ရှောင်ရှန်းရှန်းလား
Vol. 6 Ch. 57
ယန်ချန်တို့ တည်းခိုခန်းနေရာအား ရောက်ချိန်မှာတော့ ယင်ယင့်လက်တွင်သာမက ရှုယင်ရဲ့လက်နှစ်ဖက်တွင် မုန့်များဖြင့် ပြည့်နေလေသည်။
ယင်ယင်က လက်တဖက်စီမှ မုန့်တခုစီကို တလှည့်စီမနားတမ်းစားနေခဲ့ပြီး တခါတရံ ယန်ချန်နှင့် မိခင်ဖြစ်သူတို့အားလည်း ကျွေးသေးသည်။
တည်းခိုခန်းသို့ရောက်လျှင် ဧည့်ကြိုမှအပြေးအလွှား လာရောက်ကြိုဆိုကာ တဖွဲ့လုံးအတွက် အခန်းများအား ပြင်ဆင်ပေးလေသည်။ သိသာစွာပင် ယန်ချန် ရှုယင်တို့သားအမိတို့က တတိယထပ်အကောင်းဆုံးအခန်းအား ရပြီး အကြီးကဲ၃ဦးက ယန်ချန်တို့အခန်းနှင့် အနီးဆုံးနေရာ၌ ယူလိုက်ကြကာ ကျန်းရင်ရင်တို့တပည့်အဖွဲ့က ဒုတိယထပ်၌ ရလေသည်။
“ဟူး.. နေ့တဝက်ဆိုပေမယ့် တကယ်ပင်ပန်းတယ်”
ရှုယင်က ထိုင်ခုံတခုပေါ် ခြေပစ်လက်ပစ်ထိုင်ချကာ ညီးညူးနေသည်။ အခန်းက ကုတင်နှစ်လုံးပါ အခန်းကျယ်ဖြစ်ပြီး ယန်ချန်က ကုတင်တလုံး ရှူယင်တိူ့သားအမိက ကုတင်တလုံးယူကြမည် ဖြစ်သည်။ ယန်ချန်လည်း ယင်ယင့်အား အောက်ချလိုက်ပြီး စားပွဲပေါ်၌ အသင့်ပြင်ထားသည့် လက်ဖက်ရည်အိုးထဲမှ လက်ဖက်ရည်နှစ်ခွက် ငှဲ့ကာ ရှုယင်အားတခွက်ကမ်းပေးလိုက်သည်။
“ယန်ပိုင်တို့ အဆင်ပြေမယ်မဟုတ်လား”
ရှုယင်က လက်ဖက်ရည်ကိုအနည်းငယ်သောက်ရင်း မေးလာသည်။ သူမက ယန်ပိုင်တို့ချည်း ထားခဲ့ရသည့်အပေါ် စိတ်ပူနေပြီး ခြံဝန်းတစုံတရာဖြစ်သွားမည်ကို စိုးရိမ်နေလေသည်။
“ယန်ပိုင်နဲ့ တောဝက်ကြီးတွေရှိတာပဲ ဘာမှမဖြစ်ပါဘူး ပြီးတော့ ကျန်းအိမ်တော်ကလူတွေလည်း ရှိသေးတယ်”
“အင်း”
ယန်ချန့်စကားကိုကြားလျင် အနည်းငယ်စိတ်သက်သာရာရသွားဟန်ဖြင့် လက်ထဲမှ လက်ဖက်ရည်အား တကျိုက်တည်းမော့သောက်လိုက်သည်။
“မြို့တော်က တကယ်စည်တာပဲ ကျမဖြင့် ဒီလောက်စည်ပြီး လူများတဲ့မြို့ကြီးမြင်ဖူးတာ ပထမဆုံးပဲ”
ရှုယင်က အံ့အားမှင်သက်ဟန်ဖြင့် ပြောနေခဲ့ပြီး ထိုအမူရာက မြို့ထဲဝင်ကာစ ယင်ယင်လေးနှင့်ထပ်တူပင်ဖြစ်သည်။ သူမသာ တိုကျို ရှန်ဟိုင်းတို့လိုမြို့ကြီးဆီရောက်သွားပါက မည်သို့ဖြစ်မည်နည်း။
