← Chapters

အိမ်အပြန်

Vol. 6 Ch. 54

အိမ်အပြန်

Vol. 6 Ch. 54

ယန်ချန်ရဲ့အိမ်အပြန်ခရီးက အလာတုန်းကထက် ပိုမြန်နေခဲ့ပြီး လမ်းခရီးတလျှောက် မည်သည့်အဟန့်အတားမှ မတွေ့ခဲ့ရ၍ ရက်အနည်းငယ်အတွင်းမှာပဲ တောစပ်အားရောက်ရှိလာကြသည်။

ယန်ပိုင်နဲ့တောဝက်အိုကြီးတို့က တက်ကြွတဲ့ခြေလှမ်းများဖြင့် ထာဝရကျေးရွာသို့ ဦးတည်နေပြီး ယန်ချန်တယောက် အိမ်ပြန်လာရခြင်းရဲ့ စိတ်ခံစားမှုများက ထူးခြားသည်ကို ခံစားနေရလေသည်။

(ဒါက အိမ်ပြန်တယ်ဆိုတဲ့ ခံစားချက်လား ပေါ့ပါးပြီးစိတ်သက်သာရာ ရနေသလိုပဲ)

ယန်ချန့်ရဲ့ခြေလှမ်းများကို ပို၍လျင်မြန်စေလိုက်ပြီး ယန်ပိုင်တို့နောက်မှ ခပ်သွက်သွက် လိုက်ပါသွားတော့သည်။

“သခင်လေး ပြန်လာပြီ”

မကြာမီထာဝရကျေးရွာတလျှောက် မြေခွေးမလေးများ၏ အော်သံများကို ကျယ်လောင်စွားလိုက်ရပြီး ခြံဝန်းထဲရှိအိမ်၌ စကားကောင်းနေသည့် ရှုယင်တို့လည်း ဆတ်ခနဲ ဖြစ်ကာ ဝမ်းသာသွားကြသည်။

“သခင်လေးပြန်လာတာဖြစ်မယ် မြေခွေးတွေအော်နေကြတယ်”

ရှုယင်ရဲ့စကားအား ကျန်းရင်ရင်မှထောက်ခံလိုက်ပြီး ချက်ချင်းပဲ ကျန်းရင်ရင် လီဖူယွဲ့ ချူလင်းယု ရှုယင်နှင့် ယင်ယင်တို့ အိမ်ထဲမှ ထွက်သွားကြတော့သည်။

ထိုအချိန် ယန်ချန်က ရွာထိပ်သို့ရောက်နေခဲ့ပြီး ထာဝရကျေးရွာဟူသည့် ဆိုင်းဘုဒ်အားကြည့်ကာ စိတ်ကျေနပ်နေခဲ့သည်။

ထိုစဥ် ရွာလမ်းတလျှောက် ထွက်လာကြသည့် ရှုယင်တို့အားမြင်လျင် စိတ်ကျေနပ်စွာပြုံးလိုက်မိသည်။ ထိုအရာက အိမ်ပြန်ချိန်၌ မိမိချစ်ခင်ရသူများက ကြိုဆိုသည့်အခါ ခံစားရသည့် ခံစားချက်ဖြစ်မည်ဟု ယန်ချန်ထင်သည်။

“သခင်လေးယန်”

“ဦးဦး”

ရှုယင်တို့က ဝမ်းသာအားရ နှုတ်ဆက်နေချိန် ယင်ယင်လေးက ရှုယင်လက်ပေါ်မှရုန်းထွက်ကာ ယန်ချန့်လက်မောင်းကြားထဲ ခုန်ဝင်လာတော့သည်။

“သမီးက ဦးဦးကို လွမ်းနေတာ မွမွ”

သူမလေးက ယန်ချန်ရဲ့ပါးနှစ်ဖက်အား ဆက်တိုက်ပင်နမ်းနေခဲ့ပြီး ရက်အနည်းငယ်ကြာ မတွေ့ရသည့်ယန်ချန့်ကို အလွမ်းသည်နေခဲ့သည်။ ယန်ချန်တယောက် အားပါးတရ ရယ်မောကာ ယင်ယင့်၏ ပါးလေးနှစ်ဖက်အား မွှေးကြူလိုက်သည်။

