← Chapters

စုန့်ပြည်နယ်သို့ခရီးထွက်ခြင်း

Vol. 6 Ch. 56

စုန့်ပြည်နယ်သို့ခရီးထွက်ခြင်း

Vol. 6 Ch. 56

နောက်တနေ့မနက်၌ လိဖူယွဲ့ဦးဆောင်သည့် တေးသံသာဂိုဏ်းမှ တပည့်များနဲ့အတူ ယန်ချန် ရှုယင်တို့သားအမိနှစ်ဥိီး၏ စုန့်ပြည်နယ်ခရီးစဥ်အား စတင်ခဲ့တော့သည်။

ခရီးစဥ်ဟုဆိုသော်လည်း နေ့တဝက်ခရီးတိုမျှသာဖြစ်ပြီး ခရီးရှည်ဟုပင် မပြောနိုင်တော့ပေ။

ချင်ဖုန်းက ယန်ချန်ပြုပြင်ထားသည့် ယာဥ်ပျံအားထိန်းချုပ်ရင်း တုန်လှုပ်နေသည်။ ယာဥ်ပျံက ယန်ချန်ပြောသည့်အတိုင်းပင် မူလထက် ၅ဆပိုမြန်နေခဲ့ပြီး ယာဥ်ပျံ၏အရှိန်ဝါကလည်း ပို၍သိပ်သည်းသွားကာ တည်ငြိမ်မှုကလည်း အံ့အားမှင်သက်ချင်စရာ ကောင်းနေခဲ့သည်။

ယာဥ်ပျံအတွင်း၌ ယင်ယင်က သစ်သားအရုပ်​လေးများနဲ့ ကစားနေပြီး ရှုယင်က ဘေးမှနေ၍ သမီးဖြစ်သူအား အဖော်လုပ်ပေးနေလေသည်။

“ဘယ်လိုလဲ စိတ်တိုင်းကျရဲ့လား အကြီးကဲလီ”

ယန်ချန်က လက်ဖက်ရည်တငုံသောက်ရင်း မေးလိုက်သည်။ လီဖူယွဲ့က

“သခင်လေးယန်ရဲ့ အစီရင်ပညာကတော့ တကယ်ကိုအံ့မခန်းပါပဲ ဒီတိုင်းသာဆို ကျမတို့မြို့ကိုစောရောက်ပြီး ရှုယင်တို့သားအမိတွက် လည်ပတ်ဖို့အချိန်နည်းနည်းရသွားတာပေါ့”

“ဟုတ်တယ် ကျတော်သိရသလောက် အစ်မရှုက စီရင်စုကလွဲပြီးအခြယးနေရာကို မရောက်ဖူးသေးဘူးလေ ယင်ယင့်အတွက်လည်း အသစ်ဆန်းဖြစ်စေတယ်”

ယန်ချန်က ထိုသို့ပြောလိုက်ရင်း ယင်ယင်နဲ့ရှုယင်အား တချက်လှမ်းကြည့်လိုက်သည်။ ဤခရီးစဥ်က ထိုသားအမိကို အလိုလိုက်ခြင်းကြောင့် လိုက်ပါလာရခြင်းဖြစ်သည်။

“ဒါနဲ့ ပြိုင်ပွဲကဘယ်မှာလုပ်မလဲ မြို့ထဲမှာလား”

ယန်ချန့်အမေးကို လီဖူယွဲ့က

“မဟုတ်ဘူးသခင်လေး စုန့်ပြည်နယ်မြို့တော်အနောက်ဘက် စွန့်ပစ်တောင်ကြားထဲမှာလုပ်ကြမှာ တောင်ကြားဆိုပေမယ့် မြို့နဲ့သိပ်မဝေးဘူး ပြီးတော့ လူနေလည်းထူထပ်တယ် မြို့သေးသေးလေးတခုနဲ့ ပိုဆင်တူမယ်ထင်တယ်”

“ဟုတ်လား ပြိုင်ပွဲအတွက် အင်အားစုဘယ်လောက်များများ ပါဝင်ကြမှာလဲ”