“စည်ကားတာတော့အမှန်ပဲ အထူးသဖြင့် ဂိုဏ်းပေါင်းစုံပြိုင်ပွဲကြောင့်လည်း ပါတာပေါ့”
ယန်ချန်က ဂိုဏ်းပေါင်းစုံပြိုင်ပွဲအကြောင်း ရှင်းပြလိုက်သည်။ ထိုပြိုင်ပွဲက အရည်ချင်းရှိသူများကို ရွေးထုတ်ပြီး သားရဲကပ်ဘေးအား ရင်ဆိုင်ရာ၌ အထောက်ကူပြုစေရန် ရည်ရွယ်ထားသည်ဟု အကြီးကဲလီမှ သူ့အားပြောဖူးသည်ကို သတိရမိသွားသည်။ ထို့ကြောင့်လည်း ယန်ချန်က အားဖြည့်ဆေးရည်အချို့ ယခင်တုန်းက ပြန်လည်ပေးလိုက်ခြင်းဖြစ်ကာ ကံကောင်းစွာဖြင့် အားဖြည့်ဆေးရည်က ကျင့်ကြံသူများအပေါ် အကျိုးသက်ရောက်မှု ရှိနေခဲ့သည်။
“ပြိုင်ပွဲက ဆယ်ရက်လောက်ကြာမယ်ကြားတယ် အစ်မရှုတို့ စိတ်ကြိုက်လည်ပတ်ကြပါ ကျတော်အဖော်လိုက်ပေးမယ်”
“သခင်လေးက ပြိုင်ပွဲသွားမကြည့်ဘူးလား”
ယန်ချန်က မချိတင်ကဲပြုံး၍ ခေါင်းယမ်းလိုက်သည်။
“မကြည့်တော့ပါဘူး ကျတော်က ကျင့်ကြံသူမှမဟုတ်ပဲ ဒီတိုင်းလည်ပတ်တာကမှ ပိုအဆင်ပြေတယ်”
ရှုယင်လည်း ယန်ချန့်အကြောင်းသိနေသည့်အတွက် ဆက်မပြောတော့ပဲ နေရာမှထကာ ယင်ယင်လေးအား ကိုယ်လက်သန့်စင်ပေးရန် ထွက်သွားတော့သည်။
“ဒီမြို့က ကျင်းဧကရာဇ်နန်းတော်ရှိတဲ့ မြို့ကြီးနဲ့နီးတယ်လို့ပြောတယ် အဆင်ပြေရင် နန်းမြို့တော်ကိုပါ လည်ပတ်ရမယ် နောက်ဆို ရောက်ဖြစ်ဖို့ကမသေချာဘူး”
ယန်ချန်တယောက် ပြိုင်ပွဲရက်များ၌ မည်ကဲ့သို့ပြုလုပ်ရမည်ကို တယောက်တည်းအစီစဥ်ဆွဲနေစဥ် တံခါးခေါက်သံတခု ထွက်ပေါ်လာကာ အကြီးကဲလီ၏ အသံအားကြားလိုက်ရသည်။
“သခင်လေးယန် ဝင်လာလို့ရမလား ကျမတို့ဂိုဏ်းချုပ်က သခင်လေးယန်နဲ့ လာရောက်တွေ့ဆုံတာပါ”
ဂိုဏ်းချုပ်လား။ ယန်ချန်တယောက် မှင်သက်သွားသည်။ ထိုအရာကို သူမမျှော်လင့်ထားပေ။
“ကောင်းပြီ ဝင်ခဲ့ပါအကြီးကဲလီ”
လီဖူယွဲ့က စုလဲ့ထံခေါင်းညိတ်ပြလိုက်ပြီး တံခါးအား ညင်သာစွာတွန်းဖွင့်လိုက်သည်။ ပြီးနောက် သူမဦးဆောင်ကာ စုလဲ့ ဧကရာဇ်ကျင်းလုံနဲ့ ဧကရီမင်ယုရှန်းတို့အား အခန်းတွင်း ခေါ်ဆောင်သွားလေသည်။