“အစ်မရှု ရင်ရင် အကြီးကဲလီ အကြီးကဲချူ”

ကျန်းရင်ရင်တို့က ခေါင်းညိတ်ပြပြီး ပြန်လည်နှုတ်ဆက်ကာ ယန်ချန့်အားခေါ်ဆောင်၍ ခြံဝန်းဆီပြန်လာခဲ့ကြတော့သည်။

အိမ်ထဲ၌

ယန်ချန်က သိုလှောင်လက်စွပ်ထဲမှ ဆေးပင်များ ဆေးမြစ်များစွာကိုထုတ်ယူလိုက်သည်။ ပြီးနောက် နမူနာယူလာသည့် ကျောက်အနည်းငယ်ကိုလည်း ထုတ်ယူကာ စားပွဲပေါ်တင်လိုက်သည်။

“ဒီကျောက်တုံးတွေက တောနက်ကြီးရဲ့ သုံးရက်တာခရီးအကွာအဝေးမှာရှိတယ် နေရာကို ကျတော်သေချာမှတ်ထားတယ် နောက်ရက်ကျ ကျန်းအိမ်တော်ကလူတွေ ကျောက်တုံးအနည်းငယ် သယ်ယူဖို့ကူညီပေးပါဦး”

“စိတ်ချပါသခင်လေး ရက်အနည်းငယ်အတွင်း ဖေဖေတို့နဲ့ ကျန်းအိမ်တော်က ကျန်တဲ့လူတွေ ထပ်ရောက်လာကြမှာပါ အဲ့ခါကျ လူအင်အားများများနဲ့ ကျောက်တွေကို သယ်ယူဖို့ပြောလိုက်ပါ့မယ်”

ကျန်းရင်ရင်က ကတိပေးသည်။

“ကောင်းတယ် ဆေးမြစ်နဲ့ဆေးပင်တွေကိုတော့ အစ်မရှုပဲ သိမ်းထားပါဦး သစ်သီးတွေကိုရေဆေးပြီး အချို့ကိုစားပွဲမှာတည်ခင်းလို့ရတယ်”

ယန်ချန်က ဆေးမြစ်နဲ့ဆေးပင်များကို ရှုယင်ဆီကမ်းပေးလိုက်သည်။ ထိုစဥ် ယင်ယင်က ယန်ချန့်လက်ထဲမှ စိတ်ဝိဉာဥ်အသီးတချို့ လှမ်းယူကာ ချက်ချင်းကိုက်စားလိုက်သည်ကိုမြင်လျင် လီဖူယွဲ့တို့ တုန်ယင်သွားသည်။

(ဒါက စိတ်ဝိဉာဥ်အသီးတွေနော်ကောင်မလေး လမ်းဘေးကအသီးတွေမဟုတ်ဘူး)

သူမတို့က ယင်ယင်စားသောက်နေသည်ကို အားကျခြင်းတဝက် မချိတင်ကဲစိတ်တဝက်တို့ဖြင့် ကြည့်နေသည်ကိုမြင်လျင် ယန်ချန်က ပြောသည်။

“အကြီးကဲလီတို့လည်း ယူစားကြနော် အားမနာနဲ့ ဒါတွေက တောထဲမှာ အများကြီးရှိတယ်”

ယန်ချန့်ဆီမှ ခွင့်ပြုချက်ရသည်နှင့် ကျန်းရင်ရင်တို့ သုံးဦးသား အသီးများအား ကိုယ်စီလှမ်းယူလိုက်ကြတော့သည်။ သို့သော်လည်း ချက်ချင်းမစားကြပေ။ သိုလှောင်လက်စွပ်များထဲ အသီးသီးသိမ်းကာ နောင်တချိန်ကျမှ ထုတ်စားကြမည်ဖြစ်သည်။ ယန်ချန်က ထိုအချင်းရာကိုမြင်သော်လည်း ဂရုမစိုက်ပေ။

