွားမည်ဖြစ်သည်။ ထိုခရီးအတွက် သူမရက်အနည်းငယ် အချိန်ကုန်ရမည်ဖြစ်သည်။
တင်ပျဥ်ခွေထိုင်လေ့ကျင့်ရာမှ ထရပ်လိုက်သည်။ ပြီးနောက် ပြတင်းပေါက်မှတဆင့် လမ်းမကြီးပေါ်သို့ ကြည့်ရှုနေစဥ် တောက်ပသည့်အလင်းတန်းတခုနဲ့အတူ စာပို့ခိုတကောင်က ပြတင်းပေါက် ဘောင်ပေါ်သို့ လာရောက်နားလေသည်။ မင်ယုရှန်းရဲ့မျက်ခုံးအစုံက တွန့်ကွေးသွားသည်။ သူမ ရောက်နေသည်ကိုမည်သူက သတိထားမိသွားလေသနည်း။
စာပို့ခိုက သေးငယ်သည့်စာလိပ်တခုအား ပေးပြီးနောက် ချက်ချင်းပင်ပြန်လည် ပျံသန်းသွားတော့သည်။ ကျင့်ကြံရေးလောက၌ စာပို့သည့်နည်းလမ်းများစွာရှိသော်လည်း စာပို့ခိုဖြင့် ပို့သည့်နည်းလမ်းက အရိုးရှင်းဆုံးဖြစ်သည်။ သူမကဲ့သို့ ထိပ်တန်းကျင့်ကြံသူတဦးအား ထိုမျှရိုးရှင်းသည့်နည်းလမ်းဖြင့် စာပို့လေသလား။
စာလိပ်အား ဖွင့်ကြည့်လိုက်ချိန်မှာတော့ သူမရဲ့မျက်လုံးအစုံက အံ့သြသင့်သွားဟန်ဖျတ်ခနဲ ဖြစ်သွားခဲ့ပြီး ထိုအရာက စက္ကန့်ပိုင်းမျှသာ ကြာလေသည်။
……………………………………………..