ကမ္ဘာဝိဉာဥ်
Vol. 6 Ch. 53
ယန်ချန်တို့အဖွဲ့ လမ်းကြောင်းမှတဆင့် ကျောက်ဂူ၏အောက်ထပ်သို့ ဆင်းသွားခဲ့ပြီး နာရီပေါင်းများစွာကြာပြီးချိန်မှာတော့ အောက်ခြေအား ထင်ရှားစွာမြင်တွေ့လာရသည်။
အောက်ခြေကား ရှင်းလင်းနေပြီး ပြန့်ပြူးသည့်မြေကွက်လပ်တခုရှိကာ မြေကွပ်လပ်၌ ကျောက်တုံးစင်မြင့်တခု ရှိနေသည်။ မူလက တက်တက်ကြွကြွဆင်းနေသည့် ယန်ပိုင်နဲ့တောဝက်အိုကြီးတို့ ကျောက်တုံးစင်မြင့်အားတွေ့လိုက်လျင် တွန့်ခနဲ ဖြစ်သွားကာ ကျောချမ်းသွားသည်။
သိသာစွာပင် ကျောက်တုံးစင်မြင့်ပတ်လည် ပေနှစ်ဆယ်ခန့်အား အစီရင်တခုက လွှမ်းခြုံထားပြီး ယန်ပိုင်တို့က အစီရင်ကိုမမြင်နိုင်သော်လည်း ကြောက်မက်ဖွယ်စွမ်းအားကို ခံစားလိုက်မိ၍ တုန့်ဆိုင်းသွားခြင်းဖြစ်သည်။
(အစီရင်ကြီးလား ငါတွေ့ဖူးသမျှ လူသားအစီရင်ထဲ ကြောက်စရာအကောင်းဆုံးပဲ အင်း သခင်လေးလုပ်တဲ့ အစီရင်တွေကိုတော့ မမီဘူးပေါ့)
ထိုစဥ် ယန်ချန်က လမ်းကြောင်းမှဆင်းရင်း ကျောက်တုံးစင်မြင့်ဆီ အကြည့်ရောက်သွားသည်။ ပြီးနောက် သူသည်လည်း အစီရင်ကြီးအားတွေ့လိုက်ကာ ယန်ပိုင်တို့ထက်ပိုသည်က အစီရင်၏ အလံများ အစီရင်ကွက်များကိုပါ ထင်ထင်ရှားရှား မြင်တွေ့နေရခြင်းဖြစ်သည်။
(ဒီ ကျောက်တုံးစင်မြင့်ပေါ်မှာ ဘာရှိနေလို့ အစီရင်နဲ့ပိတ်ထားတာလဲ အန္တရာယ်များတာ တခုခုရှိနေတာလား)
ယန်ချန်က မြေကွက်လပ်ဆီတိုး၍ အစီရင်အားအနီးကပ်စစ်ဆေးကြည့်သည်။ သူ့အနောက်ရှိ ယန်ပိုင်နဲ့တောဝက်အိုကြီးတို့ကမူ တုန်လှုပ်ကာ နေရာ၌ပင် ရပ်တန့်နေလေသည်။
အစီရင်က သွေးနီရောင်တောက်ပနေပြီး လေထဲ၌ ကြောက်မက်ဖွယ်ဝိဉာဥ်များက ဟိုသည်လှည့်လည်နေသည်မှာ ထိတ်လန့်ခြောက်ခြားဖွယ် ကောင်းနေသည်။
ယန်ချန့်အတွက်တော့ အစီရင်က ရိုးရှင်းနေပြီး စနစ်မှသင်ကြားပေးထားမှုအရ မြင်နေရသည့်အစီရင်၏ အဆင့်တန်းက သာမန်အဆင့်သာဖြစ်သည်။
(အန္တရာယ်ရှိတဲ့အရာတခုခုဆို ဘယ်လိုလုပ်မလဲ)