“ဒါနဲ့ သခင်လေးယန် သန်ဘက်ခါကျရင် ဂိုဏ်းပေါင်းစုံပြိုင်ပွဲအတွက် ကျမတို့ခရီးထွက်ရတော့မယ် အဲ့ဒါ သခင်လေးယန်များ လိုက်ချင်မလား”

ချူလင်းယုက လေးလေးနက်နက်မေးလာသည်။ ယန်ချန်က အနည်းငယ်စဥ်းစားဟန်ပြု၍

“ခရီးက အရမ်းဝေးလား”

“စုန့်ပြည်နယ်မြို့တော်အထိဆိုတော့ ဝေးတယ်လို့ပြောရမယ် ဒါပေမယ့် ကျမတို့မှာ ပျံသန်းရေးယာဥ်ရှိပါတယ် ၃ရက်နဲ့ရောက်နိုင်တယ်”

ယန်ချန်က ရှုယင်တို့သားအမိအား ကြည့်လိုက်သည်။ သူက တောနက်ထဲမှ ပြန်လာကာစဖြစ်၍ မသွားချင်သော်လည်း ရှုယင်တို့သားအမိသာ ဆန္ဒရှိပါက လိုက်ပါမည်ဖြစ်သည်။ ရှုယင်က

“၃ရက်ခရီးကတော့ နည်းနည်းဝေးသလိုပဲ ယင်ယင်လေး ခရီးပန်းမှာစိုးရတယ်”

“အဲ့ဒါက..”

ကျန်းရင်ရင်တို့ တိတ်ဆိတ်သွားသည်။ ယန်ချန်က ရှုယင်၏မျက်လုံးထဲမှ တက်ကြွမှုအား သတိပြုမိလိုက်သည့်အတွက် ဤခရီးစဥ်အား လိုက်ပါရန် တိတ်တဆိတ်ဆုံးဖြတ်လိုက်သည်။

“ပျံသန်းရေးယာဥ်မှာ အစီရင်တွေပါတယ်မဟုတ်လား”

ယန်ချန်ကမေးလာသည်။ လီဖူယွဲ့က တစုံတရာကို နားလည်သွားဟန်ဖြင့် ချက်ချင်းပဲ တုန့်ပြန်တော့သည်။

“အစီရင်နဲ့ ပျံသန်းရတာပါ သခင်လေးယန်”

ယန်ချန်တယောက် ပျံသန်းရေးယာဥ်အား အဆင့်ထက်မြင့်နိုင်မလားဟု တွေးမိ၍ မေးလိုက်ခြင်းဖြစ်သည်။ စနစ်မှသင်ကြားပေးမှုအရ အစီရင်ပညာ၌ ကျွမ်းကျင်မှုရှိနေခြင်းကြောင့် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပေသည်။

“ကောင်းပြီ ၃ရက်ခရီးကတော့ ယင်ယင့်အတွက် ပင်ပန်းလွန်းတယ် အဆင်ပြေမယ်ဆိုရင် ကျတော်အစီရင်ကို နည်းနည်းလေ့လာချင်ပါတယ်”

လီဖူယွဲ့တို့ ဝမ်းသာသွားသည်။ ယန်ချန်သာ အစီရင်ကို​လေ့လာပြီး အဆင့်မြင့်တင်ပေးပါက ထိပ်တန်းအရည်သွေးရှိ ပျံသန်းရေးယာဥ်တခု ရလာတော့မည်ဖြစ်သည်။

“ရတာပေါ့ ရတာပေါ့ ကျမအခုပဲသွားယူလိုက်မယ် သခင်လေး”

ယန်ချန်က တက်ကြွလွန်းနေသည့် လီဖူယွဲ့အား ကမန်းကတန်း တားဆီးလိုက်ရသည်။

“ခဏလေး အကြီးကဲလီ ဒီနေ့တော့ ကျတော်နားပါရစေဦး မနက်ဖြန်မှပေါ့”

ယန်ချန့်စကားကြားမှ သူမလောလွန်းသွားမှန်း သတိပြုမိသည့် လီဖူယွဲ့တယောက် အနည်းငယ်ရှက်သွားကာ အမူရာပျက်သွားရသည်။

