← Chapters

ကျင်းယွင်ဂိုဏ်းမှ ဂိုဏ်းတူမောင်နှမများ

Vol. 6 Ch. 52

ကျင်းယွင်ဂိုဏ်းမှ ဂိုဏ်းတူမောင်နှမများ

Vol. 6 Ch. 52

“ဘာကိစ္စနဲ့များ ရောက်လာတာလဲ ရှန်းညီမ”

ဧကရာဇ်ကျင်းလုံက မင်ယုရှန်းအားကြည့်ရင်ူ မေးလိုက်သည်။ မင်ယုရှန်းအနေဖြင့် သူမရဲ့အရှိန်ဝါအား ဖုံးကွယ်ထားသော်လည်း နှစ်များစွာ ရင်းနီးခဲ့ကြသည့် သူမရဲ့ဂိုဏ်းတူ မောင်နှမများအား ဖုံးကွယ်ရန်မတတ်နိုင်ခဲ့ပေ။

ကျင်းလုံရဲ့အမေးကို မင်ယုရှန်းက တုန့်ပြန်မှုမပြုပဲ တိတ်ဆိတ်နေသည်။ သူမက သွေးကြောများပြုပြင်ရန် ယန်သစ်မြစ်အားရှာဖွေလိုသည်ဟု ပြောရမည်လား။ မဖြစ်နိုင်ပေ။

“ဆရာ့ဆီက အဆက်သွယ်ရသေးလား အစ်ကိုတော့ ဆရာနဲ့အဆက်သွယ်ပြတ်ပြီးနောက် အတော်လေးကြာတော့ ဆရာ့ကိုသတိရမိတယ်”

ကျင်းလုံက တီးတိုးပြောကာ လက်ဖက်ရည်အနည်းငယ် အရသာခံ၍သောက်လိုက်သည်။ ဆက်၍

“ငါတို့ဂိုဏ်းတူမောင်နှမတွေ ဂိုဏ်းကထွက်ပြီး တကွဲတပြားဖြစ်နေခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ ဆယ်နှစ်လား အနှစ်နှစ်ဆယ်လား မမှတ်မိတော့ဘူး”

မင်ယုရှန်းက ကျင်းလုံရဲ့မျက်နှာအား တည့်မတ်သွာကြည့်ရင်း မေးလိုက်သည်။

“စီနီယာအစ်ကိုက ဘာပြောချင်တာလဲ”

“ဟားးး အထွေအထူးမရှိပါဘူး စီနီယာညီမလေးက အစ်ကို့တိုင်းပြည်ထဲရောက်လာတာတောင် အစ်ကို့ဆီလာမလည်တာကို စိတ်မကောင်းဖြစ်မိရုံပါ”

ကျင်းလုံရဲ့လေသံက အနည်းငယ်စိတ်မကောင်းဖြစ်နေဟန်ရှိသည်ကို ခံစားမိသည့်မင်ယုရှန်းတယောက် သက်ပြင်းချလိုက်မိသည်။

“ သွေးဝိဉာဥ်ဂိုဏ်းနဲ့ပက်သက်ပြီး တခုခုစုံစမ်းမိလား”

“နည်းနည်းတော့ သိထားတယ်”

“ဘာတွေလဲ”

ကျင်းလုံက မင်ယုရှန်းရဲ့အမေးအား မဖြေသေးပဲ လက်ဖက်ရည်တခွက်ငှဲ့ကာ မင်ယုရှန်းရှေ့တိုးပေးလိုက်သည်။ ပြီးနောက်

“တစ်ယောက်လာလိမ့်မယ် အဲ့ခါကျ ပြောကြတာပေါ့”

“ဘယ်သူလဲ စုလဲ့လား”

မင်ယုရှန်းတယောက် ထိုသို့ပြောနေစဥ် ကျင်းလုံ၏နောက်ကျောဘက် လေဟာနယ်အတွင်းမှ လှပသည့်ပုံရိပ်တခု ထွက်ပေါ်လာသည်။

“သူက အကျင့်မပြောင်းသေးဘူး”

ကျင်းလုံလည်း တီးတိုးညည်းညူလိုက်သည်။ သူမက နန်းတော်အတွင်း ထိုကဲ့သို့နည်းလမ်းများဖြင့် တိုက်ရိုက်လာလေ့ရှိသည်မှာ အလေ့ထလိုပင် ဖြစ်နေသည်။