ယန်ချန်ရဲ့အတွေးများက ဟိုဒီပျံ့လွင့်နေပြီး ကျောက်တုံးစင်မြင့်ပေါ်ရှိ အဖြူလုံးကြီးကိုလည်း စိတ်ဝင်စားနေကာ အန္တရာယ်ပေးလာမည်ကိုလည်း စိုးရိမ်နေလေသည်။
(မသိစိတ်အရတော့ အန္တရာယ်မရှိဘူးလို့ ခံစားနေရတယ် ငါစမ်းကြည့်မယ်)
ယန်ချန်က အစီရင်ပတ်ပတ်လည်အား အနည်းငယ်ပတ်၍ နောက်ထပ်အလံအနည်းငယ်အား ပစ်လွှတ်ကာ မူလအစီရင်ကြီးအား ဖျက်စီးလိုက်သည်။
(ရိုးရှင်းလိုက်တာ ဘယ်သူကများ ဒီနေရာကြီးမှာ အစီရင်နဲ့လာပိတ်ထားတာလဲ)
ယန်ချန့်ရဲ့လက်များက ရိုးရှင်းစွာ လှုပ်ရှားသွားပြီး တမိနစ်ခန့်အကြာမှာပဲ အစီရင်ကြီးက ပြင်းထန်စွာလှုပ်ခတ်သွားသည်။ ပြီးနောက် ယန်ပိုင်တို့အမြင်၌ ပြေးလွှားနေသည့် ဝိဉာဥ်များ၏ အထိတ်တလန့်အော်သံများ ပျောက်သွားကာ မြေကွပ်လပ်ကြီးက လင်းထိန်သွားလေသည်။
(ဟူး သခင်လေးက နတ်ဘုရားတပါးပဲ ဒီအစီရင်ကတော့ သခင်လေးအတွက် ထမင်းစားရေသောက်ဖြစ်နေမှာပေါ့)
ယန်ချန်က အစီရင်အားဖျက်ပြီးနောက် ကျောက်တူံးစင်မြင့်ဆီ တိုးကပ်သွားသည်။ ပြီးနောက် ထူးခြားသည့် ကျောက်တုံးစင်မြင့်ပေါ်ရှိ အလင်းလုံးဆီ လက်လှမ်းလိုက်ချိန်မှာတော့ တောက်ပသည့် အလင်းရောင်ကြီး တခုဖြာခနဲထွက်သွားကာ ထိုအထဲမှ ပုံရိပ်လေးတခု ခုန်ထွက်လာသည်။
“ညောင်”
“ဟ ကြောင်တကောင်လား”
ယန်ချန်တယောက် မှင်သက်သွားသည်။ ဘယ်လိုအရူးက ကြောင်တကောင်ကို တလေးတစားကြီး အစီရင်နဲ့တောင် ပိတ်ထားရတာလဲ။ ကျင့်ကြံသူများကို စိတ်မနှံသူများဟု ယန်ချန်ထင်ခဲ့သည်မှာ မှန်ပုံရသည်။
ကြောင်ပေါက်လေးက ယန်ချန့်အနားခုန်ဆင်းလာကာ ငွေရောင်တောက်ပနေသည့် အမွှေးများက အလင်းတန်းလေးတခုနှယ် ဖျတ်ခနဲ လင်းသွားသည်။
ယန်ချန်က ခုန်ဆင်းလာသည့် ကြောင်ပေါက်လေးအား ပွေ့ချီလိုက်ပြီး နူးညံ့သည့်အမွှေးလေးများအား ညင်သာစွာပွတ်သပ်လိုက်သည်။
“ညောင်”
အနောက်ဘက်မှ ယန်ပိုင်တို့ကမူ ကျောရိုးများ တောင့်တင်းကာ ကြောင်ပေါက်လေးဆီ စိုက်ကြည့်နေကြပြီး အချိန်တော်ကြာထိ မှင်သက်နေကြလေသည်။