“ကောင်းပြီ လုပ်စရာရှိတာ သွားလုပ်ကြပါ အသီးတွေလည်း ယူသွားပြီး ခွဲဝေပေးလိုက်ဦးနော်”

ယန်ချန်က ထိုသို့ပြောပြီးနောက် အနားယူရန် အခန်းထဲဝင်ရောက်သွားတော့သည်။ တဖက်တွင်တော့ လီဖူယွဲ့တို့က အသီးများအားထပ်မံယူလိုက်ပြီး ရှုယင်ကိုနှုတ်ဆက်ကာ ထွက်ခွာသွားကြတော့သည်။

ဓားတထောင်ဂိုဏ်းအတွင်း ဂိုဏ်းချုပ်၏ခန်းမထဲမှာတော့ ဂိုဏ်းချုပ် အကြီးကဲများနှင့် မျက်နှာဖုံးတပ်ထားသည့် လူတဦးတို့ စုဝေးနေကြသည်။

“ပြိုင်ပွဲစဖို့ ဘယ်လောက်လိုသေးလဲ”

ဂိုဏ်းချုပ်ရဲ့အမေးကို အကြီးကဲတဦးမှ တလေးတစားပြန်ဖြေသည်။

“တပတ်အတွင်းလို့ကြားပါတယ် စုန့်ပြည်နယ်အတွင်းမှာ လုပ်မှာပါ”

“စုန့်ပြည်နယ်ဟုတ်လား ဧကရာဇ်ကျင်းလုံရဲ့ နန်းတော်နဲ့နီးနေတာပဲ ငါတို့သတိထားရမယ်”

ဂိုဏ်းချုပ်ရဲ့စကားကိုကြားလျင် မျက်နှာဖုံးဝတ်လူက ကျယ်လောင်စွာရယ်မောလိုက်သည်။

“ဟားးး ဘာမှစိတ်ပူနေစရာမလိုဘူး အစီရင်ကိုသာ ပြီးပြည့်စုံအောင်ပြင်ဆင်ထားလိုက် စုဝေးပွဲကနေ အကျိုးမြတ်များများရဖို့ ကျုပ်သေချာပေါက်အာမခံတယ်”

မျက်နှာဖုံးဝတ်လူရဲ့စကားကြားလျင် ဂိုဏ်းချုပ်တယောက် စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။ အစီရင်၏အစွမ်းအား လက်တွေ့ကြုံဖူးပြီဖြစ်၍ သိနားလည်ပြီးသားဖြစ်သည်။

“ကောင်းပြီ ဒါဆို အကြီးကဲလု အကြီးကဲလုန်တို့ဦးဆောင်ပြီး အမြန်စီစဥ်ကြတော့ ဟမ့် တေးသံသာဂိုဏ်း သူတော်စင်နတ်မြတ်ဂိုဏ်း ဗုဒ္ဓဂိုဏ်း မင်းတို့ရဲ့အဆုံးသတ်နေ့တွေက မကြာတော့ပါဘူး”

ဂိုဏ်းချုပ်နဲ့အတူ ခန်းမထဲရှိ လူများ၏ ကျယ်လောင်တဲ့ရယ်သံကြီး တခု ထွက်ပေါ်လာလေတော့သည်။

“သခင်လေး ညနေစာအသင့်ဖြစ်ပါပြီ”

ညနေစောင်းချိန် ရှုယင်ဆီမှ ခေါ်သံကြားချိန်မှာတော့ ယန်ချန်တယောက် အိပ်စက်နေရာမှ နိုးလာသည်။

(ညနေတောင်စောင်းသွားပြီလား ငါအတော်အိပ်လိုက်မိတာပဲ)

ချက်ချင်းပဲ အိပ်ရာမှထကာ အပေါ်ဝတ်များအား ဝတ်ဆင်လိုက်သည်။ မူလကမ္ဘာမြေမှ အကျင့်ပါလာသည့် အဝတ်စားချွတ်၍ အိပ်စက်တတ်သည့်အကျင့်ကြောင့် တစုံတရာရှိပါက အခန်းပြင်ပမှသာ အသိပေးရန် ရှုယင်အား မှာကြားထားရသေးသည်။