မင်ယုရှန်းတယောက် တိတ်ဆိတ်စွာဖြင့် ရှိနေခဲ့ပြီး တံခါးမှတဆင့် အခန်းထဲရောက်ရှိသွားချိန်မှာတော့ အခန်းတွင်းလေထုက ထူးခြားနေသည်ကို ဦးစွာသတိပြုမိသွားသည်။ ပြီးနောက် ထိုင်ခုံ၌ သက်တောင့်သက်သာပုံစံဖြင့် ထိုင်နေသည့် အမျိုးသားတစ်ဦး။
နက်မှောင်သည့်ဆံပင်ရှည်များက ပုခုံးပေါ်ဝဲကျနေပြီး ပြေပြစ်တဲ့နဖူး ထူထဲသည့်မျက်ခုံးအစုံနဲ့ ပိရိသေသပ်သည့် နှုတ်ခမ်းတစုံကြောင့် ထူးထူးခြားခြား ချောမောသည်ဟု ဆိုနိုင်ကာ မတောက်ပသော်လည်း ရီဝေနေသည့် မျက်လုံးအစုံက အခြားသူများအား မသိမသာညှို့ငင်နေတာကို သူမ သတိထားလိုက်မိသည်။ အချက်အားလုံးပေါင်းလိုက်လျင် မည်သည့်အရှိန်ဝါမှ မရှိသည့် သာမန်သေမျိုးလူချောလေးတစ်ဦး ဖြစ်မှန်း ထင်ရှားလေသည်။ ထိုသူက စီနီယာအစ်ကိုတို့ပြောဖူးသည့် ထူးခြားဆန်းပြားသည့် လူငယ်လေးလား။
လီဖူယွဲ့ဦးဆောင်သည့် လူ၄ဦး အခန်းထဲဝင်ရောက်လာပြီးချိန်မှာတော့ ယန်ချန့်အကြည့်က လီဖူယွဲ့ ပြီးနောက် သူမအနောက်မှ လိုက်ပါလာသည့် အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားတဦးထံရောက်ရှိသွားသည်။ ပထမအမျိုးသမီးက လှပသည့် အဖြူရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး တင်းကျပ်သည့် အဝတ်စားကြောင့် သွယ်လျလှပသည့် ခန္ဓာကိုယ်ကောက်ကြောင်းက ရှင်းလင်းနေကာ နုဖတ်နေသည့်မျက်နှာလေးက ဆယ်ကျော်သက်အရွယ်ဟု ထင်ရစေသည်။ သူမအနောက်မှာတော့ အသက်၃၀ အရွယ်ခန့်ညားတဲ့အမျိုးသားတဦးရှိပြီး တောင့်တင်းတဲ့ကိုယ်ဟန် လေးထောင့်ကျကျ မျက်နှာအချိုးစားက တည်ငြိမ်ပြီး ရင့်ကျက်သည့် အမျိုးသားတဦးအသွင်ဆောင်နေပြီး အရှိန်ဝါကလည်း သာမန်လူများနဲ့မတူညီစွာ တောက်ပနေသည်။
အနောက်ဆုံးတွင်တော့…
ယန်ချန်တယောက် ဆတ်ခနဲ ထရပ်လိုက်မိသည်။ သူ့နှုတ်မှလည်း အမည်တခုလွှတ်ခနဲထွက်သွားလေသည်။
“ ရှောင်ရှန်းရှန်းလား..”