ယန်ချန်က ဆက်မေးသည်။

“ကျမတို့သိရသလောက် ဗုဒ္ဓဂိုဏ်း မဟုရာဂိုဏ်း သူတော်စင်နတ်မြတ်ဂိုဏ်း ပန်းကိုးပွင့်ဂိုဏ်းနဲ့ တခြားအလယ်လတ်ဆင့်ဂိုဏ်းတွေလည်း စာရင်းပေးထားကြတယ်”

“ပန်းကိုးပွင့်ဂိုဏ်း ဟုတ်လား”

“အမှန်ပဲသခင်လေး သူတို့က အမျိုးသမီးသီးသန့်လက်ခံတဲ့ဂိုဏ်းလေ မူလက ကျမတို့ဂိုဏ်းလိုပေါ့ သူတို့ရဲ့အကြီးကဲ ၉ဦးက ကျင့်ကြံရေးလောကမှာ ပန်းကိုးပွင့်လို့ အမည်ကြီးတယ် သူတို့မှာဂိုဏ်းချုပ်ရယ်လို့ မရှိဘူး အကြီးကဲ၉ဦးကပဲ အုပ်ချုပ်တယ်”

“ထူးခြားတဲ့ဂိုဏ်းတခုပဲ”

ယန်ချန်တယောက် မှတ်ချက်ပြုလိုက်သည်။ ကျင့်ကြံရေးလောက၌ အမျိုးသမီးဦးရေ ရှားပါးသော်လည်း လုံးဝမရှိတာတော့မဟုတ်။ အမျိုးသားဦးရေထက် နည်းပါးခြင်းသာဖြစ်၍ ကျင်းတိုင်းပြည်တခုလုံးတွင်တော့ အမျိုးသမီးသီးသန့် ဂိုဏ်းတခုထောင်ရန်က ကိစ္မရှိနိုင်ချေ။

“ကျမတို့ မြို့တော်ရောက်ရင် တည်းခိုဖို့ စီစဥ်ပြီးထားပါပြီ သခင်လေးတို့အတွက် အကုန်အသင့်ပါပဲ”

“အားနာလိုက်တာဗျ ကျုပ်တို့က ပြိုင်ပွဲဝင်တာလည်းမဟုတ် ဒီတိုင်းအလည်ပတ်လေးပဲကို ခဗျားတို့အလုပ်များသွားစေပြီ”

လီဖူယွဲ့က ငြင်းဆိုသည်။

“မဟုတ်တာပဲ ဒါက ကျမတို့တာဝန်ယူရမယ့်ကိစ္စပါ သခင်လေးရဲ့ ဆေးရည်အကူညီက ထိပ်တန်းဂိုဏ်းအများစုက အရေးကြီးကျင့်ကြံသူအချို့တွက် ထိရောက်ခဲ့ပါတယ်”

“ဝမ်းသာပါတယ် လိုအပ်ရင် ကျုပ်ဘက်က ထပ်ကူညီပေးဖြစ်မှာပါ”

“ကေျးဇူးတင်ပါတယ် သခင်လေး”

ယန်ချန့်ဆီက အကူညီဆက်ပေးမည်ဟူသည့်စကားက မည်မျှ အကျိုးရှိသည်ကိုသိထားသည့် လီဖူယွဲ့တယောက် အလွန်ဝမ်းသာသွားခဲ့သည်။ ထိုကဲ့သို့လူပုဂ္ဂိုလ်များရှိထားပါက ကျင်းတိုင်ပြည်ရှိ ကျင့်ကြံရေးအင်အားစုများ၏ ခွန်အားကအချိန်တိုအတွင်း ထိုးတက်သွားကာ သွေးဝိဉာဥ်ဂိုဏ်းနှင့် ၎င်းတို့ချုပ်ကိုင်ထားသည့် သားရဲကပ်ဘေးကို ထိတ်လန့်နေစရာ မလိုတော့ချေ။

“အကြီးကဲချင် ဝိုင်သောက်ဦးမလား”

ယန်ချန်က အစီရင်ထိန်းချုပ်ခန်းထဲရှိ ချင်ဖုန်းအား မေးသည်။ ချင်ဖုန်းကလည်း

“ကောင်းတာပေါ့ သခင်လေး မဟုတ်ရင် ပျင်းစရာကောင်းတယ်”