“ငါက ဘာများထူးထူးခြားရှိသလဲမှတ်နေတာ ကြောင်တကောင်ကိုပိတ်ထားတဲ့ အစီရင်တခုပဲရှိတယ် ဘာမှမထူးခြားဘူး”
ယန်ချန်က ကြောင်ပေါက်လေးအားပွေ့ရင်း အပေါ်ပြန်တက်ရန်ပြင်သည်။ သေချာပေါက် အပင်ပန်းခံထားရသည့်အတွက် ကြောင်ပေါက်လေးအား ခေါ်သွားရမည်ဖြစ်ပြီး အစီရင်ဖြင့် ပိတ်ထားရသည့်အတွက် တခုခုတော့ ထူးခြားမည်ဟု သူထင်နေသည်။
“သွားကြစို့ အပေါ်ပြန်တက်ပြီး အိမ်ပြန်ကြမယ်”
ယန်ချန့်အသံကြားမှ ယန်ပိုင်တို့လည်း သတိပြန်ဝင်လာကာ လမ်းကြောင်းအပေါ်သို့ အပြေးတက်သွားသည်မှာ အနောက်ပင်လှည့်မကြည့်တော့ချေ။
(ဘာလဲဟ ဒီကောင်တွေက ကြောင်ကိုတောင်ကြောက်ကြတာလား)
ယန်ပိုင်ရဲ့အမူရာကိုမြင်ပြီး မှင်သက်သွားရသော်လည်း ခဏသာဖြစ်သည်။ ကြောင်ပေါက်လေးက ယန်ချန့်လက်ထဲ၌ ခွေနေခဲ့ပြီး မျက်လုံးအစုံကိုမှိတ်ထားကာ ငွေရောင်အမြီးလေးကတော့ လှုပ်ယမ်းနေလေသည်။
(ငါ ဘယ်လိုတည်ရှိမှုကြီးနဲ့ဆုံလိုက်တာလဲ မိစ္ဆာဘုရင်ရဲ့ အစီရင်ကိုတောင် အသာလေးဖျက်စီးနိုင်တယ် ဒီလိုအဆင့်တည်ရှိမှုမျိုး ငါ့လောကထဲမှာ ဘယ်တုန်းကရှိသွားတာလဲ)
အတိကျပင် ကြောင်ပေါက်လေးက ထျန်းဟွမ်ကမ္ဘာအားစောင့်ရှောက်သည့် အစောင့်ရှောက်ဝိဉာဥ်ဖြစ်ပြီး ယန်ချန့်ဆီမှ ထိတ်လန့်ဖွယ်ဖိအားနဲ့ အရှိန်အဝါအား အာရုံခံမိပြီးနောက် မူလပုံစံကိုဖျောက်၍ ကြောင်တကောင်ပုံစံပြောင်းကာ ယန်ချန့်ဆီ ဝင်သွားခဲ့ခြင်းဖြစ်သည်။
(အနည်းဆုံး အစီရင်ထဲပိတ်မိနေတာထက်စာရင် ဒီလူ့ဆီမှာနေရတာ ပိုကောင်းပါတယ် ငါ့ဒဏ်ရာအချို့သက်သာသွားရင် ထျန်းဟွမ်လောကကြီးကို ပြန်စစ်ဆေးရမယ်)
ကမ္ဘာဝိဉာဥ် အဖမ်းခံရပြီးနောက် ထျန်းဟွမ်လောကကြီးက မတည်ငြိမ်ဖြစ်နေခဲ့ကာ သွေးဝိဉာဥ်ဂိုဏ်းမှ လှုပ်ရှားလာရခြင်းဖြစ်သည်။
မကြာမီ လမ်းကြောင်းမှတဆင့် အပေါ်သို့ပြန်လည်ရောက်ရှိသွားကာ ထိုလမ်းကြောင်း အတက်အဆင်းနဲ့ပင် ၂ရက်တာ ကုန်ဆုံးသွားခဲ့သည်။