အခန်းတွင်းလေထုက တိတ်ဆိတ်သွားသည်။ လီဖူယွဲ့ကလည်း မထင်မှတ်ထားသည့်ဟန်ဖြင့် ယန်ချန့်အားကြည့်နေလေသည်။
(ရှောင်းရှန်းရှန်းလည်း ငါ့လိုကူးပြောင်းလာတာလား မဖြစ်နိုင်ပါဘူး)
ရှောင်ရှန်းရှန်း ဆိုသည်ကား ယခင်ဘဝက ယန်ချန့်အချစ်ဦးဖြစ်ပြီး သူမကား ထက်မြတ်ပြီး အရည်ချင်းရှိကာ အထက်တန်းကျောင်း၏ အလှဘုရင်မလေးဖြစ်ကာ ယန်ချန်တယောက် အထက်တန်းကျောင်းသားဘဝ၌ အရူးအမူးဖြစ်ခဲ့ရသူလေး ဖြစ်သည်။
ယန်ချန်တယောက် အတွေးများဖြင့်ကြောင်အနေစဥ် လီဖူယွဲ့က ချောင်းအနည်းငယ်ဟန့်လိုက်သည်။
“အဟမ့် သခင်လေးယန် ဒါက ကျမပြောတဲ့ ဂိုဏ်းချုပ်ပါ”
လီဖူယွဲ့၏ စကားသံကြားမှ ချက်ချင်းအသိဝင်ကာ အိုးတိုးအမ်းတမ်း ဖြစ်သွားရသော်လည်း ချက်ချင်းပင် တည်ငြိမ်ရန်ကြိုးစားလိုက်ပြီး နှုတ်ဆက်လိုက်သည်။
“ကျတော်ကယန်ချန်ပါ ဂိုဏ်းချုပ်နဲ့တွေ့ရတာ ဝမ်းသာမိပါတယ်”
စုလဲ့ ကလည်း ပြန်လည်နှုတ်ဆက်လာပြီး သူမက တခြားသူများကိုလည်း မိတ်ဆက်ပေးလေသည်။
“ဒါက ကျမရဲ့စီနီယာအစ်ကိုကြီး ကျင်းလုံပါ ဒါကတော့ ကျမရဲ့စီနီယာအစ်မ မင်ယုရှန်းပါ သခင်လေးယန်ကို ခုလိုအချိန်မတော်လာရောက် တွေ့ဆုံမိတဲ့အတွက် အားနာမိပါတယ်”
ယန်ချန်တယောက် မှင်သက်သွားသည်။ သူ ဒီလောကထဲ ကူးပြောင်းပြီးချိန်၌ စနစ်ရဲ့စာအုပ်များမှ လက်ရှိသူနေထိုင်သည့် ကျင်းတိုင်းပြည်အကြောင်း အိမ်နီးချင်းတိုင်းပြည်များအကြောင်း ဖတ်ခဲ့ဖူးကာ ကျင်းလုံ မင်ယုရှန်းစသည်တို့က တိုင်းပြည်အသီးသီး၏ ဧကရာဇ်များ ဧကရီများဖြစ်ကြလေသည်။
(အကျိုးနည်း ငါ့ကိုဒီလိုလူတွေကတောင် လာတွေ့တယ်တဲ့လား)
ယန်ချန်တယောက် ဂုဏ်ယူသလိုခံစားလိုက်ရသော်လည်း အမူရာကတော့ တည်ငြိမ်နေဆဲပင်ဖြစ်သည်။
“တေွ့ရတာဝမ်းသာပါတယ် ကျတော်က ယန်ချန်ပါ ထိုင်ကြပါဦး”
မင်ယုရှန်းတယောက် သူမကိုတွေ့ချိန် အနည်းငယ်ပုံစံပျက်သွားသည့် ယန်ချန်ကိုနားမလည်ဟန်ဖြင့် အချိန်အနည်းငယ် ကြည့်လိုက်မိသော်လည်း ထိုလူငယ်ကို သူမ တကြိမ်မှမဆုံဖူးသည်ကတော့ သေချာလေသည်။ ထိုသို့ဆိုလျှင် ရှောင်ရှန်းရှန်း ဆိုသူက မည်သူနည်း။
…………………………………………….