ယန်ချန်က ပြုံးလိုက်ပြီးနောက် ဘူးသီးခြောက်တခုထုတ်ယူကာ ချင်ဖုန်းထံ ကမ်းပေးရင်း အစီရင်ထိန်းချုပ်ခန်းမှ မြင်နေရသည့် အပြင်ဘတ်မြင်ကွင်းအား ကြည့်နေတော့သည်။

“ဒါက စုန့်ပြည်နယ်အစပ်က တောင်တန်းလေ သားရဲကပ်ဘေးဖြစ်ရင် ဒီတောင်တန်းက အန္တရာယ်အရှိဆုံးနေရာပဲ သူက မိုင်၅၀၀ နီးပါးရှည်ပြီး စုန့်ပြည်နယ်ရဲ့တဝက်စာလောက် ကျယ်တယ် ပြီးတော့ တောကလည်း အခြားတောတွေထက်ထူတယ်”

“ဟုတ်လား ဒီတောင်တန်းကြားက တောကိုဘယ်လိုခေါ်လဲ”

ယန်ချန့်အမေးကိုချင်ဖုန်းက

“သေမင်းတောအုပ် လို့ခေါ်တယ် သခင်လေးရဲ့ကျေးရွာနားက တောကိုတော့ ဝိဉာဥ်သားရဲတောအုပ်လို့ ခေါ်တယ် တောအုပ်အငယ်လေးပေါ့ ဒါပေမယ့် ကြောက်ဖို့ကောင်းတာကတော့ တောအုပ်တွေအားလုံးက အတူတူပါပဲ”

(ကြောက်ဖို့ကောင်းတာလား ငါဖြင့် အေးဆေးပါပဲ)

ယန်ချန်တယောက် ထိုသို့မေးနေစဥ်မှာပဲ ယာဥ်ပျံက စုန့်ပြည်နယ် နယ်နိမိတ်ထဲရောက်ရှိလာကာ မကြာမီ၌ မြင့်မားထည်ဝါသည့် မြို့တော်တံတိုင်းကြီးအား မြင်လိုက်ရသည်။ တံတိုင်းကြီးက ပေနှစ်ဆယ်ခန့်မြင့်ပြီး တံတိုင်းမုဒ်ဝအား အထူးပညာရှင်များပြုလုပ်ထားပုံရပြီး လက်ရာများမှာ အလွန်သေသပ်လှပပေသည်။

“မဆိုးဘူး အနုပညာလက်ရာမြောက်တယ်”

ယန်ချန်က တီးတိုးချီးကျူးလိုက်သည်။ မြို့တမြို့၏ ကြွယ်ဝမှုကိုသိလိုပါက မြို့တံခါးအား ကြည့်ရသည်ဟု ယန်ချန်ထင်သည်။ ယခု တံတိုင်းအနေအထားရ စုန့်ပြည်နယ်ရှိ မြို့တော်ကြီးက ထိပ်တန်းအဆင့်ရှိသည်မှာ အသေအချာပင်။

“မြို့ထဲကို ယာဥ်ပျံနဲ့ဝင်လို့မရဘူး မြို့ပြင်မှာရပ်ပြီး ဒီတိုင်းဝင်ရလိမ့်မယ်”

ချင်ဖုန်းက ထိုသို့ပြောပြီးနောက် တံတိုင်းနဲ့ခပ်လှမ်းလှမ်းအကွာ၌ ယာဥ်ပျံအားရပ်တန့်ရန် အရှိန်လျှော့ချလိုက်သည်။

“ကိစ္စမရှိပါဘူး မြို့တော်ကိုသေချာလေ့လာလို့ရတာပေါ့”

မကြာမီ ယာဥ်ပျံက တံတိုင်းအပြင်ဘက်တနေရာ၌ ရပ်တန့်သွားပြီး ယန်ချန်တို့လည်း ယာဥ်ပျံထဲမှ ထွက်ကာ မြို့ဝင်ပေါက်မှတဆင့် မြို့ဝင်ကြေးပေး၍ ဝင်လာတော့သည်။