“ယင်ယင်ကော ခေါ်လိုက်လေအစ်မရှု အတူတူစားကြတာပေါ့”

ထိုသို့ပြောပြီးနောက် ယန်ချန်က စားပွဲဝိုင်းဆီ အရင်သွားပြီး ယင်ယင့်အားစောင့်နေခဲ့သည်။ မကြာမီသေးငယ်သည့် ပုံရိပ်လေးတခု အိမ်ထဲခုန်ပေါက်ဝင်လာကာ သူမခန္ဓာကိုယ်တခုလုံး ညစ်ပေနေသည်ကိုမြင်လျင် ရှုယင်တယောက် စိတ်ပျက်စွာဖြင့် သမီးဖြစ်သူအားခေါ်၍ သန့်ရှင်းရေးလုပ်ပေးရလေသည်။

“ညည်းလေးကတော့ ကြီးလေဆိုးလေပဲနော်”

ရှုယင်ရဲ့အပြစ်တင်စကားကို ယင်ယင်က ချက်ချင်းတုန့်ပြန်သည်။

“မဆိုးပါဘူးနော် ယင်ယင်ကအရမ်းလိမ္မာတယ် ဟုတ်ပြီလား”

အပြင်ဘက်မှနေ၍ ယင်ယင်၏တုန့်ပြန်သံအားကြားလျင် ယန်ချန်တယောက် ကျယ်လောင်စွာရယ်မိတော့သည်။

“အေးပါ အေးပါ မေမေကမှားပြီးအပြစ်တင်မိတာပေါ့”

ရှူယင်လည်း သမီးဖြစ်သူအား ငါနင့်ကိုမနိုင်တော့ဘူး ဟူသည့်အကြည့်ဖြင့်ကြည့်ကာ သန့်ရှင်းရေးလုပ်ပေးပြီးနောက် သုံးဦးသား ညစာအတူစားလိုက်ကြသည်။

တညတာက လျင်မြန်စွာကုန်ဆုံးသွားပြီး နေရောင်က ပြတင်းပေါက်မှတဆင့် အိပ်ရာပေါ်ကျလာချိန်မှာတော့ ယန်ချနိတယောက် နိုးသွားကာ ပြတင်းပေါက်မှတဆင့်မြင်နေရသည့် ခြံဝန်းအားကြည့်မိသည်။ ခြံဝန်းထဲ၌ ယင်ယင်လေးက ထုံးစံအတိုင်းပင် ​ဆော့ကစားနေပြီး ရှုယင်ကမူ ယင်ယင်လေးဆီတချက်တချက် လှမ်းကြည့်ရင်း ကျန်းရင်ရင်တို့နှင့် စကားပြောနေလေသည်။

နံနက်ခင်းနေရောင်က ရှုယင်တို့စားပွဲဝိုင်းဆီ ကျရောက်နေပြီး နေရောင်အောက်၌ အလှတရားလေးခုက ထင်ထင်ရှားရှား တောက်ပနေလေသည်။

ရှုယင်က တည်ငြိမ်ရင့်ကျက်သည့် အလှ

ကျန်းရင်ရင်က နုနယ်ပျိုမြစ်သည့်အလှ

လီဖူယွဲ့က သူရဲကောင်းဆန်သည့် စစ်နတ်သမီးလိုအလှဖြစ်ကာ ချူလင်းယုကမူ အေးစက်တည်ငြိမ်သည့် ရေခဲနတ်သမီးလို အလှတရားမျိုးဖြစ်သည်။

(မနက်ခင်းမှာ ဒီလိုအလှတရားတွေကိုမြင်ခွင့်ရတာ ကောင်းလိုက်တာ အဟွတ်ဟွတ် ငါ့အတွေးတွေချော်ကုန်ပြီ)

ယန်ချန်တယောက် အိပ်ရာမှချက်ချင်းထကာ ကိုယ်လက်သန့်စင်ပြီး ရှုယင်ပြင်ဆင်ပေးထားသည့် မနက်စာအားအမြန်စားကာ ခြံဝန်းဆီထွက်လာတော့သည်။

…………………………………………………

All Chapters