“မတေွ့တာကြာပြီနော် စီနီယာအစ်မ”

စုလဲ့က မင်ယုရှန်းအားနှုတ်ဆက်ပြီးနောက် စားပွဲဝိုင်း၌ ဝင်ထိုင်ကာ မင်ယုရှန်းအတွက် ငှဲ့ထားသည့် လက်ဖက်ရည်ခွက်အား ဆတ်ခနဲ ယူသောက်လိုက်သည်။

“နင်ကတော့ အရင်တိုင်းပဲ မပြောင်းလဲသေးဘူးကိုး”

“နင်လည်း အတူတူပဲ စီနီယာအစ်မ လှပသိမ်မွေ့ချင်ယောင်​ဆောင်ပြီး သွေးအေးရက်စက်နေတုန်းပဲမဟုတ်လား”

ထိုသို့ပင် သူမတို့နှစ်ဦးက ညီအစ်မများထက် ရင်းနီးသော်လည်း ရန်သူများထက်ပင် ရံဖန်ရံခါ၌ တိုက်ခိုက်တတ်သေးသည်။

“ငါရောက်နေတာ နင်ဘယ်လိုသိလဲ စီနီယာအစ်ကိုပြောတာလား”

မင်ယုရှန်းရဲ့အကြည့်က ကျင်းလုံဆီရောက်သွားသည်။ ကျင်းလုံက ချက်ချင်းပဲ လက်ဖြန့်ပြကာ ရှောင်ထွက်သွားသည်။

“ငါ့ပိုင်နက်ထဲရောက်လာမှတော့ ငါမသိပဲနေမလား ဒါနဲ့ နင့်ပုံစံက ဘာဖြစ်နေတာလဲ”

စုလဲ့က ပြောရင်းပင် မင်ယုရှန်းဆီ လက်ဝါးရိုက်ချက်တခု အသာယာရိုက်ထုတ်လိုက်သည်။ ရုတ်ချည်းတိုက်ခိုက်မှုကို အနည်းငယ်မှင်သက်သွားသော်လည်း မင်ယုရှန်းက တုန့်ဆိုင်းမနေချေ။ ချက်ချင်းပဲ ပြန်လည်ခုခံလိုက်သည်။

လက်ဝါးနှစ်ခုထိခတ်သွားပြီး တိုးညင်းတဲ့အသံထွက်ပေါ်လာပြီးနောက် မင်ယုရှန်းတယောက် ဟန်ချက်ပျက်လုနီးပါး ဖြစ်သွားရသည်။

“နင်ဒဏ်ရာရထားတာပဲ ဘာဖြစ်တာလဲ”

စုလဲ့၏လေသံက စိုးရိမ်နေပုံရသည်ကို ခံစားမိလျင် မင်ယုရှန်းတယောက်ခပ်ဖွဖွ ပြုံးလိုက်မိသည်။

“လွန်ခဲ့တဲ့နှစ်တွေက ငါ့အတွက် သေရေးရှင်ရေးလမ်းကြောင်းကြီးလေ ဒီလောက်တော့ရှိမှာပေါ့ ဒါနဲ့ နင်ကအခုငါ့ထက် သာနေပြီပဲ”

စုလဲ့က ထိုချီးကျူးစကားအား ဂရုမစိုက် ကျင်းလုံဆီအကြည့်လွှဲကာမေးလိုက်သည်။

“သူဘာဖြစ်ထားတာလဲ”

စုလဲ့ရဲ့အမေးကိုကြားလျင် ကျင်းလုံက

“သူ့ရဲ့သွေးကြောတွေ ဒဏ်ရာရပြီး ပျက်စီးနေပြီး သိပ်မကြာခင် သာမန်သေမျိုးပြန်ဖြစ်သွားလိမ့်မယ် အချိန်မီမကုသရင်ပေါ့”

ကျင်းလုံရဲ့စကားကြောင့် မင်ယုရှန်းတယောက် ထိတ်လန့်သွားမိသည်။ သူမ၏စီနီယာအစ်ကိုက သူမဒဏ်ရာအားမည်ကဲ့သို့ သိသွားရသနည်း။ တနည်းသာရှိသည် ထိုအရာက

“ကောင်းကင်ဘုံတွက်ချက်နည်း.”