သိသာစွာပင် ဂိုဏ်းပေါင်းစုံပြိုင်ပွဲသတင်းကြောင့် လူအများပြား ဝင်ထွက်နေကြပြီး မြို့ထဲလမ်းမများ၌ လူများတိုးမပေါက်အောင် ပြည့်ကြပ်နေလေသည်။ ယန်ချန်က ယင်ယင်လေးပတ်ဝန်းကျင်အား ကြည့်ရှုနိုင်ရန်အတွက် ပင့်ချီကာ ပုခုံးပေါ်တင်ပေးလိုက်သည်။

လီဖူယွဲ့တို့ကမူ မြို့ထဲရောက်သည်နှင့် ဂိုဏ်းချုပ်ထံ သတင်းပို့ကာ ယန်ချန်တို့တည်းခိုရန် စီစဥ်ထားသည့်နေရာအား လိုက်ပို့လေသည်။

“မြို့အလယ်နဲ့နီးတဲ့ တည်းခိုခန်းတခု စီစဥ်ထားတယ် သခင်လေး တခုခုဆို မြို့ထဲလည်ပတ်ဖို့လည်း နီးတာပေါ့”

လီဖူယွဲ့က သေချာရှင်းပြသည်။ ယန်ချန်က

“အဆင်ပြေပါတယ် မြို့ထဲဆိုတော့လည်း ခဗျားပြောသလို အလည်ပတ်ထွက်ရ နီးတာ ကောင်းတယ်”

ထိုသို့ပြောပြီးနောက် လီဖူယွဲ့ဦးဆောင်မှုနောက်မှ လိုက်ပါသွားတော့သည်။ ပုခုံးပေါ်မှယင်ယင်လေးက အသံစာစာလေးဖြင့် အော်ဟစ်နေပြီး သူမတသက်ဤမျှ များပြားသည့် လူအုပ်ကြီးအား ပထမဆုံးတွေ့ဖူးခြင်းဖြစ်၍ စိတ်လှုပ်ရှားနေလေသည်။

“မေမေ. ပေါက်စီ ပေါက်စီ”

“မေမေ.. သကြားတုတ်ထိုး သကြားတုတ်ထိုး”

“မေမေ.. မျက်နှာဖုံး မျက်နှာဖုံး”

သူမရဲ့အသံလေးက ချစ်စရာကောင်းစွာပျံ့လွင့်နေသောကြောင့် လမ်းသွားလမ်းလာများက ကြည့်၍ ပြုံးသွားကြလေသည်။ ရှုယင်ကမူ ပူဆာလွန်းသည့် သမီးဖြစ်သူအား အံကျိတ်ကာ ကျိတ်၍ဆူပူနေသော်လည်း အဆိုးမလေးက လုံးဝဂရုမစိုက်ပဲ ယန်ချန့်ကိုသာ တွေ့သမျှ ဝယ်ခိုင်းနေလေသည်။ ယန်ချန်ကလည်း လမ်းတလျှောက် တကြိမ်မျှ ညည်းညူခြင်းမရှိပဲ အကုန်ဝယ်ပေးခဲ့သည်။

ကျင်းဧကရာဇ်နန်းတော်.တနေရာ၌ စုလဲ့တယောက် သတင်းပို့ကျောက်စိမ်းအားကိုင်ကာ မှင်သက်နေသည်။

(ဘာလို့ သခင်လေးယန်က ပါလာတာလဲ)

ထိုအတွေးက သူမအရင်ဆုံးတွေးနေသည့်အရာဖြစ်ပြီး မနေ့ကထိ သူမတို့အစီစဥ်ကို ထိပ်တန်းဂိုဏ်းကြီးများမှ ဂိုဏ်းချုပ်များ မဟာအကြီးကဲများဖြင့် အကျေအလည်ဆွေးနွေးခဲ့ရသည်။ ယန်ချန်ရောက်ရှိလာခြင်းက ကောင်းသည်လား ဆိုးသည်လား သူမ မသိတော့ပေ။

ဘေး၌ ထိုင်နေသည့် ကျင်းလုံက ကြောင်အနေသည့် စုလဲ့ကိုကြည့်ကာ မေးလိုက်သည်။

“ညီမလေးစု ဘာဖြစ်လို့လဲ”