“ခူးလို့ရသမျှ ဆေးပင်အကုန်ခူးခဲ့ကြ ဟိုနွယ်လိုသစ်မြစ်တွေပါ ချန်မထားနဲ့”
ယန်ချန်က တောင်ထိပ်ရှိ အနားယူရန်နေရာ၌ ခတ္တအနားယူရန်ပြင်ဆင်ပြီးနောက် စားသောက်ရန်ပြင်ဆင်ကာ ယန်ပိုင်တို့ကိုမူ ဆေးပင်များ ခူးစေလိုက်သည်။ တနာရီနီးပါး ကြာပြီးချိန်မှာတော့ အားလုံးအသင့်ဖြစ်လျင် အတူတူစားသောက်လိုက်ကြကာ ကြောင်ပေါက်လေးကိုလည်း စားစေသည်။
“မင်းကို ယန်ဟုန်လို့ အမည်ပေးလိုက်မယ် ရော့ဒီမှာအသားခြောက်စွပ်ပြုတ်”
ကြောင်ပေါက်အတွက် စွပ်ပြုတ်တပန်းကန် ခွဲဝေပေးလိုက်သည်။ ယန်ပိုင်နဲ့ တောဝက်အိုကြီးတို့ကမူ ကြောင်ပေါက်လေးနဲ့ ဝေးရာထိရှောင်ကာ စွပ်ပြုတ်အား ခပ်သွက်သွက်စားနေကြလေသည်။ စားသောက်ပြီးသွားချိန်မှာတော့ ပစ္စည်းများသိမ်းဆည်း၍ တောင်ပေါ်မှ ပြန်ဆင်းလာခဲ့တော့သည်။
သူ့အတွက် ကျောက်တုံးများရယူရန် တည်နေရာမှတ်ထားပြီးဖြစ်ကာ ရှားပါးဆေးပင်အချို့လည်း ရခဲ့သည်ဖြစ်၍ အရှူံးမရှိဟု တွက်ဆနိုင်ပေသည်။
နန်းတော်၏ လေထုက အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ စုလဲ့ရဲ့အသံကြောင့် အသက်ပြန်ဝင်လာသည်။
“ကောင်းပြီ ငါအဲ့လူနဲ့ တွေ့ပေးမယ် သူနင့်ကို ကုသမှုပေးမပေးကတော့ နင့်ကံပဲ”
ထိုအရာက သူမတတ်နိုင်တာအကုန်ဖြစ်ပြီး ကျင်းလုံကိုလည်း ယန်ချန်နှင့်မိတ်ဆက်ပေးရန် ကတိပေးထားခဲ့ရသေးသည်။
မင်ယုရှန်းက ခေါင်းညိတ်ပြသည်။ပြီးနောက်
“ငါနင့်ကို ဘာပြန်ပေးရမလဲ”
သူမစကားက ရိုးရှင်းသည်။ အကူညီဟူသည်ကား အလွယ်တကူမရနိုင်ပေ။
“နင်တကယ် ကူညီချင်တာလား နင့်အခြေနေနဲ့လေ”
စုလဲ့၏လေသံက လှောင်ပြောင်လိုဟန်မပါပဲ မင်ယုရှန်း၏ အခြေနေအား စိုးရိမ်ခြင်းကြောင့် မေးလိုက်ခြင်းဖြစ်သည်။
“ကိစ္စမရှိဘူး ငါကူညီနိုင်တာဖြစ်နေသရွေ့ နောက်မဆုတ်ဘူး”
စုလဲနဲ့ ကျင်းလုံတို့ တိတ်ဆိတ်သွားကာ အချင်းချင်းကြည့်လိုက်ကြသည်။ ပြီးနောက် စုလဲ့က
“တခု ကူညီစရာရှိတယ် ဒါပေမယ့် နင့်မှာ ငြင်းဆိုခွင့်ရှိတယ် အဲ့ဒါက.”
……………………………………………….