“ဟုတ်တယ် ညီမရှန်းရောက်လာတာကို သိတည်းက အစ်ကိုတွက်လိုက်တာ ဒါကြောင့် အကြောင်းရင်းကိုသိခဲ့တာလေ”

“စီနီယာအစ်ကို ဒါက နည်းနည်းစည်းကျော်တယ်လို့ မထင်ဘူးလား”

မင်ယုရှန်းရဲ့စကားကို စုလဲ့က ဒေါသထွက်ဟန်ဖြင့်

“ဘာကိုစည်းကျော်တာလဲ ငါတို့သာဒီလိုမတွက်ခဲ့ရင် နင်က မေးရင်လည်းပြောမယ့်သူ မဟုတ်ဘူးလေ”

အမှန်တော့ စုလဲ့သည်လည်း မှင်သက်နေရပြီး ကောင်းကင်ဘုံတွက်ချက်နည်းက သက်တမ်းအချို့ရင်းရသည်ကို သိထားသည့်အတွက် ကျင်းလုံတယောက် သူ့ရဲ့စီနီယာညီမများအား အလေးနက်ရှိသည်ကို သူမ ခံစားနိုင်ခဲ့လေသည်။

“သိတော့ရော ဘာထူးလဲ ကူညီနိုင်မှာလား”

မင်ယုရှန်းက တင်းမာစွာဆိုသည်။ ကျင်းလုံက

“နှစ်တထောင်ယန်သစ်မြစ် မဟုတ်လား ညီမရှန်းပြောတာမှန်တယ် ငါတို့မကူညီနိုင်ဘူး”

“ဟက်..”

မင်ယုရှန်းက သိသားပဲဆိုသည့် အ​ကြည့်ဖြင့် ကျင်းလုံတို့အား ဝေ့ကြည့်ကာ ခနဲ့တဲ့တဲ့ နှာခေါင်းရှုံ့လိုက်သည်။ ကျင်းလုံက အနည်းငယ်ပြုံး၍ ဆက်ပြောလိုက်သည်။

“ဒါပေမယ့် တစ်ယောက်ကတော့ ညီမရှန်းကို ကူညီနိုင်တယ်”

ထိုစကားက မင်ယုရှန်းအား ထိတ်လန့်သွားစေသည်။ မည်သူက ယန်သစ်မြစ်ရှိထားပြီ သူမအား ကူညီနိုင်မည်နည်း။ ယန်သစ်မြစ်ရှိလျင်တောင် ဆေးပညာအရည်ချင်းက အနိမ့်ဆုံးသူတော်စင် တဝက်ဖြစ်ရန်လိုသေးသည်။ မဟုတ်ပါက ယန်သစ်မြစ်၏အာနိသင်ကို အပြည့်အဝ ရတော့မည်မဟုတ်ပေ။

ကျင်းလုံရဲ့အကြည့်က စုလဲ့ထံရောက်သွားသည်။ စုလဲ့က

“ဘာလို့ငါလဲ ငါကနောက်တကြိမ် အဲ့လူဆီ အကူညီထပ်တောင်းဖို့ မျက်နှာရှိဦးမယ်ထင်လား”

သူမပြောသည်မှာ မှန်ချေသည်။ အခြားသူများမသိသော်လည်း လီဖူယွဲ့တို့တသိုက် ယန်ချန့်ရွာရောက်နေပြီး ယန်ချန့်ဆီမှ အကျိုးမြတ်များရယူနေသည်ကို ကျင်းလုံကသိထားသည်။

“ဒီတကြိမ်ပါပဲ..”

ကျင်းလုံက စုလဲ့အား​ကြည့်ရင်း တီးတိုးပြောလာသည်။ မင်ယုရှန်းကမူ သူမနားမလည်သည့် အကြောင်းရာများပြောနေသည့်နှယ် ကျင်းလုံနဲ့စုလဲ့အား ကြည့်ကာ ကြောင်အနေသည်။

“နင်တို့ဘယ်သူ့အကြောင်းပြောနေကြတာလဲ အဲ့လူက ငါ့ကိုကူညီနိုင်မှာသေချာလို့လား”

“ရာနှုန်းပြည့် သေချာတယ်”

“ရာနှုန်းပြည့်ပဲ”

နှစ်ဦးစလုံးမှ တူညီသည့်လေသံတခု ထွက်ပေါ်လာပြီးနောက် လေထုက အချိန်တော်ကြာ တိတ်ဆိတ်သွားတော့သည်။

………………………………………………..

All Chapters