မင်ယုရှန်းကလည်း တည်ငြိမ်သည့် စုလဲ့တယောက် အမူရာပျက်ရလောက်သည်အထိ မည်သည့်အရာက ဖြစ်သွားစေသည်ကို သိလိုနေလေသည်။

“ဂိုဏ်းက ရွေးချယ်ထားတဲ့ တပည့်နဲ့ အကြီးကဲ၃ဦးတို့ မြို့ထဲရောက်လာပြီ”

“သြော်”

ထိုမျှလောက်နဲ့လား မဖြစ်နိုင်ဘူး။ ထက်မြတ်သည့်သူများဖြစ်၍ ထိုနောက်မှအခြားအကြောင်းရာ ရှိနိုင်သေးသည်ကို တွက်ဆမိကာ စုလဲ့အား မေးခွန်းထုတ်သည့် အကြည့်များဖြင့် ကြည့်နေလေသည်။

စုလဲ့တယောက် သတင်းပို့ကျောက်စိမ်းအား စားပွဲပေါ်အသာတင်ကာ သက်ပြင်းချရင်းပြောလိုက်သည်။

“သခင်လေးယန်ပါ ရောက်လာတယ်”

သူမစကားအဆုံး၌ ယန်ချန့်အကြောင်းသိထားသည့် ကျင်းလုံတယောက် ဆတ်ခနဲ ဖြစ်သွားကာ အကြောင်းသေချာမသိသေးသည့် မင်ယုရှန်းကမူ သာမန်သာဖြစ်သည်။ စုလဲ့က ဆက်ပြောလာသည်။

“သူက ကျင့်ကြံရေးလောကနဲ့ ရှုပ်ထွေးရတာကို မကြိုက်ဘူး ကျမတို့ ဂိုဏ်းချုပ်တွေနဲ့ ဒီညထပ်ဆုံရလိမ့်မယ် လောလောဆယ်တော့ သူကိုယ်တိုင်ရောက်လာတဲ့အတွက် ဂိုဏ်းချုပ်အနေနဲ့ ကျမသွားနှုတ်ဆက်ရလိမ့်မယ် ရှင်တို့လည်း လိုက်ခဲ့ကြပေါ့”

ကျင်းလုံက ထိုစကားကိုကြားလျင် အားတက်သရော ထောက်ခံသည်။

“သွားရမှာပေါ့ ငါကအိမ်ရှင်ပဲ ဧည့်ဝတ်ကျေဖို့လိုတယ် ညီမရှန်း နင်လည်း လိုက်ခဲ့ နင့်ဒဏ်ရာအတွက် တခုခုထူးမယ်လို့ အာမခံတယ်”

“ကောင်းပြီ ကျမလိုက်ခဲ့မယ်”

မင်ယုရှန်းက ထိုသို့ပြောပြီးနောက် တိတ်ဆိတ်သွားသည်။ ကျင်းလုံနဲ့စုလဲ့တို့အား ထိတ်ထိတ်ပျာပျာ ဖြစ်သွားစေလောက်အောင် စွမ်းအားကြီးသူက မည်သူနည်း။ ထို့နောက် ထိုသူက သူမရဲ့သွေးကြောပြဿနာအား အမှန်တကယ်ပဲ ကုသပေးနိုင်လေမလား။

စုလဲ့က သတင်းပို့ကျောက်စိမ်းမှနေ၍ ဂိုဏ်းချုပ်များထံ ယနေ့ညထပ်မံစုဝေးမည့်အကြောင်း လျှို့ဝှက်သတင်းပို့လိုက်သည်။ ထို့နောက် နေရာမှထကာ

“သွားကြစို့ ခုလောက်ဆို တည်းခိုမယ့်နေရာကို ရောက်နေလောက်ပြီ”

ထိုသို့ပြောပြီးနောက် နေရာမှရုတ်ချည်း ပျောက်ကွယ်သွားကာ သူမနောက်မှ ကျင်းလုံ မင်ယုရှန်းတို့ လိုက်ပါသွားတော့သည်။

……………………………………………….

All Chapters